ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပဲခူးစစ်ရေး - စစ်တပ် ဖိအားပေး ထိုးစစ်ဆင်နေတဲ့နတ်တလင်း
ပဲခူးတိုင်းထဲက မြန်မာစစ်တပ်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပဲခူးတိုင်းစစ်ဌာနက အခုနှစ်ထဲ စစ်ရေးအရှိန်မြှင့်နေသလို စစ်တပ်ကလည်း တော်လှန်ရေးတပ်တွေရဲ့ခြေကုပ်နယ်မြေဖြစ်တဲ့ ပဲခူးရိုးမကို စစ်ရေးဖိအား တိုးလုပ်နေပါတယ်။
ရန်ကုန်နဲ့ ပဲခူးအစပ် ပဲခူးဘက်အခြမ်းမှာ သာယာဝတီခရိုင်ကစလို့ ရန်ကုန်-ပြည်လမ်းတလျှောက်က မြို့နယ်အများစုမှာ ပဲခူးရိုးမ တောင်ခြေရွာတွေကို အခြေပြုပြီး တော်လှန်ရေးတပ်တွေက နယ်မြေထိန်းချုပ်ထားပါတယ်။
ဒါကို ရှင်းလင်းဖို့ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကြိုးပမ်းနေတာလို့ CDM တပ်အရာရှိတချို့က CDM တပ်အရာရှိတချို့က သုံးသပ်ကြပါတယ်။ တရုတ်အကူအညီနဲ့ ရှမ်းမြောက်မှာ အပစ်ရပ်ထားနိုင်တဲ့စစ်တပ်က ပဲခူးရိုးမဘက်ကို ခြေလှမ်းပြင် စစ်ဆင်ရေးလုပ်လာတာဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။
အထူးသဖြင့် ရန်ကုန်နဲ့ မိုင် ၁၃၀ ကျော်မှာရှိတဲ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့ အရှေ့ခြမ်းရွာတွေမှာ စစ်ကြောင်းထိုး မီးရှို့ခံထားရပါတယ်။
"ရွာက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးလည်း အသတ်ခံရတယ်။ အဖမ်းခံရတဲ့သူလည်းရှိပေမဲ့ ကျွန်တော်တို့လည်း ဘေးလွတ်ရာရှောင်နေရလို့ ဖမ်းခံထားရတဲ့ရွာသားတွေလည်း ပြန်လွတ်မလွတ်မသိရသေးဘူး" လို့ အိမ်ခြေ ၁၅၀ ကျော် မီးရှို့ခံခဲ့ရတဲ့ နတ်တလင်း၊ ဖလံပင်က ရွာခံတစ်ဦးက ပြောပါတယ်။
ရန်ကုန်နဲ့ မိုင် ၁၃၀ ကျော်သာဝေးတဲ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် အရှေ့ပိုင်းကို အဓိကထားပြီး မြန်မာစစ်တပ်က စစ်ကြောင်းထိုး စစ်ရေးဖိအားပေးနေတာ ဘာကြောင့်လဲ။
နတ်တလင်းကို ဖိအားပေးထိုးစစ်ဆင်
ပဲခူးရိုးမ အနောက်ခြမ်းမှာရှိတဲ့ ရန်ကုန်-ပြည်လမ်းဟာ စစ်တပ်ရဲ့ အဓိက ဆက်သွယ်ရေးလမ်း ကြောင်း ဖြစ်ပါတယ်။ ဒီလမ်းအတိုင်း ရန်ကုန်ရဲ့ မြောက်ဘက်အကျဆုံး တိုက်ကြီးမြို့နယ်ကို ကျော်ရင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲရောက်မှာ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ သာယာဝတီခရိုင်ထဲက လက်ပံတန်းမြို့နယ်ကစပြီး ကြို့ပင်ကောက်၊ နတ်တလင်း မြို့နယ်အထိ နယ်မြေအားလုံးကို မထိန်းချုပ်ထားပေမဲ့ အဲဒီထဲက ရွာတွေကို အပိုင်းလိုက် ထိန်းချုပ်ထားကြတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အုတ်ဖို၊ မင်းလှနဲ့ နတ်တလင်းမြို့နယ်တွေက တော်လှန်ရေးအင်အားစုတွေ စစ်ရေးလှုပ်ရှားမှု အားကောင်းတဲ့မြို့နယ်တွေဖြစ်ပြီး နတ်တလင်းက အဓိကကျတဲ့မြို့လို့ ဆိုပါတယ်။
ပဲခူးတိုင်းထဲက တပ်ရင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းက NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ တပ်ရင်းတွေဖြစ်ပါတယ်။ ဒါ့အပြင် ပကဖတပ်ရင်းနဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ရင်းတချို့လည်း ရှိနေပါတယ်။
