မတ် ၂၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
နေ့အပူရှိန်အောက် ဆီတန်းစီရင်း သတိလစ်မူးလဲတဲ့ဖြစ်စဥ်တွေရှိလာ
နေ့အပူရှိန်အောက် ဆီတန်းစီရင်း သတိလစ်မူးလဲတဲ့ဖြစ်စဥ်တွေရှိလာတဲ့သတင်းအပါအဝင် မတ် ၂၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- အင်ဂျင်အလိုက် စက်သုံးဆီဝယ်ယူခွင့်ကန့်သတ်ရောင်းချတဲ့ စနစ်ကို မတ် ၂၇ ရက်ကစတင်
- စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ်၈၀၀ ကနေ ၁၂၀၀ ဝန်းကျင်အထိ မြင့်တက်
- လောင်စာဆီအကျပ်ဆိုက်ချိန် မတ် ၂၆ ရက် တစ်ရက်တည်းမှာပဲ ဒေသ ၃ ခုမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ၄ ဦးသေဆုံး
- ခါးရောဂါခွဲစိတ်ကုသထားတယ်ဆိုတဲ့ စစ်ခေါင်းဆောင် က ၈၁ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား တက်ရောက်မယ်
- ၁၁ ဦးမြောက် တပ်ချုပ်အဖြစ် ဆက်ခံမယ့်သူကိုလည်း ခန့်အပ်ဖို့ရှိနေ
- ထားဝယ်မြို့မှာ စက်သုံးဆီတန်းစီရင်း အသက် ၈၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သတိလစ်မူးလဲ
တိုက်ရိုက် ထုတ်လွှင့်ချက်
ငလျင်ကြီးတစ်နှစ်တာ - Sky Villa တိုက်ခန်းပိုင်ရှင်တွေရဲ့ အမေ့လျော့ခံဒဏ်ရာများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, လူ ၂၀၀ ကျော်သေဆုံးခဲ့တဲ့ မန္တလေးမြို့က Sky Villa ကွန်ဒို မြန်မာနိုင်ငံမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တာ ၂၀၂၆ မတ်လ ၂၈ ရက်မှာ တစ်နှစ်ပြည့်ပါပြီ။ ဒီငလျင်ကို မြန်မာနိုင်ငံအလယ်ပိုင်းကနေ တောင်ပိုင်းတလျှောက် နေထိုင်သူတွေ ခံစားခဲ့ကြရပါတယ်။
အပြင်းထန်ဆုံး ခံစားခဲ့ကြရသူတွေကတော့ တစ်နေရာတည်းမှာ လူ ၂၀၀ ကျော် သေဆုံးခဲ့တဲ့ မန္တလေးမြို့က Sky Villa ကွန်ဒိုမှာ နေထိုင်ခဲ့သူတွေဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်မှု တစ်နှစ်နီးပါးကြာခဲ့ချိန်မှာ Sky Villa ကွန်ဒိုတည်ဆောက်ရေးလုပ်ငန်းပိုင်ရှင်ကို အာဏာပိုင်တွေက တရားစွဲအမှုဖွင့်ထားပါတယ်။
အသက်တွေ ဘဝတွေ အိုးအိမ်တွေဆုံးရှုံးခဲ့ရတဲ့ Sky Villa ကွန်ဒိုမှာနေထိုင်ခဲ့ကြသူတွေရဲ့ လိုလားချက်တွေကရော ဘာတွေပါလဲ။ ဆောင်းပါးအပြည့်အစုံ ကိုအပြရောင်ကိုနှိပ်ရုံနဲ့ဖတ်ရှုနိုင်ပါပြီ။
