ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်ခေါင်းဆောင်ကို ဒုသမ္မတအဖြစ် ပြည်သူ့လွှတ်တော် ရွေးချယ်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် ပြည်သူ့လွှတ်တော်မှာ မဲပေး ရွေးချယ်တဲ့ သတင်းအပါအဝင် မတ်လ ၃၁ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

  • မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိုဘိုင်းဖုန်းတွေထဲ ဆင်းကဒ်ထည့်မသုံးရင် အခွန်ဆောင်ရမယ်လို့ စစ်ကော်မရှင်က ကြေညာပြီးတဲ့နောက် ရန်ကုန်မြို့က ဈေးဝယ်စင်တာတွေနဲ့ ဖုန်း အော်ပရေတာ အရောင်းဆိုင်ခွဲတွေမှာ ဆင်းကတ်ဝယ်သူတွေနဲ့ eSIM လျှောက်သူတွေ ပြည့်နှက်
  • ပြည်သူ့လွှတ်တော်မှာ စစ်ခေါင်းဆောင် ဒုသမ္မတဖြစ်လာ၊ အမျိုးသားလွှတ်တော်မှာ နန်းနီနီအေးက ဒုတိယသမ္မတဖြစ်ပြီး တပ်ကိုယ်စားလှယ်တွေကတော့ စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစောကို ရွေးချယ်
  • ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ SNLD က ဦးစိုင်းညွန့်လွင်တို့ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (PCB)က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ ပြန်လွှတ်ဖို့ တောင်းဆို
  • ကချင် KIO၊ ချင်း CNF၊ ကရင် KNU နဲ့ ကရင်နီ အင်အားစုတွေပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ဟာ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲမယ်လို့ NUG ယာယီသမ္မတ ပြော
  • အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KIO၊ KNU၊ CNF၊ KNPP လည်းပါဝင်တဲ့ ကရင်နီအင်အားစုတွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပူးပေါင်းဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲမယ်
  • ထိုင်း-မြန်မာနယ်စပ်၊ ဝေါလေမြိုင်မြို့အနီးက ထီးသဲလယ်စခန်းကို KNU ထိုးစစ်ဆင်နေ၊ စစ်တပ်က မြေပြင်စစ်ကူမပေးနိုင်လို့ စခန်းမကျရေး လေကြောင်းတိုက်ခိုက်မှုတွေ၊ ကာမီကာဇေဒရုန်းတွေ နဲ့ အပြင်းအထန်ခုခံနေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၃၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အီရန်က ခါ့ကျွန်းကို အမေရိကန်ဘယ်လို သိမ်းဖို့ ကြိုးစားနိုင်သလဲ

    အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပါးရှားပင်လယ်ကွေ့ မြောက်ပိုင်း ခါ့ကျွန်းပေါ်က အီရန်ရဲ့ အရေးကြီးတဲ့ရေနံစခန်းကို သိမ်းဖို့ တပ်တွေ လွှတ်နိုင်ကြောင်း ပြောပါတယ်။

    ခါ့ကျွန်းက အီရန်ရေနံတွေ အဓိကပို့တဲ့စခန်းကြီးဖြစ်ပြီး ရေနံစည် ၂ သန်းလောက် တင်ဆောင်နိုင်တဲ့ရေနံစိမ်းတင်သင်္ဘောကြီးတွေ ကမ်းကပ်လို့ ရတဲ့အထိ ရေစူးနက်တဲ့ကမ်းလွန်မှာ တည်ရှိပါတယ်။ အီရန်ရဲ့ ရေနံပို့ကုန် ၉၀ ရာခိုင်နှုန်းကျော်ကလည်း ဒီကျွန်းကို ဖြတ်သန်းသွားပါတယ်။

