အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို ပူးပေါင်းတိုက်ခိုက်မှု ၂ ပတ်ကြာ အပစ်ရပ်ပြီလို့ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ကြေညာချက်အပါအဝင် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် B2 ဗုံးကြဲလေယာဉ်တွေကြောင့် မြေအောက်မှာ အမှုန်ဖြစ်သွားတဲ့နျူကလီးယားတွေရှင်းလင်းရေးကို အီရန်နဲ့အတူလုပ်ဆောင်မယ်လို့ ထရမ့်ပြောတဲ့သတင်းအပါအဝင် ဧပြီလ ၈ ရက် ထိပ်တန်းရောက် မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို ပူးပေါင်းတိုက်ခိုက်မှု ၂ ပတ်ကြာ အပစ်ရပ်ပြီလို့ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ကြေညာချက်အပါအဝင် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ၂ ပတ် အပစ်ရပ်မယ်လို့ ပြောအပြီးမှာပဲ မြေအောက်ရောက်သွားတဲ့ နျူကလီးယားတွေ ရှင်းလင်းရေးကို အီရန်နဲ့နီးနီးကပ်ကပ် လုပ်သွားမယ်လို့ ပြောလာပါတယ်။
ပါကစ္စတန်ကြားဝင်ညှိနှိုင်းမှုကြောင့် အီရန်နဲ့ အပစ်ရပ်မယ်လို့ သမ္မတ ထရမ့်က ဒီနေ့ မနက်အစောပိုင်းတုန်းက ကြေညာခဲ့အပြီးမှာ အခုလို ပြောလာတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ကတော့ သဘောတူဖို့လိုအပ်တဲ့ ၁၅ ချက်ထဲက အများစုကို အီရန််ဘက်က လက်ခံထားပြီးဖြစ်ပြီး အီရန်ကို နျူကလီးယား သန့်စင်ခွင့်ပေးမှာမဟုတ်ဘူးလို့လည်း ထည့်ပြောပါတယ်။
တိုက်ခိုက်တာတွေ ရပ်တာနဲ့ တီဟီရန်ဘက်က အပစ်ရပ်ဖို့ လက်ခံမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက အစောပိုင်းမှာ ပြောထားပါတယ်။
အီရန်နဲ့အပစ်ရပ်ပြီလို့ အမေရိကန်က ကြေညာပြီးကတည်းက ယူအေအီး၊ ကူဝိတ်နဲ့ အီရန်နိုင်ငံတောင်ပိုင်းတို့က ရေနံချက်စက်ရုံတို့ တိုက်ခိုက်ခံရတဲ့သတင်းတွေ တက်နေပါတယ်။
အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့် ငွေကြေးဆိုင်ရာ ဆိုးကျိုးတွေက ကမ္ဘာတဝန်းမှာ သိသိသာသာ သက်ရောက်ခံစားလာနေရပါပြီ။ ယူကေနိုင်ငံ ယော့ခ်ရှိုင်းယားပြည်နယ်က အိမ်တွေမှာ အပူဓာတ်လောင်စာဆီစရိတ် တိုးလာတာကအစ ပါကစ္စတန်မှာ စရိတ်ချွေတာဖို့ ကျောင်းတွေ ပိတ်ထားရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
စီးပွားရေးအရ ထိခိုက်မှုတွေ ဖြစ်အောင် ရည်ရွယ်လုပ်ခဲ့တဲ့ အီရန်အစိုးရရဲ့ တုန့်ပြန်လက်စားချေမှုက ခဏတာ သက်ရောက်တာမျိုး မဟုတ်ဘူးဆိုတာ ပိုပိုထင်ရှားလာနေပါတယ်။ ဒါ့ထက်ပိုတာက ဒီသက်ရောက်မှုက အရမ်းကို ဆိုးဝါးလှပါတယ်။
ထိခိုက်မှုဒဏ် အများဆုံး ခံရနိုင်တဲ့ နိုင်ငံတွေနဲ့အတူ ဒီစစ်ပွဲကြောင့် အကျိုးအမြတ် ရသူတချို့လည်း ရှိနေပါတယ်။ ဘယ်သူတွေပါလဲ။ အပြည့်အစုံကို ဒီလင်ခ့် မှာ ဖတ်ရှုနိုင်ပါပြီ။
