ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအစိုးရကို ပိုမိုဖိအားပေးဖို့ HRW တိုက်တွန်း
ရိုဟင်ဂျာဒုက္ခသည်အရေးကိုလေ့လာဖို့ မကြာခင်မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်လာမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ကို မြန်မာအစိုးရအပေါ် ပိုမိုဖိအားပေးဖို့လိုတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ မြန်မာနိုင်ငံနောက်ပိုင်း ရခိုင်ပြည်နယ်ထဲကို လုံခြုံစိတ်ချစွာ ပြန်လာနေထိုင်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို တန်းတူညီမျှတဲ့အခွင့်အရေး၊ ကာကွယ်မှုတွေကို ပေးဖို့လိုတယ်လို့ HRW ရဲ့ အမှုဆောင်ဒါရိုက်တာ Kenneth Roth က ဧပြီလ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
အဲဒီလိုဆောင်ရွက်မှုတွေရှိလာ အောင် ကုလသမဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာအစိုးရနဲ့ စစ်တပ်ကို ဖိအားပေးအရေးယူဖို့လိုတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋ္ဋိပက္ခမှာ လူသားအပေါ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ မုဒိမ်းမှုနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့အတွက် မြန်မာအစိုးရအနေနဲ့ မီဒီယာအပါအဝင် လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ခွင့်ပြုဖို့လိုတယ်လို့ Kenneth Roth ဆိုပါတယ်။
လက်ရှိမှာ ကုလသမဂ္ဂ အနေနဲ့ ဘာမှထိထိရောက်ရောက်မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ သူကဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်တွေ တန်းတူညီမျှတဲ့အခွင့်အရေးမရမချင်း ရခိုင်ပြည်နယ်မှာ လုံခြုံစိတ်ချတယ်လို့မခံစားရတဲ့အတွက် ပြန်လာမှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။
ကုလလုံခြုံရေးကောင်စီအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှနိုင်ငံကို ဧပြီလ ၃၀ ရက်နေ့မှာ သွားရောက်မှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရကို ထိရောက်တဲ့ဖိအားပေးမှုတွေလုပ်ရင် မြန်မာအစိုးရက လက်ခံမယ်လို့မျှော်လင့်တယ်လို့ HRW အကြီးအကဲက ဆိုပါတယ်။ အဲဒီအတွက် မွတ်ဆလင်ဒုက္ခသည်တွေကို မြန်မာပြည်ပြန်လည်နေထိုင်နိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ဖိအားပေးမှုတွေ အရေးကြီးတယ်လို့ HRW ရဲ့ဒါရိုက်တာက ဆိုပါတယ်။