ဧပြီ ၁၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ဘယ်လိုသတင်းကိုမှ အတည်ပြုနိုင်ခြင်းမရှိ -ဒေါက်တာမျိုးညွန့်
ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ရွှေ့တယ်ဆိုတဲ့သတင်းကို အတည်ပြုနိုင်ခြင်းမရှိကြောင်းဒေါက်တာမျိုးညွန့်ပြောတဲ့ သတင်းအပါအဝင် ဧပြီ ၁၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- နှစ်ဆန်းတစ်ရက်မှာ အကျဥ်းထောင်၊ အချုပ်ထောင်နဲ့ အကျဥ်းစခန်းတွေက အကျဥ်းသား/သူ ၄၃၃၅ ဦးရဲ့ ကျန်ရှိပြစ်ဒဏ်တွေကို လျှော့ပေါ့ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး
- ဒုတပ်ချုပ်ဟောင်း(ငြိမ်း) ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ကို ဒီကနေ့မှာ စစ်ခေါင်းဆောင်ဟောင်းကနေ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်က သတိုးမဟာသရေစည်သူဘွဲ့ ပေးအပ်
- နှစ်ရှည်ထောင်ဒဏ်နဲ့ ဆက်လက်အကျဥ်းခံရတဲ့ နိုင်ငံရေးအကျဥ်းသူ ရှင်ဒေဝီ နှစ်ဆန်းတစ်ရက်နေ့လွတ်ငြိမ်းထဲမှာပါဝင်လာ
- ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းကြောင့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တချို့ နေပြည်တော်ကို သွားရောက်
- ၂၀၂၁ စစ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထောင်ချခံထားရတဲ့ သမ္မတဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်
- အကျဥ်းသား/သူ ၄၃၀၀ ကျော်ကို လွှတ်ပေးတယ်ဆိုတဲ့ ဒီနေ့လွတ်ငြိမ်းကြေညာချက်မှာ နိုင်ငံရေးအကျဥ်းသားပါဝင်မှုကို လျှော့ချ
- သမ္မတဦးဝင်းမြင့် အိမ်ပြန်ရောက်ပြီးနောက် NLD ပါတီဝင်တွေနဲ့ မိသားစုကို တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို အရင်ဆုံးမေး
တိုက်ရိုက် ထုတ်လွှင့်ချက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ဘယ်လိုသတင်းကိုမှ အတည်ပြုနိုင်ခြင်းမရှိ -ဒေါက်တာမျိုးညွန့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဘယ်လိုသတင်းကိုမှ အတည်ပြုနိုင်ခြင်းမရှိခဲ့ဘူးလို့ ဒီကနေ့ နှစ်ဆန်းတစ်ရက်မှာ ကြေညာတဲ့လွတ်ငြိမ်းကြောင့် နေပြည်တော်ကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဒီကနေ့ညနေပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။
'' နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ကောလဟာလ အားလုံးက အတည်ပြုနိုင်ခြင်းမရှိပါဘူး။ ရန်ကုန်မှာရှိတဲ့ ခြံအမှတ် ၅၄ ကလည်း သူတို့ဆီတစုံတရာအကြောင်းကြားတာ ထိန်းသိမ်းခိုင်းတာမရှိဘူးလို့ပြောပါတယ်။နေပြည်တော်မှာရှိတဲ့ ဌာနတွေနဲ့ ကျွန်တော်ကိုယ်တိုင်လိုက် ကြည့်ပြီးပါပြီ။ သူ့ကို နေအိမ်အကျယ်ချုပ်ပြောင်းတယ်ဆိုတဲ့သတင်းကို ဘယ်လိုမှအတည်မပြုနိုင်ပါဘူး။ လောလောဆယ်နဂိုထိန်းသိမ်းထားမြဲရှိတယ်လို့ပဲ ကျွန်တော်တို့ မှတ်ယူပါတယ်'' လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ဒေါက်တာမျိုးညွန့်ဟာ ဒီကနေ့ ပြန်လည် လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ လူကိုယ်တိုင်တွေ့ဆုံခဲ့ပြီး ဦးဝင်းမြင့်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။
