KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ရှမ်းမြောက်တပ်တွေနဲ့တွေ့

ကချင်လွတ်လပ်ရေးအဖွဲ့/တပ်(KIO/KIA)ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ဟာ ရှမ်းမြောက်က KIA တပ်တွေဆီ သွားတဲ့သူ့ခရီးစဉ်အတွင်း တအာင်းတပ်၊ ကိုးကန့်တပ်တို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောတဲ့သတင်းအပါအဝင် ဧပြီ ၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • စစ်ခေါင်းဆောင် သမ္မတတာဝန်ယူအစိုးရမဖွဲ့ခင် တရုတ်သံအမတ် မစ္စ မာကျားက နေပြည်တော်မှာ စစ်ခေါင်းဆောင်ကို လာရောက်တွေ့ဆုံပါတယ်
  • အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ စိုးမိုးရေးရည်မှန်းချက် ကသုံးလုံး(ကသာ၊ကန့်ဘလူ၊ ကောလင်း)ခရိုင်ထဲက ကန့်ဘလူခရိုင်ထဲပါဝင်တဲ့ ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည်နဲ့ အနီးနားကျေးရွာအချို့ကို စစ်တပ်က ပြန်သိမ်းလိုက်ပါတယ်
  • အီရန်ပဋိပက္ခကြောင့် ကမ္ဘာတလွှား နည်းတူ မြန်မာမှာလည်း လောင်စာဆီကန့်သတ်တဲ့အစီအစဉ်တွေ ထွက်ပေါ်လာပါတယ်။ ရေနံထွက်တဲ့မြန်မာမှာ လောင်စာဆီ မလုံလောက်တာဘာကြောင့်လဲ။ ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။
  • စစ်ခေါင်းဆောင် ပြည်ထောင်စုလွှတ်တော်ကို တင်တဲ့ဝန်ကြီးစာရင်းမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အပြောင်းအလဲဖြစ်
  • ပြင်ဦးလွင်က မေစိန်ဆိုင် ဓားပြတိုက်ခံရမှု - ဓားပြတိုက်သူ ၂ ဦးထဲ တစ်ဦးကိုဖမ်းမိထား
  • KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ရှမ်းမြောက်က မြောက်ပိုင်းညီနောင် တပ် ၂ တပ်နဲ့ တွေ့ဆုံ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဧပြီ ၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. တောင်သူတွေ ရင်မောနေရတဲ့စက်သုံးဆီဂယက်

    လယ်မြေတစ်ခုမှာ ထွန်စက်ဖြတ်မောင်းနေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အီရန်စစ်ပွဲဂယက် စက်သုံးဆီအကျပ်အတည်းကြောင့် မြန်မာတောင်သူတွေဟာ သူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် စက်သုံးဆီ ရနိုင်ရေးကို နည်းလမ်းစုံနဲ့ ရုန်းကန်နေကြရပါတယ်။

    နွေစပါးစိုက်တဲ့ ဒီကာလမှာ နွေစပါးခင်းကို ရေသွင်းဖို့နဲ့ ရိတ်သိမ်းဖို့အရေး စက်သုံးဆီရဖို့ တန်းစီဝယ်နေကြရသလို စိုက်ဧကအတွက် လုံလောက်တဲ့ပမာဏရဖို့ မလွယ်ကူဖြစ်နေကြပါတယ်။

    အီရန်စစ်ပွဲ တစ်လကျော်ကြာလာချိန်မှာ မြန်မာပြည်တွင်းစက်သုံးဆီစျေးက တရားဝင်စျေးမှာတင် စစ်ပွဲမတိုင်ခင်ကာလစျေးနှုန်းထက် ၂ ဆတက်လာပြီး ပြင်ပပေါက်စျေးက ၃ ဆနဲ့ ၄ ဆကြားအထိ မြင့်တက်နေပါတယ်။

    ဒီအခက်အခဲတွေကို မခံနိုင်တော့တဲ့တောင်သူတချို့ကတော့ လုပ်လက်စ စိုက်ခင်းတွေကို ရပ်လိုက်ရတာတွေလည်း ရှိလာပါတယ်။ အီရန်စစ်ပွဲက မြန်မာတောင်သူတွေအပေါ် ဘယ်လို သက်ရောက်မှုကြီးလာလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ပါ။

  3. အစိုးရတွေကို GenZ တွေက ဖြုတ်ချတာချင်းတူပေမဲ့ အောင်ပွဲရလဒ်မတူခဲ့တဲ့ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်