အော်စကာဆုရ 'ပူတင်ကို ဆန့်ကျင်တဲ့ ဘာမှမဟုတ်သူ' ဇာတ်ကားကို ရုရှားမှာပိတ်ပင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ပူတင်ကို ဆန့်ကျင်တဲ့ ဘာမှမဟုတ်သူ ဇာတ်ကားနဲ့ အော်စကာ ဆုရကြသူများ အော်စကာဆုရ 'ပူတင်ကို ဆန့်ကျင်တဲ့ ဘာမှမဟုတ်သူ' (Mr Nobody Against Putin) မှတ်တမ်းရုပ်ရှင်ကားကို အစွန်းရောက်နဲ့ အကြမ်းဖက်ဝါဒတွေ ဖြန့်ဖြူးတယ်ဆိုပြီး ရုပ်သံလွှင့်လိုင်း သုံးခုမှာ မပြဖို့ ရုရှားတရားရုံးတရုံးက ပိတ်ပင်ခဲ့ပါတယ်။
ယူကရိန်းကို ၂၀၂၂ ဖေဖော်ဝါရီက ရုရှားဝင်တိုက်ပြီးနောက် ရုရှားကျောင်းတွေမှာ စစ်ဝါဒဖြန့်မှုတွေ အရှိန်တက်လာတဲ့အကြောင်း မှတ်တမ်းတင်တဲ့ ဒီဇာတ်ကားက ဒီလဆန်းမှာ အော်စကာဆုရခဲ့ပါတယ်။ ရုရှားက ထွက်ပြေးရတဲ့ ကျောင်းပြပွဲ အခမ်းအနား စီစဉ်သူ ပါဗယ် တလန်ကင် စုဆောင်းထားတဲ့ ဗီဒီယိုရုပ်သံကို အခြေခံ ထားတာပါ။
ယူကရိန်းစစ်နဲ့ လက်ရှိ ရုရှားအစိုးရအပေါ် မကောင်းမြင်စိတ်တွေကို ဒီဇာတ်ကားက ပြနေတယ်ဆိုပြီး အစိုးရရှေ့နေတွေက စောဒကတက်ကြကြောင်း ရုရှားမီဒီယာမှာ ပါရှိပါတယ်။
အော်စကာဆုရရုပ်ရှင်ကားမှာ ရုရှားမှာပိတ်ထားတဲ့အကြောင်းကို ဒီလင်ခ့် မှာဖတ်ရှုနိုင်ပါပြီ။
အီရန်ကိုပို့ထားတဲ့ အမေရိကန်ရဲ့ ညှိနှိုင်းရေးအစီအစဥ် အချက် ၁၅ ချက်
အမေရိကန်-အီရန် အပစ်ခတ်ရပ်စဲရေးပြုလုပ်ဖို့ အမေရိကန်ဘက်က အဆိုပြုထားတဲ့ အချက် ၁၅ ချက်ပါ အစီအစဉ်ကို အီရန်က လက်ခံလိုက်ပြီဖြစ်ပါတယ်။
အဲဒီ အချက် ၁၅ ချက်ထဲမှာ ...
- ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးဖို့
- အရပ်သားတွေပါဝင်တဲ့ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု
- အီရန်ရဲ့ နျူကလီယားအစီအစဉ်တွေကို နောက်ဆုတ်လိုက်ဖို့
- အီရန်နိုင်ငံအတွင်း လုပ်ဆောင်မှုတွေကို စောင့်ကြည့်ထိန်းချုပ်နိုင်အောင် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA) ကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ကြီးကြပ်ခွင့်ပေးရမယ်
- မစ်ဆိုင်း ကန့်သတ်ချက်တွေနဲ့ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ ပို့ဆောင်ဖြတ်သန်းခွင့်ပေးဖို့
- နာတန့်ဇ်၊ အစ်ဖာဟန်နဲ့ ဖော်ဒိုးမှာရှိတဲ့ နျူကလီးယားစက်ရုံတွေကို အသုံးမပြုတော့ဘဲ ဖျက်သိမ်းရမယ်
- အီရန်အနေနဲ့ ဒေသတွင်း လက်နက်ကိုင် proxy အဖွဲ့တွေ အသုံးပြုတာကို ရပ်တန့်ရမယ်၊ ငွေကြေးနဲ့ လက်နက်ပံ့ပိုးမှုတွေလည်း ရပ်တန့် စွ့န်လွှတ်ရမယ်
- လက်ရှိစုဆောင်းထားပြီးသား နျူကလီးယားစွမ်းအင်တွေကို ဖျက်သိမ်းရမယ်
- နောင်မှာ နျူကလီးယားဆိုင်ရာလက်နက်တွေရဖို့ ဘယ်တော့မှ ထပ်မကြိုးပမ်းဘူးဆိုတဲ့ ကတိပြုချက် ပေးရမယ်