    ၁၉၈၀ ပြည့်လွန် အီရန်-အီရတ် စစ်ပွဲတုန်းကလည်း ဒီကျွန်းကို အီရတ်က မကြာခဏ ဗုံးကြဲလေ့ရှိပါတယ်။ ဒီနှစ် မတ်လ ၁၃ ရက်တုန်းကလည်း ဒီကျွန်းပေါ်က စစ်ရေးပစ်မှတ် ၉၀ ကို အမေရိကန်က တိုက်ခိုက်ခဲ့ပေမယ့် ရေနံစခန်းတွေကို ချန်ထားခဲ့ပါတယ်။

    အမေရိကန်က ဒီကျွန်းကို ဝင်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရင်တော့ အီရန်ရဲ့ရေနံတင်ပို့မှုကို ဖြတ်တောက်ပြီး ဟော်မုဇ်ရေလက်ကြားကို အီရန်ထိန်းချုပ်ထားတာကို လျှော့ပေးရေးမှာ ဖိအားပေးဖို့ ယာယီသိမ်းတာက အများဆုံးဖြစ်နိုင်ပါတယ်။

    အီရန်အစိုးရရဲ့ ကြံ့ကြံ့ခံ ခုခံနိုင်မှုကြောင့် ဒီလိုသိမ်းပိုက်မှုက ဖြစ်ပါ့မလား မေးစရာအများကြီး ရှိပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ထိုင်း-မြန်မာနယ်စပ်က ထီးသဲလယ်စခန်းမှာ KNLA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲပြင်းထန်နေ, စစ်တပ်က ကာမီကာဇေ ဒရုန်းတွေ သုံးပြီး ခုခံနေ

    ကရင်ပြည်နယ်ထဲ မြဝတီမြို့တောင်ဘက်ခြမ်းက ထိုင်း -မြန်မာနယ်စပ်နဲ့ကပ်လျက်မှာရှိတဲ့ ဝေါလေမြိုင်ရွာအနီးက စစ်တပ်ရဲ့ထီးသဲလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေလို့ နယ်စပ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

    လေးရက်ခန့်ကြာလာပြီဖြစ်တဲ့ ဒီတိုက်ပွဲမှာ ပူးပေါင်းတပ်တွေက စခန်းကို အလုံးစုံသိမ်းနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ စစ်တပ်ဘက်ကလည်း စခန်းမကျဖို့ လေကြောင်းတိုက်ခိုက်မှုအပြင် အသေခံဒရုန်းလို့ခေါ်တဲ့ ကာမီကာဇေ ဒရုန်းတွေကို အသုံးပြု ခုခံနေတယ်လို့ သိရပါတယ်။

    “ ဒီနေ့ တဒုန်းဒုန်း၊ တဒိုင်းဒိုင်းပဲ ချနေကြတာ။ တပ်မဟာ ၆၊ အရှေ့ဒေါနတကြောမှာ ဝေါလေဗျူဟာပဲ ကျန်တယ်။ ဝေါလေကို တက်တာ နှစ်ကြိမ်၊ သုံးကြိမ်ရှိပြီ။ ဒီတခါတော့ တော်တော် ကြီးကြီးကျယ်ကျယ်ချတာ။ စစ်တပ်က လေကြောင်းလည်း ဗုံးကြဲတာ၊ ကာမီကာဇေတွေလည်း တက်လာတာ မနည်းဘူး။ ဒီလိုမျိုးတိုက်လာပြီဆိုရင် စခန်းကျခါနီးပြီဆိုတဲ့လက္ခဏာပေါ့” လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    KNLA ပူးပေါင်းတပ်တွေကလည်း စစ်တပ်က မြေပြင်စစ်ကူမပေးနိုင်အောင် မြေပြင်မှာ ပိတ်ဆို့ထားတာကြောင့် စစ်တပ်က ရိက္ခာနဲ့ လက်နက်တွေကို ဒီနေ့မှာပဲ လေယာဉ်နဲ့ လာချသွားတယ်လို့ သူက ပြောပါတယ်။

