ဧပြီလ ၆ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဆောမြို့မှာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ် အလောင်းဖျောက်သူကို NUG တရားရေးက သေဒဏ်ချမှတ်လိုက်တဲ့ သတင်းအပါအဝင် ဧပြီ ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်း ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဧပြီလ ၆ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးရဲ့အရေးပါဆုံး လမ်းကြောင်းတစ်ခုဖြစ်တဲ့ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရချိန်မှာ ကမ္ဘာ့နိုင်ငံအများစုက သူတို့ရဲ့လောင်စာဆီပြဿနာကို နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။
ဒီတကြိမ်တည်းအရေးထက် နောင်မှာ အလားတူပြဿနာဖြစ်လာရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ ရေရှည်အတွက်ပါ တွက်ချက်လာကြတာပါ။ မြန်မာက အာဏာပိုင်တွေကတော့ ယာဥ်ကို စုံ/မ ရက်ခွဲပြီး စက်သုံးဆီရောင်းသလို ယာဥ်အင်ဂျင်အမျိုးအစားအလိုက် ဆီဝယ်နိုင်တဲ့ပမာဏကို သတ်မှတ်ပြီး ကန့်သတ်ရောင်းချကာ စက်သုံးဆီအကျပ်အတည်းကို ဖြေရှင်းနေပါတယ်။
ကမ္ဘာလုံးဆိုင်ရာရေနံနဲ့လောင်စာဆီပြဿနာအကျပ်ဆိုက်လာချိန်မှာ မြန်မာလူထုကြားမှာ မေးခွန်းထွက်ပေါ်လာတာက ရေနံစိမ်းထွက်တဲ့မြန်မာမှာ ရေနံချက်စက်ရုံတွေ ဘာကြောင့်မလည်ပတ်နိုင်သလဲဆိုတာနဲ့ လောင်စာဆီကို ဘာကြောင့် ပြည်ပနေ မှာယူသုံးစွဲနေရသလဲဆိုတာပါ။
ဘီဘီစီက အဲဒီမေးခွန်းတွေရဲ့အဖြေအတွက် စွမ်းအင်ဝန်ကြီးဌာနရဲ့ဝန်ထမ်းဟောင်းနဲ့လက်ရှိဝန်ထမ်းတွေ၊မြန်မာက ရေနံကြောတွေနဲ့ ရေနံချက်စက်ရုံတွေအကြောင်း နားလည်တတ်ကျွမ်းသူတွေနဲ့ မေးမြန်းပြီး ခြေရာကောက်ကြည့်ခဲ့ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု(ဂျီနိုဆိုက်)လုပ်ခဲ့တယ်ဆိုတဲ့စွဲဆိုချက်နဲ့ အဲဒီအခင်းဖြစ်ချိန်က စစ်တပ်ရဲ့ ရာထူးအကြီးဆုံးဖြစ်တဲ့ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါ် အရေးယူရေး တိုင်တန်းချက်ကို အင်ဒိုနီးရှားတရားရေးအာဏာပိုင်တွေက ဒီကနေ့မှာ တရားဝင် လက်ခံလိုက်တယ်လို့ ယူကေအခြေစိုက် တာဝန်ခံမှုရှိစေရေး-မြန်မာ(MAP)အဖွဲ့ကို ဦးဆောင်သူ ခရစ္စဂန်းနက်စ်က ပြောပါတယ်။
ယူကေအခြေစိုက် တာဝန်ခံမှုရှိစေရေး-မြန်မာ(MAP)အဖွဲ့က အဲဒီတိုင်တန်းမှုကို အားပေး ကူညီနေတဲ့အဖွဲ့ဖြစ်ပါတယ်။
ဒါဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်ချုပ်နေရာကနေ ဖယ်ပေးပြီး၊ စစ်တပ် ကျောထောက်နောက်ခံပြုလွှတ်တော်ကနေ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပြီး ရက်ပိုင်းမှာပဲ အာဆီယံဒေသတွင်း နိုင်ငံထဲမှာ သူ့အပေါ် ပစ်မှတ်ထားတဲ့ နိုင်ငံတကာအမှုကိစ္စတည်ဆောက်မှု ထပ်မံပေါ်ထွက်လာတာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံထဲ အတည်ပြုထားတဲ့ ရာဇသတ်ကြီးပုဒ်မအသစ်အရ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို လက်ခံတဲ့အတွက် အဲဒီပုဒ်မကို အသုံးပြုလို့ အခုလိုတိုင်တန်းချက် တင်သွင်းတာဖြစ်တယ်လို့ ဂျီနိုဆိုက်ကနေ ရှင်သန်ကျန်ရစ်သူ မစ္စ ယပ်စမင်အွလ္လာက ဆိုပါတယ်။
ဒါဟာ အင်ဒိုနီးရှားတရားရေးသမိုင်းမှာလည်း ရာဇသတ်ကြီး ပုဒ်မအသစ်ရဲ့အောက် ပထမဆုံးအကြိမ် Universal Jurisdiction အမှု ဖွင့်နိုင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
ဒီအမှုကိစ္စမှာ တိုင်တန်းသူ မစ္စ ယပ်စမင်အွလ္လာကို အားပေး ဝန်းရံပြီး တင်သွင်းမှုမှာ အတူလက်မှတ်ရေးထိုးတဲ့ အင်ဒိုနီးရှား နိုင်ငံသား လူရိုသေ ရှင်ရိုသေ ရှိကြသူ နာမည်ကြီး ပုဂ္ဂိုလ် ၁၀ ဦးလည်း ပါဝင်နေပါတယ်။