- အီရန်မှာ နျူကလီးယားပစ္စည်းတွေကို ကြွယ်ဝစေတာမျိုး ထပ်မရှိစေဘဲ နျူကလီးယားနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ရှိရင်လည်း IAEA ထံ လွှဲပြောင်းပေးရမယ်
- ဟော်မုဇ်ရေလက်ကြားကို အမြဲဖွင့်ထားပြီး “လွတ်လပ်စွာသွားလာနိုင်တဲ့ရေလမ်း” အဖြစ်ထားရမယ်
- အီရန်ရဲ့ မစ်ဇိုင်း(ဒုံး)တွေကို အနာဂတ်မှာ သုံးစွဲမယ့်အပေါ် ဆုံးဖြတ်ချက်လိုမှာဖြစ်လို့ အရေအတွက်၊ အကွာအဝေးကန့်သတ်ချက်တွေရှိမှာဖြစ်ပြီး ခုခံကာကွယ်ဖို့အတွက်သာ ထားရှိရမယ်
အီရန်ဘက်က စစ်ပွဲရပ်ဖို့ လိုလားတဲ့ အချက် ၅ ချက်
-လျှပ်စစ်ဓာတ်အားထုတ်ဖို့ ဘူရှာမှာရှိတဲ့ အရပ်သားနျူကလီးယားစီမံကိန်းတစ်ခုဖော်ဆောင်ဖို့ အမေရိကန်ရဲ့ အကူအညီရယူဖို့
-ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားလုံးကို ဖယ်ရှားပေးဖို့
-ပိတ်ဆို့အရေးယူမှုတွေကို သက်တမ်းဆက်တိုးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖယ်ရှားဖို့
- “စစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုတွေ၊ ပြန်လည်ထူထောင်းရေးတွေ” အတွက် လျော်ကြေးပေးရဖို့
-ရှေ့တန်းစစ်ပွဲတွေ အားလုံးရပ်ရမယ်ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
မတ် ၃၀ လွှတ်တော်မှာ ဒုတိယသမ္မတလောင်းအမည်တွေ ထွက်လာမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, လွှတ်တော်အစည်းအဝေး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစုအဖွဲ့နှစ်ခုစီက ဒုတိယသမ္မတလောင်း ရွေးချယ်အဆိုပြုတဲ့လုပ်ငန်းစဥ်တွေကို မတ်လ ၃၀ ရက်မှာ စတင်မယ်လို့ ဒီကနေ့ ထွက်ပေါ်လာတဲ့ လွှတ်တော်အစည်းအဝေးလျာထားချက်မှာ ဖော်ပြထားပါတယ်။
မတ်လ ၃၀ ရက်မှာ ပြည်သူနဲ့ အမျိုးသား လွှတ်တော်နှစ်ရပ်လုံးမှာ ဒုတိယသမ္မတလောင်းကို အဆိုပြုတာ၊ ထောက်ခံတာနဲ့ အဆိုပြုလွှာကိုလွှတ်တော်ဥက္ကဋ္ဌတွေထံတင်ပြတာကို တပြိုင်တည်းကျင်းပမယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ လွှတ်တော်နှစ်ရပ်က အဆိုပြုလွှာနဲ့တင်လာတဲ့ ဒုသမ္မတလောင်းအမည်စာရင်းတွေကို လွှတ်တော်ဥက္ကဋ္ဌတွေက ကြေညာမယ်လို့ နားလည်ရပါတယ်။ သမ္မတ ရွေးချယ်စိစစ်ရေးအဖွဲ့မှာ ပါဝင်နိုင်ဖို့ ပြည်သူနဲ့အမျိုးသားက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီကို ရွေးချယ်မှာဖြစ်ပါတယ်။
အဲဒီဒုသမ္မတလောင်းတွေကို သမ္မတ အရည်အချင်းနဲ့ ညီ မညီ စိစစ်မှာမို့ လွှတ်တော်ကို တစ်ရက် ရပ်နားမယ်ဆိုတာကြောင့် မတ်လ ၃၁ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးတွေမရှိဘူးလို့ နားလည်ရပါတယ်။