မြန်မာစံတော်ချိန် ဒီနေ့ မနက်အစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြေညာတဲ့ အီရန်နဲ့ နှစ်ပတ်အပစ်ရပ် ထုတ်ပြန်ချက်အရ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရမှာပါ။
အရင်က ဒိန်းမိတ်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ Maersk မှာ လုပ်ခဲ့ဖူးသူလည်းဖြစ်၊ ရေလမ်းကြောင်းသွားလာရေး ကျွမ်းကျင်သူလည်းဖြစ်တဲ့ လားစ် ဂျန်ဆန်ကတော့ ဟော်မုဇ်ရေလက်ကြားမှာ “ဘာမှတော့ ပြောင်းလဲမှုမရှိသေးဘူး” လို့ ဘီဘီစီ ရေဒီယို ၄ အစီအစဉ်ကို ပြောပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ကလည်း “အချိန်ယူရမယ်” လို့ သူက ပြောပါတယ်။
လာမယ့်ရက်ပိုင်းတွေအတွင်း သင်္ဘောအမြောက်အများ ပင်လယ်ကွေ့ကနေ ထွက်ခွာမှုတွေ မြင်တွေ့လာရနိုင်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့လည်း အပစ်ရပ်သဘောတူညီမှု ပျက်ပြယ်သွားခဲ့ရင် သောင်တင်နိုင်ခြေလည်းရှိနေတာကြောင့် ဒီလမ်းကြောင်းကို သင်္ဘောအနည်းအကျဉ်းလောက်သာ ဝင်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
အီရန်မှာ အပစ်ရပ်ပြီဆိုတဲ့သတင်းကြောင့် ရှယ်ယာစျေးနှုန်းတွေ တက်လာတာ ဒါမှမဟုတ် ဧပြီ ၈ ရက်စျေးကွက်ဖွင့်တဲ့အခါမှာ စျေးတက်တာတွေ ဖြစ်နိုင်ပါတယ်။ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်တော့မယ်လို့ မှန်းဆချက်တွေကြောင့် ရေနံစျေးတွေ ၁၅ ရာခိုင်နှုန်းလောက် ကျသွားပါတယ်။
ဒါပေမဲ့ ပဋိပက္ခမဖြစ်ခင်ကာလတွေထက်တော့ ရေနံစျေး မြင့်နေတုန်းပါ။ အကြောင်းအရင်းက နှစ်ချက် ရှိပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက Brent ရေနံစိမ်းဈေးနှုန်းတွေဟာ တစ်စည်ကို အမေရိကန် ဒေါ်လာ ၁၀၀ ကနေ ၁၁၀ ဝန်းကျင်ဖြစ်နေတာဟာ ရင်းနှီးမြှုပ်နှံသူတွေက အီရန်စစ်ပွဲအပေါ် မတင်မကျ လောင်းကြေးထပ်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ပဋိပက္ခက ရေရှည်ဖြစ်သွားနိုင်သလို ချက်ချင်းပြေလည်သွားမယ်ဆိုပြီး ယူဆထားကြပုံပါ။
ကုန်သည်တွေကတော့ နှစ်ဖက်လုံးမှာ ခြေထောက်ချခဲ့တာပါ။ ဒါပေမဲ့လည်း ပထဝီနိုင်ငံရေးရိုက်ခတ်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ မသေချာမရေရာမှုတွေအကြား မလှုပ်သာ၊ မကိုင်သာ ဖြစ်ခဲ့ရတာပါ။
လက်ရှိ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ လုပ်ဆောင်ချက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာကလည်း စောင့်ကြည့်ရဦးမှာ ဖြစ်လို့ ဒီမသေချာမရေရာမှုတွေကတော့ ဆက်ပြီးရှိနေမှာပါ။
နှစ်ဖက် ပွတ်တိုက်မှုတွေ ချက်ချင်းအဆုံးသတ်သွားတယ်ဆိုပေမဲ့ စွမ်းအင်ဈေးနှုန်းတွေကတော့ အတိုင်းအတာတစ်ခုအထိ တခါတရံ ထပ်တက်လာနိုင်ပါသေးတယ်။ စစ်ပွဲကြောင့် ထုတ်လုပ်ရေးပိုင်းမှာ ထိခိုက်မှုတွေကို ပြန်ပြင်ရမှာ လတွေကနေ နှစ်တွေနဲ့ ချီပြီး ကြာနိုင်တာကြောင့်ပါ။