    နီပေါမှာ ရက်စ်တရီယာ ဆွာတန်တရာ ပါတီ (Rastriya Swatantra Party - RSP) ကို ထောက်ခံသူတွေ သူတို့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရလဒ်တွေ အပေါ် အောင်ပွဲခံကြစဉ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နီပေါမှာ ရက်စ်တရီယာ ဆွာတန်တရာ ပါတီ (Rastriya Swatantra Party - RSP) ကို ထောက်ခံသူတွေ သူတို့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရလဒ်တွေ အပေါ် အောင်ပွဲခံကြစဉ်

    ပြီးခဲ့တဲ့လတုန်းက နီပေါမှာ ဝန်ကြီးချုပ်သစ် ဘာလန်ဒရာ ရှား တက်လာပါတယ်။ လွှတ်တော်မှာလည်း လူငယ်အမတ်တွေက အများအပြားပါ။ ဘင်္ဂလာဒေ့ရှ်က လှုပ်ရှားတက်ကြွသူ အူမာမာ ဖာတီမာ တယောက် ဒီအဖြစ်တွေကို အဝေးကနေ အားကျစိတ်နဲ့ ကြည့်ရင်း သူတို့အဖြစ်တွေနဲ့ ယှဉ်လို့ စိတ်ပျက်ရမှုတွေကို ထွေးပိုက်လိုက်ရပါတယ်။

    ၂၀၂၄ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လမ်းတွေပေါ် ထွက်ခဲ့ကြတဲ့ ထောင်ပေါင်းများစွာသော ဂျန် ဇီ (Gen Z)မျိုးဆက် လူငယ်ဆန္ဒပြသူတွေထဲ ဖာတီမာလည်း ပါဝင်ပါတယ်။ နီပေါက ဆန္ဒပြသူတွေလိုပဲ အင်အားကောင်းတဲ့လူထုအုံကြွမှုနဲ့အတူ သူတို့ဟာ အုပ်စိုးတဲ့အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

    ဒါပေမဲ့ နောက်ထပ် ၂ နှစ်နီးပါးကြာလာတဲ့အချိန် ရွေးကောက်ပွဲဖြစ်လာတော့ ဘင်္ဂလားဒေ့ရှ် လူငယ်လှုပ်ရှားမှုဟာ တကယ်အလုပ်ဖြစ်တဲ့နိုင်ငံရေး ပါဝါကို ရဖို့ ဝေးနေတဲ့အခြေအနေမှာပါ။ ဆန္ဒပြပွဲကြီးပြီး ပထမဆုံးရွေးကောက်ပွဲကို ဖေဖော်ဝါရီလထဲမှာလုပ်တော့ အရင်ကတည်းက အခိုင်အမာ ဖြစ်တည်ပြီးသား နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (Bangladesh Nationalist Party - BNP) ပါတီက သမိုင်းတလျှောက် အပြတ်အသတ် အနိုင်ရ ပါတီ ဖြစ်လာပြီး ကျောင်းသား လူငယ်တော်လှန်ရေး လှုပ်ရှားမှုက ပေါက်ဖွားလာတဲ့အမျိုးသား နိုင်ငံသားပါတီ (National Citizens' Party - NCP)က မဲ သိပ်မရခဲ့ပါဘူး။

    နီပေါမှာတော့ လူငယ်တွေ ဦးဆောင်တဲ့ဆန္ဒပြပွဲတွေအပြီး နောက်တစ်လမှာပဲ ရွေးကောက်ပွဲကျင်းပပါတယ်။ အဲဒီမှာ လူငယ်တွေရဲ့ ၄ နှစ်သား သက်တမ်းနုနုပါတီ ဖြစ်တဲ့ ရက်စ်တရီယာ ဆွာတန်ထရာ ပါတီ (Rastriya Swatantra Party - RSP) က သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ ဆန္ဒပြပွဲရဲ့အောင်ပွဲက ဂျန်ဇီနိုင်ငံရေးသမားအများအပြားကို လွှတ်တော်ဆီ ပို့လွှတ်နိုင်ခဲ့သလို RSP နဲ့ မဟာမိတ်ဖြစ်တဲ့ အရင် ရက်ပ်ပါ အဆိုတော် ရှားက နီပေါရဲ့ခေါင်းဆောင်ဖြစ်လာပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. ပစ်ချခံတိုက်လေယာဉ်က လေသူရဲကို အီရန်နိုင်ငံထဲကနေ အမေရိကန်စစ်တပ် ဘယ်လိုကယ်ထုတ်ခဲ့လဲ

