တိုက်ရိုက်ထုတ်လွှင့်မှု, ကာလုံအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဖြစ်လာ

ကာလုံအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဖြစ် ရွေးချယ်ခံရတဲ့ သတင်းအပါအဝင် မတ်လ ၁၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • တတိယအကြိမ် အမျိုးသားလွှတ်တော်ကျင်းပ၊ ကာလုံ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရေပန်းစား
  • ကာလုံ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး ပြိုင်ဘက်မရှိဘဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ၊ စစ်ကော်မရှင်ဝန်ကြီး ဦးဂျာဖမ်းနော်တောင် လည်း ပြိုင်ဘက်မရှိဘဲ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်လာ
  • အီလက်ထရောနစ် နိုင်ငံကူးလက်မှတ် လျှောက်ထားရမယ့်ပုံစံတွေ စစ်ကော်မရှင် ချပြ၊ နိုင်ငံတော် လုံခြုံရေး နဲ့ အကျိုးစီးပွားနှောင့်ယှက်ဖျက်ဆီးနိုင်သူလို့ယူဆသူတွေကို နိုင်ငံကူးလက်မှတ်မထုတ်ပေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နိုင်ငံကူးလက်မှတ်ကို လုံခြုံရေးမြှင့်ပြီး ပြစ်ဒဏ်တွေကိုလည်း စစ်ကော်မရှင်တိုးမြှင့်

    ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Wikipedia

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ပုံဟောင်း)

    ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)နဲ့ပတ်သက်ပြီး ထိန်းချုပ်မှု တင်းကျပ်လာတဲ့ စစ်ကော်မရှင်ဟာ အခုတော့ နိုင်ငံကူးလက်မှတ်ကို အီလက်ထရောနစ် စနစ် အဆင့်မြှင့်ဖို့ ရှိပြီး နိုင်ငံကူးလက်မှတ် အသုံးပြုတာနဲ့ဆက်နွှယ်တဲ့ပြစ်ဒဏ်တွေကိုလည်း တိုးမြှင့်လိုက်တဲ့အကြောင်း ကြေညာပါတယ်။

    မတ်လ ၁၇ ရက်မှာ စစ်ကော်မရှင်က ပြဋ္ဌာန်း၊ ကြေညာလာတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။

    အီလက်ထရောနစ်စနစ်ကို အသုံးပြုတော့မှာဖြစ်လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ချပ်စ်ပြားမှာ ထည့်သွင်းပြီး မူလနိုင်ငံကူးလက်မှတ်ကို လုံခြုံရေး အဆင့်မြှင့်သွားမယ့်သဘောလို့ နားလည်ရပါတယ်။

    အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်လျှောက်ထားမယ်ဆိုရင် မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်နဲ့ မိတ္တူကို ပူးတွဲလျှောက်ထားရမှာဖြစ်ပြီး မူလနိုင်ငံကူးလက်မှတ်စာအုပ်ကို ပြန်အပ်ရမှာဖြစ်ပါတယ်။

    မြန်မာအဖွဲ့ဝင်ဖြစ်တဲ့အာဆီယံနိုင်ငံအများစုမှာ နိုင်ငံကူးလက်မှတ်တွေကို အီလက်ထရောနစ် ချစ်ပ်ပြားတွေ တပ်ဆင်အသုံးပြုနေကြပြီဖြစ်ပေမဲ့ စစ်ကော်မရှင်ဘက်ကတော့ အခုမှ ခြေလှမ်းလာတာဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီစနစ်မှာ ကောင်းကျိုးဆိုးပြစ်တွေရှိနေတယ်လို့ ဒစ်ဂျစ်တယ်အခွင့်အရေးနဲ့ လုံခြုံရေးစောင့်ကြည့်သူတွေက ထောက်ပြပါတယ်။

    စစ်ကော်မရှင်က ဒီဂျစ်တယ်စောင့်ကြည့်မှုကို အဆင့်မြှင့်တင်လိုက်တာဖြစ်ပြီး အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်ကိုင်ထားသူက ဘယ်နိုင်ငံ၊ ဘယ်တည်းခိုခန်းမှာ ရောက်ရှိနေတာလည်း ဆိုတဲ့အဆင့်ထိ သိနိုင်တယ်လို့ ဒီဥပဒေကို လေ့လာထားတဲ့ မြန်မာအင်တာနက်ပရောဂျက်၊ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်က ပြောပါတယ်။