'' စိတ်ဓာတ်ရေးရာကတော့ နဂိုအတိုင်းပဲ၊ လုပ်လို့ရတဲ့ အလုပ်တွေကို ထက်ထက်သန်သန် ဆက်လုပ်သွားဖို့ သမ္မတကြီးက အမြဲတမ်းအသင့်ဖြစ်နေတာတွေ့ရပါတယ်'' လို့ ဒေါက်တာမျိုးညွန့်က ဆက်ပြောပါတယ်။ ရှေ့နေအဖွဲ့ကလည်း နေပြည်တော်နဲ့ ရန်ကုန် နေရာခွဲပြီး ဒေါ်အောင်ဆန်းစုကြည်သတင်းကို စောင့်ကြည့်စုံစမ်းခဲ့ပေမဲ့ တစုံတရာထူးခြားမှုမရှိဘူးလို့ ဘီဘီစီကို ဒီကနေ့ ညနေပိုင်းမှာ ပြောပါတယ်။
အခုအခါ ရဟတ်ယာဉ်ဝယ်ယူရာမှာ အဂတိကျုးလွန်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမှုတွဲစွပ်စွဲခံရပြီး တရားစွဲဆိုထောင်ချခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်ကိုတော့ ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့တာဖြစ်ပါတယ်။
ဒေါက်တာမျိုးညွန့်ကတော့ ထိရောက်တဲ့အပြောင်းအလဲကိုလိုချင်တယ်ဆိုရင်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ NLD ပါတီဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအကုန်လုံးကို လွှတ်ပေးပြီး တိုင်ပင်ဆွေးနွေးတာ၊ မြေပြင်အခြေအနေကို တိတိကျကျစုံစမ်းတာ၊ ဒါတွေအကုန်ပြီးတော့မှ ခက်ခဲတဲ့အခြေအနေကို ကျော်လွှားရမယ်ဆိုတာကို ဆုံးဖြတ်ရမယ်လို့ ပြောပါတယ်။
'' ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ထားတဲ့ကာလက အများကြီး လိုပါသေးတယ်။ ရှင်းရှင်းပြောရရင် လူ့သက်တမ်းကို ကျော်အောင်ချမှတ်ထားတာဖြစ်ပါတယ်။ တစုံတရာပြုပြင်ပြောင်းလဲမှုစိတ်ရှိမှပဲ စစ်မှန်တဲ့အပြောင်းအလဲဖြစ်လာမှာပါ'' လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်း ခံထားရတာ ရက်ပေါင်း ၁၉၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။
ဒီကနေ့ လွတ်ငြိမ်းကြေညာချက်အရ ထောင်ဒဏ်နှစ် ၄၀ နဲ့ အောက် ကျခံနေရသူတွေကို ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံလျှော့ပေါ့ပေးတယ်လို့ ကြေညာချက်ကဖော်ပြပါတယ်။
စုစုပေါင်း အမှု ၁၉ မှု စွပ်စွဲခံခဲ့ရပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရတဲ့ ဒေါ် အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ လွတ်ငြိမ်းအလိုက်ပါဝင်တဲ့ ပြစ်ဒဏ်လျှော့ပေါ့ခဲ့မှုတွေကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတာပါ။
ဒီကနေ့ နှစ်ဆန်းတစ်ရက်မှာပါတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံလျှော့ပေါ့ပေးတယ်ဆိုတာကြောင့် သူ့ရဲ့ အကျဉ်းကျရက်တွေထဲကနေ ၄ နှစ်ကျော်သာ ပြစ်ဒဏ်လျှော့ခဲ့တာလို့ နားလည်ရပါတယ်။
ဒါပေမဲ့ လက်ကျန် ၂၇ နှစ်ထဲမှာ စတင်ထိန်းသိမ်းခံရကတည်းက အချိန်တွေကို ပုံမှန်အကျဉ်းသားတွေလို ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ပြု မပြုဆိုတာလည်း တိတိပပမသိရပါဘူး။
