မြန်မာစစ်တပ်နဲ့ ပတ်သက်သူတစ်ဦးကို မူးယစ်အမှုနဲ့ ထိုင်းရဲကဖမ်း

မြန်မာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုဖောက်ကားမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူဟာ မြန်မာနိုင်ငံက အသက် ၅၃ နှစ် အရွယ် ဦးထွန်းမင်းလတ်ဆိုသူဖြစ်ပြီးတော့ ထိုင်းနိုင်ငံသား ၃ ဦးနဲ့အတူ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတို့ကို လျှို့ဝှက် ပူးပေါင်းကြံစည်မှုအတွက် ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောတာကို ကိုးကားပြီး ရိုက်တာ သတင်းကရေးပါတယ်။

မြန်မာခရိုနီ လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်ဟာ ထိုင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ မူးယစ်ဆေးဝါးအပါအဝင် ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ Justice for Myanmar က ဆိုပါတယ်။

Justice for Myanmar ဟာ မြန်မာစစ်တပ်ပေါ် ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းအတွေ လက်နက်ရောင်းဝယ်မှုတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့ဖြစ်ပြီး လူ့အခွင့်ရေးလှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားကာ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ထုတ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဘက်ကတော့ ဒေါက်တာ ထွန်းမင်းလတ်ဟာ နအဖ အစိုးရလက်ထက် ကတည်းက စစ်တပ်နဲ့ ရင်းနှီးပတ်သက်ခဲ့သူဖြစ်ကြောင်းနဲ့ ဇူလိုင်လလောက်ကထဲက ဖမ်းဆီးခံရတာဖြစ်ပြီး ယခုမှ သတင်းထုတ်ပြန်တာဖြစ်နိုင်ကြောင်း မြန်မာစစ်တပ်ထိပ်ပိုင်းအရာရှိကြီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါပေမဲ့ သူဟာမြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတော့မဟုတ်ဘူးလို့ အဲဒီအရာရှိကြီးက ငြင်းဆိုပါတယ်။

ဒေါက်တာ ထွန်းမင်းလတ်ဟာ လက်ရှိ ထိုင်းအထက်လွှတ်တော်အမတ်ဖြစ်တဲ့ Upakit Pachariyangkun နဲ့ သူ့ရဲ့ ထိုင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိုင်းနဲ့မြန်မာမှာ တည်ထောင်ခဲ့တဲ့ စီးပွားရေးကွန်ရက်တစ်ခုဖြစ်တဲ့ Allure Group ကတစ်ဆင့် ငွေကြေးခဝါချမှုကျူးလွန်တယ်လို့ Justice for Myanmar က သတ်မှတ်ထားပါတယ်။

Allure ကုမ္ပဏီက ထိုင်းနိုင်ငံကနေ တာချီလိတ်ကို လျှပ်စစ်ဓာတ်အား ရောင်းချပေးနေပြီး တာချီလိတ်မြို့နယ်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးက ငှားရမ်းထားတဲ့ မြေပေါ်မှာ ကာစီနိုလောင်းကစားရုံတစ်ခုကို ဖွင့်လှစ်ထားတယ်လို့ Justice for Myanmar က ရေးပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံ ကုမ္ပဏီများ မှတ်ပုံတင်ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ Allure ကုမ္ပဏီလိပ်စာကို ဘီဘီစီက စစ်ဆေးကြည့်တဲ့အခါမှာလည်း Allure အမည်နဲ့ ကုမ္ပဏီကို တာချီလိတ်မြို့ ပုန်းထွန်ရပ် ဗေဒါလမ်း လိပ်စာနဲ့ မှတ်ပုံတင်ထားတာ တွေ့ရပါတယ်။

မြန်မာစစ်တပ်ထိပ်ပိုင်းအရာရှိကြီးကတော့ ဒေါက်တာထွန်းမင်းလတ်ဟာ ၂၀၂၀ ခုနှစ်ကတည်းက မူးယစ်မှုနဲ့ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး မူးယစ်မှုနဲ့ဖမ်းမိတဲ့ ထိုင်းလူမျိုးတွေရဲ့ထွက်ဆိုချက်အရ သိရှိတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒေါက်တာထွန်းမင်းလတ်ကို ဖမ်းမိတဲ့ သတင်းနဲ့ပတ်သက်ပြီး မြန်မာရဲတပ်ဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့ဘက်က အကြောင်းကြား သတင်းပို့ထားတယ်လို့လည်း ဘီဘီစီက ထပ်မံစုံစမ်းသိရှိရပါတယ်။

ဒေါက်တာ ထွန်းမင်းလတ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သမီး ဒေါ်ခင်သီရိသက်မွန်နဲ့ လုပ်ဖော်ကိုင်ဘက် ဖြစ်ပြီး မောင်းသူမဲ့လေယာဉ် UAV အပါအဝင် အစ္စရေးနဲ့ တရုတ်နိုင်ငံတွေကလက်နက်တွေ ၀ယ်ယူပေးနေတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတစ်ဦး ဖြစ်တယ်လို့လည်း Justice For Myanmar က ဆိုပါတယ်။

