ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လက်လှမ်းမမီတော့တဲ့ နိုင်ငံတော်အလှကုန်တွေ
နိုင်ငံတကာမှာရေပန်းစားပြီး မြန်မာ့ဆိုရှယ်မီဒီယာပေါ်မှာလည်း "နိုင်ငံတော် palette" ၊ "နိုင်ငံတော် foundation" အဖြစ် နာမည်ကျော်တဲ့အလှကုန်ပစ္စည်းတွေကို လက်လှမ်းမီဝယ်ယူနိုင်သူဦးရေ ပြည်တွင်းမှာ တဖြည်းဖြည်းနည်းလာပါတယ်။
နိုင်ငံတော်အလှကုန်ဆိုတာက လူသိများပြီး၊ လူသုံးလည်းများတဲ့ အလှကုန်တွေကို ရောင်းသူဝယ်သူတွေကြား တင်စားခေါ်ဝေါ်ကြတာပါ။
လွန်ခဲ့တဲ့ငါးနှစ်တုန်းက မြန်မာ့လူငယ်တွေဟာ ခေတ်မီအလှကုန်တွေကို နိုင်ငံတကာမှာ နာမည်ကျော်ကြားတာနဲ့ တပြေးညီဝယ်ယူသုံးစွဲနိုင်ခဲ့ကြပေမဲ့ အခုတော့ ငွေကြေးတတ်နိုင်သူလူတစ်စု အတွက် ဇိမ်ခံအလှကုန်တွေဖြစ်လာပါတယ်။
"ဆိုရှယ်မီဒီယာမှာ trend နေတဲ့ပစ္စည်းတွေ၊ ကိုရီးယားတံဆိပ်တွေ၊ celebrities (ထင်ရှားကျော်ကြားသူ)တွေ ထုတ်တဲ့ တံဆိပ်တွေက ပြည်တွင်းမှာဘယ်လိုမှဝယ်လို့မရတော့ဘူး။ ကျွန်မတို့လိုသာမန်ရုံးဝန်ထမ်းတွေတော့ အဲ့ပစ္စည်းတွေ မသုံးနိုင်တော့ဘူး" လို့ စာရင်းကိုင်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မနိုနိုက ပြောပါတယ်။
လုံခြုံရေးကြောင့် မနိုနိုလို့အမည်လွှဲသုံးထားတဲ့ အသက် ၂၇ နှစ်အရွယ် လူငယ်အမျိုးသမီးဟာ လုပ်ငန်းခွင် လိုအပ်ချက်ကြောင့် နေ့စဉ်အလှအပပြင်ဆင်ခြယ်သရလေ့ရှိပါတယ်။
သူ့လိုမျိုးပြည်တွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အလှကုန်ပစ္စည်းဝယ်ယူတိုင်းကြားရလေ့ရှိတာက "ပစ္စည်းပြတ်နေတယ်" နဲ့ "ဈေးတက်သွားပြီ" ဆိုတဲ့စကားတွေပဲဖြစ်ပါတယ်။
အလှကုန်မသုံးနိုင်ရခြင်းရဲ့ နောက်ကွယ်
လူငယ်အမျိုးသမီးတွေရဲ့ အလှအပရေးရာမှာ Skincare ဆိုတဲ့အသားအရည်ထိန်းသိမ်းတာနဲ့ Make Up ဆိုတဲ့ မိတ်ကပ်အလှပြင်ဆင်ခြယ်သတာဆိုပြီး ယေဘုယျရှိပါမယ်။ အာဏာသိမ်း ၅ နှစ်ကျော်ကြာ ပြည်တွင်းစီးပွားရေးကျပ်တည်းမှုအကျိုးဆက်ဟာ လူငယ်တွေရဲ့ အလှအပရေးရာကဏ္ဍကိုပါ သက်ရောက်မှုရှိလာပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလည်ပတ်နိုင်သေးတဲ့ မြို့ပြတွေက လူငယ်အမျိုးသမီးတွေကြုံရတဲ့ အခြေအနေဖြစ်ပြီး စစ်မက်ဖြစ်ပွားတဲ့နေရာတွေမှာတော့ အလှအပရေးရာထက်အသက်ရှင်သန်ရေးသာ ဦးစားပေးဖြစ်နေတာပါ။