    အီရန်နိုင်ငံထဲ ပစ်ချခဲ့တဲ့အမေရိကန်လေယာဉ်တစ်စင်းလို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)က ဧပြီလ ၅ ရက်မှာ ထုတ်ပြန်လာတဲ့ဓာတ်ပုံ တစ်ပုံဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အီရန်နိုင်ငံထဲ ပစ်ချခဲ့တဲ့အမေရိကန်လေယာဉ်တစ်စင်းလို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)က ဧပြီလ ၅ ရက်မှာ ထုတ်ပြန်လာတဲ့ဓာတ်ပုံ တစ်ပုံဖြစ်ပါတယ်

    အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံထဲက ဝေးလံခေါင်ဖျားအရပ်ဒေသမှာ သူ့ရဲ့တိုက်လေယာဉ်တစ်စင်း ပစ်ချခံရပြီးတဲ့နောက် အဲဒီလေယာဉ်နဲ့အတူ ပျောက်ဆုံးခဲ့တဲ့ လေသူရဲတစ်ဦးကို ရှာဖွေကယ်ဆယ်ရေး ခဲရာခဲဆစ်ပြုလုပ်ခဲ့ပါတယ်။

    အခြေအနေ အတိအကျကတော့ မရှင်းလင်းသေးပါဘူး။ ဒါပေမဲ့ အဲဒီလေသူရဲကို ကယ်ထုတ်တဲ့ စစ်ဆင်ရေးဟာ မြေပြင်အနေအထားအရလည်း တည်တည်ငြိမ်ငြိမ်မဟုတ်လို့ အတော်လေးကို ကြီးမားရှုပ်ထွေးခဲ့ပါတယ်။

    အမေရိကန်စစ်သုံးလေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ အထူးတပ်ဖွဲ့ဝင် ဒါဇင်ချီပါတဲ့အင်အားနဲ့ ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးကို စခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ)လည်း ပါဝင်ခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။

    တနင်္ဂနွေနေ့တုန်းကတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ''အတော်လေး ဒဏ်ရာရထားပေမဲ့ တကယ့်ကို ရဲရင့်တဲ့ F-15 တိုက်လေယာဉ်ရဲ့ လေသူရဲအရာရှိကို အီရန်နိုင်ငံအတွင်းပိုင်း ကျကျ တောတောင်တွေထဲကနေ ကျွန်တော်တို့ ကယ်ဆယ်နိုင်ခဲ့ပြီ'' လို့ လူမှုကွန်ရက်ပေါ် ရေးပါတယ်။

    ဒါပေမဲ့ ဒီလေသူရဲရဲ့ဖြစ်အင်ဟာ သောကြာနေ့တုန်းက လေယာဉ်မှူးတစ်ဦးနဲ့ လက်နက်စနစ်ကျွမ်းကျင်လေသူရဲတစ်ဦး လိုက်ပါလာတဲ့ F-15 တိုက်လေယာဉ်တစ်စင်း အီရန်နိုင်ငံတောင်ပိုင်းမှာ ပစ်ချခံရတယ်ဆိုတဲ့သတင်း ထွက်လာအပြီးမှာ စတင်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. ရွှေဘိုမှာ စစ်တပ် ဗုံးကြဲလို့ သံဃာတစ်ပါး ပျံလွန်တော်မူပြီး စစ်ရှောင်တစ်ဦး သေဆုံး

    မတ်လ ၆ ရက်က ဗုံးကြဲခံလိုက်ရတဲ့ ဆင်အင်းရွာ၊ ဘုန်းကြီးကျောင်းဝင်းထဲက စာသင်ဆောင်

    ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်ညီနောင်များ

    ဓာတ်ပုံ ပုံစာ, မတ်လ ၆ ရက်က ဗုံးကြဲခံလိုက်ရတဲ့ ဆင်အင်းရွာ၊ ဘုန်းကြီးကျောင်းဝင်းထဲက စာသင်ဆောင်

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ ဆင်းအင်းရွာက စစ်ရှောင်တွေ နေထိုင်နေကြတဲ့ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခံရလို့ သံဃာတစ်ပါး ပျံလွန်တော်မူပြီး စစ်ရှောင်အမျိုးသမီးလည်း တစ်ဦး သေဆုံးတယ်လို့ ဒီအခြေအနေကို သိတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

    “ကလေးတွေအပါအဝင် ၇ ဦး ထိခိုက် ဒဏ်ရာရတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ဒဏ်ရာမျိုးတော့ မရှိပါဘူး” လို့ သူက ဆက်ပြောပါတယ်။

    ဧပြီ ၆ ရက် မွန်းလွဲပိုင်းလောက်မှာ စစ်တပ်က ရွှေဘိုနဲ့ ဒီပဲယင်းနယ်အစပ်ကို တိုက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းကနေ ဗုံး ၅ လုံးကြဲချခဲ့ရာ ဆင်အင်းရွာထဲက ဘုန်းကြီးကျောင်းထဲ ဗုံးတချို့ ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