"နတ်တလင်းကနေ အောက်ဘက် အုတ်ဖို၊ မင်းလှ၊ သာယာဝတီကျော်ရင် ရန်ကုန်ရဲ့ တိုက်ကြီး ထဲ ဝင်ပြီ။ ပဲခူးထဲက ရန်ကုန်-ပြည်လမ်းကို ထိန်းနိုင်ရင် ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ ရန်ကုန်မြို့ကို ခြိမ်းခြောက်နိုင်မယ့်သဘောပဲ" လို့ CDM ဗိုလ်ကြီးဇင်ယော်က မြေပြင်အခြေအနေကို ချိန်ထိုး သုံးသပ်ပြ ပါတယ်။
NUG က နိုင်ငံရေး၊ စစ်ရေးတပြိုင်နက် လက်ဦးမှုရယူနိုင်အောင် စစ်ဆင်ရေးဖော်ဆောင်တဲ့ ရွေးကောက်ပွဲကာလမှာဆိုရင် နတ်တလင်းမြို့အထွက်နားမှာရှိတဲ့ ရှားတောရွာ၊ သာဓုကန်မှန်တန်းကျောင်းအထိ ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်ခဲ့တယ်လို့ဆိုပါတယ်။
"အဲဒီနောက်တော့ စစ်ရေးပြန်ငြိမ်သွားတယ်" လို့ တောင်ပိုင်းစစ်ရေးလေ့လာသူ သတင်းစာဆရာတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ပဲခူးရိုးမနဲ့ ရန်ကုန်-ပြည်လမ်းကြားမှာရှိတဲ့ နတ်တလင်းနယ်အရှေ့ဘက်ခြမ်းကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ခြိမ်းခြောက်တာအပြင် မြေပြင်ကနေပါ စစ်ကြောင်း ဝင်လာခဲ့တာပါ။ တိုက်ပွဲကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိသလို အရပ်သား ထိခိုက်တာတွေလည်း ရှိခဲ့ပါတယ်။
မတ်လ ဒုတိယပတ်မှာတော့ နတ်တလင်းမြို့နယ်ထဲက ဖလံပင်ရွာကို စစ်ကြောင်းဝင်ရောက်ပစ်ခတ်လို့ မတ် ၁၆ ရက်မှာ အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
ဖလံပင်ရွာက အသက် ၅၀ အရွယ်နီးပါး အမျိုးသားတစ်ဦး၊ အသက် ၆၀ ကျော် အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးတို့ သတ်ဖြတ်ခံရတာဖြစ်ပြီး ဒေသခံ ၅ ဦးခန့် ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီစစ်ကြောင်းက မီးရှို့လို့ ဖလံပင်၊ ရှားစေးဖိုနဲ့ သရက်ပင်ကန်ရိုးရွာက အိမ်ခြေ ၁၅၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-ပြည်လမ်းတွေအပေါ်မှာ ပဲခူးရိုးမအရှေ့ခြမ်းနဲ့ အနောက်ခြမ်းက တော်လှန်ရေးအင်အားစုတွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုကို ခံရလေ့ရှိတဲ့ မြန်မာစစ်တပ်ဟာ ပဲခူးရိုးမတောင်ခြေရွာတွေကို တန်ပြန်စစ်ကြောင်းထိုးပြီး ရှင်းလင်းရေး လုပ်လာတာလို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည်)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နတ်တလင်းနယ်မှာ စစ်တပ်အခြေစိုက်စခန်းအနေနဲ့ တပ်မ ၆၆ ရဲ့လက်အောက်ခံ အမှတ် ၁၀ ခြေမြန် တပ်ရင်းရှိပြီး ပြည်သူ့စစ်မှုထမ်းအင်အားတွေကို အဓိကအသုံးပြု စစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေး အင်အားစုတပ်ရင်းတပ်ဖွဲ့တချို့က ပြောပါတယ်။