မြို့ပြမှာနေသူတွေဖြစ်ပေမဲ့ နိုင်ငံတကာအမှတ်တံဆိပ်တွေကို လက်လှမ်းမီနိုင်တဲ့အခြေအနေ မရှိတော့ပါဘူး။
လတ်တလောကမ္ဘာမှာရော မြန်မာမှာပါနာမည်ကြီးနေတဲ့ "နိုင်ငံတော် Palette" အမေရိကန်နိုင်ငံထုတ် Hourglass အမှတ်တံဆိပ် ပါးနီ၊ "နိုင်ငံတော် Foundation" စီရမ်နဲ့ မိတ်ကပ်အရည်ရောထားတဲ့ ပြင်သစ်နိုင်ငံထုတ် Clarins အမှတ်တံဆိပ်ထုတ် Double Serum တို့ဟာ လူကုံထံသုံးအလှကုန်တွေဖြစ်လာပါတယ်။
ဘီဘီစီက စကားပြောခွင့်ရတဲ့ မြို့ပေါ်နေ အသက် ၂၀ ကျော်အရွယ်လူငယ်ရုံးဝန်ထမ်းတွေရဲ့ အပြောအရ အသားအရည်ထိန်းသိမ်းဖို့အတွက် ပုံမှန်လုပ်လေ့ရှိတဲ့ facial cleanser (မျက်နှာသစ်ဆေး)၊ Toner (တိုနာ)၊ Serum (စီရမ်)၊ moisturizer (ရေဓာတ်ဖြည့်အလှကုန်)၊ Suncream (နေလောင်ကာ) စတဲ့ အဆင့်တွေအတိုင်းမဟုတ်ဘဲ လျော့ချပြီး သုံးနေကြရပါပြီ။
"မျက်နှာသစ်ပြီးတာနဲ့ moisturizer နဲ့ suncream ပဲအဓိကလူးတော့တယ်။ ကျန်တဲ့အဆင့်တွေက ဖြုတ်ထားပြီ။ မိတ်ကပ်ပစ္စည်းတွေလည်း Primer တွေ Foundation တွေဆိုပြီးမသုံးတော့ဘူး။ serum နဲ့ foundation (မိတ်ကပ်အရည်) ရောထားတဲ့ အထုပ်လေးတွေပဲသုံးဖြစ်တော့တယ်" လို့ မနိုနိုက ရှင်းပြပါတယ်။
မနိုနိုတို့လို လူလတ်တန်းစားအလုပ်သမားတွေသုံးလေ့ရှိတဲ့ မိတ်ကပ်ပစ္စည်းဈေးတွေကလည်း သုံးဆကျော် ခုန်တက်လာပါတယ်။
အလှအပပြင်ဆင်ခြယ်သရတာနှစ်သက်တဲ့ မလပြည့် (အမည်လွှဲ) အတွက်လည်း ဒီ ၅ နှစ်တာကာလမှာ မိတ်ကပ်ပစ္စည်းဝယ်ရတာက ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်လာတယ်လို့ ဘီဘီစီကိုပြောပါတယ်။
"3 CE နှုတ်ခမ်းနီဆိုရင် ၃ သောင်းကျော် ၄ သောင်း နားဆိုတော့ အဲ့လောက်ကြီးသုံးရတာကျ နှမြောတယ်လေနော်။ Skincare ပိုင်းအတွက်ပဲ သေချာသုံးပြီး ကျန်တဲ့ မလိုအပ်တဲ့ အဆင့်တွေလျှော့ချပစ်ရတော့တာ" လို့ ရန်ကုန်မှာနေထိုင်တဲ့ လူငယ်အမျိုးသမီး မလပြည့်က တွက်ချက်ပြပါတယ်။