သမ္မတဦးဝင်းမြင့် အိမ်ပြန်ရောက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကိုမေးမြန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ် သင်္ကြန်ကာလမှာ အတူတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်(ပုံဟောင်း) စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော် ဖမ်းဆီးအကျဥ်းချခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်က သူ ပြန်လည်လွတ်မြောက်ပြီး အိမ်ပြန်ရောက်ချိန်မှာ NLD ပါတီဝင်တွေနဲ့ မိသားစုကို တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို အရင်ဆုံးမေးမြန်းတယ်လို့ သမ္မတဦးဝင်းမြင့်နဲ့ အတူရှိနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“အစ်မအကြောင်းဘာကြားလဲလို့ သူက မေးပါတယ်။” လို့ သူကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ တရားရုံးချိန်းတွေပြီးသွားတဲ့နောက်ပိုင်းကတည်းက တွေ့ဆုံခြင်း မရှိတော့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကိုလည်း မသိရဘူးလို့ ဦးဝင်းမြင့်ကပြောကြောင်း အတူရှိနေသူက ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရပြီး အကျဥ်းထောင်အတွင်း ဖမ်းဆီးခံထားရချိန်မှာ သူ့ အနေနဲ့ နိုင်ငံပိုင်သတင်းစာတွေကိုသာ ဖတ်ခွင့်ရပြီး တခြားသတင်းအချက်အလက်သိရှိတာ မရှိခဲ့တာကို ပြန်ပြောပြကြောင်း NLD ပါတီနဲ့ နီးစပ်သူက ပြောပါတယ်။
ဒီနေ့ နေပြည်တော်ကကြေညာတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကြေညာချက်မှာတော့ သမ္မတဦးဝင်းမြင့်ကို “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းပေးတာလို့ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေပေမဲ့ နေပြည်တော်က သတင်းအတိအကျထုတ်ပြောတာ မရှိသေးပါဘူး။
နေပြည်တော်ကို သွားရောက်နေတဲ့ NLD စီအီးစီ ဒေါက်တာမျိုးညွန့်နဲ့ မေးမြန်းချက်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဓာတ်ပုံ ပုံစာ, ဒေါက်တာမျိုးညွန့် (ပုံဟောင်း) ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ ရဲ့ ဗဟိုအလုပ်အမှုဆောင်တချို့ နေပြည်တော်ကို သွားရောက်နေတယ်လို့ ဘီဘီစီကသိရှိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
ဘီဘီစီ - အန်ကယ်တို့နေပြည်တော်ကို သွားနေတယ်လို့ သိရပါတယ်။ ဘာတွေသိထားရပါလဲ။
ဒေါက်တာမျိုးညွန့် - ဒီနေ့သတင်းတွေအရ ကျွန်တော်တို့ ခေါင်းဆောင်နဲ့ သမ္မတကြီးကို နေအိမ်အကျယ်ချုပ်ထားခဲ့သည်ရှိသော် ကျွန်တော်တို့က တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။ နိုင်ငံအခြေအနေက အကျပ်အတည်းဆိုက်နေတယ်။ ဒီအချိန်မှာ ထိရောက်မှန်ကန်တဲ့ လုပ်ဆောင်မှုတစ်ခုကိုသူတို့ဘက်က ပြလာလိမ့်မယ်လို့ ထင်ပါတယ်။ အရင့်အရင်ကလို ထိရောက်မှုမရှိတဲ့ လုပ်ရပ်တွေကတော့ နိုင်ငံရဲ့ အခြေအနေက တစ်စုံတရာပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ထိရောက်တဲ့ အပြောင်းအလဲ တစုံတရာများဖြစ်လာမလားဆိုပြီး ကျွန်တော်တို့ ကြိုးစားကြည့်မှာ ဖြစ်ပါတယ်။
ဒေါက်တာမျိုးညွန့်ရဲ့ ဖြေကြားချက်အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။
လောင်စာဆီအကျပ်အတည်း ဖြေရှင်းဖို့ အာရှနိုင်ငံတွေကို ဒေါ်လာ ၁၀ ဘီလျံကူမယ်လို့ ဂျပန်ပြော

ဓာတ်ပုံ ရင်းမြစ်, Japan Cabinet Public Affairs Office