နတ်တလင်းနဲ့ ကပ်လျက်မြို့နယ်ဖြစ်တဲ့ သဲကုန်းမြို့နယ်၊ အင်းမမြို့အခြေစိုက် တပ်မ ၆၆ ကတော့ နတ်တလင်းနဲ့ ၁၆ မိုင်ကျော်လောက်မှာ ရှိပါတယ်။ ဒီတပ်တွေကို ပြည်မြို့အခြေစိုက် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ - ပြည်)က ကွပ်ကဲတာဖြစ်ပါတယ်။
ပဲခူးအနောက်ခြမ်းမြို့နယ်တွေက တပ်တွေဟာ အင်အားနည်းပါးတာကြောင့် မြို့နယ်တွေစုစည်းပြီးမှ စစ်ကြောင်း ထိုးလေ့ပြီး အခုနောက်ပိုင်းမှာ စစ်မှုထမ်းအင်အားကို အသုံးပြုလာတာလို့ ကောက်ချက်ချမှုတွေရှိနေပါတယ်။
နတ်တလင်း၊ ဖလံပင်ရွာဘက်ကို မတ် ၁၆ ရက်က ထိုးတဲ့စစ်ကြောင်းဟာ မင်းဘူးကျွန်းရွာက ပြည်သူ့စစ်အင်အားပါ ပေါင်းပြီး အင်အား ၁၀၀ ကျော်နဲ့ဝင်လာတာလို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည်)တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ဒမငယ်ရွာမှာ အခြေစိုက်တဲ့ စစ်တပ်ရဲ့ စစ်ကြောင်းက ဖလံပင်ရွာကို ဝင်ရောက်ခဲ့တာလို့ဆိုပါတယ်။
"ဒမငယ်ကနေ ထွက်လာတဲ့စစ်ကြောင်းက ဖလံပင်ကို ဝင်တဲ့အခါမှာ ပဲနှုတ်နေတဲ့ရွာသားတွေကို ကာဗာ ယူပြီး ဝင်တာ။ ရွာကို ကပ်လာမှ ပြေးဝင်လာတာပေါ့။ ဒီနောက်ပိုင်းမှာ စစ်ကြောင်းတွေက အရင်နဲ့ မတူတဲ့ ပုံစံနဲ့တိုက်လာတယ်" လို့ နတ်စစ်သည်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ရွာ ၃ ရွာက အိမ်တွေကို မီးရှို့သွားတဲ့ စစ်ကြောင်းဟာ မတ် ၁၉ ရက်မှာ ငုတ်တို၊ ဒမငယ်ရွာဘက်ကို ပြန် ဆုတ်သွားပြီး တိုက်ပွဲငြိမ်နေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲငြိမ်နေပေမဲ့ သရက်ပင်ကန်ရိုး၊ ဖလံပင်၊ ရှားစေးဖို၊ ကျွန်းလေးပင်အပါအဝင် ရွာပေါင်း ၁၀ ရွာ လောက်က ဒေသခံတွေဟာ လုံခြုံရေးစိတ်မချရလို့ ရွာမပြန်နိုင်သေးဘဲ စစ်ရှောင်နေကြရဆဲဖြစ်ပါတယ်။
နတ်တလင်းနဲ့ ဆက်စပ်နယ်မြေတွေ
နတ်တလင်းမြို့နယ်ရှိတဲ့ ပဲခူးတိုင်းဟာ အရှေ့ဘက်မှာ KNU ထိန်းချုပ်နယ်မြေတွေနဲ့ အနောက်ဘက်မှာတော့ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်နယ်မြေနဲ့လည်း ဆက်စပ်နေပါတယ်။ အထက်ကို ဆက်တက်သွားရင်း နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ရှိရာ မကွေးတိုင်းထဲကို ရောက်ရှိနိုင်တာဖြစ်ပါတယ်။
စစ်တပ်ရဲ့ နေပြည်တော်အထိ အဓိကဆက်သွယ်ရေးလမ်းကြောင်းကြီးတွေဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းသစ်နဲ့ လမ်းဟောင်းက ပဲခူးရိုးမ အရှေ့ခြမ်းမှာရှိပြီး ရန်ကုန်-ပြည်လမ်းက ပဲခူးရိုးမ အနောက်ဘက်မှာ ရှိနေပါတယ်။
၂၀၂၆ ဇန်နဝါရီလထဲမှာ PDF တပ်ဖွဲ့တွေက အမြန်လမ်းဟောင်းပေါ်က ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို ဒရုန်းနဲ့တိုက်ခဲ့သလို ရန်ကုန်-ပြည်လမ်းပေါ် မင်းလှမြို့နယ်ပိုင်းမှာလည်း ဗျူဟာကျတဲ့ စစ်ကွင်း တာဆုံဂိတ်ကို ဝင်တိုက်ခဲ့တဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကတော့ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို ဇန်နဝါရီ ၈ ရက်မှာ သိမ်းပြီး မြို့ကိုခေတ္တထိန်းချုပ်နိုင်ခဲ့တာက အောင်မြင်မှုတစ်ရပ်လို့ပြောကြပါတယ်။