ဈေးနှုန်းတွေထပ်ပြီးကျလာမယ်ဆိုရင်တော့ ငွေကြေးဖောင်းပွမှုတွေ၊ အတိုးနှုန်းတွေကတော့ အရင်က စိုးရိမ်ရခဲ့ရတဲ့အထိ ပိုရှည်ကြာ၊ ပိုပြင်းထန်မှာ မဟုတ်တော့ပါဘူး။
ဘယ်လိုပဲပြော ဒီအခြေအနေနဲ့ ပတ်သက်လို့ မသေချာမရောမှုတွေနဲ့ မေးခွန်းများစွာတော့ ရှိနေဆဲပါ။
ဗြိတိန်အနေနဲ့ အမေရိကန်-အီရန် အပစ်ရပ်သဘောတူညီမှုကို အစွမ်းကုန်ထောက်ခံ၊ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာက ပြောပါတယ်။
“ညတွင်းချင်းဖြစ်လာတဲ့အပစ်ရပ်မှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါဟာ ဒေသတွင်းရော၊ ကမ္ဘာကိုပါ စိတ်သက် သာမှုရစေတာပါ” လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ မိတ်ဖက်တွေနဲ့အတူ ဒီအပစ်ရပ် သဘောတူညီမှုကို ထောက်ခံပြီး ထိန်းသိမ်းသွားဖို့ တတ်နိုင်သမျှဝိုင်းဝန်းကြိုးစားရပါမယ်။ ဒီအပစ်ရပ်မှု ရေရှည် တည်တံ့ဖို့ နဲ့ ဟော်မုဇ်ရေလက်ကြားရေရှည်ပြန်ဖွင့်ဖို့ အထိ ကြိုးစားရမယ်” လို့ သူကပြောပါတယ်။
ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်ရုံးထုတ်ပြန်ချက်မှာ -
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပါးရှားပင်လယ်ကွေ့ မြောက်ပိုင်း ခါ့ကျွန်းပေါ်က အီရန်ရဲ့ အရေးကြီးတဲ့ရေနံစခန်းကို သိမ်းဖို့ တပ်တွေ လွှတ်နိုင်ကြောင်း ပြောပါတယ်။
ခါ့ကျွန်းက အီရန်ရေနံတွေ အဓိကပို့တဲ့စခန်းကြီးဖြစ်ပြီး ရေနံစည် ၂ သန်းလောက် တင်ဆောင်နိုင်တဲ့ရေနံစိမ်းတင်သင်္ဘောကြီးတွေ ကမ်းကပ်လို့ ရတဲ့အထိ ရေစူးနက်တဲ့ကမ်းလွန်မှာ တည်ရှိပါတယ်။
အမေရိကန်က ဒီကျွန်းကို ဝင်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရင်တော့ အီရန်ရဲ့ရေနံတင်ပို့မှုကို ဖြတ်တောက်ပြီး ဟော်မုဇ်ရေလက်ကြားကို အီရန်ထိန်းချုပ်ထားတာကို လျှော့ပေးရေးမှာ ဖိအားပေးဖို့ ယာယီသိမ်းတာက အများဆုံးဖြစ်နိုင်ပါတယ်။
အီရန်အစိုးရရဲ့ ကြံ့ကြံ့ခံ ခုခံနိုင်မှုကြောင့် ဒီလိုသိမ်းပိုက်မှုက ဖြစ်ပါ့မလား မေးစရာအများကြီး ရှိပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါပြီ။
အပစ်ရပ်ကြေညာပြီးတဲ့နောက် အီရန်လူထုက မြို့တော် တီဟီရန်မှာ အီရန်နိုင်ငံအလံတွေ လွင့်ထူတာ၊ အီရန်ခေါင်းဆောင် မို့ချ်တာဘာ ခါမေနီ ဓာတ်ပုံတွေကို ကိုင်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အီရန်မှာတော့ ဒီအပစ်ရပ်မှုကို တုံ့ပြန်မှုတွေက အမျိုးမျိုးရှိနေတယ်လို့ ဘီဘီစီ ပါရှန်း ဘာသာစကားဌာနရဲ့ ဝါရှင်အခြေစိုက် သတင်းထောက် ခါရှာရာ ဂျိုနေးဒီက ပြောပါတယ်။
အပစ်ရပ်မှုကြောင့် အီရန်က ဓာတ်အားပေးစက်ရုံတွေ တိုက်ခိုက်မခံရတော့ဘူးဆိုတဲ့ စိတ်သက်သာရမှုတွေလည်း ရှိနေပါတယ်။
အီရန်အုပ်ချုပ်သူကို လက်မခံသူတွေကတော့ ဒါဟာ ဆက်ပြီးရင်ဆိုင်လာရနိုင်သလို ပိုပြီးတော့လည်း ဒေါသထွက်နေကြပါတယ်။