    လေကြောင်းတိုက်ခံလိုက်ရတဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ “နောက်ထပ်မပေါက်ကွဲသေးတဲ့ ဗုံးတချို့လည်း ရှိနေသေးတယ်” လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    ပျံလွန်တော်မူသွားတဲ့ သံဃာဟာ ဘုန်းကြီးကျောင်းထဲက စစ်ရှောင်ကလေးငယ်တွေကို စာသင်ပေးနေတဲ့ ကိုယ်တော်လို့ သူက ဖြည့်ပြောပါတယ်။

    ဗုံးကြဲခံရမှုကြောင့် ဘုန်ကြီးကျောင်းဝင်းထဲက ယာယီစာသင်ဆောင်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

    စစ်ကော်မရှင်ကတော့ ဆင်အင်းရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ရပ်နဲ့ပတ်သက်လို့ ဒီနေ့ ညနေပိုင်းအထိ သတင်းမထုတ်‌ပြန်သေးပါဘူး။

  6. KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ရှမ်းမြောက်တပ်တွေနဲ့တွေ့

    KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် (ပုံဟောင်းဖြစ်ပါတယဠ်

    ဓာတ်ပုံ ရင်းမြစ်, Gun Maw

    ကချင်လွတ်လပ်ရေးအဖွဲ့/တပ်မတော်(KIO/ KIA)က ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ဦးဆောင်တဲ့အဖွဲ့ရဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)ခရီးစဉ်မှာ ကိုးကန့်တပ်(MNDAA)အပြင် တအာင်းတပ်(TNLA)နဲ့ပါ တွေ့ဆုံခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။

    ရှမ်းမြောက်က မြောက်ပိုင်းညီနောင် မဟာမိတ်တပ် ၂ တပ်ရဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာ ဧပြီလ ပထမအပတ်အတွင်းမှာပဲ KIA တပ်ပိုင်းခေါင်းဆောင်တစ်ဦးရဲ့ အခု ရှမ်းမြောက်ဒေသခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

    KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဗိုလ်ချုပ်ဂွန်မော်နဲ့အဖွဲ့ဟာ ရှမ်းမြောက်က KIA တပ်မဟာ၊ ဌာနဆိုင်ရာတချို့အပြင် ဒေသခံလူထုတွေနဲ့ တွေ့ဆုံဖို့ သွားတာလို့ ဘီဘီစီကို ဒီနေ့ နေ့လယ်ပိုင်းမှာဖြေကြားပါတယ်။

    ဒါပေမဲ့ ရှမ်းမြောက်တပ်တွေနဲ့ တွေ့ဆုံမှုနဲ့ပတ်သက်လို့ “တွေ့တာတော့ တွေ့မှာပါ။ ဘယ်လိုအကြောင်းအရာနဲ့တွေ့တယ်။ ဘာတွေဆွေးနွေးခဲ့လဲဆိုတာကိုတော့ မသိရသေးဘူး” လို့ သူက ပြောပါတယ်။

    ဒီခရီးစဉ်ကနေ ရှမ်းမြောက်မဟာမိတ်တပ်တွေနဲ့ နယ်မြေဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပေမဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာအသေးစိတ်ကို KIA ဘက်က ဒီနေ့ ဧပြီ ၇ ရက်နေ့လယ်ပိုင်းအထိ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

    မတ်လလယ်တုန်းကတော့ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်တွေဖြစ်တဲ့ တအာင်းတပ်(TNLA) နဲ့ ကိုးကန့်တပ်(MNDAA) တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့စုံရှိတဲ့ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်က ထိန်းချုပ်လိုက်ပါတယ်။

    ဗိုလ်ချုပ်ဂွန်မော် ဦးဆောင်တဲ့အဖွဲ့ဟာ ကွတ်ခိုင်မြို့နယ်ထဲက KIA ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာရွာကြီးကိုသွားရောက်ပြီး ဒေသခံလူထုနဲ့ တွေ့ဆုံတာတွေလုပ်ခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက အတည်ပြုပါတယ်။

    ခရီးစဉ်အတွင်း ကချင်ပြည်နယ်ထဲက မံစီမြို့နယ်မှာလည်း ရှမ်းပြည်တပ်မတော် (SSPP/ SSA) နဲ့တွေ့ဆုံခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

  7. ပြင်ဦးလွင်မြို့က မေစိန်ဆိုင် ဓားပြတိုက်ခံရ

    ဓားပြတိုက်သူ ၂ ဦးထဲက တစ်ဦးကို ဖမ်းမိထား

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, ဓားပြတိုက်သူ ၂ ဦးထဲက တစ်ဦးကို ဖမ်းမိထား