အဲဒီထဲက တစ်ဦးကတော့ ၂၀၁၆- ၂၀၁၇ ကာလတွေမှာ ရခိုင်ပြည်နယ်ထဲ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စရပ်တွေ အပါအဝင် မြန်မာ့အရေးကိစ္စတွေကို စုံစမ်းဖို့ အချက်အလက်ရှာဖွေရေးကော်မရှင်(FFM)အဖြစ် ကုလသမဂ္ဂက ဖွဲ့ပေးခဲ့တဲ့ အဖွဲ့ကို ဦးဆောင်သူ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရွတ်စ်မန် ဖြစ်ပါတယ်။
စွပ်စွဲချက်မှာ တာဝန်ရှိသူလို့ မှတ်ယူခံရတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရားဥပဒေ ရှေ့မှောက် အရောက်ခေါ်နိုင်ရေး ပထမဆုံးအဆင့်အနေနဲ့ အင်ဒိုနီးရှား တရားရေးအာဏာပိုင်တွေဘက်က အခုတိုင်တန်းချက်အပေါ် အမှုဖွင့် စုံစမ်းတာတွေ စတင်လုပ်ပေးပါဆိုပြီး မစ္စတာ ဒါရွတ်စ်မန်က တိုက်တွန်းပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေကပဲ အာဆီယံနိုင်ငံ တီမောလက်စတေမှာ ချင်းပြည်နယ်ထဲ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်တာဝန်ရှိသူတွေအပေါ် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်အောက် တိုင်တန်းချက်ကို ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က တင်သွင်းခဲ့ပါတယ်။ အဲဒီတိုင်တန်းချက်ကို တီမောလက်စတေ တရားရေးအာဏာပိုင်တွေကလည်း လက်ခံထားပါတယ်။
“နိုင်ငံတကာတရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို ကျင့်သုံးမှု အာဆီယံဒေသတွင်း အရုဏ်တက်ချိန်ပဲ” ဆိုပြီး MAP ကို ဦးဆောင်သူ ခရစ္စဂန်းနက်စ်က ဆိုပါတယ်။
“စစ်တပ်က တာဝန်ရှိသူတွေအပေါ် အရေးယူနိုင်ရေး ကြိုးစားမှုတွေ၊ အမှုတည်ဆောက်မှုတွေဟာ အခုအချိန်မှာ အခိုင်မာနိုင်ဆုံး၊ အားအကောင်းနိုင်ဆုံးအချိန် ဖြစ်လာနေပြီ” လို့လည်း မစ္စတာ ဂန်းနက်စ်က ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်တပ်တာဝန်ရှိသူတွေအပေါ် CHRO ရဲ့တိုင်တန်းချက်ကို လက်ခံတဲ့ တီမောကို ကန့်ကွက်တဲ့အနေနဲ့ နေပြည်တော်မှာရှိတဲ့မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ရန်ကုန်မှာရှိတဲ့တီမောသံရုံးယာယီတာဝန်ခံကို ထွက်ခွာခိုင်းတဲ့အထိ တုံ့ပြန်ခဲ့ပါတယ်။
အခု အင်ဒိုနီးရှားမှာ စွပ်စွဲတိုင်တန်းခံရတာနဲ့ပတ်သက်ပြီး နေပြည်တော်ဘက်က တစုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လာမယ့်ရက်ပိုင်းအတွင်း နေပြည်တော်မှာ ပြုလုပ်ဖို့ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမ္မတရာထူးလက်ခံပွဲ အခမ်းအနားကို လက်ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ကိုယ်တိုင်တက်ရောက်မှာမဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီးကို စေလွှတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကရောင်းက ဒီလ ၉ရက်နဲ့ ၁၀ ရက်မှာ လွှတ်တော်တက်ရောက်ရမှာဖြစ်တဲ့အတွက် ယခင်ဝန်ကြီးဟောင်းက ကိုယ်စား တက်ရောက်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ကို ပေးပို့တဲ့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာမှာ ရေးထားပါတယ်။
“နှစ်နိုင်ငံဆက်ဆံရေးအနာဂတ်အတွက် အကောင်းမြင်မျှော်လင့်ထားပြီး ထိုင်း-မြန်မာဆက်ဆံရေး အခန်းကဏ္ဍသစ်ကို ဖော်ဆောင်နိုင်ဖို့ မြန်မာအစိုးရသစ်နဲ့ နီးနီးကပ်ကပ်ဆက်လက်လုပ် ဆောင်ဖို့ အလွန်မျှော်လင့်နေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက သူ့ သဝဏ်လွှာမှာ ပြောပါတယ်။