    “မနက် ၆ ခွဲကတည်းကစလို့ MIG 29 ၂ ခါ ကြဲတယ်။ Y-12 နဲ့ ၄ ခါ ကြဲတယ်။ ရေတွေဘာတွေလည်း ဖြတ်လိုက်ပြီ။ အခု ကာကင်းစခန်းတစ်ခုပဲ ကျန်တော့တယ်လို့ သိရတယ်” ဆိုပြီး နောက်ထပ် ကရင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    တိုက်ပွဲဖြစ်တဲ့နေရာဟာ သောင်ရင်းမြစ်သာခြားတာကြောင့် ထိုင်းစစ်တပ်ကလည်း ဝေါလေမြို့ရဲ့တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းမှာ နယ်စပ်တလျှောက် လုံခြုံရေးယူထားပါတယ်။

    မြန်မာဘက်က တိုက်ပွဲကြောင့်ပြေးလာတဲ့ စစ်ရှောင်အယောက် ၃၀၀ ဝန်းကျင်ကိုလည်း ထိုင်းစစ်တပ်က စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

    ဒီစခန်းသာရခဲ့ရင် KNU ဟာ မြဝတီမြို့နယ်မှာ ဖလူးကျေးရွာကနေ ဝေါလေမြိုင်အထိ ထိန်းချုပ်သွားနိုင်မှာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ နှစ် ဇူလိုင်လတုန်းက ဝေါလေမြိုင်ကို ထောက်ပို့တဲ့ ပင်မစခန်းလည်းဖြစ်၊ နှစ်ပေါင်း ၃၅ နှစ်ကြာ စစ်တပ်ထိန်းချုပ်ထားတဲ့စခန်းလည်းဖြစ်တဲ့ ဥကရစ်ထစခန်း ကိုလည်း KNU က သိမ်းခဲ့ပါတယ်။

  4. နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုတွေကို SCEF က စုစည်းကွပ်ကဲမယ်လို့ NUG ယာယီသမ္မတပြော

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ဟာ စစ်ရေးအရ ဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲနိုင်ဖို့ ရည်ရွယ်သလို နိုင်ငံရေးအရ အမျိုးသားရေးညီညွတ်မှုကို ကျစ်ကျစ်လစ်လစ် ဦးဆောင်စုစည်းပုံဖော်ဖို့ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

    ပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ဌာနဆိုင်ရာတွေအပြင်၊ စစ်ရေးအရ ကွပ်ကဲလှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်အားလုံးကို အရပ်သားအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ အပြည့်အဝ ထားရှိနိုင်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    မတ်လ ၃၀ ရက်က ကျင်းပတဲ့ "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)" ဖွဲ့စည်းမှုကြေညာတဲ့အခမ်းအနားမှာ ယာယီသမ္မတက အခုလိုပြောခဲ့တာပါ။

    တော်လှန်ရေးကို တဆင့်တက်ဖို့နဲ့ အသွင်ကူးပြောင်းမှုကာလ အစီအမံတွေကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အောင်မြင်စွာ ဖွဲ့စည်းနိုင်ဖို့ SCEF ကို မဏ္ဍိုင်သုံးရပ်နဲ့ဖွဲ့စည်းတဲ့အကြောင်း မတ်လ ၃၀ ရက်က ကြေညာတာဖြစ်ပါတယ်။

    ပြည်နယ်/ ဖက်ဒရယ်ယူနစ် / EROs ကိုယ်စားပြု မဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် သုံးရပ်ဖြစ်ပါတယ်။

    SCEF မှာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လည်းပါဝင်တဲ့ ကရင်နီအင်အားစုတွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးပေါင်းဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

    ကောင်စီရဲ့နိုင်ငံရေးဦးတည်ချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းဖို့နဲ့ ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်ဆိုတဲ့အချက်အပါအဝင် အချက် ၆ ချက် ပါဝင်ပါတယ်။