သမ္မတ ရွေးချယ်စိစစ်ရေးအဖွဲ့ကို ပြည်သူနဲ့အမျိုးသား ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ လေးဦးနဲ့အတူ အဲဒီလွှတ်တော်နှစ်ရပ်ကလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီနဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ၇ ဦးနဲ့ဖွဲ့စည်းရမှာဖြစ်ပါတယ်။
တပ်မတော်သားအစုအဖွဲ့ကတော့ တပ်ချုပ်က သတ်မှတ်တဲ့နေရာမှာဒုသမ္မတလောင်းရွေးချယ်ပွဲကို ပြုလုပ်မှာဖြစ်ပြီး သတင်းထုတ်ပြန်မှုနဲ့ပတ်သက်လို့တော့ မသိရသေးပါဘူး။
ဒါကြောင့် သမ္မတ အမည်စာရင်းတွေ ထွက်လာဖို့နဲ့ သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်မှုလုပ်ငန်းစဥ်ဟာ ဧပြီ ၃ ရက်ထက်မစောနိုင်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွက ခန့်မှန်းထားကြပါတယ်။
အပူရှိန်မြင့်နေချိန် ဆီတန်းစီရင်း သတိလစ်မူးလဲတဲ့ဖြစ်စဥ်တွေရှိလာ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ထားဝယ်မြို့မှာ ဆီတန်းစီရင်း မူးလဲတဲ့ အသက် ၈၀ အရွယ် အမျိုးသား တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ဒီကနေ့ မတ် ၂၇ ရက် မနက်ပိုင်းက စက်သုံးဆီရဖို့ တန်းစီရင်း အသက် ၈၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သတိလစ်မူးလဲခဲ့တဲ့ ဖြစ်စဥ်တွေရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။
“အဘကြီးဆိုရင် သတိလစ်ပြီး ဆိုင်ကယ်ပါ ပစ်လဲတာ။ လက်တွေလည်း ကွေးပြီး ဆန့်မရဘူး။ အဲဒါနဲ့ ဝိုင်းပြုစုရင်းနဲ့ သတိလည်လာတော့ နောက်တစ်ယောက်ပါ ထပ်လဲတာ။ အရေးပေါ်ကားခေါ်လိုက်ရတယ်။ မနက်ခင်းနေဆိုပေမဲ့ တော်တော်လည်း ပူနေတာ”လို့ မျက်မြင်ကြုံခဲ့ရတဲ့ အမျိုးသမီးက ဘီဘီစီကို ပြောပါတယ်။
လူငယ်တွေက အလုပ်သွားကြတာကြောင့် သက်ကြီးရွယ်အိုတွေအများစုက ဆီတန်းစီနေကြရတာလို့လည်း ပြောပါတယ်။
ထားဝယ်မြို့က ဆီဆိုင်တွေမှာနေ့စဥ်တန်းစီရတဲ့ သုံးဘီးနဲ့ ဆိုင်ကယ်အစီးရေဟာ ၃၀၀ ကနေ ၄၀၀ ကြားရှိပြီး မနက် ၆ နာရီကနေ ၈ နာရီ ခွဲအထိကို သုံးဘီးကားတွေ၊ မနက် ၈ ခွဲကနေ ၁၂ နာရီ အထိကို ဆိုင်ကယ်တွေကို စက်သုံးဆီ ရောင်းချပေးတာလို့ သိရပါတယ်။