Allure နဲ့ Star Sapphire Group ကနေ တစ်ဆင့် သူဟာ သတ္တုတူးဖော်ရေး၊ စွမ်းအင်နဲ့ ခရီးသွားလုပ်ငန်းတွေမှာလည်း မြန်မာ့စစ်တပ်နဲ့ ချိတ်ဆက်လုပ်ကိုင်နေတယ်လို့လည်း Justice For Myanmar က ရေးပါတယ်။

Star Sapphire Group ကြယ် နီလာ နဂါး ကုမ္ပဏီကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံနဲ့ ကုမ္ပဏီများ မှတ်ပုံတင်ဦးစီးဌာနမှာ မှတ်ပုံတင်ထားပြီး ကုမ္ပဏီလိပ်စာကို နေပြည်တော် ဥတ္တရသီရိမှာလို့ ဖော်ပြထားပါတယ်။

လက်နက်ရောင်းဝယ်တာနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲကြတဲ့ Star Sapphire Group Tradingကုမ္ပဏီ လိပ်စာကတော့ ရန်ကုန်မြို့ သံလွင်လမ်းလိပ်စာနဲ့ မှတ်ပုံတင်ထားတာကိုလည်း တွေ့ရပါတယ်။

ဒေါက်တာ ထွန်းမင်းလတ်ဟာ Myanmar Business Consultant Group Ltd မှာ ဒါရိုက်တာ၊ ရှယ်ယာရှင်တစ်ဦးအနေနဲ့ မဟုတ်တော့ပေမဲ့ ဟောင်ကောင် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ VPower Group နဲ့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးက LNG စီမံကိန်း နှစ်ခုမှာ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်ဖြစ်တယ်လို့ Justice for Myanmar က ရေးပါတယ်။

အဲဒီစီမံကိန်းက စက်ရုံတစ်ရုံရဲ့ မြေနေရာဟာ စစ်တပ်လုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ငှားရမ်းထားတာ ဖြစ်တယ်လို့ဆိုပါတယ်။

Star Sapphire Group ကို မြန်မာစစ်တပ်အတွက် လက်နက်ရောင်းဝယ်ရေးတွေမှာ ကြားခံပွဲစားအဖြစ် လုပ်ပေးတာနဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို အထောက်အကူဖြစ်စေတဲ့ ငွေကြေးပံ့ပိုးမှုတွေ လုပ်တာကြောင့်ဆိုပြီး သြဂုတ်လ၂၄ ရက်နေ့မှာ ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

ဒေါက်တာ ထွန်းမင်းလတ်ကို တရားရုံးထုတ်မတိုင်မီ ထိန်းသိမ်းထားဖို့ ထိုင်းရဲတပ်ဖွဲ့က တရားရုံးကို တောင်းဆိုဖို့ လုပ်ဆောင်နေတယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဟိုတယ်၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများမှာ စိတ်ဝင်စားတဲ့ ဒေါက်တာ ထွန်းမင်းလတ်ဟာ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရင်းနှီးသူဖြစ်ပြီး မြန်မာစစ်တပ်အတွက် ဝယ်ယူထောက်ပံ့ပေးသူလို့ ရိုက်တာသတင်းကဖော်ပြပါတယ်။

မူးယစ်ဆေးဝါး ငွေကြေးခဝါချမှုဆိုင်ရာ ပြစ်မှုကြီးများ ကျူးလွန်ထားတဲ့ မြန်မာနိုင်ငံသားနဲ့ ထိုင်း သုံးဦးကို ဖမ်းဆီးရာမှာ ထိုင်း ဘတ်ငွေ သန်း ၂၀၀ ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုကိုလည်း အထောက်အထားအနေနဲ့ သိမ်းဆည်းထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဒေါက်တာထွန်းမင်းလတ်နဲ့ စီးပွားရေးတွဲဖက်လုပ်ကိုင်နေပြီး အခုအဖမ်းခံရတဲ့သူတွေထဲမှာ မြန်မာနိုင်ငံ မှတ်ပုံတင်ထားတဲ့၊ Myanmar Allure Group ကုမ္ပဏီ ဒါရိုက်တာစာရင်းမှာပါတဲ့ ထိုင်းလွှတ်တော်အမတ်နဲ့ ဆွေမျိုးတော်စပ်သူတစ်ဦး ပါတယ်လို့ဖော်ပြကြပေမဲ့ ဘီဘီစီက အတည်ပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒေါက်တာထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံမှာ အနေများသူဖြစ်ပြီးတော့ သူ့ကိုထိုင်းရဲက ဖမ်းသွားတာကို အတည်ပြုပေမဲ့ သူဟာ လက်နက်ပွဲစား မဟုတ်ဘူးလို့ မြန်မာစစ်တပ်ထိပ်တန်းအရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။