ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တနိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ တပ်မတော်နဲ့ KIA ကချင် လက်နက်ကိုင်အဖွဲ့ အကြား ပိုပြင်းထန်လာနေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ၂၀၀၀ကျော် ပိတ်မိနေသလို IDP ဒုက္ခသည်စခန်း တွေမှာလည်း စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း လူသားချင်း စာနာ ထောက်ထားရေး အကူအညီ ပေးနေတဲ့ ဒေသခံအဖွဲ့ ၉ဖွဲ့ပါ ပူးပေါင်း လုပ်ငန်းစဉ် အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက ထုတ်ပြန် ပြောဆိုတာမျိုး မရှိသေးပေမယ့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေအတွင်း အရပ်သား နှစ်ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ ပူးပေါင်း လုပ်ငန်းစဉ်အဖွဲ့ အတွင်းရေးမှူး ဦးဂွမ်ရှာအောင်က ဘီဘီစီကို ပြောပါတယ်။
ဇန္နဝါရီလ ၂၈ရက်နေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပြီး အရပ်သားတွေ ပိတ်မိပြီး စုစည်းနေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ လက်နက်ကြီး အမြောက်ဆံ ကျရောက်ခဲ့တာကြောင့် ထိတ်လန့် ကြောက်ရွံ့ နေကြတယ်လို့ သူက ပြောပါတယ်။
တနိုင်းဒေသမှာ ပြီးခဲ့တဲ့ ဇွန်လကလည်း တိုက်ပွဲတွေကြောင့် အရပ်သား အတော်များများ တနိုင်းမြို့ပေါ်ကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။
တိုက်ပွဲတွေ ငြိမ်သွားရင် ကိုယ့်ရပ်ဌာနေ ပြန်ဖို့ မျှော်လင့်နေတဲ့ အရပ်သား ဒုက္ခသည်တွေအနေနဲ့ အသစ်တကျော့ ပြန်ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အိမ်မပြန်နိုင်သေးပဲ အခုအခါ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီလို့ ဦးဂွမ်ရှာအောင်က ပြောပါတယ်။