မြန်မာအစိုးရသစ်ရဲ့ ကြိုးပမ်းမှုတွေကို ကူညီပေးဖို့အသင့်ရှိတယ်လို့လည်း သူက ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မကြာခင်မှာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့လည်း မျှော်လင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဟာ မြန်မာနိုင်ငံမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲတွေ မတိုင်ခင်က နေပြည်တော်ကို လာရောက်ခဲ့သလို ဖေဖော်ဝါရီမှာလည်း စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံ၊ ဖူးခက်မှာ အလွတ်သဘောတွေ့ဆုံခဲ့ဖူးပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင်အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး တာဝန် မယူခင် ၂၀၂၅ ဇွန်လကလည်း နေပြည်တော်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ခဲ့ပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံထဲက ဝေးလံခေါင်ဖျားအရပ်ဒေသမှာ သူ့ရဲ့တိုက်လေယာဉ်တစ်စင်း ပစ်ချခံရပြီးတဲ့နောက် အဲဒီလေယာဉ်နဲ့အတူ ပျောက်ဆုံးခဲ့တဲ့ လေသူရဲတစ်ဦးကို ရှာဖွေကယ်ဆယ်ရေး ခဲရာခဲဆစ်ပြုလုပ်ခဲ့ပါတယ်။
အခြေအနေ အတိအကျကတော့ မရှင်းလင်းသေးပါဘူး။ ဒါပေမဲ့ အဲဒီလေသူရဲကို ကယ်ထုတ်တဲ့ စစ်ဆင်ရေးဟာ မြေပြင်အနေအထားအရလည်း တည်တည်ငြိမ်ငြိမ်မဟုတ်လို့ အတော်လေးကို ကြီးမားရှုပ်ထွေးခဲ့ပါတယ်။
အမေရိကန်စစ်သုံးလေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ အထူးတပ်ဖွဲ့ဝင် ဒါဇင်ချီပါတဲ့အင်အားနဲ့ ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးကို စခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ)လည်း ပါဝင်ခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။
တနင်္ဂနွေနေ့တုန်းကတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ''အတော်လေး ဒဏ်ရာရထားပေမဲ့ တကယ့်ကို ရဲရင့်တဲ့ F-15 တိုက်လေယာဉ်ရဲ့ လေသူရဲအရာရှိကို အီရန်နိုင်ငံအတွင်းပိုင်း ကျကျ တောတောင်တွေထဲကနေ ကျွန်တော်တို့ ကယ်ဆယ်နိုင်ခဲ့ပြီ'' လို့ လူမှုကွန်ရက်ပေါ် ရေးပါတယ်။
ဒါပေမဲ့ ဒီလေသူရဲရဲ့ဖြစ်အင်ဟာ သောကြာနေ့တုန်းက လေယာဉ်မှူးတစ်ဦးနဲ့ လက်နက်စနစ်ကျွမ်းကျင်လေသူရဲတစ်ဦး လိုက်ပါလာတဲ့ F-15 တိုက်လေယာဉ်တစ်စင်း အီရန်နိုင်ငံတောင်ပိုင်းမှာ ပစ်ချခံရတယ်ဆိုတဲ့သတင်း ထွက်လာအပြီးမှာ စတင်ပါတယ်။
ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အမေရိကန် တိုက်လေယာဉ် တစ်စင်း ရန်သူ့ပစ်ခတ်ခံရမှု ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ယောအလင်းတန်း
မကွေးတိုင်း၊ ဆောမြို့မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာဖြစ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုနဲ့ လူသတ် အလောင်းဖျောက်မှုကျူးလွန်သူကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆောမြို့နယ်တရားရုံး၊ မြို့နယ်တရားရေးအဖွဲ့ကနေ သေဒဏ်ချမှတ်လိုက်တယ်လို့ မြို့နယ်တရားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလင်းထက်က ဘီဘီစီကိုပြောပါတယ်။
“ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ အရစွဲချက်တင်တာပါ။ စွဲချက်တင်ထားတဲ့ ပုဒ်မကို သုံးကြိမ်သုံးခါမေးမြန်းတဲ့အပေါ် အပြစ်ရှိကြောင်းထုချေလို့ ၃၀၂(၁)(ဂ)အရ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်တာဖြစ်ပါတယ်”လို့ မြို့နယ်တရားရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
သေဒဏ်ချခံရသူက အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုးဆိုသူဖြစ်ပါတယ်။