ပြည်တွင်းမှာကုန်ပစ္စည်းရှားပါးတာကြောင့် အွန်လိုင်းဈေးရောင်းချသူတွေကတဆင့်သာ အလှကုန်တွေကို ပြည်ပကနေမှာယူနေကြရပါတယ်။ Pre Order လို့ခေါ်တဲ့ ကြိုတင်စာရင်းသွင်းပြီး Pre-paid လို့ဆိုတဲ့ ငွေကြိုတင်ရှင်းထားရတဲ့ရောင်းချမှုပုံစံပိုဖြစ်လာတာကြောင့် အလွယ်တကူဝယ်ယူဖို့လည်း ခက်လာပါတယ်။
11.11 Sale လို့ လူသိများတဲ့ နိုဝင်ဘာ ၁၁ ရက်တုန်းက အမေရိကန်မှာလျော့ဈေးချခဲ့တဲ့ အလှကုန်ပစ္စည်းကို အွန်လိုင်းကတဆင့် pre-paid ပေးချေကာဝယ်ယူထားပေမဲ့ မတ်လအထိ ရန်ကုန်မြို့ကို ကုန်ပစ္စည်း မဝင်သေးဘူးလို့ အွန်လိုင်းကနေ ဈေးဝယ်ယူထားသူတစ်ဦးက ပြောပါတယ်။
"နိုင်ငံရေးအခြေအနေကြောင့် ကာဂိုလမ်းကြောင်းတွေကြပ်နေတယ်" လို့ အွန်လိုင်းဈေးရောင်းချသူက တုံ့ပြန်ပြောပါတယ်။
နောက်ထပ်ကြုံရတဲ့ ပြဿနာက "အတုရောင်းတဲ့ ဈေးကွက်လည်းပိုများလာတာတော့အမှန်ပဲ" လို့ အလှကုန်ပစ္စည်းမှာပါ အရည်အသွေးကောင်း၊ ပစ္စည်းမှန်ကို ရှာဝယ်ရခက်တဲ့အကြောင်း မလပြည့်က ရှင်းပြပါတယ်။
လူငယ်အမျိုးသမီးတွေရဲ့ တကိုယ်ရည်အလှအပရေးရာအတွက်ကိုပါ သက်ရောက်မှုရှိစေခဲ့တာကတော့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ သွင်းကုန်ပို့ကုန်နဲ့ နိုင်ငံခြားငွေစီးဆင်းမှုတွေကိုတင်းကြပ်ခဲ့တဲ့ စီးပွားရေးမူဝါဒကြောင့် လို့ ကုန်သည်တွေကထောက်ပြကြပါတယ်။
ပစ္စည်းတစ်ခါပြန်ရ၊ ဈေးတစ်ခါတက်
ပြည်ပသွင်းကုန် လျှော့ချနိုင်ရေးဆိုတာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မူဝါဒတစ်ရပ် ဖြစ်ပါတယ်။ အာဏာသိမ်းစကတည်းက ပြည်ပသွင်းကုန်လျှော့ချရေးက နိုင်ငံအတွက် အဓိကလိုအပ်ချက် ဆိုပြီး သွင်းကုန်တွေကိုအဆင့်ဆင့်တင်းကြပ်ပါတယ်။
"နိုင်ငံခြားသုံးငွေလျှော့ချနိုင်ရေးနဲ့ ပြည်တွင်းထုတ်ကုန်တွေကို ဈေးကွက်မှာအကာအကွယ်ပေးနိုင်ရေး" ဆိုပြီး သွင်းကုန်လျှော့ချတာဟာ ကိုဗစ်ကြောင့်ထိခိုက်ခဲ့တဲ့ မြန်မာ့စီးပွားရေးကို ပြန်လည်ဦးမော့စေမယ်လို့ ယုံကြည်တဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းစကတည်းက ပြောခဲ့ပါတယ်။
ငါးနှစ်ကျော်အကြာမှာတော့ မနိုနို၊ မလပြည့်တို့လို လူငယ်အမျိုးသမီးတွေသုံးတဲ့အလှကုန်ပစ္စည်းတွေပါ ပြည်တွင်းမှာရှားပါးလာသလို နေ့စဉ်လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ ဂျိုင်းလိမ်းဆီတို့ပါ ဝယ်ယူရခက်နေပါပြီ။