ဓာတ်ပုံ ပုံစာ, တခြားအာရှနိုင်ငံ ခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံအပြီး ပူးပေါင်းဆောင်ရွက်မှု အခြေခံမူဘောင်သစ်တစ်ခုအကြောင်း ဆနာအဲ တာကာအီချီ ထုတ်ဖော်ကြေညာ အီရန်စစ်ပွဲကြောင့် အာရှဒေသမှာ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေကြချိန်မှာ ရေနံစိမ်းအပါအဝင် စွမ်းအင် လောင်စာဆီ ရနိင်ရေးအတွက် အိမ်နီးချင်း အာရှနိုင်ငံတွေ အထူးသဖြင့် အရှေ့တောင်အာရှဒေသက နိုင်ငံတွေကို အကူအညီပေးဖို့ ဒေါ်လာ ၁၀ ဘီလျံ ထောက်ပံ့ပေးမယ်လို့ ဂျပန်အစိုးရက ထုတ်ဖော် ကတိပြုလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က တခြားအာရှနိုင်ငံ ခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံအပြီးမှာ ပူးပေါင်းဆောင်ရွက်မှု အခြေခံမူဘောင်သစ်တစ်ခုအကြောင်း ဂျပန် ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ က ထုတ်ဖော်ကြေညာလိုက်ပါတယ်။
ဓာတ်ဆီကနေ ထွက်တဲ့ ထုတ်ကုန်တွေ အထူးသဖြင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေအတွက် အရှေ့တောင်အာရှဒေသပေါ် ဂျပန်က မှီခိုအားထားနေရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီအကြောင်းကို တာကာအီချီက အလေးထား ပြောသွားခဲ့ပါတယ်။
"ဂျပန်ဟာ ကုန်စည်ထောက်ပံ့စီးဆင်းမှုကနေတဆင့် အာရှနိုင်ငံအချင်းချင်း နီးနီးကပ်ကပ် ဆက်နွှယ်နေပြီး အပြန်အလှန် မှီခိုအားထားနေကြပါတယ်" လို့ သူက ပြောပါတယ်။
ဒီလင့်ခ်မှာ ဆောင်းပါးအပြည့်အစုံကို ဆက်လက်ဖတ်ရှုနိုင်ပါပြီ။
နှစ်ဆန်းတစ်ရက် လွတ်ငြိမ်းမှာ နိုင်/ကျဥ်းပါဝင်မှုလျှော့ချ - PPNM

ဓာတ်ပုံ ပုံစာ, ဧပြီ ၁၇ ရက် အင်းစိန်ထောင်က လွတ်မြောက်လာသူတွေ လိုက်ပါလာတဲ့ကား တနိုင်ငံလုံးက အကျဥ်းသား/သူ ၄၃၀၀ ကျော်ကို လွှတ်ပေးတယ်ဆိုတဲ့ ဒီနေ့လွတ်ငြိမ်းကြေညာချက်မှာ နိုင်ငံရေးအကျဥ်းသားပါဝင်မှုကို လျှော့ချထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် PPNM ဦးဆောင်သူ ကိုသိုက်ထွန်းဦးက ဘီဘီစီကိုပြောပါတယ်။
“နှစ်ဆန်းတစ်ရက်မှာ ပုံမှန်ပေးနေကျအတိုင်း ၆ ပုံ ၁ပုံလျှော့တာ၊ ကျန်တဲ့ပြစ်ဒဏ်လျှော့တာ တွေ့ရ ပေမဲ့ နိုင်ငံရေးအကျဥ်းသားပါဝင်မှုက တော်တော်လေးကို နည်းနေတယ်”လို့ ကိုသိုက်ထွန်းဦးက ဒီကနေ့ မနက်ပိုင်း အထိသူရထားတဲ့အချက်အလက်ကိုပြောပါတယ်။
အင်းစိန်ထောင်က ဘီဘီစီသတင်းအရင်းအမြစ်ကတော့ ရန်ကုန် အင်းစိန်ထောင်ကနေ အကျဥ်းသား/သူ ၈၀၀ ကျော်လွှတ်ပေးပြီး လူသိများတဲ့နိုင်/ကျဥ်းထဲမှာ မှတ်တမ်းရုပ်ရှင်ဖန်တီးထုတ်လုပ်သူ ရှင်ဒေဝီ ၁ ဦး သာပါဝင်သေးတယ်လို့ ပြောပါတယ်။
လွတ်မြောက်လာတဲ့ နိုင်/ကျဥ်းအရေအတွက်နဲ့ အသေးစိတ်အချက်အလက်တွေကို PPNM ကနေ ထုတ်ပြန်ပေးသွားမယ်လို့ အဖွဲ့ရဲ့လူမှုကွန်ရက်မှာကြေညာထားပါတယ်။
PPNM ရဲ့ ကြေညာချက်အောက်မှာတော့ နိုင်ကျဥ်းမိသားစုဝင်တွေက သက်ဆိုင်ရာထောင်တွေရဲ့ လွတ်ငြိမ်းစာရင်းတွေနဲ့ နိုင်/ကျဥ်းနာမည်တွေကို မှတ်ချက်ပေး မေးမြန်းထားကြပါတယ်။