သူက ဆောမြို့၊ သီရိရတနာရပ်ကွက်က အသက် ၁၃ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ကာ ပြည်သူ့ဆေးရုံဝင်းအတွင်းမှာ အလောင်းကို ဖျောက်ဖျက်ခဲ့တာလို့ ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ ယောအလင်းတန်းက ဆိုပါတယ်။
၂၀၂၅ အောက်တိုဘာ ၂၁မှာ ကျူးလွန်ခဲ့ပြီး ၂၅ ရက်မှာ မြို့နယ်ပလဖက ဖမ်းဆီးကာ အချိန် ၅ လ ကျော် အကြာမှာ သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဆောဒေသခံတွေကလည်း ဒီအမှုကျူးလွန်သူကို သေဒဏ်ပေးဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၆ ရက်မှာ စီတန်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆောမြို့၊ သီရိရတနာရပ်ကွက်က အသက် ၁၃ နှစ်ရွယ် မိန်းကလေးကို မိသားစုနဲ့ ရင်းနှီးကျွမ်းဝင်သူဖြစ်တဲ့ အသက် ၂၁ အရွယ်အမျိုးသားက နေအိမ်မှာ လာရောက်ခေါ်သွားပြီး ရက်ပိုင်းအကြာမှာ မိန်းကလေးရဲ့ အလောင်းကိုပဲ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့အမျိုးသားက အဲဒီမိန်းကလေးကို အောက်တိုဘာ ၂၁ ရက်မှာ ခေါ်သွားတာဖြစ်ပြီး မိန်းကလေးရဲ့အလောင်းကိုတော့ ၄ ရက်အကြာ အောက်တိုဘာ ၂၅ ရက်မှာ ဆောမြို့ဆေးရုံဝင်းထဲမှာ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, One News Myanmar
သမ္မတဖြစ်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ အရပ်ဘက်အသွင်ပြောင်းအစိုးရအဖွဲ့ရဲ့ဝန်ကြီးဌာန ၃၁ ခု စာရင်းကို စစ်တပ်ဦးဆောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ နေပြည်တော်ကပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ ပေးပို့လိုက်ပါတယ်။
စာရင်းအရ စုစုပေါင်း ဝန်ကြီးဌာန ၃၁ ခုပါဝင်ပြီး လူငယ်ရေးရာနဲ့ အမျိုးသမီးရေးရာဆိုတဲ့ ဝန်ကြီးဌာန ၂ ခုက သီးခြားဝန်ကြီးဌာန အသစ် ၂ ခုအနေနဲ့ ပါဝင်လာတာတွေ့ရပါတယ်။ စစ်ကောင်စီနဲ့ စစ်ကော်မရှင် ကာလတုန်းက ဖွဲ့စည်းခဲ့တဲ့ လူငယ်နဲ့ အားကစားဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနတွေအဖြစ် ခွဲထုတ်လိုက်တာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတရုံးအတွက် ဝန်ကြီးနဲ့ သမ္မတရုံးဝန်ကြီးဌာနအတွက် ဝန်ကြီး သီးခြားဖြစ်လာသလို၊ ဆက်သွယ်ရေးဝန်ကြီးဌာနကို ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့တွဲပြီး ဖွဲ့စည်းလိုက်တာတွေ့ရပါတယ်။
နောက် စက်မှုဝန်ကြီးဌာနကိုတော့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(SME)ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဆိုပြီး ထည့်သွင်းပါတယ်။
ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာ/အခွန်၊ နယ်စပ်ရေးရာ၊ တိုင်းရင်းသားလူမျိုးရေးရာ၊ ဥပဒေရေးရာ၊ ပညာရေး၊ သိပ္ပံနဲ့နည်းပညာ၊ ကျန်းမာရေး၊ ပြန်ကြားရေး၊ သာသနာရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ဆည်မြောင်း၊ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လျှပ်စစ်နဲ့ စွမ်းအင်၊ အလုပ်သမား၊ စီးပွားကူးသန်း၊ ဆောက်လုပ်ရေး၊ လူကယ်ပြန်၊ ယဉ်ကျေးမှုနဲ့ဟိုတယ်ခရီးစတဲ့ဝန်ကြီးဌာနတွေကတော့ အရင်အတိုင်း တွေ့ရပါတယ်။
ဝန်ကြီးဌာနပေါင်း ၃၁ ဌာနဖွဲ့မှာဖြစ်ပေမဲ့ ဝန်ကြီးနေရာကို အယောက် ၃၀ ပဲ ခန့်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှတ်တော်ကို တင်ပြထားတယ်လို့လည်း ဒီနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နာယက က ဖတ်ပြသွားပါတယ်။
တစ်ချိန်တည်းမှာပဲ တိုင်းနဲ့ပြည်နယ်အချို့အတွက် ဝန်ကြီးချုပ်ခန့်အပ်တာနဲ့ အဆိုပြုခံရသူတွေ ဘယ်သူတွေလဲဆိုတာ တဖြည်းဖြည်းထွက်ပေါ်လာပါတယ်။