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမှတ် ၈ ရပ်ကွက်က “မေ”စိန်ဆိုင်မှာ ဒီနေ့ ဧပြီ ၇ ရက် မွန်းလွဲပိုင်းလောက်မှာ ဓားပြတိုက်ခံလိုက်ရတယ်လို့ မြို့ခံတချို့က ဘီဘီစီကိုပြောပါတယ်။

    “လူ ၂ ယောက် ဓားပြလာ တိုက်တာ။ တစ်ယောက်မှာ သေနတ်ပါလာတယ်” လို့ မျက်မြင်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။

    ဓားပြတိုက်တဲ့ ၂ ဦးထဲက တစ်ဦးကိုတော့ ဖမ်းမိထားပြီး နောက်ထပ်တစ်ဦးကတော့ လွတ်မြောက်သွားတယ်လို့ သူက ဆိုပါတယ်။

    “လွတ်သွားတဲ့ တစ်‌ယောက်က သေနတ်ကိုင်ထားတဲ့သူ” လို့ သူက ဆက်ပြောပါတယ်။

    ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိဘူးလို့ မြို့ခံတစ်ဦးက အတည်ပြုပါတယ်။

    စိန်ဆိုင်ရှိတဲ့နေရာဟာ မြို့ထဲက လူစည်ကားတဲ့နေရာဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးမိထားတဲ့ ၁ ဦးနဲ့ စိန်ဆိုင်ပိုင်ရှင်တွေကို ဓားပြတိုက်ခံရတဲ့အခြေအနေအပြင် ပစ္စည်းတန်ဖိုးပမာဏတွေကို အာဏာပိုင်တွေက စစ်ဆေးနေဆဲဖြစ်တယ်လို့ စိန်ဆိုင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

  8. ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အပြောင်းအလဲဖြစ်

    ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနဲ့ သံအမတ်ဟောင်း ဦးတင်မောင်ဆွေ

    ဓာတ်ပုံ ရင်းမြစ်, CINCDS/MOI/MOFA

    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနဲ့ သံအမတ်ဟောင်း ဦးတင်မောင်ဆွေ

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်ကို တင်တဲ့ဝန်ကြီးစာရင်းမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

    ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်က ကာကွယ်ရေးဝန်ကြီးအဖြစ် တင်သွင်းခံရပါတယ်။

    စစ်တက္ကသိုလ်အပတ်စဉ် ၃၆ ဆင်းဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေက ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ်တင်သွင်းခံရပါတယ်။ သူက ၂၀၂၁ အာဏာသိမ်းတုန်းက ရန်ကုန်တိုင်းမှူးဖြစ်ပါတယ်။

    လက်ရှိပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်က နယ်စပ်ရေးရာဝန်ကြီးအဖြစ်ပြောင်းရွှေ့ခံရပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ်တင်သွင်းခဲရသူကတော့ တရုတ်သံအမတ်ကြီးဟောင်း ဦးတင်မောင်ဆွေဖြစ်ပါတယ်။

    ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတက နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးခေါ်ယူတဲ့အခါ တက်ရောက်ခွင့်ရှိတဲ့ အရေးပါတဲ့ ဝန်ကြီးနေရာတွေဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ လွှတ်တော်က သမ္မတအဖြစ်ရွေးချယ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အစိုးရအဖွဲ့ ဖွဲ့စည်းတဲ့အခါ ပါဝင်မယ့် ဝန်ကြီးတွေစာရင်းမှာ လက်ရှိစစ်ကော်မရှင် အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုးက သမ္မတရုံးဝန်ကြီးအဖြစ် လွှတ်တော်ကို အမည်စာရင်းတင်ပါတယ်။ သူက ကာကွယ်ရေး ဒုဝန်ကြီးဟောင်းဖြစ်ပါတယ်။

  9. ပင်လယ်ပြင်မှာ မှောင်ခိုအထုတ်ခံလိုက်ရတဲ့ လောင်စာဆီ လီတာ ၅၇ သန်းကို ထိုင်းရှာဖွေရေးဆက်လုပ်

    ဘန်ကောက်မြို့က ရေနံချက်စက်ရုံတစ်ခု (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့က ရေနံချက်စက်ရုံတစ်ခု (ပုံဟောင်း)