ဒါဟာ တကျော့ပြန်အမှောင်ခေတ်ကိုပြန်ရောက်တာလို့ နှစ်ပေါင်း ၂၀ နီးပါးကုန်သွယ်ရေးလုပ်နေတဲ့ ဦးဘိုက ပြောပါတယ်။ ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ရပ်လုဆဲဆဲအခြေအနေဖြစ်နေပြီလို့ လုံခြုံရေးအရ ဦးဘိုလို့ အမည်လွှဲသုံးထားတဲ့သူက ထောက်ပြပါတယ်။
စစ်အာဏာသိမ်းမှုကိုကြိမ်ဖန်များစွာကြုံခဲ့ရတဲ့မြန်မာ့စီးပွားရေးဟာ ပြည်တွင်းလိုအပ်ချက်အတိုင်း ထုတ်ကုန်မထုတ်နိုင်ဘဲ ပြည်ပကသွင်းကုန်တွေကိုအားထားရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရေ၊ မြေ သယံဇာတတွေကို အသုံးပြုပြီး စိုက်ပျိုးမွေးမြူ ကုန်ထုတ် လုပ်ငန်းတွေဖော်ထုတ်လုပ်ကိုင်ရေး၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာရှိပြီးသား စက်မှုဇုန်တွေ၊ စက်ရုံအလုပ်ရုံတွေလည်ပတ်ထုတ်လုပ်နိုင်ရေးတွေကို အားပေးမယ်လို့ဆိုပေမဲ့ လက်တွေ့မှာ ပြည်တွင်း ထုတ်ကုန်မလုံလောက်ခဲ့ပါဘူး။
နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကို ဈေးသတ်မှတ်ကာ ရာခိုင်နှုန်းနဲ့ရောင်းချစေတဲ့ တင်းကြပ်မှုတွေအပြင် သွင်းကုန်လိုင်စင်ကန့်သတ်ချထားပေးမှုတွေကြောင့် သွင်းကုန်ကုမ္ပဏီတွေအကြပ်ရိုက်ခဲ့ရတယ်လို့ လုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။
အာဏာသိမ်း ၅ နှစ်ကျော်အတွင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းကိုဖြေလျော့မှုတချို့လုပ်ပေမဲ့ ၈၅-၁၅ သတ်မှတ်ချက်အရ ၁၅ ရာခိုင်နှုန်းကို သတ်မှတ်ပေါက်ဈေးအတိုင်းလဲလှယ်နေရဆဲဖြစ်ပါတယ်။
နောက်ဆုံးအခြေအနေအရ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ မြဝတီမြို့မှာတော့ ဘီဘီစီဆက်သွယ်ခဲ့တဲ့ ကုန်သည်အများစုဟာ လုပ်ငန်းရပ်နားထားကြပြီလို့ တုံ့ပြန်ဖြေကြပါတယ်။
နယ်စပ်ကနေ ကုန်းလမ်းနဲ့ ရေလမ်းပို့ဆောင်ရေးတွေရှိပေမဲ့ သယ်ယူစရိတ်ဟာ ပုံမှန်ကျသင့်ငွေထက် အဆပေါင်းများစွာကုန်ကျနေပါတယ်။ ကုန်ကားနဲ့သယ်ယူစရိတ်ဟာ ပျှမ်းမျှအနေနဲ့ တစ်ကီလိုကို ဘတ် ၁၅၀ (မြန်မာငွေအားဖြင့် ၂ သောင်းနီးပါး) ကျသင့်ပါတယ်။