ဒီကနေ့ ထားဝယ်မှာ နှစ်ဦး သတိလစ်မူးလဲသလို မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ မုဒွန်းကျေးရွာမှာလည်း မတ် ၂၃ ရက် မနက် ၂ နာရီကနေ နေ့လယ်ပိုင်း အထိ စက်သုံးဆီတန်းစီပြီး အိမ်ပြန်လာတဲ့ အသက် ၅၀ အရွယ်နီးပါး အမျိုးသားတစ်ဦးလည်း နှလုံးရှော့ခ်ဖြစ်ပြီး သေဆုံးသွားတယ်လို့ မွန်ပြည်နယ်အခြေစိုက် လူမှုကူညီကယ်ဆယ်ရေး ၂ ဖွဲ့က ပြောပါတယ်။
နေ့အပူချိန် မြင့်မားနေချိန်မှာ စက်သုံးဆီ တန်းမစီအောင် ဆီဆိုင်တွေက မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာ ဆီဖြည့်ပေးတာဖြစ်ပေမဲ့ အလှည့်ကျော်သွားမှာကြောက်တာကြောင့် ကားတန်းရှည်နဲ့ ဆက်တန်းစီနေသူတွေလည်း ရှိကြပါတယ်။
နေ့အပူချိန်မြင့်မားနေတာကြောင့် တတ်နိုင်သမျှ အရိပ်မှာ နေကြဖို့၊ သက်ကြီးရွယ်အိုတွေအနေနဲ့ ဆီတန်းမစီကြဖို့ကိုလည်း ပရဟိတအဖွဲ့တွေက ဆော်သြနေကြပါတယ်။
စစ်ခေါင်းဆောင် တပ်ချုပ်ရာထူးနဲ့ နောက်ဆုံးတက်မယ့် တပ်မတော်နေ့ဖြစ်လာနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့နှစ်တွေက တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမှာတွေ့ရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒီကနေ့ ကျရောက်တဲ့ ၈၁ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ခါးကျီးပေါင်းရောဂါကြောင့် ခွဲစိတ်ကုသထားရတယ်ဆိုတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖို့ရှိနေပါတယ်။
ဒီစစ်ရေးပြအခမ်းအနားဟာ တပ်ချုပ်အဖြစ်နဲ့ နောက်ဆုံးတက်ရောက်နှုတ်ဆက်တဲ့ တပ်မတော်နေ့ ဖြစ်လာနိုင်တယ်လို့ နေပြည်တော်အသိုင်းအဝိုင်းမှာပြောဆိုမှုတွေ ရှိပါတယ်။
စစ်အာဏာရှင်တွေကြီးစိုးတဲ့ မြန်မာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၁၀ ဦးမြောက် တပ်ချုပ်အဖြစ်ကနေ အနားယူမယ့်သူဖြစ်လာနိုင်ပြီး ၁၁ ဦးမြောက် တပ်ချုပ်အဖြစ် သူ့ကိုဆက်ခံသူကိုလည်း ခန့်အပ်ရဖို့ရှိနေပါတယ်။
၂၀၂၅နဲ့ ၂၀၂၆ ခုနှစ်အတွင်း ၃ ပိုင်းခွဲကျင်းပခဲ့တဲ့ စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမယ့်အစိုးရသစ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတရာထူးထမ်းဆောင်မယ်ဆိုတဲ့ ပြောဆိုချက်တွေရှိနေပါတယ်။
စစ်က္ကသိုလ်အပတ်စဥ် ၁၉ ဆင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတရာထူးထမ်းဆောင်မယ်ဆိုရင် ၂၀၁၂ ခုနှစ်က တပ်ချုပ်ရာထူးယူခဲ့တဲ့သူဟာ အခု ၁၅ နှစ်ကြာမှာ ဒီရာထူးကိုစွန့်ခွာမယ်လို့ နားလည်ရပါတယ်။
ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း တပ်မတော်နေ့အပြီးမှာ တပ်မတော်မှာ ခေါင်းဆောင်အပြောင်းအလဲဖြစ်မယ်လို့ မတ်လ ၂၆ ရက်က အငြိမ်းစားတပ်မတော်အရာရှိကြီးတွေကို ဂါရဝပြုပွဲမှာ ပြောထားပါတယ်။