    မနေ့က အွန်လိုင်းကနေပြုလုပ်တဲ့ SCEF စုဖွဲ့မှု ကြေညာတဲ့အခမ်းအနားကို KIO၊ KNU၊ CNF အဖွဲ့တွေက နိုင်ငံရေးဦးဆောင်မှု ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဥက္ကဋ္ဌတွေအပြင် ကရင်နီအင်အားစုက နိုင်ငံရေးဦးဆောင်သူတွေလည်း တက်ရောက်ကြပါတယ်။

    KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ ကချင်လွတ်လပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နဲ့ ဗဟိုကော်မတီဝင်တွေ၊ KNU ဥက္ကဋ္ဌဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တွေ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ခေါင်းဆောင်တွေ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ တော်လှန်ရေးအင်အားစု ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

    ဒီအခမ်းအနားကိုတက်ရောက်တဲ့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကတော့ အခုစုဖွဲ့မှုဟာ သီးခြားလှုပ်ရှားတဲ့အဖွဲ့အစည်းတွေ မဟုတ်တော့ဘဲ လူထုပိုင်တဲ့ကောင်စီဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တစ်ခုတည်ဆောက်နေတဲ့ သမိုင်းဝင်လုပ်ငန်းစဉ် အစိတ်အပိုင်းလို့လည်း ပြောသွားပါတယ်။

    ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဥက္ကဋ္ဌ ခူဦးရယ်ကတော့ “နိုင်ငံလုံးဆိုင်ရာ ညီညွတ်ရေးကို ထိန်းသိမ်းဖို့နဲ့ လတ်တလော တော်လှန်ရေးအင်အားစုများ ရေးဆွဲပြင်ဆင်နေတဲ့အသွင်ကူးပြောင်းရေးကာလအစီအမံများဆိုင်ရာအခြေခံပြဌာန်းချက် (AFTA) တရားဝင်သက်ရောက်မှု ရှိလာမယ့်အချိန်အထိ ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးကြီးရဲ့တရားဝင်မှုကို ထိန်းသိမ်းထားနိုင်ဖို့ ဒီဖက်ဒရယ်ပေါ်ထွန်းရေးဦးဆောင်ကောင်စီဟာ ပေါင်းကူးတံတားတစ်စင်းဖြစ်ဖို့ ရည်ရွယ်ပါတယ်”လို့ ပြောပါတယ်။

  5. သတင်းထူး, စစ်ခေါင်းဆောင် လူယုံ ဦးညိုစောကို ဒုသမ္မတအဖြစ် တပ်ကိုယ်စားလှယ်တွေ ရွေးချယ်

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံ ဦးညိုစောကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်တဲ့ ဒုတိယသမ္မတ အဖြစ် ပြည်ထောင်စုလွှတ်တော်ကို အမည်တင်ဖို့ တပ်ကိုယ်စားလှယ်တွေက ဆုံးဖြတ်လိုက်ပါတယ်။

    နေပြည်တော် စစ်ကြောရေးနဲ့ တည်းခိုရေးက ဆင်ဖြူရှင် ခန်းမမှာ ဒုသမ္မတ ရွေးချယ်ရေး တပ်မတော်သားအစုအဖွဲ့ အစည်းအဝေးကို ဒီနေ့ မတ် ၃၁ ရက် မနက်ပိုင်းက ပြုလုပ်အပြီးမှာ ဦးညိုစောကို ဒုသမ္မတအဖြစ် ကန့်ကွက်သူမရှိ ရွေးချယ်ခဲ့ကြတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။

    စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောဟာ လက်ရှိမှာ စစ်ကော်မရှင်မှာ ဝန်ကြီးချုပ်ရာထူး ယူထားသူလည်းဖြစ်ပါတယ်။

    သူဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်း မဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာသူလည်းဖြစ်ပါတယ်။

    အသက် ၆၇ နှစ်အရွယ် ဦးညိုစောဟာ အရင်က စစ်ထောက်ချုပ်ရာထူးနဲ့ တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လုပ်ငန်း (MEC)ကို ဦးဆောင်သူအဖြစ် ပူးတွဲတာဝန်ယူခဲ့သူ ဖြစ်သလို ၂၀၂၁ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အကြံပေးဖြစ်လာသူပါ။