ထိုင်းကသွင်းလာတဲ့ကုန်ပစ္စည်းတွေကို လမ်းတလျှောက်စစ်ဆေးရေးဂိတ်တွေက ပုံစံမျိုးစုံနဲ့ စစ်ဆေးတာကြောင့် မူရင်းပုံစံအကောင်းအတိုင်း ဈေးကွက်ဝင်ဖို့လည်း ခက်ခဲလာတယ်လို့ ဦးဘိုက ပြောပါတယ်။
"လျှပ်စစ်ပစ္စည်း၊ ဖုန်းနဲ့ပတ်သက်တာတွေ၊ အစားအသောက်၊ အလှကုန်ကအစပေါ့ အကုန်ဖမ်းတယ်။ Demand (ဝယ်လိုအား) နဲ့ Supply (ရောင်းလိုအား) မမျှဘူးလေ" လို့ သူက ဆက်ပြောပါတယ်။
ဒီလိုတင်းကြပ်မှုကြောင့် ကုန်းကြောင်းကနေ ထိုင်းကုန်ပစ္စည်းတင်သွင်းတာ သိသိသာသာလျော့သွားပေမဲ့ ခဲရာခဲဆစ်သယ်ယူလာတာတွေဆက်ရှိနေဆဲပါ။ စစ်တပ်ကတော့ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး ကို စိစစ်မှုတွေနဲ့ ခွင့်ပြုထားပါတယ်။
"ရေကြောင်းက ကော့သောင်းတစ်ဂိတ်ပဲရှိတယ်လေ။ ရန်ကုန်ဆိပ်ကမ်းကရှောင်လို့မရဘူး၊ စာရွက်စာတမ်း မရရင် ၅ လ ၆ လလောက်ကြာတယ်။ လှေပေါက်စတွေနဲ့ တရားမဝင်သယ်တွေလုပ်ကြတယ်။ ဒါလည်း ဆုံးရှုံးမှုများတယ်" လို့ ဦးဘိုကရှင်းပြပါတယ်။
သူဟာ ကုန်းကြောင်း၊ ရေကြောင်းကနေသာမက လေကြောင်း (Air Cargo) ပါ လုပ်ကိုင်နေသူပါ။ လက်ရှိ အခင်းအကျင်းအရ Air Cargo လို့ခေါ်တဲ့ လေကြောင်းကနေသယ်ယူပို့ဆောင်ရေးကို အဓိကအားထားနေ ရပါတယ်။ ဒါပေမဲ့ သယ်ယူစရိတ်ဈေးနှုန်းကတော့ အမြင့်ဆုံးတန်းမှာရှိနေပါတယ်။
Air Cargo သယ်စရိတ်က တစ်ကီလိုကို ဘတ် ၃၅၀ (မြန်မာငွေအားဖြင့် ကျပ် ၄ သောင်းခွဲဝန်းကျင်) ရှိပါတယ်။ တစ်နိုင်တစ်ပိုင် ကီလိုရောင်းချမှုတွေကိုလည်း စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ လေဆိပ်မှာ တင်းတင်းကြပ်ကြပ်စစ်ဆေးလေ့ရှိပါတယ်။
"တင်ဒါခေါ်ပြီးရင် ဘယ်ရက်မှာ ကီလိုဘယ်လောက်သယ်ဖို့အတွက်ဆိုပြီး စပေါ်အရင်တင်ရတယ်။ သတ်မှတ်တဲ့ကီလိုမရခဲ့လည်း ပိုက်ဆံကဖြတ်တာပဲ။ ရန်ကုန်လေဆိပ်ရောက်ရင်လည်း ကုန်လွယ်လွယ် ထုတ်လို့ရအောင် သိန်း ၂၀၊ သိန်း ၃၀ ကပေးရတယ်။ ဒီလိုပေးရတာက ဘောက်ချာလည်းမရဘူးလေ" လို့ ဦးဘိုက သူ့အတွေ့အကြုံကိုပြောပါတယ်။
ဒီလိုအဆင့်ဆင့် သွင်းကုန်အခက်အခဲတွေဟာ မြို့နယ်၊ ရပ်ကွက်ဈေးကွက်တွေထဲရောက်လာချိန်မှာတော့ အဆမတန်ဈေးတက်နေခဲ့ပြီဖြစ်ပါတယ်။