သမ္မတဦးဝင်းမြင့် လွတ်မြောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, သမ္မတဦးဝင်းမြင့်(ပုံဟောင်း) ၂၀၂၁ စစ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထောင်ချခံထားရတဲ့ သမ္မတဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေးတယ်လို့ နေပြည်တော်က သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းနဲ့ ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာ ထည့်သွင်းလိုက်ပြီး သူ့ကို အကျဥ်းချထားတဲ့ တောင်ငူထောင်ကနေ မိသားစုထံ ပြန်လည်စေလွှတ်ခဲ့ပြီလို့ဆိုပါတယ်။
ဦးဝင်းမြင့် ကို စစ်တပ်က အဂတိပုဒ်မတွေ၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) တို့နဲ့ စွပ်စွဲခဲ့ပြီး တရားစွဲဆိုခဲ့ကာ စုစုပေါင်း ထောင်ဒဏ် ၉ နှစ်နဲ့ ၆ လ ချမှတ်ပြီး အကျဥ်းချခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းနေ့က စစ်တပ်အရာရှိတွေက ဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ပေးဖို့ ပြောချိန်မှာ” နုတ်ထွက်မပေးနိုင်ဘူး။ အသေခံမယ်” လို့ပြောခဲ့သူဖြစ်သလို အာဏာမသိမ်းသင့်ကြောင်း ဥပဒေနဲ့အညီ လုပ်သင့်ကြောင်း ပြောခဲ့သူအဖြစ် သူ့ရဲ့ တရာရုံးထွက်ဆိုချက်တွေမှာတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း) ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ ရဲ့ ဗဟိုအလုပ်အမှုဆောင်တချို့ နေပြည်တော်ကို သွားရောက်နေတယ်လို့ ဘီဘီစီကသိရှိရပါတယ်။
'' ကျွန်တော်တို့ ဥက္ကဋ္ဌကို နေအိမ်အကျယ်ချုပ်ချမယ်ဆိုတဲ့သတင်းတွေကြားတော့ ကျွန်တော်တို့က တွေ့ခွင့်ရမလားလို့ ကြိုးစားကြည့်မှာပေါ့လေ။ ရှေ့နေတွေလည်း ရောက်နေကြပါပြီ'' လို့ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကပြောပါတယ်။
အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ဖမ်းဆီးထိန်းသိမ်း ခံထားရတာ ရက်ပေါင်း ၁၉၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ပြည်ထဲရေးဝန်ကြီးအသစ် ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့ သွားရောက် တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါသေးတယ်။
မှတ်တမ်းရုပ်ရှင်ဖန်တီးထုတ်လုပ်သူ ရှင်ဒေဝီ လွတ်ပြီ

ဓာတ်ပုံ ပုံစာ, ဘီဘီစီ ၂၀၂၄ ထူးချွန်ထင်ရှားအမျိုးသမီး ၁၀၀ မှာပါတုန်းက သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့အတူဖော်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးထုတ်လုပ်သူ ရှင်ဒေဝီ ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့လွတ်ငြိမ်းထဲမှာ နိုင်ငံရေးအကျဥ်းသူ ရှင်ဒေဝီပါဝင်လာပြီလို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။
“သူလွတ်လာတာ သေချာသွားပြီဆိုတာ အတည်ပြုပါတယ်။ ထောင်ပြင်ရောက်ပါပြီ” လို့ မိသားစုဝင်က ဘီဘီစီကိုပြောပါတယ်။
သူမလွတ်လာခင် ၂ ရက်လောက်ကမှ သူချစ်ရတဲ့ ကြာဖြူနာမည်နဲ့ ခွေးလေးဆုံးသွားခဲ့တဲ့သတင်းကိုတော့ သူ့ကိုမပြောပြရသေးဘူးလို့ ဆိုပါတယ်။
မှတ်တမ်းရုပ်ရှင်ဖန်တီးထုတ်လုပ်သူ ရှင်ဒေဝီဟာ ပြီးခဲ့တဲ့ မတ်လလွတ်ငြိမ်းမှာ ပါလာပြီလို့ သတင်းထွက်ခဲ့ပေမဲ့ အမှန်တကယ်လွတ်မြောက်ခြင်းမရှိခဲ့တာပါ။
သူဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာတုန်းက ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်က အောင်မင်္ဂလာအဝေးပြေးကွင်းမှာ အွန်လိုင်းကနေမှာယူထားတဲ့ ရိုက်ကူးရေးဒရုန်းကို သွားယူချိန်မှာ စစ်ဆေးဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှာ ပုဒ်မ ၅၀(ည)နဲ့ အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်တစ်သက်ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။
၂၀၂၅ ဇန်နဝါရီလမှာတော့ စစ်ကော်မရှင်က ထောင်ဒဏ်တစ်သက်ကနေ ထောင်ဒဏ် ၁၅ နှစ်လျှော့ပေးသူ ၁၄၄ ဦးထဲမှာ သူ ပါဝင်ခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်နဲ့ ဆက်လက်အကျဥ်းခံရတာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်ကတည်းက စစ်အာဏာသိမ်းမှုကို ထင်ထင်ပေါ်ပေါ် ဆန့်ကျင်သူ ရှင်ဒေဝီဟာ လူမှုစီးပွားအကျပ် အတည်းကြောင့် ထွက်ပေါ်လာတဲ့ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းအကြောင်း ရုပ်ရှင်မှတ်တမ်းတင်ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။
သံဃာတွေ ဦးဆောင်တဲ့မြန်မာပြည်တွင်းက ၂၀၁၇ လူထုဆန္ဒပြမှုကို စစ်တပ်က လက်နက်နဲ့အင်အားသုံး ပစ်ခတ်ခဲ့တဲ့အကြောင်း သူ့မှတ်တမ်းရုပ်ရှင်နဲ့ နိုင်ငံတကာကို သိစေခဲ့တဲ့အမျိုးသမီးသတင်းထောက်တစ်ဦးလည်းဖြစ်ပါတယ်။
ရှင်ဒေဝဟာ လွတ်လပ်တဲ့အာရှအသံ(RFA) မြန်မာဘာသာဌာနမှာ ပြင်ပဆောင်းပါးရှင်တစ်ဦးဖြစ်ခဲ့ပြီး ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာအမျိုးသမီးသတင်းမီဒီယာဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ Wallis Annenberg အမျိုးသမီးသတင်းသမားဆုရှင်လည်းဖြစ်ပါတယ်။
တရုတ်မှာ ဥာဏ်ရည်တု"ကျောက်ပုစွန်"ကိုဘာကြောင့်စွဲလမ်းနေကြလဲ - AI ကဘေဂျင်းရဲ့ မျှော်မှန်းချက်တွေအကြောင်းဘယ်လိုပြောလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံမှာ OpenClaw အေအိုင်ဟာ လူကြိုက်များမှု အလွန်မြင့်တက်လာခဲ့ပြီး အသုံးပြုသူတွေက "lobster မွေးတယ်" လို့ခေါ်တဲ့ပုံစံနဲ့ ကိုယ်လိုအပ်သလို AI ကို ပုံသွင်းနေကြပါတယ်။ "ခင်ဗျား ပုစွန်လား" ဆိုတဲ့မေးခွန်းက ဝမ် ဆိုတဲ့လူငယ်တစ်ယောက် က ဘီဘီစီကို ပထမဆုံးမေးခဲ့တဲ့ မေးခွန်းပါ။
မကြာသေးခင်ကာလအတွင်း ဝမ် ဟာ တရုတ်နိုင်ငံမှာ ''lobster-ကျောက်ပုစွန်" လို့ ခေါ်ကြတဲ့ OpenClaw ဆိုတဲ့ AI - အေအိုင်(ဥာဏ်ရည်တု) ကို အလွန်စွဲလမ်းနေခဲ့ပါတယ်။ ဒါကြောင့် သူ ပြောနေတဲ့သူက သတင်းထောက်မဟုတ်ဘဲ AI ဖြစ်နေတာလားဆိုပြီး ဝမ်က ထင်ယောင်ထင်မှား ဖြစ်နေပါတယ်။
AI မဟုတ်ကြောင်း ဝမ် နဲ့ အတည်ပြုပြီးနောက်၊ အဲဒီ နည်းပညာ အင်ဂျင်နီယာလူငယ် ''ဝမ်'' က သူ AI လောကထဲကို ဘယ်လို "နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားခဲ့တယ်" ဆိုတာနဲ့ အထူးသဖြင့် OpenClaw အပေါ် ဘယ်လောက်စွဲလန်းခဲ့တယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။
နိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တွန်းအားပေးမှုကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ တရုတ်ဟာ AI နည်းပညာကို လက်ခံအသုံးပြုလာခဲ့ပြီး၊ အဲဒီအခြေအနေက လူတွေရဲ့ စူးစမ်းသိလိုစိတ်နဲ့ စိုးရိမ်မှု ဆိုတဲ့ နှစ်မျိုးလုံးကို ဖြစ်စေခဲ့ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက် ဖတ်ရှု နိုင်ပါပြီ။