    ထိုင်းတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်က ရေနံဂိုဒေါင်တွေဆီကို ရောက်မလာဘဲ ပင်လယ်ပြင်မှာ ပျောက်ဆုံးသွားတဲ့ လောင်စာဆီ လီတာ ၅၇ သန်းဟာ မှောင်ခိုလွှဲပြောင်းခံလိုက်ရတာလို့ ထိုင်းအာဏာပိုင်တွေဘက်က ပြောလာတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

    အဲဒီလောင်စာဆီတွေဟာ မှောင်ခိုလမ်းကြောင်းကနေ သယ်ထုတ်ခံလိုက်ရတာလို့ ထိုင်းတရားရေးဝန်ကြီး ဒုတိယရဲဗိုလ်ချုပ်ကြီး ရတ်သာပွန် နော်ဝါရတ်က ပြောတဲ့အကြောင်း သတင်းက ဆိုပါတယ်။

    ထိုင်းမှာ ဒီလောင်စာဆီ လီတာ သန်းဆယ်ချီ ပျောက်ဆုံးတာကြောင့် ဆီစျေးတက်တယ်လို့ ပြောပြပြောဆိုသံ ညံနေချိန်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဆီပျောက်ဆုံးလမ်းကြောင်းကို လိုက်လံစုံစမ်းခဲ့တာဖြစ်ပါတယ်။

    ထိုင်းတရားရေးဝန်ကြီးကတော့ ပျောက်ဆုံးတဲ့လောင်စာဆီတွေဟာ ရေနံတင်သင်္ဘောတွေကနေ သင်္ဘောငယ်တွေဆီ လွှဲပြောင်းပို့ဆောင်ခဲ့တာကို တွေ့ထားရတဲ့အကြောင်း ပြောပါတယ်။

    အချက်အလက်တွေအရ အဲဒီသင်္ဘောငယ်တွေကနေ ခရီးစဉ် ၉၆ ခုအထိ ပြုလုပ်ထားတာ တွေ့ရတယ်လို့လည်း သူက ထပ်ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာတွေဆီကို သယ်သွားတယ်ဆိုတာမျိုး သူက ထုတ်မပြောထားသေးပါဘူး။

    သင်္ဘောငယ်တွေအသီးသီးတင်ဆောင်သွားတဲ့ ပျောက်ဆုံးလောင်စာဆီ ၅၇ သန်းရဲ့ လမ်းကြောင်းပြောင်းထားတဲ့ ဦးတည်ရာအမျိုးမျိုးကို အာဏာပိုင်တွေက ဖော်ထုတ်နိုင်ခဲ့ပေမယ့် တရားခံတွေကိုတော့ စုံစမ်းနေတုန်းဖြစ်တယ်လို့လည်း ထိုင်းတရားရေးဝန်ကြီးက မနေ့ ဧပြီ ၆ ရက်မှာ ပြောပါတယ်။

    ဆူရတ်ဌာနီ‌ဒေသတွင်းမှာလည်း မတ်လအတွင်း လောင်စာဆီကုန်သည်တချို့ဟာ ပုံမှန်မဟုတ်တဲ့ လောင်စာဆီတွေ သိုလှောင်ထားတာကိုလည်း ထိုင်းအာဏာပိုင်တွေက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

    တချိန်တည်းမှာပဲ လောင်စာဆီပျောက်ဆုံးမှုဖြစ်ပြီးနောက် ဆူရတ်ဌာနီမှာရှိတဲ့ လောင်စာဆီဂိုဒေါင်တွေကို အာဏာပိုင်တွေက စစ်ဆေးတာတွေ ဆက်လုပ်နေပါတယ်။

    ထိုင်းတော်ဝင်ရေတပ်ကလည်း ထိုင်းနိုင်ငံကနေ လောင်စာဆီမှောင်ခိုတင်သွင်းတာတွေကို ကာကွယ်ဖို့ ထိုင်းပင်လယ်ကွေ့မှာ ကင်းလှည့်တာတွေ ပိုတိုးလုပ်သွားတယ်လို့ အသိပေးထားပါတယ်။

    အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေကြောင့် ရေနံတင်သင်္ဘောတွေ ဖြတ်သန်းရတဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ထိန်းချုပ်ထားပေမယ့် ထိုင်းရေနံတင်သင်္ဘော ၂ စင်း အဲဒီရေလက်ကြားကနေ ဖြတ်သန်းဖို့ အီရန်နဲ့ သဘောတူညီချက်ရရှိထားပြီးဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်က မတ်လကုန်ပိုင်းမှာ ထုတ်ပြောထားပါတယ်။

    ဒီသဘောတူညီချက်မရခင် မတ်လလယ်ပိုင်းတုန်းကတော့ အိုမန်နိုင်ငံအနီး၊ ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းရေနံတင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရမှုဖြစ်ခဲ့ပါတယ်။