  6. ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းအားလုံးကို လွှတ်ပေးဖို့ PCB တိုက်တွန်း

    နေပြည်တော်မှာ တပ်ပိုင်းဆိုင်ရာအပြောင်းအလဲပြုလုပ်တာနဲ့ လွှတ်တော်ခေါ်နေချိန်မှာပဲ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(PCB)ကို ဖွဲ့စည်းပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ CDM တွေကို အရေးမယူဖို့ စတဲ့အချက် ၉ ချက်ကို စုပေါင်း တောင်းဆိုလိုက်ပါတယ်။

    PCB မှာ ၈၈ ကျောင်းသားမျိုးဆက်က ကိုမြအေး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ ဦးစိုင်းညွ့န်လွင်၊ ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှတို့ အပါအဝင် အခြား ပြည်တွင်းနိုင်ငံရေးအင်အားစုတချို့က PCB မှာ ပါဝင်တာဝန်ယူထားပါတယ်။

    ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်သူလူထုရဲ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် မူဝါဒတူတဲ့အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်ကတည်းက တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်မှာ ဖွဲ့စည်းလိုက်တာလို့ ဒီအဖွဲ့က ပြောပါတယ်။

    PCB အနေနဲ့ သင့်တင့်မျှတတဲ့နိုင်ငံရေးပတ်ဝန်းကျင် ဖန်တီးကာ ပဋိပက္ခနဲ့သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေတဆင့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေ ပြဋ္ဌာန်းပြီး ဒီဥ‌ပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ခြင်း ကသာ နိုင်ငံရဲ့ အရင်းခံ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်လို့လည်း ယုံကြည်ထားတယ်လို့ ဆိုပါတယ်။

    ဒီအဖွဲ့အရဲ့ ဆန္ဒသဘောထားထဲမှာ ပြည်ပကိုရောက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အင်အားစုအသီးသီးနဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ ကိုယ့်သဘောဆန္ဒနဲ့ ဂုဏ်သိက္ခာရှိရှိ ပြည်တော်ပြန်နိုင်ရေး ကြိုးစားကြဖို့ နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့ကိုလည်း အာဆီယံ၊ ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့အချက်တွေ ကြေညာထားပါတယ်။

  7. ပြည်သူ့လွှတ်တော်မဲပေးရွေးချယ်မှုမှာ စစ်ခေါင်းဆောင် ဒုတိယသမ္မတဖြစ်လာ

    ဒီနေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်ရဲ့ ဒုသမ္မတ မဲပေးရွေးချယ်မှုမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆန္ဒမဲ ၂၄၇ မဲ နဲ့ ပြည်သူ့လွှတ်တော်က တင်သွင်းတဲ့ ဒုတိယသမ္မတ ဖြစ်လာပါတယ်။

    ဒီနေ့ ပြည်သူ့လွှတ်တော်ကို တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၆၃ ယောက်ရှိပြီး ၃ ယောက်က ခွင့်တိုင်ပါတယ်။

    ပြည်သူ့လွှတ်တော်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆန္ဒမဲ ၂၄၇ မဲ ရခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစညပါတီ) ရဲ့ တောင်တွင်းကြီးမဲဆန္ဒနယ်က ဒေါက်တာကျော်ဆွေကတော့ ကတော့ ဆန္ဒမဲ ၁၀ မဲ၊ ပယ်မဲ ၃ မဲ သာရရှိခဲ့တာပါ။

    အမျိုးသားလွှတ်တော်မှာတော့ နန်းနီနီအေးက မဲအများဆုံးရပြီး ဒုတိယသမ္မတ ဖြစ်လာပါတယ်။ နန်းနီနီအေးက မဲအများဆုံးရခဲ့တာကြောင့် မြန်မာနိုင်ငံရေးသမိုင်းတစ်လျှောက် ပထမဆုံးထွက်ပေါ်လာတဲ့ အမျိုးသမီးဒုတိယသမ္မတဖြစ်လာပါတယ်။

    တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ကတော့ စစ်ကော်မရှင်ရဲ့ လက်ရှိဝန်ကြီးချုပ် ဦးညိုစောကို ဒုတိယသမ္မတ အဖြစ်ရွေးချယ်တင်မြောက်ခဲ့ပါတယ်။

    ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ ၃ ခုက တင်လာတဲ့ ဒီဒုသမ္မတ သုံးဦးစာရင်းကို ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ပြီး သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ဖွဲ့ကာ သမ္မတအရည်အချင်း ပြည့်မီ၊ မမီ စိစစ်ပြီး ရွေးချယ်တင်မြှောက်ရမှာပါ။

    မဲအများဆုံးရသူက သမ္မတ ဖြစ်လာမှာဖြစ်ပြီး၊ ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ ၁ ၊ နဲ့ တတိယမဲအများဆုံးရသူက ဒုတိယသမ္မတ ၂ ဖြစ်လာမှာပါ။

  8. IMEI မှတ်ပုံတင်စနစ် - နိုင်ငံသားတွေအတွက် ဒစ်ဂျစ်တယ်ထိန်းချုပ်မှု နောက်တစ်ခုလား

    မြန်မာ့လူဦးရေ သန်း ၅၀ ကျော်မှာ ဖုန်းအသုံးပြုသူက သန်း ၆၀ ကျော်အထိရှိနေတယ်လို့ ဒစ်ဂျစ်တယ်နဲ့ ဖုန်းဆက်သွယ်ရေးအဖွဲ့တွေရဲ့အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။

    နိုင်ငံ့လူဦးရေထက် သန်းနဲ့ချီပြီး ဖုန်းအသုံးပြုတာ ပိုများတဲ့မြန်မာမှာ မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုသူရဲ့အချက်အလက်တွေကို စောင့်ကြည့်နိုင်တဲ့နေရာမှာ အခရာအကျဆုံးဖြစ်တဲ့ IMEI ကုတ် နံပါတ်ကို မှတ်ပုံတင်ကြဖို့ စစ်ကော်မရှင်က ပြောပါတယ်။

    ဧပြီလ ၁ ရက်ဟာ ဖုန်းတွေကို မှတ်ပုံတင်ရမယ့် နောက်ဆုံးရက်ဖြစ်ပါတယ်။

    ဒီအချိန်မှာပဲ စစ်ကော်မရှင်က မိုဘိုင်းဖုန်းတွေကို အခွန်ကောက်နိုင်ဖို့နဲ့ ဖုန်းတွေကို တရားမဝင်တင်သွင်းတာ မဖြစ်တော့အောင် ဖုန်းမှာပါတဲ့ နိုင်ငံတကာသက်သေခံ ကုတ် (IMEI Code)ကို မှတ်ပုံတင်ဖို့ ပြောလာတာဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီကုတ်ကို မှတ်ပုံတင်လိုက်ရင် ဖုန်းပိုင်ရှင် ဘယ်နေရာမှာ ရောက်နေတယ်၊ ဘာတွေအတွက် ဖုန်းကို အသုံးပြုနိုင်တယ်ဆိုတာမျိုးကို နည်းပညာပိုင်းအရ အာဏာပိုင်တွေလည်း သိနိုင်တာမို့ ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှုအပိုင်းကို စိုးရိမ်ကြောင်း ပြည်တွင်းက မိုဘိုင်းဖုန်းသုံးစွဲသူတွေက ပြောကြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  9. စစ်ကော်မရှင်က IMEI မှတ်ပုံတင်ခိုင်းတဲ့ နောက်ဆုံးရက်မှာ ဖုန်းဆင်းကတ်နဲ့ အရောင်းဆိုင်တွေမှာ တန်းစီသူတွေများ

    မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိုဘိုင်းဖုန်းတွေထဲ ဆင်းကဒ်ထည့်အသုံးပြုဖို့ စစ်ကော်မရှင်က ကြေညာပြီးတဲ့နောက် ရန်ကုန်မြို့က ဈေးဝယ်စင်တာတွေနဲ့ ဖုန်း အော်ပရေတာ အရောင်းဆိုင်ခွဲတွေမှာ ဆင်းကတ်ဝယ်သူတွေနဲ့ eSIM လျှောက်သူတွေ ပြည့်နှက်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

    “ရွှေဂုံတိုင်၊ ကြက်လျှာစွန်းနားက Mytel ဆိုင်မှာဆိုလည်း လူတွေက ကြိတ်ကြိတ်တိုးပဲ။ အကုန်လုံး တန်းစီနေကြတာ ” လို့ ဗဟန်းမြို့နယ် နေထိုင်သူတစ်ဦးက ပြောပါတယ်။

    ရန်ကုန်မြို့၊ မြန်မာပလာဇာ ဈေးဝယ်စင်တာက ဖုန်းဆိုင်တွေမှာလည်း တန်းစီနေတဲ့လူတန်းရှည်ကြီးတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

    IMEI မှတ်ပုံတင်စနစ်ကြောင့် ဖုန်းဆင်းကတ် ဝယ်ယူသူနဲ့ အရောင်းဆိုင်တွေဘက်က လိုအပ်ချက်ကို ဖြည့်နိုင်စွမ်း ကွာဟနေတာ၊ မှတ်ပုံတင်စနစ်အပြောင်းအလဲမှာ နည်းပညာ အကွာအဟဖြစ်နေတာတွေက မိုဘိုင်းဖုန်း သုံးစွဲသူတွေ အခုလို တန်းစီမြင်နေရတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဖုန်းအရောင်းဆိုင်နဲ့ နည်းပညာသမားတွေက ပြောပါတယ်။

    “ဖုန်းတစ်လုံးကို အော်ပရေတာ ဆင်းကတ်နဲ့ ချိတ်လိုက်ပြီဆိုကတည်းက Device Info(စက်ရဲ့အချက်အလက်) က ပါသွားမှာပဲ။ ဆင်းကဒ် နှစ်ခုရှိရင် နှစ်ခုထည့်ထားရမယ်တို့ ဘာတို့ အဲလောက်အထိ မလိုဘူး။ မက်ဆေ့ တစ်စောင် ဝင်ထားရင်ကို ရတယ်။ ဖုန်းတွေမှာ မက်ဆေ့အဝင်အထွက် ရှိနေရင် ပြဿနာမရှိဘူး။ အဓိကကတော့ ကောင်တာထဲမှာ ထည့်ရောင်းထားတဲ့ပါကင်ပိတ်ဖုန်းတွေကတော့ ဆင်းကဒ်ထည့်ဖို့ မက်ဆေ့ အဝင်အထွက်ဖြစ်ဖို့ လိုပါတယ်” လို့ CEIR အကြောင်း လေ့လာထားတဲ့ နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

    ပြည်တွင်းမှာ မိုဘိုင်းဖုန်းတွေကို အခွန်ကောက်နိုင်အောင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR)ကို စတင်ကျင့်သုံးမယ်လို့ စစ်ကော်မရှင်က မတ်လ ၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။

    မတ်လ ၃၁ ရက်အထိ မိုဘိုင်းဖုန်းတွေထဲ ဆင်းကတ်ထည့်သုံးထားတာ မရှိရင် ဧပြီ ၁ ရက်ကစပြီး အခွန်ဆောင်ရမယ်လို့ စစ်ကော်မရှင်က ကြေညာထားတာပါ။

    CEIR ဝက်ဘ်ဆိုဒ်မှာ ဂဏန်း ၁၅ လုံး ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ မူရင်းအမှတ်အသား (IMEI) ကို ရိုက်ထည့် ပြီး ဒဏ်ကြေးဆောင်ပြီးမှသာ ဆက်ပြီးအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

  10. မင်္ဂလာပါ။ မတ် ၃၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။

    နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now