"ဟိုအရင်ခေတ်နဲ့ယှဉ်မယ်ဆိုရင် သိမ်ကြီးဈေးဘက်က ဈေးကားတွေကပိုပေါလာတယ်။ ပစ္စည်းကတော့ ပြတ်တာများတယ်။ ကုမ္ပဏီတွေကသွင်းတာတွေကပိုပြတ်တယ်။ ဈေးကားတွေမှာတော့ ယိုးဒယား (ထိုင်း) ပစ္စည်းတစ်ခါပြန်ဝင်ရင် တစ်ခါဈေးတက်တာပဲ" လို့ ရန်ကုန်ကရပ်ကွက်ဈေးတစ်ခုမှာ မျိုးဆက်နှစ်ဆက်စာ ဖွင့်လှစ်ထားတဲ့အလှကုန်ဈေးဆိုင်ကို လည်ပတ်နေတဲ့ ဒေါ်ဖြူပြာက ပြောပါတယ်။
လုံခြုံရေးအရ ဒေါ်ဖြူပြာလို့အမည်လွှဲ သုံးနှုန်းထားတဲ့ သူ့အပြောအရ ထိုင်းကသာမက တရုတ်ပစ္စည်းတွေလည်း အလားတူအခြေအနေပဲလို့ သိရပါတယ်။ ဒါကြောင့် သွင်းကုန်အားကိုးရတဲ့ ပြည်တွင်းဈေးကွက်မှာရော ထိုင်းရော တရုတ်ပစ္စည်းတွေပါ ရှားပါးနေပါတယ်။
နယ်မြေစိုးမိုးမှုနဲ့ နယ်စပ်ကုန်သွယ်ရေး
စစ်တပ်ရဲ့ ကမောက်ကမစီးပွားရေးမူဝါဒအပြင် အာဏာသိမ်းမှုကြောင့် စစ်မီးပိုတောက်လောင်လာတာ ကလည်း နယ်စပ်ကုန်သွယ်ရေးကိုထိခိုက်စေခဲ့ပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ နောက်ဆုံးအစီရင်ခံစာအရ ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အချက်အခြာကျတဲ့နေရာအများစုကို နယ်ခြားစောင့်တပ် (BGF) ကနေ အသွင်ပြောင်းထားတဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA) က ထိန်းချုပ်ထားပါတယ်။
မြဝတီမြို့နယ်မှာဆိုရင် သင်္ဃန်းညီနောင်ကနေ ရွှေကုက္ကိုမြိုင်အထိက KNA တပ်တွေဖြန့်ခွဲနေရာယူထားပါတယ်။ နယ်စပ်ကုန်သွယ်ရေးအတွက် အစားထိုးလမ်းကြောင်းဖြစ်တဲ့ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း နဲ့ ၁၀၁၈ လမ်းတွေကို တခြားကရင်လက်နက်ကိုင်တပ်ဖွဲ့တွေက နေရာယူထားတာပါ။
၂၀၂၆ သုံးလတာအခင်းအကျင်းမှာတော့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာအရေးပါတဲ့ အာရှလမ်းမကြီးကို စစ်တပ်ကပြန်စိုးမိုးသလို တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေးမှာ အားထားရတဲ့ မူဆယ်-မန္တလေးလမ်းမကြီးက နေရာအများစုကိုလည်း ပြန်ထိန်းချုပ်ထားပါတယ်။
ဒါပေမဲ့ ကုန်သွယ်ရေးတွေက ရပ်တန့်နေဆဲပါ။
"တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လုံးဝရပ်နေတုန်းပဲ" လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကော်မရှင်ကတော့ လွှတ်တော်မခေါ်ခင်က တရုတ်၊ ထိုင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေမှာနယ်စပ် ကုန်သွယ်ရေးကိစ္စတွေထည့်ဆွေးနွေးလေ့ရှိပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကက်ကရောင်းနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖူးကတ်မှာတွေ့ဆုံချိန်မှာလည်း နယ်စပ်ကုန်သွယ်ရေးပြန်စဖို့ကိစ္စ ပြောခဲ့ကြပါတယ်။ ဖေဖော်ဝါရီလထဲမှာပဲ နှစ်နိုင်ငံတာဝန်ရှိသူတွေ တာချီလိတ်မြို့မှာ တွေ့တုန်းကလည်း သုံးနိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းသစ်ကိစ္စဆွေးနွေးပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ ရှမ်းအရှေ့ တာချီလိတ်- ကျိုင်းတုံ- တာဖျင် (တာလေ) နဲ့ မိုင်းလားကို ဖြတ်ပြီး တရုတ်ဘက်ခြမ်း တာလော့မြို့ကို ကုန်သွယ်ကြမှာပါ။ ဒီလမ်းကြောင်းဟာ အသစ်အဆန်းတော့မဟုတ်ပါဘူး။ မူဆယ်ကုန်သွယ်ရေးရပ်ချိန်မှာပဲ ဒီလမ်းကြောင်းကနေ ပို့ကုန်တွေပို့နေပါတယ်။ သွင်းကုန်ကတော့ ကြဲပါး တယ်လို့ အခြေအနေသိရှိသူတချို့ဆီက သိရပါတယ်။
"တာချီလိတ်ကနေဆို မယ်ဆိုင် ယိုးဒယား (ထိုင်း) ဘက်ရှိမယ်။ ရွှေတြိဂံဘက်ကနေ လာအို၊ လာအိုကနေ ၄ နာရီလောက်မောင်းပြီး လာအို - တရုတ်အစပ်ကို ပို့တာရှိမယ်။ မိုင်းလားဘက်ကသွားတာရှိမယ်။ အခုက ဆန်၊ ပဲ၊ ဖရဲသီးတွေ ပို့နေတယ်။ သွင်းကုန်တော့ လျှပ်စစ်ပစ္စည်းနဲ့ အနည်းအပါးပဲရှိတယ်" လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်က ရှင်းပြပါတယ်။
ထိုင်း - မြန်မာ - တရုတ်ချိတ်ဆက်တဲ့ ဒီလမ်းကြောင်းမှာလည်း ပြည်တွင်းဈေးကွက်မှာလိုအပ်နေတဲ့ သွင်းကုန်တွေ လုံလုံလောက်လောက်ကုန်သွားတာမရှိနေတဲ့သဘောဖြစ်ပါတယ်။
"လွှတ်တော်ခေါ်ရင်တော့ မူဝါဒအသစ်တွေဖြစ်လာဖို့ တော်တော်မျှော်လင့်နေတယ်။ နိုင်ငံခြားငွေလဲတာတွေ ဖြေလျော့ပေးပြီး သွင်းကုန်တွေလည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ များများလိုင်စင်ချပေးဖို့လိုတယ်"
"ဒါမှချောင်လည်လိမ့်မယ်" လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်က သူ့အမြင်ကို ပြောပါတယ်။
ထိုင်း - မြန်မာကုန်သွယ်ရေးလုပ်နေတဲ့ ဦးဘိုကတော့ အီရန်အရေးကြောင့် စက်သုံးဆီဈေးတက်တဲ့ပြဿနာ ရဲ့ ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုကိုပါ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ထောက်ပြပါတယ်။
