ထိုင်းရဲအရာရှိရဲ့မုဒိမ်းမှုကျုးလွန်ခံရတဲ့ မြန်မာအမျိုးသမီးငယ်ကို ဒီကနေ့ ကော့စမွီတရားရုံးမှာ ကြိုတင်ထွက်ဆိုချက် ယူမယ်

ဇန်နဝါရီ ၁၃ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီကျွန်းက ဘော်ဖုရဲစခန်းမှာ အချုပ်ကျနေတဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို တာဝန်ကျရဲအရာရှိတစ်ဦးက အချုပ်ကနေအပြင်ကို ခေါ်ထုတ်သွားပြီး လိင်အကြမ်းဖက်မှုကျုးလွန်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီးရဲ့ ကနဦးတိုင်တန်းချက်တွေအရ သိရပါတယ်။

အမှုအတွက် ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ တရားလို နစ်နာသူမြန်မာအမျိုးသမီးငယ်တစ်ဦးတည်းကို ကော့စမွီတရားရုံးမှာ ကြိုတင်ထွက်ချက်ရယူသွားဖို့ရှိတယ်လို့ အဆိုပါအမှုကို ထိုင်းနိုင်ငံ။ မြန်မာသံရုံးရဲ့ တာဝန်ပေးအပ်မှုနဲ့ လိုက်ပါဆောင်ရွက်သွားမယ့် ဥပဒေအကြံပေးဖြစ်သူ ဦးအောင်မျိုးသန့်က ဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာ နစ်နာသူအမျိုးသမီးဟာ ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာရှိနေတယ်လို့ သိရပါတယ်။

ကာယကံရှင်အမျိုးသမီးငယ်ဟာ ထိုင်းနိုင်ငံမှာ နှစ်ချီနေထိုင်ခဲ့ဖူးပြီး ထိုင်းစကားကျွမ်းကျင်စွာပြောနိုင်တဲ့အတွက် ထွက်ဆိုချက်ကိုလည်း ဘာသာပြန်အကူအညီနဲ့မဟုတ်ပဲ ကိုယ်တိုင်ထွက်ဆို သွားဖို့ရှိနေတယ်လို့လည်းသိရပါတယ်။

' ' အခုက အမျိုးသမီးငယ်ရဲ့ DNA ကို ဘန်ကောက်ပို့ပြီး စစ်ဆေးထားတယ်။ အဖြေတော့ပြန်မရသေးဘူး။ လက်ရှိမှာတော့ ကျုးလွန်သူ ထိုင်းရဲအရာရှိကို ရာထူးကရပ်ဆိုင်းထားပြီး ဖြစ်ပေမယ့် ထိုင်းနိုင်ငံဥပဒေအရ တပ်ကြပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်လို့ ဘတ်ငွေ လေးသိန်းနဲ့ အာမခံပေးထားပါတယ်။''လို့ သူကပြောပြပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ထိရောက်စွာချမှတ်နိုင်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့ ဇန်နဝါရီ၁၆ ရက်ညနေပိုင်းက ဒေသအာဏာပိုင် အဖွဲ့နဲ့သွားရောက်တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်း တာဝန်ခံ မြန်မာအလုပ်သမားသံအရာရှိဖြစ်သူ ဦးထက်ဝေဖြိုးကဘီဘီစီ ကိုပြောပါတယ်။

' ' အဓိကကတော့ နစ်နာသူအတွက် ဘယ်လိုလုပ်ပေးနိုင်မလဲ ၊ နောက် ပြစ်မှုကျုးလွန်သူရယ် သူကျုး လွန်နိုင်အောင် နောက်ကနေ အားပေးကူညီတဲ့သူတွေပေါ့။ သူတို့ကိုပါ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးနိုင် အောင်ပေါ့တောင်းဆိုခဲ့တယ်။ ထိုင်းရဲတပ်ဖွဲ့ဘက်ကတော့ သူတို့ စည်းကမ်းတွေတင်းကျပ်ထားတဲ့ကြားက ဒီလိုဖြစ်သွားတဲ့အတွက်စိတ်မကောင်းပါဘူး။ တောင်းပန်တယ်ပေါ့။ ကာယကံရှင်အမျိုးသမီးငယ်နဲ့ တွေ့ဆုံခွင့်တောင်းတော့လည်း ပေးပါတယ်။ သူ့ကိုလည်း တွေ့ပြီး ဘာဖြစ်ချင်လဲသေချာမေးပြီးအားပေးခဲ့ပါတယ်''လို့ သူကပြောပါတယ်။

ဒီအမှုအတွက် ကျုးလွန်သူအဖြစ် တိုင်ကြားခံထားရသူ ဘော်ဖုရဲစခန်းက ရဲတပ်ကြပ်ကို ရာထူးကချထားပြီး ပုဒ်မ ၄ခုနဲ့ စွဲဆိုထားတယ်လို့ သိရပါတယ်။

' ' မုဒိမ်းမှုရယ် ၊ တာဝန်ချိန်မှာ တာဝန်နဲ့တူအောင် မဆောင်ရွက်တာပါတယ်။ အချုပ်သားကို လွတ်မြောက် စေရန်ဆောင်ရွက်မှုမျိုးဆန်တယ်။ နောက်တစ်ခုက တာဝန်ချိန်မှာ အထက်ရဲ့ ညွှန်ကြားချက်မရှိဘဲနဲ့ လုပ်တယ် ဆိုတာ ပါပါတယ်။''လို့ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီး ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

အဆိုပါ အမျိုးသမီးငယ်နဲ့အတူ အချုပ်ကျနေသူမြန်မာနိုင်ငံသားအချို့မှာလည်း အချုပ်ကနေ ခေါ်ထုတ်သွားတာကို မျက်မြင်သက်သေအဖြစ် ထွက်ဆိုမယ့်သူအချို့ လည်းရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေသတ်မှတ်ချက်တွေအရ မုဒိမ်းမှုအတွက် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၅ နှစ်ကနေ ၇နှစ်ဝန်းကျင်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

မြန်မာအမျိုးသမီး ကျုးလွန်ခံရတဲ့ဒီအမှုနဲ့ပတ်သက်ပြီး စီစီတီဗီမှတ်တမ်းတွေ ပေါ်ထွက်လာပြီးတဲ့နောက် ဒေသ ရဲချုပ်က ဒီအမှုကို ၇ရက်အတွင်း စစ်ဆေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။