ဒါပေမဲ့ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရော နောက်အစိုးရသစ်မှာပါဝင်လာမလား ဒါမှမဟုတ် စစ်တပ်မှာကျန်ခဲ့မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
လောင်စာဆီအကျပ်ဆိုက်ချိန် ဒေသ ၃ ခုမှာ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးမှုရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စစ်တပ်ရဲ့ လေကြောင်းသရုပ်ပြ (ပုံဟောင်း) ကမ္ဘာ့ရေနံစျေးကွက်မတည်ငြိမ်၊ လောင်စာဆီစျေးမြင့်တက်နေချိန်မှာပဲ မနေ့ မတ် ၂၆ ရက် တစ်ရက်တည်းမှာပဲ မန္တလေး၊စစ်ကိုင်းနဲ့ မကွေး ဒေသ ၃ ခုမှာ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေးလုပ်သူတွေကပြောပါတယ်။
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အနောက်ဘက်၊ ညောင်ကုန်းကျေးရွာကို မတ် ၂၆ ရက် နေ့လယ်ပိုင်းက စက်တပ်လေထီးကနေ ဗုံးကြဲတာကြောင့် ၄ ဦး သေဆုံးတယ်လို့ ဒေသတွင်းအခြေအနေတွေကို ဖော်ပြပေးနေတဲ့ လူထုသတင်းကွန်ရက် - မလှိုင် အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
ညောင်ကုန်းကျေးရွာထဲက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအနီး၊ ရွာအရှေ့ဘက်နဲ့ ရွာအနောက်ဘက် စတဲ့ ၃ နေရာမှာ စက်တပ်လေထီးကချတဲ့ ဗုံးတွေပေါက်ကွဲခဲ့တာလို့ သူက ပြောပါတယ်။
ဗုံးပေါက်ကွဲတာကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး၊ အသက် ၃၀ ကျော် အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ပြီး အသက် ၁၃ နှစ် အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူထုသတင်းကွန်ရက် - မလှိုင် အဖွဲ့ကသိရှိရပါတယ်။
“ အိမ်ပေါ်ကျလို့ အိမ်ထဲနေတဲ့သူ ၃ ဦး နဲ့ လမ်းပေါ်ကျတဲ့အလုံးက ပြေးရှောင်တဲ့ တစ်ယောက်ကို ထိခိုက်ပြီး သေဆုံးခဲ့တာပါ။ မြေပြင်အခြေနေက တိုက်ပွဲလည်းမရှိပါဘူး ရွာပတ်ဝန်းကျင်မှာ တော်လှန်ရေးအဖွဲ့တွေလည်း မရှိပါဘူးဗျ”လို့ တာဝန်ရှိသူက ပြောပါတယ်။ အိမ် ၈ လုံးနဲ့ ဆိုင်ကယ် ၁ စီးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးအနောက်ဘက်ခြမ်းနဲ့ ဒီပဲယင်းအနောက်မြောက်အစပ်က ဂေါင်းစမရွာနဲ့ သစ်ရအိုက်ရွာတို့မှာလည်း မနေ့ မတ် ၂၆ ရက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခံရတယ်လို့ ရေဦးသတင်းတွေကို ဖော်ပြပေးနေတဲ့ သတင်းတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။