ကုန်သွယ်ရေးဗဟိုချက် စီးပွားရေးမြို့တော် ရန်ကုန်တိုင်းရဲ့ဝန်ကြီးချုပ်နေရာအတွက် အငြိမ်းစား ရဲဗိုလ်ချုပ် ဦးအောင်နိုင်သူကို ရန်ကုန်တိုင်းလွှတ်တော်က ခန့်အပ်လိုက်ပါတယ်။
ဦးအောင်နိုင်သူဟာ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေပဲ အများဆုံးရှိနေတဲ့ ကိုကိုးကျွန်းတပ်နယ် မဲဆန္ဒနယ်ကနေ တိုင်းဒေသကြီး မဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီအမတ်အဖြစ် ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။
သူနဲ့အတူ ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ကိုကိုးကျွန်းကနေ ဝင်ပြိုင်တဲ့ လက်ရှိစစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစောကတော့ ဒုတိယသမ္မတ ၁ အဖြစ် ရွေးချယ်ခံထားရပါတယ်။
ဧရာဝတီတိုင်းမှာတော့ အထွေထွေအုပ်ချုပ်ရေး ဒုတိယညွှန်ကြားရေးမှူးချုပ်ဟောင်းလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီရဲ့ ပုသိမ်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်အမတ်ဖြစ်တဲ့ဦးအေးကျော်က တိုင်းဝန်ကြီးချုပ်ဖြစ်လာပါတယ်။
ကရင်ပြည်နယ်မှာလည်း လက်ရှိဝန်ကြီးချုပ် ဦးစောမြင့်ဦးကိုပဲ ပြည်နယ်လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ရွေးလိုက်ပြီလို့သိရပါတယ်။
ပဲခူးတိုင်းရဲ့ဝန်ကြီးချုပ်နေရာကိုတော့ လက်ရှိစစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကို ရွေးချယ်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပြုထားပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ်နေရာကို လက်ရှိ စစ်ကော်မရှင် ဝန်ကြီးချုပ် ဒေါက်တာမျိုးအောင်၊ ကချင်ပြည်နယ်အတွက် လက်ရှိဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ကိုပဲ စစ်ကော်မရှင်ကာလကအတိုင်း အဆိုပြုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်မှာ စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးစစ်သင်တန်းတက်ရတဲ့တပ်သားတွေရဲ့ တာဝန်ထမ်းဆောင်တဲ့ကာလ ၂ နှစ်ပြည့်တော့မှာဖြစ်ပေမဲ့ အိမ်ပြန်ခွင့်ရသူ ဦးရေအတိအကျကို စစ်တပ်က ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ဧပြီ ၃ ရက်တုန်းကတော့ ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့မှာရှိတဲ့ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ) မှာ စစ်မှုထမ်း အမှတ်စဉ် ၁ တပ်သား ၃၈၅ ဦးရဲ့သတ်မှတ်ကာလပြီးမြောက်အောင် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ဂုဏ်ပြုအခမ်းအနားပြုလုပ်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။
စစ်မှုထမ်း အမှတ်စဥ် ၁ မှာ တက်ရောက်သူ ဘယ်လောက်ရှိတယ်ဆိုတာ စစ်တပ်ဘက်က အတိအကျမပြောပေမဲ့ အပတ်စဉ်တစ်ခုကို သင်တန်းသား အယောက် ၅,၀၀၀ ခေါ်ယူမယ်လို့ စစ်ကော်မရှင်ပြောခွင့်ရသူက ၂၀၂၄ ခုနှစ်မှာ ပြောထားပါတယ်။
“စစ်တပ်ထဲကနေ အရင်က ထွက်ခွင့်မပေးလို့ ဝင်မယ့်သူမရှိ၊ ဝင်မယ့်သူ မရှိတော့ ထွက်ခွင့်မပေး ဖြစ်နေခဲ့တာ။ အခုကတော့ တကယ်ထွက်ခွင့်ပေးနေပြီလို့ စည်းရုံးရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တယ်လို့ မြင်တယ်”လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း သေဆုံးနဲ့ ထိခိုက်ခဲ့သူအရေအတွက်ကို သိရဖို့ လွိုင်ကော် ဒကစအပြင် ကျန်ရှိတဲ့ တိုင်းစစ်ဌာနချုပ်နဲ့ ဒကစတွေကနေ ဆက်လက်ထုတ်ပြန်လာမယ့်အရေအတွက်တွေကို စောင့်ကြည့်ရမယ်လို့ သူက ပြောပါတယ်။