ပြီးခဲ့တဲ့ ၃၉ ရက်အတွင်း ဘာတွေပဲဖြစ်ခဲ့ပါစေ၊ အီရန်အတွက် အရေးကြီးဆုံးကတော့ ဒီ အပစ်ရပ်သဘောတူညီမှု နဲ့ အနာဂတ်သဘောတူညီချက်တွေကို ဘယ်လို ပုံဖော်မလဲ ဆိုတာပါ။
အပစ်ရပ်ကြေညာချက်တွေထုတ်ပြန်ပြီးချက်ချင်း အီရန်က သူတို့နိုင်တယ်လို့ ပြောပြီး အမေရိကန်နဲ့ အစ္စရေးက သူတို့ကို အီရန်က လုံးဝမနိုင်ခဲ့ဘူးလို့ ပြောပါတယ်။
အီရန်နဲ့ သူ့ရဲ့ “ခုခံမှုဝင်ရိုး” က မဟာမိတ်နိုင်ငံ တွေအတွက်တော့ ဒါဟာ “အောင်ပွဲ” ဖြစ်ပါတယ် လို့ ပြောထားပါတယ်။
အမေရိကန်က လာမယ့်ဆွေးနွေးပွဲအတွက် အီရန်ရဲ့ တောင်းဆိုချက် ၁၀ ချက်ကို လက်ခံထားပြီး အီရန်အမျိုးသားလုံခြုံရေးကောင်စီကလည်း အမေရိကန်က သူတို့တောင်းဆိုချက်တွေကို လက်ခံထားတယ်လို့ ပြောပါတယ်။
အီရန်က ဟော်မုဇ်ရေလက်ကြားကို နှစ်ပတ်ပြန်ဖွင့်ပေးမယ်ဆိုတာကလွဲလို့ တခြားသော ဘယ်လို လိုက်လျောမှုတွေ ရှိနေလဲဆိုတာတော့ ထုတ်မပြောပါဘူး။
နှစ်ဖက်လုံးမှာ သဘောတူညီမှုရဖို့ဆိုရင် နှစ်ဦးနှစ်ဖက်လုံးက ဒါကို “အောင်ပွဲ” လို့ ခေါ်ရလောက်တဲ့အဆင့်ထိ အကျေအလည် ဆွေးနွေးကြဖို့လိုပါတယ်။ ဒါဟာ ငြိမ်းချမ်ရေးသဘောတူညီမှုမှာပါလာနိုင်မယ့် အချက်တွေထက် ပိုပြီးအရေးကြီးပါလိမ့်တယ်။
အီရန် နဲ့ နှစ်ပတ် အပစ်ရပ်သဘောတူညီမှုရပြီးတဲ့နောက် ဒါဟာ “ အလုံးစုံသော အနိုင်ရလဒ်” ဖြစ်တယ်ဆိုတာ ငြင်းချက်ထုတ်စရာမရှိဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလာပါတယ်။
သူ့ရဲ့ ကြေညာချက် ထုတ်ပြန်ပြီးနောက် AFP သတင်းဌာနနဲ့ အင်တာဗျူးမှာ အဲဒီသဘောတူညီချက်အောက်မှာ ''အီရန်ရဲ့ သန့်စင်ပြီးယူရေနီယမ်ကို ကောင်းကောင်းစီမံထိန်းချုပ်ထားနိုင်မယ်''လို့ ပြောခဲ့ပါတယ်။
“ အဲဒီလိုမှမဟုတ်ရင် ကျွန်တော် လက်ခံမှာ မဟုတ်ဘူး” လို့ ထရမ့်က ပြောပေမဲ့ အီရန် ရဲ့ ယူရေနီယမ်သတ္ထုတွေ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ အသေးစိတ်ကို မပြောသွားပါဘူး။
သဘောတူညီမှုမလုပ်ရင် အီရန်က အရပ်သားစွမ်းအင်စက်ရုံတွေ၊ လမ်းတံတားတွေ ဖျက်ဆီးမယ်ဆိုတဲ့ ထရမ့်ရဲ့ မူလခြိမ်းခြောက်မှု ဘာဆက်ဖြစ်မလဲ ဆိုပြီး မေးတဲ့အခါမှာတော့ သမ္မတထရမ့်က "ခင်ဗျားတို့ တွေ့လာရပါလိမ့်မယ်" လို့ တုံ့ပြန်ပါတယ်။
သမ္မတ ထရမ့်က လာမယ့်လထဲ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ဖို့ရှိပါတယ်။ တီဟီရန်က အပစ်ရပ်ဖို့ ဆွေးနွေးလာတာဟာ တရုတ်ရဲ့ ပါဝင်မှုကြောင့်လားလို့ မေးတဲ့အခါမှာတော့ “ဟုတ်တယ်လို့တော့ ကျွန်တော်ကြားတယ်” လို့ သမ္မတထရမ့်က ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံထဲက ဝေးလံခေါင်ဖျားအရပ်ဒေသမှာ သူ့ရဲ့တိုက်လေယာဉ်တစ်စင်း ပစ်ချခံရပြီးတဲ့နောက် အဲဒီလေယာဉ်နဲ့အတူ ပျောက်ဆုံးခဲ့တဲ့ လေသူရဲတစ်ဦးကို ရှာဖွေကယ်ဆယ်ရေး ခဲရာခဲဆစ်ပြုလုပ်ခဲ့ပါတယ်။