မကွေးတိုင်းဘက်မှာတော့ မတ် ၂၆ ရက် နေ့လယ်ပိုင်းက ထီးလင်းမြို့နယ် ကဇွန်းထောင့်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် ကဇွန်းထောင့်ရွာ (ရွာသစ်) အတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၆၀ ကျော်အရွယ် ဒေသခံ ၂ ဦး လက်မောင်းနဲ့ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြတဲ့ ယောအလင်းတန်းက သိရှိရပါတယ်။
ဒါအပြင် လူနေအိမ် ၅ လုံးမီးလောင် ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
Blood Money - သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ကတော့ အာဆီယံ၊ အီးယူ အပါအဝင် ယူကေနဲ့ နိုင်ငံတကာ အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ပြစ်ဒဏ်ပေး အရေးယူဖို့နဲ့ လေယာဉ်ဆီနဲ့ ရေကြောင်းအာမခံဝန်ဆောင်မှုရရှိနေတာကို နိုင်ငံများအကြား ညှိနှိုင်းချမှတ်ပြီး အရေးပေါ်ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ဖို့ မနေ့ မတ် ၂၆ ရက်မှာ တောင်းဆိုထုတ်ပြန်ထားပါတယ်။
ငလျင်ကြီးတစ်နှစ်ပြည့် - ဘန်ကောက်ပြိုကျအဆောက်အဦကမြန်မာလုပ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၅ မတ် ငလျင်မှာပြိုကျခဲ့တဲ့ ၃၄ ထပ်ရှိတဲ့ ဆောက်လက်စအဆောက်အဦ(ပုံဟောင်း) မြန်မာနိုင်ငံသားတွေအတွက် ၂၀၂၅ မတ် ၂၈ ရက်ဟာ မမေ့နိုင်စရာရက်စွဲဖြစ်ပါတယ်။မြန်မာမှာငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ဒဏ်ကို အိမ်နီးချင်းနိုင်ငံတချို့လည်း သက်ရောက်ခံစားခဲ့ရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာတော့ ၃၄ ထပ်ရှိတဲ့ ဆောက်လက်စ အဆောက်အဦတစ်ခု အလုံးလိုက် ပြိုကျခဲ့ပါတယ်။ အဲဒီလုပ်ငန်းခွင်မှာ မြန်မာရွှေ့ပြောင်းဆောက်လုပ်ရေးအလုပ်သမားတွေ အလုပ်လုပ်နေခဲ့ကြပြီး နေရာမှာတင် အသက်ပေးခဲ့ရသူတွေရော အသက်ဘေးကလွတ်လာသူတွေရော ဆယ်နဲ့ချီ ရှိပါတယ်။
ဘန်ကောက်၊ ချက်တူချက်အရပ်က ၃၄ ထပ်ရှိတဲ့ ဆောက်လုပ်လက်စစာရင်းစစ်ချုပ်ရုံးအဆောက်အဦ ပြိုကျမှုကနေ လွတ်ခဲ့တဲ့ မြန်မာအလုပ်သမားတချို့ဟာ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံရဲ့ တခြားဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြဆဲပါ။
အရင်နဲ့မတူတော့တာက ကျယ်လောင်တုန်ဟီးတဲ့အသံကြားရင် ထိတ်လန့်စိတ်ဖြစ်နေကြသလို အမြင့်တက်ဖို့ စိုးရိမ်စိတ်တွေလည်း ပိုကဲလာပါတယ်။