အမှတ် ၂ စစ်ဆင်ရေးနယ်မြေရဲ့ စစ်ဆင်ရေးမှူး ဦးတင်ဦးက" စစ်တောင်းလွင်ပြင်က စစ်ရေး အရ အရေးပါတယ်။ ပဲခူးအနောက်နဲ့ အရှေ့ခြမ်းမှာ စစ်ရေးအရ ရန်သူ့ အသက်သွေးကြော ဆက်သွယ်ရေး လမ်းမတည်ရှိတဲ့နေရာဖြစ်တယ်။ ဒါကြောင့်ထိန်းချုပ်ဖို့ လုပ်နေတာ ဖြစ်တယ်" ဒီနှစ် ဇန်နဝါရီလတုန်းက ဘီဘီစီကို ဖြေထားပါတယ်။
NUG စစ်ရုံးက မဟာဗျူဟာမြောက်စစ်ဆင်ရေးဖော်ဆောင်ဖို့ စစ်တိုင်း ၁၀ တိုင်းလုံးကို တပ်မှူးကြီး များအစည်းအဝေးမှာ ညွှန်ကြားထားတယ်လို့ သူက ဆိုပါတယ်။
၂၀၂၆မှာ စစ်ဆင်ရေးမြှင့်တင်ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပြီး " ပဲခူးမှာ စစ်ဆင်ရေးစမယ်ဆိုတည်းက မဟာမိတ်တွေနဲ့ COC ဖွဲ့ စည်းပြီး ညွှန်ကြားချက်တွေကို ပူးပေါင်းဆာင်ရွက်မှုနဲ့သွားနေတယ်။ ပဲခူးအရှေ့ အနောက်မှာ မဟာမိတ်တွေနဲ့ လက်တွဲပြီး ဟန်ချက်ညီညီသွားနေတယ်" လို့ KNU လို မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ဆက်ဆံရေးတည်ဆောက်ထားပုံကို ပြောထားပါတယ်။
အခုစစ်တပ်က စစ်ကြောင်းထိုးဖိအားပေးနေတဲ့ နတ်တလင်းနယ်ကတော့ ပဲခူးရိုးမ အရှေ့နဲ့အနောက် ဖြတ်ကျော်လမ်း ရှိနေတာကြောင့် စစ်ရေးအရ အရေးပါတဲ့နယ်မြေအဖြစ် တော်လှန်ရေးအင်အားစုတွေဘက်က သတ်မှတ်ထားပါတယ်။
ပဲခူးရိုးမအနောက်တကြော ပေါင်းတည်၊ နတ်တလင်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေချရပ်တည်ခဲ့တဲ့နယ်မြေဖြစ်သလို နတ်တလင်းနဲ့ မိုင် ၅၀ လောက်အကွာမှာတော့ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၉) ရှိနေပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်ကတော့ နတ်တလင်းမြို့နယ်ရှိတဲ့ ပဲခူးအနောက်ခြမ်းဟာ ရန်ကုန်-ပြည်လမ်းကို ထိန်းချုပ် ဖြတ်တောက်နိုင်တဲ့ အခွင့်အရေးရှိတဲ့နယ်မြေလို့ ဆိုပါတယ်။
ဒီနယ်မြေရဲ့အရေးပါမှုနဲ့ အချက်အချာကျမှုကြောင့် စစ်တပ်ဟာ လာမယ့် မတ် ၂၇ ရက် တပ်မတော်နေ့နောက်ပိုင်းမှာ တပ်အင်အားဖြန့်ခွဲပြီး စစ်ကြောင်းပိုထိုးလာနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြပါတယ်။
မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တာဝန်ရှိသူတချို့ရဲ့အပြောအရ ပဲခူးတိုင်းအရှေ့ အနောက် နှစ်ခြမ်းလုံးကနေ တော်လှန်ရေးတပ်တွေ ဝင်ရောက်လာမှ စစ်တပ်က ဗျူဟာပြောင်းတိုက်လာတယ်လို့ ဆိုပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်ကတော့ နတ်တလင်းနဲ့တစ်လျှောက်ဟာ နေပြည်တော်နဲ့ လှမ်းပေမဲ့ ရန်ကုန်ကိုခြိမ်းခြောက်နိုင်တဲ့အနေအထားရှိလို့ စစ်တပ်က ဒီနယ်မြေကို အာရုံစိုက်ရှင်းလင်းနေတာလို့ ယူဆပါတယ်။
"နေပြည်တော်နဲ့ လှမ်းပေမဲ့ ရန်ကုန်ကို ခြိမ်းခြောက်နိုင်တဲ့အနေအထားရှိတယ်။ ပြီးရင် ပဲခူးအနောက်ခြမ်းနဲ့ ဆက်တဲ့ အမ်း-တောင်ကုတ် တောင်ကြားလမ်းနဲ့သာဆက်သွယ်နိုင်ရင် ရခိုင်ကတဆင့် ပဲခူးအနောက်၊ ဒီကနေမှတဆင့် ရိုးမဖြတ်ကျော်လမ်းကနေ နေပြည်တော်ကို ဦးတည်နိုင်မယ်"လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။