ကချင်ပြည်နယ် မှာ ပေါ်တာဆွဲ

ဓာတ်ပုံ ရင်းမြစ်, HRW
ကချင်ပြည်နယ် အတွင်းမှာ အစိုးရစစ်တပ် နဲ့ ကေအိုင်အေ အကြား တိုက်ပွဲ တွေ အဆက်မပြတ် ဖြစ်ပွားနေတဲ့ အတွက် မိုးမောက် မြို့နယ် နဲ့ ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အတွင်းက ကျေးရွာ အများစု ဟာ ရှေ့တန်း စစ်မြေပြင် သဖွယ် ဖြစ်နေပြီး ရွာသူရွာသား တွေဟာ နှစ်ဘက် စစ်တပ် တွေအကြား ဒုက္ခ ပေါင်းစုံ နဲ့ ကြုံတွေ့ ဖြတ်သန်း နေရပါတယ်။
အဲဒီ အထဲက ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အတွင်းမှာ ရှိတဲ့ နွယ်မလန်း ရွာက ကချင် ရွာသူ ရွာသား တွေဟာ ဆိုရင် အစိုးရ စစ်တပ် အတွက် အဓ္ဓမ လုပ်အား ပေါ်တာ ထမ်းပေးရတဲ့ အလုပ်ကို မတရား သဖြင့် တာဝန်ပေး ခိုင်းစေ ခံနေရကြောင်း ဒေသခံ တွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စပြီး ဒီနေ့ အထိ ဒေသတွင်းက အစိုးရ စစ်တပ် အတွက် အနည်းဆုံး တလ ၂ ကြိမ် အဓ္ဓမ ပေါ်တာ ထမ်းပေး ရတဲ့ အလုပ်ကို မတရား သဖြင့် တာဝန်ချထား ခံနေရ ပါတယ်။ ဒေသတွင်း အထိုင် တပ်တခု ဖြစ်တဲ့ ခမရ ၄၈၃ က တပ်ခွဲ အတွက် ရိက္ခာ ဆန်တွေကို အဓိက သယ်ဆောင် ပေးရတာ ဖြစ်ပြီး တခါတရံ ကျည်ဆံ တွေကိုပါ သယ်ပေးရတာ ရှိပါတယ်။ ရွာ အတွင်းက ယောက်ျား အများစုက မတရား အဖမ်းခံရမှာ စိုးရိမ်လို့ ထွက်ပြေး တိမ်းရှောင် နေကြတဲ့ အတွက် အမျိုးသမီးတွေနဲ့ အမယ်အို တွေပါ အဲဒီ ဆန်ထမ်း ရိက္ခာ သယ်ပေး ရတဲ့ အလုပ်ကို လုပ်နေရ တယ်လို့ သိရပါတယ်။