အခြေအနေ အတိအကျကတော့ မရှင်းလင်းသေးပါဘူး။ ဒါပေမဲ့ အဲဒီလေသူရဲကို ကယ်ထုတ်တဲ့ စစ်ဆင်ရေးဟာ မြေပြင်အနေအထားအရလည်း တည်တည်ငြိမ်ငြိမ်မဟုတ်လို့ အတော်လေးကို ကြီးမားရှုပ်ထွေးခဲ့ပါတယ်။
အမေရိကန်စစ်သုံးလေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ အထူးတပ်ဖွဲ့ဝင် ဒါဇင်ချီပါတဲ့အင်အားနဲ့ ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးကို စခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ)လည်း ပါဝင်ခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
အီရန်နဲ့ အပစ်ရပ်ကြေညာချက်ထုတ်ပြီးတဲ့နောက်မှာ အိမ်ဖြူတော်က အနိုင်ရပြီလို့ တုံ့ပြန်လာပါတယ်။
အစ္စရေးကတော့ ဘာတုံ့ပြန်ချက်မှ မလုပ်သေးပါဘူး။
“ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အတွက်ရော၊ ပြောင်မြောက်လှတဲ့ အမေရိကန်စစ်တပ်အတွက် ဒါဟာ အနိုင်ရလဒ်တစ်ခုဖြစ်ပါတယ်” လို့ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကယ်ရိုလိုင်း လက်ဗစ်က သူ့ရဲ့ ဆိုရှယ်မီဒီယာ ပို့စ်မှာရေးသားပါတယ်။
“ သမ္မတထရမ့်က ဟော်မုဇ်ရေလက်ကြားကိုလည်း ပြန်ဖွင့်အောင် စွမ်းဆောင်နိုင်ခဲ့ပြီ” လို့ သူကရေးသားထားပါတယ်။
သမ္မတထရမ့်က “Operation Epic Fury” စစ်ဆင်ရေးဟာ ၄ ပတ်ကနေ ၆ ပတ် အတွင်းသာကြာမယ်လို့ ပြောခဲ့တဲ့အတိုင်း “စစ်ရေးအရရည်မှန်းချက်တွေကို ၃၈ ရက်အတွင်း ပြည့်မီ တာထက်ကို ကျော်လွန်အောင်စွမ်းဆောင်နိုင်ခဲ့တယ်” လို့ ကယ်ရိုလိုင်းက ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် နဲ့ ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဒန်ကိန်းတို့ က မိန့်ခွန်းထွက်ပြောဖို့ရှိတယ်လို့ လက်ဗစ်က ပြောပါတယ်။
“ ကျွန်မတို့ စစ်တပ်ရဲ့ အောင်မြင်မှုက ကျွန်မတို့အတွက် အမြင့်ဆုံး အားသာမှုရစေခဲ့တယ်။ သမ္မတ ထရမ့် နဲ့ အဖွဲ့ဝင်တွေ ခက်ခဲလှတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ လမ်းစဖြစ်လာပါပြီ။ ဒါဟာ သံခင်းတမန်ခင်းအရရော ရေရှည်ငြိမ်းချမ်းရေးအတွက်ပါ အဖွင့်လှစေခဲ့ပါတယ်” လို့ သူက ရေးသားပါတယ်။
အပစ်ရပ်ကြေညာပြီးကတည်းက နိုင်ငံအချို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။
အီရန်မှာတော့...
အမေရိကန်မီဒီယာတွေကတော့ အစ္စရေးဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ အီရန်ကို တိုက်ခိုက်မှု ဆက်လုပ်နေဆဲလို့ အစ္စရေးအရာရှိတစ်ဦးကို ကိုးကားပြီး သတင်းဖော်ပြနေပါတယ်။ အပစ်ရပ်တာကို အစ္စရေးဘက်က သဘောတူထားတဲ့ပုံပေါ်တယ်လို့ သတင်းတွေ ထွက်ပေါ်အပြီးအခုတိုက်ခိုက်မှုဖြစ်ခဲ့တာပါ။အမေရိကန်နဲ့ အီရန်တို့အပစ်ရပ်တာနဲ့ပတ်သက်ပြီး အစ္စရေးဘက်က တရားဝင်အတည်ပြုပြောဆိုတာမျိုး မရှိသေးပါဘူး။
အစ္စရေးမှာတော့...