နဝတ/နအဖ လက်ထက်က ဒုချုပ်ဟောင်းကို နေပြည်တော်က ဂုဏ်ထူးဆောင်ဘွဲ့ပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့အတူတွေ့ရတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) မောင်အေး(ပုံဟောင်း) စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နအဖ/နဝတ စစ်အစိုးရလက်ထက်က ဒုတပ်ချုပ်ဟောင်း(ငြိမ်း) ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ကို ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်းကနေ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်က သတိုးမဟာသရေစည်သူဘွဲ့ ပေးအပ်တာတွေ့ရပါတယ်။
အဲဒီဘွဲ့ကို ၂၀၂၂ နှစ်ဆန်းတစ်ရက်နေ့တုန်းက အဲဒီအချိန်စစ်ကောင်စီ ဥက္ကဋ္ဌ ရာထူးယူခဲ့တဲ့ စစ်ခေါင်းဆောင်က သူ့ ကိုယ့်သူပေးအပ်ထားပါတယ်။
ဒီကနေ့ နေပြည်တော်က ကြေညာတဲ့ ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်တယ်ဆိုတဲ့ ဖော်ပြချက်အရ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ အတူ ဦးမင်းအောင်လှိုင်က သူ့ရဲ့ ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးညိုစောနဲ့ ဒေါ်နန်းနီနီအေး တို့ကိုလည်း မဟာသီရိသုဓမ္မဘွဲ့တွေ အသီးသီးပေးအပ်တာလည်းတွေ့ရပါတယ်။
၁၉၅၅ ခုနှစ်မှာ စတင်ဖွင့်လှစ်တဲ့ စစ်တက္ကသိုလ်အပတ်စဥ် ၁ ဆင်း ဒုတိယ ဗိုလ်ချုပ်မှူး ကြီးမောင်အေးကို သတိုးမဟာသရေစည်သူဘွဲ့ပေးတာဟာ စည်းရုံးရေးလုပ်ဆောင်တာဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော် ကပြောပါတယ်။
“ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်ချုပ်နေရာပေးတာကို DSA (စစ်တက္ကသိုလ်) ဆင်းတဲ့ တပ်ဘက်အရာရှိကြီးတွေက မကြိုက်တဲ့အနေအထားဖြစ်နေချိန်မှာ အခုလိုဘွဲ့ပေးပြီး စည်းရုံးရေးဆင်းတာပဲ။ စီနီယာကို သတိတရရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေးတာလို့ ယူဆတယ်” လို့ သူကပြောပါတယ်။
ဒီနေ့ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ချီးမြှင့်ခံရသူတွေထဲမှာ မဟာသရေစည်သူဘွဲ့ ယူထားတဲ့ ဒုစစ်ခေါင်းဆောင်ဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တော့ နောက်ထပ်ဘွဲ့တံဆိပ်ပေးတာမျိုးမတွေ့ရပါဘူး။
ပြည်ထောင်စုစည်သူသင်္ဂဟမှာ ပထမတန်းကို အဂ္ဂမဟာသရေစည်သူ၊ ဒုတိယတန်းကို သတိုးမဟာသရေစည်သူ၊ တတိယတန်းကို မဟာသရေစည်သူ၊ စတုတ္ထတန်းကို သရေစည်သူ၊ ပဉ္စမတန်းကို စည်သူ ဆိုပြီး အဆင့်အတန်း ၅ မျိုးခွဲခြားထားပါတယ်။ အဲဒီ ဘွဲ့တံဆိပ်တွေကို စစ်အစိုးရအဆက်ဆက်ခေါင်းဆောင်တွေနဲ့ သူတို့ ခန့်အပ်တဲ့သူတွေက အဆောင်အယောင်အဖြစ် ရယူထားကြပါတယ်။
စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်တဲ့အဂ္ဂမဟာသရေစည်သူ ကိုယူထားပါတယ်။
နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းပေးမယ့်ရက် အင်းစိန်ထောင်ရှေ့စောင့်ဆိုင်းနေသူတွေ