    “နိုင်ငံကူးလက်မှတ်က ပိုပြီး Upgrade ဖြစ်သွားတယ်၊ ပတ်စ်ပို့အတုပျောက်သွားတာတို့ဘာတို့ စသဖြင့် အကျိုးကျေးဇူးတော့ရှိတယ်။ ဒီပတ်စ်ပို့က E-passport ဖြစ်တဲ့အတွက် ဒီပတ်စ်ပို့က တရားမဝင်တော့ပါဘူးဆိုပြီး ဖြတ်သိမ်းတာတွေ လုပ်နိုင်တယ်။ တစ်ဖက်မှာလည်း လူထုရဲ့အခွင့်အရေးကို အကာအကွယ်ပေးထားတဲ့ ဥပဒေမရှိဘူး။ အခု ဥပဒေကို ကြည့်လိုက်ရင်လည်း ဥပဒေကို လိုရာစွဲသုံးပြီး လူထုကို ဖိနှိပ်လို့ရတယ်ဆိုတဲ့ ပြဌာန်းချက်တွေ တွေ့ရတယ်။ ဒီဥပဒေပြဋ္ဌာန်းတဲ့ သူတွေကလည်း ယုံကြည်စရာမရှိဘူး။ ဒီဟာ စိတ်ပူစရာကောင်းတယ်” လို့ ကိုသစ်ဉာဏ်က ပြောပါတယ်။

    ဥပဒေထဲမှာ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ် ‌လျှောက်ထားလာတဲ့သူတွေကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က သတ်မှတ်ချက်တွေနဲ့ ညီ၊ မညီ စစ်ဆေးပြီး ထုတ်ပေးဖို့ သင့်၊ မသင့် သက်ဆိုင်ရာကို အကြောင်းကြားရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

    ဥပဒေ ပုဒ်မ ၂၉ မှာတော့ နိုင်ငံသားအဖြစ် ရပ်စဲခံရသူတွေ၊ ပြစ်ဒဏ်ကျခံနေရသူတွေ၊ နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနိုင်သည်ဟု ယူဆခံရသူတွေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) အရ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုထားပြီး သတ်မှတ်ကာလ မပြည့်သေးသူတွေကို နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ ငြင်းပယ်နိုင်တယ်။

    အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်ကို ကမ္ဘာတဝန်းက နိုင်ငံအတော်အများမှာ ကျင့်သုံးနေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ဒီစနစ်ကို ကျင့်သုံးနေပါတယ်။

    ကမ္ဘာတဝန်းက အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ နိုင်ငံပြင်ပထွက်ခွာတဲ့အခါ လူဝင်မှုကြီးကြပ်ရေးကောင်တာတွေမှာ ဇီဝအချက်အလက်တွေပေးတာ၊ နိုင်ငံကူးလက်မှတ်စာအုပ်ပေးရတာတွေမလိုဘဲ အီလက်ထရောနစ်ကောင်တာတွေကနေ ဖြတ်သန်းသွားလို့ရပါတယ်။

  2. ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ

    အမျိုးသားလွှတ်‌တော် ဥက္ကဋ္ဌ အသစ်ဖြစ်လာတဲ့ ဦးအောင်လင်းဒွေး
    ဓာတ်ပုံ ပုံစာ, အမျိုးသားလွှတ်‌တော် ဥက္ကဋ္ဌ အသစ်ဖြစ်လာတဲ့ ဦးအောင်လင်းဒွေး

    စစ်ကော်မရှင်မှာ အမှုဆောင်ချုပ်တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေးက ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြိုင်ဘက်မရှိဘဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

    တတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် စာရင်းတင်သွင်းခံရသူမှာ သူ တစ်ဦးတည်းခဲ့တာကြောင့် ပြိုင်ဘက်မရှိဘဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတာဖြစ်ပါတယ်။

    စစ်ကော်မရှင်ဝန်ကြီး ဦးဂျာဖမ်းနော်တောင်ကလည်း ဦးအောင်လင်းဒွေးလိုပဲ စာရင်းတင်သွင်းခံရသူ တစ်ဦးတည်းရှိလို့ ပြိုင်ဘက်မရှိဘဲ လွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာပါတယ်။