ဂျေရုဆလင်မှာ လေကြောင်းတိုက်ခိုက်ခံရတဲ့သတင်းတွေ တက်လာနေပါတယ်။ မြို့ထဲမှာရှိနေတဲ့ ဘီဘီစီ သတင်းထောက်တွေကတော့ ပေါက်ကွဲသံအချို့ကို ကြားခဲ့ရ၊ ခံစားခဲ့ရတယ်လို့ ပြောပါတယ်။ မြို့ခံတွေကို လေကြောင်းအန္တရာယ်သတိပေးချက်လည်း ထွက်ခဲ့ပါတယ်။
ဘာရိန်းမှာတော့...
ပြည်ထဲရေးဝန်ကြီးဌာနက လေကြောင်းအန္တရာယ်သတိပေးချက် ထုတ်ခဲ့ရတယ်လို့ပြောပြီး လူထုကိုလည်း လုံခြုံတဲ့အကာအကွယ်အောက် ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့ရတယ်လို့ ပြောပါတယ်။
ကာတာမှာတော့...
နိုင်ငံထဲကို ဦးတည်လာတဲ့ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချခဲ့ရတယ်လို့ ကာတာကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ပေါ်မှာ ရေးသားပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု(UAE)မှာတော့...
‘‘လက်ရှိမှာ အီရန်ကနေလာတဲ့ ဒုံးကျည်တိုက်တိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေရတယ်’’ လို့ဆိုပြီး ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပါတယ်။
ဆော်ဒီအာရေးဗျမှာတော့...
ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း လေကြောင်းသတိပေးချက် နှစ်ကြိမ်ထက်မနည်း ထုတ်ပြန်ခဲ့ရပြီး အခုတော့ ဒီသတိပေးချက်ထဲက ပထမထုတ်ထားတဲ့သတိပေးချက်ကို ရုပ်သိမ်းလိုက်ပြီလို့ ဆော်ဒီကာကွယ်ရေးညွှန်ကြားရေးမှူးချုပ်ရုံးက ဆိုရှယ်မီဒီယာကနေ သတင်းထုတ်သလို ရီယတ်မြို့မှာရှိတဲ့ ဘီဘီစီသတင်းထောက်ကလည်း သတင်းပေးပို့ပါတယ်။
အီရန်နဲ့ အမေရိကန်ကြားက ညှိနှိုင်းဆွေးနွေးမှုတွေကို ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ် ရှာရစ်ဖ်က အပစ်ရပ်သဘောတူညီချက် ချက်ချင်းအသက်ဝင်ပြီလို့ ပြောပါတယ်။
ပြီးတော့ ဒီလိုလုပ်နိုင်တာဟာ နှစ်ဖက်စလုံးရဲ့ ‘‘ဉာဏ်အမြော်အမြင်နဲ့ နားလည်မှုကြောင့်ဖြစ်ပြီး ဒီလိုအရင်းခံလို့သာ နောက်ထပ် ငြိမ်းချမ်း တည်ငြိမ်ရေးလမ်းကြောင်းပေါ်ရောက်ဖို့ အပြုသဘောဆောင် စကားဆက်ပြောကြမှာ’’ လို့လည်း သူက ပြောပါတယ်။
လာမယ့် သောကြာနေ့ ဧပြီလ ၁၀ ရက်မှာ အစ္စလာမာဘတ်မြို့ကို နှစ်ဖက် ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပြီး ‘‘အစ္စလာမာဘတ် ဆွေးနွေးပွဲတွေကနေ ရေရှည်မြဲမြံမယ့်ငြိမ်းချမ်းရေးကို ဆောင်ကျဥ်းနိုင်ဖို့ ကျွန်တော်တို့ဘက်က အမျှော်လင့်ကြီး မျှော်လင့်ပါတယ်။ လာမယ့်ရက်တွေအတွင်း သတင်းကောင်းတွေကို ပိုမျှဝေနိုင်ဖို့လည်း ဆန္ဒပြုပါတယ်’’ လို့ သူက ပြောပါတယ်။
ဂွန်ချန် ဟာဘီဘီအာဇက်