စစ်မှုထမ်း အမှတ်စဥ် ၁ သင်တန်းသားတွေက ဆန္ဒအလျောက်စာရင်းပေးကာ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ စစ်ကော်မရှင်ပြောခွင့်ရက ဆိုထားပေမဲ့ ရန်ကုန်မြို့နယ်တချို့မှာ အုပ်ချုပ်ရေးဘက်က စစ်မှုထမ်း မဲပေါက်သူတချို့ကို ဆန္ဒအလျောက်ဝင်ရောက်ပါတယ်လို့ ဖိအားပေး ရေးခိုင်းတဲ့ဖြစ်စဉ်အချို့ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း ရှိခဲ့ပါတယ်။
စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၁ ဆင်း တပ်ဖွဲ့ဝင်တွေကို အိမ်ပြန်ခွင့်ပြုတဲ့အရေအတွက်ကို သိရဖို့ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက် စတင်ကျင့်သုံးတဲ့ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ယူတဲ့ စစ်မှုထမ်းအပတ်စဉ်ဟာ ပြီးခဲ့တဲ့မတ်လမှာ ၂၃ အထိ ရောက်လာပြီဖြစ်ပြီး ဧပြီလမှာ အမှတ်စဥ် ၂၁ သင်တန်းဆင်းထားပြီး ဖြစ်ပါတယ်။
CDM စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI) ကတော့ စစ်မှုထမ်းသင်တန်းဆင်း အင်အား တစ်သိန်းနီးပါးရှိလာပြီလို့ မတ် ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အမှတ်စဥ် ၁ ဆင်းတွေဟာ တိုက်ပွဲပြင်းထန်တဲ့နေရာတွေကို ပို့ဆောင်ခံရတာများတာကြောင့် သေဆုံးတဲ့အရေအတွက်များနိုင်တယ်လို့ MDSI က စစ်ဘက်ရေးရာတာဝန်ခံ ကိုနောင်ရိုးက သုံးသပ်ပါတယ်။
“အမှတ်စဥ် ၁ ကနေ နှုတ်ထွက်ခွင့်ပြုတဲ့အရေအတွက် ၂ ထောင်ဝန်းကျင်ရှိနိုင်တယ်။ ဒါပေမဲ့ တပ်ထဲမှာလည်းအမှတ်စဥ် ၁ နဲ့ ၂ ကို အမြဲတမ်းစစ်မှုထမ်း လုပ်ဆောင်ဖို့ စည်းရုံးတာ ရှိတယ်” လို့ သူက တပ်တွင်းကနေ သိရှိရတဲ့အခြေအနေကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CDF Asho
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့ပေါ်ကို ချင်းကာကွယ်ရေးတပ်(CDF) အရှိုအဖွဲ့ဝင်တွေ အသွားအလာလုပ်ခဲ့ပြီးတဲ့နောက် စစ်တပ်က ဒီနေ့မှာ စစ်ကား ၄ စီးနဲ့ အင်အားဖြည့်တင်းလာတယ်လို့ CDF အရှိုဘက်က ပြောပါတယ်။
CDF အရှိုတပ်ဖွဲ့ဝင်တွေ ဧပြီ ၄ ရက်ညပိုင်းမှာ ငဖဲမြို့ပေါ်က မြို့နယ်ပညာရေးမှူးရှုံးနဲ့ ကြံ့ခိုင်ရေး(USDP) ပါတီရုံးတွေကို စစ်ကြောင်းမှူးတစ်ဦး ဦးဆောင်ပြီး အသွားအလာ ပြခဲ့အပြီးမှာ စစ်တပ်က အခုလို အင်အားဖြည့်တာလို့ အဖွဲ့ပြောခွင့်ရ ဆလိုင်းရိုးချင်းက ပြောပါတယ်။
တိုက်ပွဲဖော်ဆောင်ကာ တိုက်ခိုက်တဲ့စစ်ဆင်ရေးမဟုတ်ဘဲ မြို့တွင်းကို အင်အားပြဝင်ရောက်တာဖြစ်တယ်လို့ သူကပြောပါတယ်။
“စစ်တပ်ကအာဏာသိမ်းထားဆဲဖြစ်တယ်ဆိုတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တောထဲမှာပဲ ရှိတာမဟုတ်ဘဲ ပြည်သူနဲ့နီးနီးကပ်ကပ်ရှိတယ်ဆိုတာ ပြချင်လို့ အင်အားပြ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်” လို့ ဆလိုင်းရိုးချင်းက ပြောပါတယ်။
CDF အရှိုဟာ ငဖဲမြို့နယ်ထဲမှာ စစ်တပ်ကို တိုက်တဲ့တိုက်ပွဲတွေမှာ အာရက္ခတပ်တော်(အေအေ)နဲ့အတူ စစ်ဆင်ရေး လုပ်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
မတ်လ ၂၅ ရက်ကလည်း နတ်ရေကန်ဗျူဟာရဲ့အရှေ့မြောက်ဘက်မှာရှိတဲ့ မန်းချောင်းဆည်နဲ့ အမှတ် ၁၄ စစ်လက်နက်ပစ္စည်းစက်ရုံ (ကပစ ၁၄) ဘက်ကို ထိုးလာတဲ့စစ်ကြောင်းကို CDF အရှိုနဲ့ လူ့ဘောင်သစ်တပ်မတော် (NSA)တို့ ပူးပေါင်းတိုက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲကနေ အမ်း-ပဒါန်းလမ်းအတိုင်း ထွက်လာတဲ့အေအေရဲ့ထိုးစစ်ကတော့ ငဖဲမြို့နယ်ထဲက နတ်ရေကန် ဗျူဟာအနီးမှာ ရောက်ရှိနေပါတယ်။
ကာကင်းတွေကို တိုက်ခိုက်ပြီး ဗျူဟာစခန်းကို ပိတ်ဆို့ထားတာကြောင့် စစ်တပ်က ပဇီလမ်းနဲ့ ဂုတ်ကြီးလမ်းနှစ်ဖက်ကနေ အင်အားဖြည့်စစ်ကြောင်း ထိုးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတဝန်းက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၇ ခုမှာ ဒီနေ့ မိုးရွာနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ကြေညာပါတယ်။