ဒီနေ့မှာ နိုင်ငံတဝန်းက အကျဥ်းသား/အကျဥ်းသူ ၄,၃၀၀ ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမယ့် သတင်းကြောင့် ရန်ကုန်မြို့က အင်းစိန်ထောင်ရှေ့မှာ မိသားစုအများအပြားလာရောက် စောင့် ဆိုင်းနေကြပြီဖြစ်ပါတယ်။
အင်းစိန်ထောင်မှာ ပြစ်ဒဏ်ကျခံနေရသူတွေရဲ့ မိသားစုဝင်တွေဟာ ဧပြီလရဲ့ အပူဒဏ်အောက်မှာပဲ အကျဥ်းသား/သူနာမည်ရေးထားတဲ့ စာရွက်တွေကိုင်ကာ စောင့်ဆိုင်းနေကြတာတွေ့ရပါတယ်။
ဒီနေ့လို လွတ်ငြိမ်းရက်တွေမှာ မိသားစုဝင်တွေက အကျဥ်းထောင်တွေရှေ့မှာ ပြန်လည်လွတ် မြောက်လာတဲ့သူတွေကို ညပိုင်းအထိ စောင့်ဆိုင်းတတ်ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီ
ဓာတ်ပုံ ပုံစာ, ဧပြီ ၁၇ ရက် အင်းစိန်ထောင်ရှေ့မြင်ကွင်း 
ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီ
ဓာတ်ပုံ ပုံစာ, ဧပြီ ၁၇ ရက် အင်းစိန်ထောင်ရှေ့မြင်ကွင်း 
ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီ
ဓာတ်ပုံ ပုံစာ, ဧပြီ ၁၇ ရက် အင်းစိန်ထောင်ရှေ့မြင်ကွင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ - အကျဥ်းသား/သူ ၄,၀၀၀ ကျော်လွတ်ငြိမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှေ့မြင်ကွင်း(ပုံဟောင်း) နိုင်ငံတဝန်းအကျဥ်းထောင်နဲ့ အချုပ်ထောင်တွေထဲက အကျဥ်းသား/သူ ၄,၃၃၅ ဦးရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဒီကနေ့ ဧပြီ ၁၇ ရက်မှာ ကြေညာပါတယ်။
သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူတွေကိုလည်း ပြစ်ဒဏ်သက်သာခွင့်ပေးတာကို ကြေညာချက်မှာတွေ့ရပါတယ်။ သေဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ်တစ်သက်နဲ့ နှစ်အကန့်အသတ်မရှိထောင်ဒဏ်ကျခံနေသူတွေကို နှစ် ၄၀ ထောင်ဒဏ်အဖြစ် လျှော့ပေါ့ပေးတယ်လို့ ဆိုပါတယ်။
ထောင်ဒဏ်နှစ် ၄၀ နဲ့ အထက်ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀၊ ထောင်ဒဏ်နှစ် ၄၀ နဲ့ အောက်ကျခံနေရသူတွေကို ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံလျှော့ပေါ့ပေးတယ်လို့ ကြေညာချက်ကဖော်ပြပါတယ်။ ဒီကနေ့ လွတ်ငြိမ်းခွင့်ဆိုတဲ့အထဲမှာ နိုင်ငံခြားသား အကျဥ်းသား/အကျဥ်းသူ ၁၇၉ ဦးလည်း ပါဝင်ပါတယ်။
“ကိုယ့် နိုင်/ကျဥ်းတွေ လွတ်လာဖို့ မျှော်လင့်တယ်။ အခုလည်း ဘယ်သူတွေပါမလဲနားစွင့်နေတယ်” လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ဘီဘီစီကို ဒီကနေ့ မနက်ပိုင်းမှာပြောပါတယ်။
အခုတကြိမ်လွတ်ငြိမ်းခွင့်ဟာ စစ်ခေါင်းဆောင်ဟောင်းက သမ္မတရာထူးယူပြီး နေပြည်တော်မှာ အရပ်ဘက်အစိုးရအသွင်ပြောင်းချိန်မှာ ပထမဆုံးကြေညာတဲ့ လွတ်ငြိမ်းခွင့်ဖြစ်ပါတယ်။
နေပြည်တော်အသွင်ပြောင်းအစိုးရက ဒီကနေ့မှာ လူထောင်ချီကို လွတ်ငြိမ်းပေးခဲ့ပေမဲ့ အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ဒီတခေါက်လွတ်ငြိမ်းခွင့်ထဲ ပါဝင်လာတာမတွေ့ရပါဘူး။
မတ် ၂ ရက် ကလည်း တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသား ၁၂,၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပါတယ်။
မင်္ဂလာပါ။ ဧပြီ ၁၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။