အကြီးတန်းသတင်းထောက်၊ ဘီဘီစီ ပါရှန်းဘာသာစကားဌာန
အပစ်ရပ်တယ်လို့ ကြေညာပြီးမကြာခင်မှာပဲ အီရန်အမျိုးသားလုံခြုံရေးကောင်စီ (SNSC) က ကြေညာချက် ထုတ်ပါတယ်။ညှိနှိုင်းဆွေးနွေးတာတွေကို ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့မှာပြုလုပ်မယ်လို့ ဆိုပါတယ်။
အနည်းဆုံး ၁၅ ရက်အတွင်း ဆွေးနွေးညှိနှိုင်းမှု အသေးစိတ်ကို အတည်ပြုနိုင်အောင်လုပ်မယ်လို့လည်း ဆိုပါတယ်။ ‘‘ရှေ့တန်းက အီရန်ရဲ့အောင်မြင်မှုဟာ နိုင်ငံရေးညှိနှိုင်းမှုတွေကြောင့် ခိုင်မာစေမှာဖြစ်’’လို့ ညှိရနှိုင်းရတာလို့လည်း အဲဒီကြေညာချက်ထဲ ပြောထားပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာမှာတော့ တောင်းဆိုချက် ၁၀ ချက်ကို ပြုလုပ်ထားတယ်လို့ ကြေညာချက်ကို အခြေပြု သတင်းထုတ်သွားပြီး အဲဒီထဲ အောက်က အချက်တွေကို အမေရိကန်က သဘောတူထားတယ်လို့ ဆိုပါတယ်။
ခါရှာယာ ဂျိုဒီနီ
ပါရှန်းသတင်းထောက်၊ ဝါရှင်တန်
အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးရေးနောက်တစ်ကြော့ သောကြာနေ့မှာပြန်စဖို့ ရှိနေပေမဲ့ နှစ်ဖက်ကြားက ယုံကြည်မှုအတိုင်းအဆဟာ အပြည့်အဝတော့ ဖြစ်မနေပါဘူး။
ပြီးခဲ့တဲ့နှစ်မှာ အီရန်နဲ့ အမေရိကန်တို့ဟာ ၂ ကြိမ်တိုင်တိုင် ညှိကြနှိုင်းကြခဲ့ပြီးပါပြီ။ အဲဒီနှစ်ကြိမ်စလုံးမှာ အဲဒီလို ညှိနှိုင်းတုန်းမှာပဲ စစ်ပွဲ စဖြစ်ခဲ့တာပါ။
အီရန်အနေနဲ့ သူတို့ ဘယ်လောက်အထိ အနိုင်ရနေပါပြီလို့ နိုင်ငံပိုင်မီဒီယာကနေ ပုံဖော်ဖော် အပေါ်စီးက ရှိနေတဲ့အခြေအနေတော့မဟုတ်ပါဘူး။
လက်ရှိမှာ အီရန်စစ်တပ်ဟာ တိုက်ခိုက်ခံရလွန်းလို့ နာလန်မထူနိုင်တဲ့အခြေအနေဖြစ်ပြီး စီးပွားရေးကလည်း ယိမ်းယိုင်နေပါတယ်။ တီဟီရန်က ထိပ်ပိုင်းအုပ်စိုးသူအစုအဖွဲ့ဟာ အတိုက်အခံအပြင် လူထုနဲ့ လုပ်ရကိုင်ရတဲ့မပြီးပြတ်တဲ့ကိစ္စတွေ ရှိနေဆဲပါ။
ပြီခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်အစိုးရဟာ ဇန်နဝါရီလတုန်းက ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခဲ့သူအချို့ကို ကွပ်မျက်တာတွေ စလုပ်ခဲ့ပါတယ်။
တီဟီရန်အုပ်စိုးသူတွေဟာ နိုင်ငံအတွင်းမှာ သူတို့အာဏာစက်ကို ပြန်တင်းနေပါတယ်။ ဒီလိုအခြေအနေအရပ်ရပ် ကြုံနေရချိန်မှာ အီရန်ဘက်က တောင်းဆိုလာတာတွေကို အမေရိကန်ဘက်က လိုက်လျောပေးဖို့ဆိုတာလည်း လွယ်ကူမယ့်ဟန် မပေါ်ပါဘူး။
အမေရိကန်ကတော့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးမယ်ဆိုရင် အပစ်ရပ်မယ်ဆိုပြီး ပြောထားတာဖြစ်ပါတယ်။