ကချင်ပြည်နယ်မှာ နေရာကျဲကျဲနဲ့ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ချင်းနဲ့ ရှမ်း(တောင်နဲ့အရှေ့ပိုင်း) တို့မှာ နေရာကွက်ကျားမိုးထစ်ချုပ်ရွာဖို့ရှိပြီး ရွာမယ့် ရာခိုင်နှုန်းက ၈၀ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုင်းနဲ့ ပြည်နယ် ၇ ခုကလွဲရင် ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းမယ်လို့ ကြေညာထားပါတယ်။
မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကတော့ ဧပြီ ၆ ရက်နေ ၁၀ ရက်အတွင်း ရခိုင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းမြောက်ပိုင်း၊ ချင်းနဲ့ ကချင်ပြည်နယ်စတဲ့ စုစုပေါင်း ပြည်နယ်နဲ့တိုင်း ၆ ခုကို မိုးအနည်းငယ်ကနေ မိုးများနိုင်တဲ့ဒေသတွေအဖြစ် လူမှုကွန်ရက်မှာ ခန့်မှန်းရေးသားပါတယ်။
အသေးစိတ်ခန့်မှန်းချက်အနေနဲ့ မန္တလေးတိုင်းမြောက်ပိုင်းက သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်တွေမှာ မိုးအသင့်အတင့်ရွာမယ်လို့ ခန့်မှန်းထားတာပါ။
ဧပြီ ၇ ရက်မှာတော့ မိုးကုတ်မှာ မိုးပိုများကာ မိုးသည်းထန်နိုင်ပြီး လာမယ့်သောကြာနေ့အထိ ဆက်လက်မိုးစွေနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
စစ်ကိုင်းတိုင်းထဲက ဒေသအတော်များများမှာ မိုးအနယ်ငယ်ရွာပြီး ခန္တီးနဲ့ နမ်စီဘွန်းမှာတော့ ဧပြီ ၆ ရက်ကနေ ၄ ရက်ဆက်တိုက် မိုးဆက်ရွာနိုင်တာပါ။
ကချင်ပြည်နယ်မှာတော့ ဧပြီ ၁၃ ရက်အထိ မိုးဆက်ရွာနေနိုင်ပြီး နေရာကွက်ကာ မိုးသည်းထန်နိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ဒီမိုးရွာသွန်းမှုဟာ အီကွေတာတောင်ဘက်ခြမ်းက မုန်တိုင်းတွေကြောင့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းနဲ့ အိန္ဒိယမြောက်ပိုင်းကုန်းတွင်းလေစီးကြောင်း တွေအားကောင်းလာကာ အနောက်ဘက်က မိုးတိမ်တောင်တွေ မြန်မာနိုင်ငံထဲ ဆက်လက် ဝင် ရောက်လာတာကြောင့်လို့ ဆိုပါတယ်။
ဧပြီ ၆ ရက်ဒီနေ့ကနေ ၁၂ ရက်အထိ ရခိုင်၊ ရှမ်းနဲ့ မန္တလေးတိုင်းတို့ရဲ့ မြောက်ပိုင်း၊ စစ်ကိုင်းနဲ့ ကချင်တို့မှာ မိုးထစ်ချုန်းရွာမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
မိုးတိမ်တွေ ဝင်ရောက်တဲ့လမ်းကြောင်းပေါ်မူတည်ပြီး ရှမ်းတောင်ပိုင်းနဲ့ မွန်ပြည်နယ်တို့မှာလည်း မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
နေပြည်တော်မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ ၁၅ နှစ်ကြာ ရယူခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို လွှဲပြောင်းပေးတာ၊ လွှတ်တော်က သူ့ကို သမ္မတအဖြစ် ရွေးချယ်တာနဲ့ မကြာခင်မှာပဲ သူဦးဆောင်တဲ့အစိုးရတစ်ရပ်ပေါ်လာဖို့ ကြိုးပမ်းတာတွေ ရှိနေပါတယ်။
နေပြည်တော်က ဒီဖြစ်စဉ်တွေဟာ မတ်လကုန်ပိုင်းနဲ့ ဧပြီလ ပထမ သီတင်းပတ်အတွင်းမှာပဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒီကာလအတွင်း စစ်တပ်ကို စီမံတဲ့သူနဲ့ စစ်ဆင်ရေးတွေကို ကိုင်တွယ်တဲ့သူတွေ ပြောင်းသွားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေးတပ်တွေကို စစ်တပ်က လေကြောင်းအားပြု တိုက်ခိုက်မှု ဆက်ရှိနေသလို အရပ်သားသေဆုံးမှုတွေလည်း ဆက်ရှိနေပါတယ်။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို စောင့်ကြည့်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ကတော့ မတ်လ ၂၇ ရက်နဲ့ ဧပြီလ ၂ ရက်အတွင်း စစ်တပ်က အရပ်သားနေရာတွေကို တိုက်ခိုက်မှုအများဆုံးခံရတာဟာ စစ်ကိုင်းတိုင်းထဲမှာဖြစ်ပွားခဲ့တယ်လို့ အချက်အလက်စုဆောင်းဖော်ပြပါတယ်။
နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဘက်အရပ်ဘက် အာဏာဗဟိုချက် အပြောင်းအလဲလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ဆိုပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ နိုင်ငံထဲ စစ်ရှိန်မရပ်တဲ့အခြေအနေဖြစ်နေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အေအေမြို့နယ်မှူးဆီပို့ဆောင်မယ့် စိတ်ကြွဆေးပြားပေါင်း ၇၈ သိန်းကို နတ်မောက်မြို့နယ်၊ ရွာတော်စစ်ဆေးရေးဂိတ်နဲ့ စိုင်ကောင်းရွာ မှာ ဧပြီ ၄ ရက်က ဖမ်းဆီးရမိတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်လာပါတယ်။
ရမည်းသင်း-ပဒါန်းကနေတဆင့် ရခိုင်ပြည်နယ်ထဲကို သယ်ယူဖို့ပြင်တယ်လို့ဆိုတဲ့ ဒီဆေးပြားတွေရဲ့တန်ဖိုးဟာ ငွေကျပ် ၁၁ ဒသမ ၇ ဘီလျံရှိတယ်လို့လည်း စစ်ကော်မရှင်ရဲ့ ဧပြီ ၅ ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သတင်းပေးတဲ့သူရှိလာတာကြောင့် ဒီမူးယစ်ဆေးတွေကို ၂ ကြိမ် ဖမ်းဆီးမိခဲ့တာလို့လည်း ဆိုပါတယ်။
ဧပြီ ၄ ရက်က ရွာတော်စစ်ဆေးရေးဂိတ်မှာ မျိုးမင်းအောင်ဆိုသူအမျိုးသား မောင်းနှင်လာတဲ့ တိုယိုတာ ပရာဒိုကားနဲ့ စိုင်ကောင်းရွာမှာ မင်းမင်းခိုင်ဆိုသူအမျိုးသား မောင်းနှင်လာတဲ့ထော်လာဂျီတို့ကနေ ဆေးပြားတွေကို ဖမ်းမိတာလို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
အဲဒီထော်လာဂျီနဲ့အတူ လိုက်လာတဲ့ နောက်ထပ်အမျိုးသားတစ်ဦးကိုလည်း ဖမ်းခဲ့တယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။
ဒီစိတ်ကြွဆေးတွေကို ရှမ်းပြည်နယ်၊ပင်လောင်းမြို့နယ်၊ တီဂျစ်ရွာက ကျော်ဝင်းအောင်(ခ)ပအို့ဝ်ဆိုသူက ဝမ်ဟိုင်းဒေသကနေ ကလောထိ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖမ်းဆီးခဲ့သူ ၃ ဦးဟာ ဒီကနေမှ မန္တလေးတိုင်းထဲက ရမည်းသင်း-ပျော်ဘွယ်- နတ်မောက်ကနေ မကွေးတိုင်းထဲက ပဒါန်းမြို့နယ်ကိုသုံးပြီး အမ်းမြို့နယ်ထဲကို ပို့ဆောင်မှာဖြစ်တယ်လို့ စစ်ကော်မရှင်က စွပ်စွဲပါတယ်။
မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေမှာ အာရက္ခတပ်တော်(အေအေ)အရာရှိတွေနဲ့ ဆက်နွှယ်နေတယ်လို့ဆိုပြီး စစ်ကော်မရှင်ရဲ့ ၃ ကြိမ်ထက်မနည်း စွပ်စွဲဖော်ပြချက်တွေနဲပတ်သက်လို့ အေအေရဲ့တုံ့ပြန်ချက်ချက်ကိုရဖို့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခံထံ ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာနဲ့ ဒီဇင်ဘာလမှာ အေအေနဲ့ဆက်နွှယ်တဲ့မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ဆိုတဲ့ စစ်ကော်မရှင်ထုတ်ပြန်ချက်တွေကိုတော့ ဦးခိုင်သုခက စစ်တပ်ရဲ့ စစ်ရေးရှုံးနိမ့်မှုများလာတာကြောင့် လုပ်ကြံစွပ်စွဲတာလို့ တုံ့ပြန်ပြောထားပါတယ်။
အေအေဟာ အမ်းမြို့နယ်အခြေစိုက် စစ်တပ်ရဲ့အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းယူပြီး အဲဒီအချိန်ကတည်းက အမ်းကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
အဲဒီကတည်းက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကို ဝင်လာတဲ့စစ်ကော်မရှင်တပ်ကို ပိတ်ဆို့ဟန့်တားတဲ့တိုက်ပွဲတွေဟာ မကွေးတိုင်း၊ ပဒါန်းမြို့နယ်ကို ဆက်ထားတဲ့ အမ်း - ပဒါန်းလမ်းပေါ်မှာလည်း စစ်တပ်နဲ့ အေအေ ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
မင်္ဂလာပါ။ ဧပြီ ၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။