    ဦးဂျာဖမ်းနော်တောင်ကတော့ စစ်ကော်မရှင် အားကစား၊လူငယ်နဲ့ ဟိုတယ်/ခရီးသွားဝန်ကြီး ရာထူးယူထားပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားပါတယ်။

    သူဟာ အလုပ်သင်ဗိုလ်လောင်းအပတ်စဉ် ၅ သင်တန်းဆင်းဖြစ်ပြီး အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးလည်းဖြစ်ပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ ‌ဒဏ်ခတ်ပိတ်ဆို့ခြင်းလည်းခံထားရပါတယ်။

    အခုရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရာထူးဟာ သမ္မတရွေးချယ်ရေးအတွက် အခရာကျပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်တာကို ပြုလုပ်မှာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ဦးဆောင်ရမှာပါ။

    ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ရွေးကောက်ပွဲပြုလုပ်ခဲ့လို့ နေပြည်တော်မှာ လွှတ်တော်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

  3. ဓာတ်ပုံ စုစည်းချက် - နေပြည်တော်က အမျိုးသားလွှတ်တော် မနက်ခင်းမြင်ကွင်းတွေ

    စစ်တပ် ကျင်းပတဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ အပိုင်းလိုက်ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးကို ဒီနေ့ မနက်ပိုင်း မြန်မာစံတော်ချိန် မနက် ၁၀ နာရီကလို့ နေပြည်တော်မှာ စတင်ကျင်းပနေပါတယ်။

    အခုတစ်ကြိမ်ကျင်းပတဲ့အမျိုးသားလွှတ်တော်အစည်းအဝေးဟာ တတိယအကြိမ်ဖြစ်ပြီး လွှတ်တော်အစည်းအဝေးပွဲ စတင်ကျင်းပဖို့ သဘာပတိကို အရင်ရွေးချယ်ကြဖို့ရှိပါတယ်။

    သဘာပတိ ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်ကနေ ဒီနေ့ တစ်နေ့တည်းမှာပဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်မှာဖြစ်ပါတယ်။

    အမျိုးသားလွှတ်တော်က မတ်လ ၁၈ ၇က် မြင်ကွင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာအတွက် နေပြည်တော်လွှတ်တော်အသိုင်းအဝိုင်းကြား ရေပန်းစားနေတဲ့ ဦးအောင်လင်းဒွေး (ဝဲဘက် တိုက်ပုံဝတ်၊ ခေါင်းပေါင်းနဲ့အမျိုးသား)
    ဓာတ်ပုံ ပုံစာ, အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာအတွက် နေပြည်တော်လွှတ်တော်အသိုင်းအဝိုင်းကြား ရေပန်းစားနေတဲ့ ဦးအောင်လင်းဒွေး (ဝဲဘက် တိုက်ပုံဝတ်၊ ခေါင်းပေါင်းနဲ့အမျိုးသား)
    မတ်လ ၁၈ ရက် မနက်ခင်း အမျိုးသားလွှတ်တော်တက်၊ အမတ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ လွှတ်တော်မှာ မြင်ရတဲ့ ကိုယ်စားလှယ်တွေ
    ဓာတ်ပုံ ပုံစာ, မတ်လ ၁၈ ရက် မနက်ခင်း အမျိုးသားလွှတ်တော်တက်၊ အမတ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ လွှတ်တော်မှာ မြင်ရတဲ့ ကိုယ်စားလှယ်တွေ
    အမျိုးသားလွှတ်တော်အမတ်အဖြစ် ကျမ်းကျိန်ကြမယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို မတ်လ ၁၈ ရက် မနက်ခင်းမှာ မြင်တွေ့ရတာဖြစ်ပါတယ်
    ဓာတ်ပုံ ပုံစာ, အမျိုးသားလွှတ်တော်အမတ်အဖြစ် ကျမ်းကျိန်ကြမယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို မတ်လ ၁၈ ရက် မနက်ခင်းမှာ မြင်တွေ့ရတာဖြစ်ပါတယ်
    စစ်တပ်ရဲ့ကြည်းရေလေတပ်တွေကနေ ဗိုလ်ချုပ်အဆင့်အစ၊ ဗိုလ်ကြီးအဆင့်အဆုံး ရာထူးအဆင့်ဆင့် ကိုယ်စားလှယ် ၅၆ ဦး အမျိုးသားလွှတ်တော်တက်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထား
    ဓာတ်ပုံ ပုံစာ, စစ်တပ်ရဲ့ကြည်း၊ ရေနဲ့ လေတပ်တွေကနေ ဗိုလ်ချုပ်အဆင့်အစ၊ ဗိုလ်ကြီးအဆင့်အဆုံး ရာထူးအဆင့်ဆင့် ကိုယ်စားလှယ် ၅၆ ဦး အမျိုးသားလွှတ်တော်တက်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထား
    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတို့မှာ အပိုင်း ၃ ပိုင်းနဲ့ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်၊ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ကျင်းပခဲ့ရာမှာ ကြံ့ခိုင်ရေးက မဲအများစုနိုင်ပြီး စုစုပေါင်း အရပ်ဘက်ပါတီကိုယ်စားလှယ် ၁၅၇ ဦး အမျိုးသားလွှတ်တော်ထဲရောက်လာပါတယ်။
    ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတို့မှာ အပိုင်း ၃ ပိုင်းနဲ့ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်၊ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ကျင်းပခဲ့ရာမှာ ကြံ့ခိုင်ရေးက မဲအများစုနိုင်ပြီး စုစုပေါင်း အရပ်ဘက်ပါတီကိုယ်စားလှယ် ၁၅၇ ဦး အမျိုးသားလွှတ်တော်ထဲရောက်လာပါတယ်
  4. ကာလုံ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရေပန်းစား

    အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးရဲ့အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, MWD

    ဓာတ်ပုံ ပုံစာ, အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးရဲ့အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး (ပုံဟောင်း)

    နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးနေ့ အစမှာပဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌတွေကို ရွေးချယ်သွားဖို့ရှိပြီး အဲဒီနေရာတွေအတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးရဲ့အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ စစ်ကော်မရှင်ဝန်ကြီး ဦးဂျာဖမ်းနော်တောင်တို့ ရေပန်းစားနေတယ်လို့ လွှတ်တော်အသိုင်းအဝိုင်းကနေ သိရပါတယ်။

    ဦးအောင်လင်းဒွေးက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာ၊ ဦးဂျာဖမ်းနော်တောင်က အမျိုးသားလွှတ်တော် ဒုက္ကဋ္ဌ အဖြစ်ရေးပန်းစားနေတယ်လို့ ဆိုပါတယ်။

    လက်ရှိ နိုင်ငံတော်ကာကွယ်ရေးရဲ့လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်လည်းဖြစ်၊ အရင် စစ်ကောင်စီ အတွင်းရေးမှူးလည်းဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဟာ မန္တလေးတိုင်း အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာပါ။

    ဦးဂျာဖမ်းနော်တောင်ကတော့ စစ်ကော်မရှင် အားကစား၊လူငယ်နဲ့ ဟိုတယ်/ခရီးသွားဝန်ကြီး ရာထူးယူထားပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားပါတယ်။

    သူဟာ အလုပ်သင်ဗိုလ်လောင်းအပတ်စဉ် ၅ သင်တန်းဆင်းဖြစ်ပြီး အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးလည်းဖြစ်ပါတယ်။

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာနဲ့ ဒုဥက္ကဋ္ဌနေရာတွေအတွက် ရေပန်းစားသူ ၂ ဦးစလုံးဟာ စစ်တပ်ကျင်းပတဲ့ ဒီဇင်ဘာရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက် မဲယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူတွေဖြစ်ပါတယ်။

    ဒီနေ့ လွှတ်တော်အစည်းအဝေးကို သဘာပတိတစ်ဦးက စတင်ကျင်းပပေးမှာဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ဒုတိယဥက္ကဋ္ဌတွေကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရာထူးဟာ သမ္မတရွေးချယ်ရေးအတွက် အခရာကျပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်တာကို ပြုလုပ်မှာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ဦးဆောင်ရမှာပါ။

    ၂၀၂၀ ‌ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ ဒုတိယအကြိမ် လွှတ်တော်အသစ် စတင်ဖို့ ပြင်နေချိန်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

    အဲဒီနောက် ၅ နှစ်အကြာမှာ စစ်တပ်က ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနဲ့ အခုနှစ် ဇန်နဝါရီလတို့မှာ ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီးတဲ့နောက် အခုလို တတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

  5. မင်္ဂလာပါ။ မတ် ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now