  10. ကန့်ဘလူခရိုင်ထဲက သဖန်းဆိပ်ဆည်နဲ့ ကျေးရွာအချို့ကို စစ်တပ်ပြန်ထိန်းချုပ်, ကသုံးလုံး ခရိုင် ၂ ခုမှာ စစ်ရေးတင်းမာနေ

    သဖန်းဆိပ်က ရွှေမျောတွေ လေကြောင်းတိုက်ခံခဲ့ရတဲ့မြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Infinity Group

    ဓာတ်ပုံ ပုံစာ, သဖန်းဆိပ်က ရွှေမျောတွေ လေကြောင်းတိုက်ခံခဲ့ရတဲ့မြင်ကွင်း (ပုံဟောင်း)

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည်နဲ့ ဆည်အနီးက အင်တိုင်းရွာကိုပါ စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ စစ်ကော်မရှင်က နိုင်ငံပိုင်သတင်းစာကနေ ဓာတ်ပုံတွေနဲ့ အတူ ထုတ်ပြန်ကြေညာပါတယ်။

    တော်လှန်ရေးတပ်တွေ ၄ လနီးပါးကြာ ထိန်းချုပ်ထားတဲ့ သဖန်းဆိပ်ဆည်ကို စစ်တပ်က မတ်လကုန်ပိုင်းမှာ ထိန်းချုပ်ခဲ့ပြီး အင်တိုင်းရွာကိုတော့ စစ်တပ်က ဧပြီ ၅ ရက်မှာ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် ပြန်သိမ်းခဲ့တာဖြစ်ပါတယ်။

    အင်တိုင်းရွာဟာ သဖန်းဆိပ်ဆည်နဲ့ ၁ မိုင်ဝန်းကျင်ဝေးပြီး ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ နယ်မြေစိုးမိုးရေး ရည်မှန်းချက်ဖြစ်တဲ့ ကောလင်း၊ ကသာ၊ ကန့်ဘလူ (ကသုံးလုံး)c ခရိုင်ဖြစ်တဲ့ ကန့်ဘလူထဲက နယ်မြေတချို့ကို တော်လှန်ရေးအင်အားစုတွေ ပြန်ပြီး လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။

    သဖန်းဆိပ်ဆည်ဟာ ကသာခရိုင်၊ ဗန်းမောက်မြို့အနောက်တောင်ခြမ်းကနေ စီးဆင်းလာတဲ့ မူးမြစ်ပေါ်က ဆည်ကြီး တစ်ခုဖြစ်ပါတယ်။

    ဒီဆည်ဟာ ကန့်ဘလူအပါအဝင် တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ ဘုတလင်၊ အရာတော်၊ ဒီပဲယင်း စတဲ့ မြို့နယ်တွေက စိုက်ပျိုးမြေဧက ၅ သိန်းကျော်ကို ‌ရေအဓိကပေးနေတဲ့ဆည်ဖြစ်ပါတယ်။

    သဖန်းဆိပ်ဆည်နဲ့ အင်တိုင်းရွာတို့ကို စစ်တပ်ထိန်းချုပ်ပြီးနောက်ပိုင်းမှာ ကျွန်းလှနဲ့ တန့်ဆည်အစပ်က မြို့နယ်တွေမှာ စစ်ကြောင်းအန္တရာယ်တွေ သတိပြုကြဖို့ကိုလည်း ကန့်ဘလူအခြေစိုက် တော်လှန်ရေးအင်အားစုတွေက သတိပေးနေကြပါတယ်။

    တစ်ဖက် “ကသုံးလုံးခရိုင်” အမှတ် ၁ စစ်ဒေသထဲမှာပါတဲ့ ကသာခရိုင်၊ ကသာမြို့ထဲမှာလည်း စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဒီနေ့ ဧပြီ ၇ ရက်အထိ တိုက်ပွဲဆက်ပြီးပြင်းထန်နေဆဲဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ကသာမြို့ရဲ့ အနောက်မြောက်ဘက်မှာတော့ NUG တပ်တွေထိန်းချုပ်ထားတဲ့ အင်းတော်မြို့ရှိပြီး အင်းတော်မြို့အနောက်ခြမ်းမှာတော့ စစ်တပ်ထိန်းချုပ်ထားတဲ့ ဗန်း‌မောက်မြို့ရှိပါတယ်။

  11. ရေနံထွက်ပေမဲ့ မြန်မာမှာ လောင်စာဆီဘာကြောင့် ရှားပါးနေလဲ

    မင်းလှမြို့နယ်ထဲက ရေနံမြေတစ်ခုမှာတွေ့ရတဲ့လုပ်သားတစ်ဦး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မင်းလှမြို့နယ်ထဲက ရေနံမြေတစ်ခုမှာတွေ့ရတဲ့လုပ်သားတစ်ဦး (ပုံဟောင်း)

    အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးရဲ့အရေးပါဆုံး လမ်းကြောင်းတစ်ခုဖြစ်တဲ့ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရချိန်မှာ ကမ္ဘာ့နိုင်ငံအများစုက သူတို့ရဲ့လောင်စာဆီပြဿနာကို နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။

    ဒီတကြိမ်တည်းအရေးထက် နောင်မှာ အလားတူပြဿနာဖြစ်လာရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ ရေရှည်အတွက်ပါ တွက်ချက်လာကြတာပါ။ မြန်မာက အာဏာပိုင်တွေကတော့ ယာဥ်ကို စုံ/မ ရက်ခွဲပြီး စက်သုံးဆီရောင်းသလို ယာဥ်အင်ဂျင်အမျိုးအစားအလိုက် ဆီဝယ်နိုင်တဲ့ပမာဏကို သတ်မှတ်ပြီး ကန့်သတ်ရောင်းချကာ စက်သုံးဆီအကျပ်အတည်းကို ဖြေရှင်းနေပါတယ်။

    ကမ္ဘာလုံးဆိုင်ရာရေနံနဲ့လောင်စာဆီပြဿနာအကျပ်ဆိုက်လာချိန်မှာ မြန်မာလူထုကြားမှာ မေးခွန်းထွက်ပေါ်လာတာက ရေနံစိမ်းထွက်တဲ့မြန်မာမှာ ရေနံချက်စက်ရုံတွေ ဘာကြောင့်မလည်ပတ်နိုင်သလဲဆိုတာနဲ့ လောင်စာဆီကို ဘာကြောင့် ပြည်ပနေ မှာယူသုံးစွဲနေရသလဲဆိုတာပါ။

    ဘီဘီစီက အဲဒီမေးခွန်းတွေရဲ့အဖြေအတွက် စွမ်းအင်ဝန်ကြီးဌာနရဲ့ဝန်ထမ်းဟောင်းနဲ့လက်ရှိဝန်ထမ်းတွေ၊မြန်မာက ရေနံကြောတွေနဲ့ ရေနံချက်စက်ရုံတွေအကြောင်း နားလည်တတ်ကျွမ်းသူတွေနဲ့ မေးမြန်းပြီး ခြေရာကောက်ကြည့်ခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  12. စစ်ခေါင်းဆောင် သမ္မတတာဝန်ယူအစိုးရမဖွဲ့ခင် တရုတ်ပထမဆုံးတွေ့

    စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့တွေ့ဆုံနေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့တွေ့ဆုံနေတဲ့မြင်ကွင်း

    လွှတ်တော်က သမ္မတအဖြစ်ရွေးထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ တာဝန်မယူခင်နဲ့ အစိုးရ မဖွဲ့ခင် ပထမဆုံးလာတွေ့တဲ့ တရုတ်သံအမတ်က တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ်နဲ့ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးသွားပါတယ်။

    တရုတ်သံမတ်အကြီး မစ္စမာကျားက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မနေ့ ဧပြီ ၆ ရက်က နေပြည်‌တော်မှာ လာရောက်တွေ့ဆုံခဲ့ချိန်မှာ အခုလိုဆွေးနွေးခဲ့တာလို့ စစ်ကော်မရှင်က နိုင်ငံပိုင်သတင်းစာကနေ ကြေညာပါတယ်။

    တရုတ်သံအမတ်ဟာ နေပြည်တော်မှာ အစိုးရသစ်မဖွဲ့ခင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပထမဆုံးလာတွေ့တဲ့ နိုင်ငံတကာ သံအမတ်လည်းဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုမှာ တရုတ်- မြန်မာနယ်စပ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေးကို ဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။

    သံအမတ်က တွေ့ဆုံချိန်မှာ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့သဝဏ်လွှာကိုလည်း စစ်ခေါင်းဆောင်ထံ လက်ရောက်ပေးအပ်ခဲ့တယ်လို့ စစ်ကော်မရှင်က ဖော်ပြပါတယ်။ တရုတ်အနေနဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့တဲ့အတွက် ကျေးဇူးတင်တယ်လို့လည်း စစ်ခေါင်းဆောင်က ထည့်ပြောပါတယ်။

    မတ် ၆ ရက်က တွေ့ဆုံပွဲမှာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လုံခြုံရေး နဲ့ ကဏ္ဍ ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

  13. မင်္ဂလာပါ။ ဧပြီ ၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now