ဗျူဟာကျတဲ့တည်နေရာကြောင့် ဟော်မုဇ်က ပင်လယ်ရေကြောင်းသွားလာမှုကို ထိန်းချုပ်ချင်တဲ့အကြောင်း အီရန်ဘက်က ပြောထားတာပါ။ ပြီးတော့ ဒီအရေးဟာ အီရန်ရဲ့ နံပါတ်တစ် ဦးစားပေးဖြစ်ပါတယ်။
အီရန်ရဲ့နျူကလီးယားအစီအစဥ်နဲ့ပတ်သက်ပြီး ညှိနှိုင်းတာတွေလည်း ခက်ခဲဦးမှာပါ။အီရန်နိုင်ငံပိုင်မီဒီယာကတော့ အမေရိကန်ဟာ အီရန်နိုင်ငံထဲ နျူကလီယားသန့်စင်တာကို လက်ခံတယ်လို့ ပြောနေပါတယ်။
အမေရိကန်ကလည်း အီရန်နိုင်ငံထဲမှာ နျူကလီးယားသန့်စင်တာမျိုး မဖြစ်စေချင်ဘူးလို့ဆိုပြန်ပါတယ်။
ဒီတော့ လာမယ့်သီတင်း ၂ ပတ်ဟာ ညှိနှိုင်းတဲ့အပိုင်းမှာ သိပ်ကိုခဲရာခဲဆစ်နိုင်မယ့် ကာလတွေ ဖြစ်လာမှာပါ။
ဟော်မုဇ်ရေလက်ကြားမှာသင်္ဘောတွေ သွားလာခွင့်ပြုမယ်ဆိုရင် အမေရိကန်နဲ့ အီရန်ကြား သီတင်း ၂ ပတ်ကြာ အပစ်ရပ်မယ့်အဆိုပြုချက်ကို အီရန်ဘက်က လက်ခံလိုက်ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာယက် အဘတ်စ် အရက်ချီကတော့ အီရန်ကို တိုက်ခိုက်မှုတွေ ရပ်ဆိုင်းမယ်ဆိုရင် အီရန်ဘက်က အပစ်ရပ်ဖို့ သဘောတူမယ်လို့လည်း ပြောပါတယ်။
သမ္မတ ထရမ့်က အီရန်အနေနဲ့ သဘောတူညီချက် တစ်ခုရအောင်လုပ်ရင်လုပ်၊ မလုပ်ရင် ဒီည အကုန်ဆုံးရှုံးအောင် လုပ်မယ်လို့ အမေရိကန်ဒေသစံတော်ချိန် အင်္ဂါနေ့ညသန်းခေါင်မတိုင်ခင်တုန်းက ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အီရန်နဲ့ အမေရိကန်ကြား ညှိနှိုင်းသူအဖြစ်ပါဝင်နေတဲ့ ပါကစ္စတန်က ထရမ့်အနေနဲ့ အီရန်ကို တိုက်မယ်လို့ ပြောတဲ့ ကာလကို သီတင်းနှစ်ပတ် နောက်ဆုတ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ပြီးတော့ တွေ့ဆုံဆွေးနွေးကြဖို့ အီရန်ကိုရော၊ အမေရိကန်ကိုပါ အစ္စလာဘတ်မြို့ကို သောကြာနေ့မှာ လာရောက်ဖို့ ဖိတ်ကြားထားပြီးဖြစ်ပါတယ်။
ပါကစ္စတန်ရဲ့ကြားဝင်ညှိနှိုင်းမှုဟာ ထရမ့်ရော အီရန်အတွက်ပါ ခြေကျွံလက်ကျွံတာမျိုး မဖြစ်အောင် ဝင်ရောက်ထိန်းကျောင်းပေးရာရောက်ပေမဲ့ နှစ်ဖက်စလုံးအတွက် အရင်ရှိရင်းစွဲ အနေအထားကို ပြန်ရောက်ပါ့မလားဆိုတဲ့ မေးခွန်းရှိနေပြန်တယ်လို့ ဘီဘီစီရဲ့ အမေရိကန် နိုင်ငံခြားရေး သတင်းထောက်က ရေးပါတယ်။
အစောပိုင်းတုန်းကတော့ အီရန်တွေ အနေနဲ့ ‘‘လုံခြုံရေးကို ငဲ့တွက်ပြီး’’ ရထားတွေ မစီးနင်းကြဖို့ အစ္စရေးဘက်က သတိပေးပြီး နာရီပိုင်းအကြာမှာပဲ အီရန်နိုင်ငံပိုင်မီဒီယာက ခါရှန်မှာ တံတားတစ်စင်းလေကြောင်းတိုက်ခိုက်ခံရလို့ လူ ၂ ဦးသေဆုံးတယ်လို့ သတင်းဖော်ပြထားပါတယ်။
မင်္ဂလာပါ။
ဧပြီလ ၈ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။