"မဲဆောက်မှာဆိုမြန်မာဘက်က ဆီထည့်မရဘူးလေ။ အခုမြဝတီကိုဆင်းမယ့်ကားတွေအများစုအကုန်ရပ်သွားပြီ။ လေယာဉ်ဆီဈေးကလည်းတက်လာရင် Air Cargo ဈေးလည်းတက်မှာပဲ"
"ဒါပေမဲ့ သူတို့ကလည်း လိုင်စင်နဲ့သယ်လာတဲ့ကုန်တွေကိုလည်း အခွန်မရရအောင် ယူဖို့လုပ်ဦးမှာပဲ။ ဒီတော့ ဈေးအတက်ပဲရှိတယ်" လို့ ဦးဘိုက ပြောပါတယ်။
အခုလို လူသုံးကုန်၊ အလှကုန်အပါအဝင် သွင်းကုန်အစစအရာရာရှားပါးလာတဲ့အခြေအနေမှာ ထိုင်းနိုင်ငံကို အလည်အပတ်ရောက်ပြီး ပြည်တွင်း ပြန်မယ့်သူတိုင်း အိမ်ပြန်သယ်မယ့်ပစ္စည်းစာရင်း ပြောင်းလဲလာပါတယ်။ အရင်ကပြည်တွင်းမှာအလွယ်တကူဝယ်လို့ရခဲ့တဲ့ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ ဂျိုင်းလိမ်းဆီတွေကို ပြည်ပကနေ တကိုယ်ရည်စာပမာဏလုံလောက်အောင်ဝယ်ယူလာကြရပါတယ်။
"သွားတိုက်ဆေး၊ ဘော်ဒီလိုးရှင်းတွေ ဝယ်လာတယ်" လို့ မတ်လဆန်းကမှသွားခဲ့တဲ့ ဘန်ကောက် အလည်အပတ်ခရီးအပြန် ထိုင်းပစ္စည်းဝယ်ယူတဲ့စာရင်းကို မနိုနိုက ပြန်ပြောင်းပြောပြပါတယ်။
ဒါတွေဟာ လူလတ်တန်းစားအလှအပရေးရာငွေကြေးသုံးစွဲနိုင်သေးသူတွေ ဖြတ်သန်းကြတဲ့ ဘဝပုံစံပါ။ ဒါပေမဲ့ တစ်နေ့တာဝင်ငွေလောက်ငရေးအတွက် ရုန်းကန်နေရတဲ့ အခြေခံလူတန်းစားတွေအတွက်တော့ ပြည်တွင်းထုတ် (ဒါမှမဟုတ်) တရားမဝင်တင်သွင်းတဲ့ တန်ဖိုးနည်းတကိုယ်ရည်သုံးနဲ့ အလှကုန်ပစ္စည်းတွေကို အားထားနေရပါတယ်။
"အခြေခံလူသုံးကုန်တွေ စျေးတက်လာတာရယ် တစ်နေ့စာအတွက် အလှအပရေးရာထက် စားဝတ်နေရေးက အခက်အခဲကြားကနေ နပ်မှန်အောင်ရုန်းကန်နေကြတော့ ဒါတွေအပေါ်သိပ်အာရုံမထားမိဖူးပေါ့နော်" လို့ မလပြည့်က လူတန်းစားအလိုက်ရုန်းကန်ရမှုကို ပြောပြပါတယ်။
"အဓိက က တော့ ကုန်သွယ်စီးဆင်းမှုက အခုထက်ပိုပြီး လမ်းဖွင့်ပေးရင်တော့ အကောင်းဆုံးပေါ့နော်။ ဒါဆို ပြည်တွင်းမှာရှိတဲ့ သူတွေအကုန်လည်း စျေးသက်သက်သာသာနဲ့ ပစ္စည်းအစစ်အမှန်တွေ သုံးရမယ်" လို့ အသက် ၂၇ နှစ်အရွယ် ရန်ကုန်သူ မလပြည့်က သူ့ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောထားပါတယ်။