"အသက်ဘေးကနေ လွတ်အောင်ပြေးခဲ့ရတော့ အခုလောက်ဆို နည်းနည်း အသံကြားတာနဲ့ ပြေးဖို့ လွှားဖို့ကိုပဲ သတိရတာပေါ့။ အထပ်မြင့်ကြီးတွေကို အခုချိန်ထိ မတက်ရဲသေးဘူး၊ ဒါအမှန်အတိုင်းပဲ" လို့ ငလျင်ဘေးက လွတ်လာသူ ကိုလှဝင်းနိုင်က ပြောပါတယ်။
တစ်နှစ်ကာလသူတို့ရဲ့ ဘဝအပြောင်းအလဲတွေနဲ့ စိတ်ဒဏ်ရာတွေကိုကုစားနေကြရတဲ့အခြေအနေကို အထူးဆောင်းပါးမှာ ဖတ်နိုင်ပါပြီ။
ရန်ကုန် စက်သုံးဆီစျေး ကျပ် ၁,၂၀၀ ကျော်မြင့်တက်၊ နိုင်ငံတဝန်း ဆီရောင်းချမှုကန့်သတ်ပြောင်းလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စက်သုံးဆီ တန်းစီနေကြရသူတွေ ရန်ကုန်စက်သုံးဆီစျေးကွက်မှာ 92၊ 95 ဓာတ်ဆီနဲ့ ဒီဇယ် စက်သုံးဆီတွေရဲ့ တစ်လီတာစျေးနှုန်းတွေဟာ တစ်ပတ်အတွင်း ကျပ် ၈၀၀ ကနေ ၁,၂၀၀ ကျော်အထိ ဆီအမျိုးအစားအလိုက် စျေးခုန်တက်သွားပါတယ်။
အမေရိကန်- အစ္စရေးနဲ့ အီရန်တို့ကြားက စစ်ရေးပဋိပက္ခပိုတင်းမာလာပြီး အီရန်က အမေရိကန်နဲ့ ညှိနှိုင်းမှုမလုပ်ဘူးလို့ပြောခဲ့တဲ့နောက် ကမ္ဘာ့ရေနံစျေးကွက် မတည်ငြိမ်သလိုစျေးနှုန်းလည်း ပိုမြင့်လာပါတယ်။
ရန်ကုန်စျေးကွက်မှာ မတ် ၂၇ ရက် ဈေးနှုန်းအရ 92 ဓာတ်ဆီတစ်လီတာ ကျပ် ၄,၄၅၀၊ 95 ဓာတ်ဆီတစ်လီတာ ကျပ် ၄,၉၇၅၊ ရိုးရိုး ဒီဇယ်တစ်လီတာ ကျပ် ၅,၄၅၀၊ ပရီမီယံ ဒီဇယ် တစ်လီတာ ကျပ် ၆,၀၈၅ ဖြစ်ပါတယ်။
စက်သုံးဆီကော်မတီရဲ့ ပြီးခဲ့တဲ့ သောကြာနေ့ မတ် ၂၀ ရက်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် မတ် ၂၇ ရက် ဒီကနေ့ သောကြာနေ့ ရောက်တဲ့ တစ်ပတ်အတွင်းမှာ 92 ဓာတ်ဆီ တစ်လီတာကို ကျပ် ၈၄၀ ၊ 95 တစ်လီတာကို ကျပ် ၁,၁၂၅ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ကျပ် ၁,၂၀၀ ကျော် မြင့်တက်လာတာဖြစ်ပါတယ်။
မတ် ၂၀ ရက် ကနေ မတ် ၂၆ ရက်အထိ 92 တစ်လီတာ ကျပ် ၃,၆၁၀၊ 95 တစ်လီတာ ကျပ် ၃,၈၅၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၄,၃၉၀၊ ပရီမီယမ် ဒီဇယ် တစ်လီတာကျပ် ၄၈၂၀ ဖြစ်ခဲ့တာပါ။
တချိန်တည်းမှာပဲ စစ်ကော်မရှင်ရဲ့ ယာဥ်အင်ဂျင်ပါဝါအလိုက် စက်သုံးဆီကန့်သတ်ရောင်းချမယ့်စနစ်ကိုလည်း ဒီကနေ့ မတ် ၂၇ ရက်မှာ စတင်ပြီဖြစ်ပါတယ်။
ဒီစနစ်မှာ ကားရဲ့ ဝှီးတက်မှာ အာမခံ အမှတ်အသား ဟိုလိုဂရမ်ပါရှိမှသာ စက်သုံးဆီ အရောင်းဆိုင်ဝန်ထမ်းက Scan - စကန်န် ဖတ်ရောင်းချမှာဖြစ်ပြီး ယာဉ်နံပါတ်၊ တစ်ပတ်အတွင်း ဝယ်ယူခွင့်ပမာဏ၊ ဝယ်ယူပြီး ပမာဏ၊ ကျန် ပမာဏပေါ်လာမှာဖြစ်တယ်လို့ စစ်ကော်မရှင် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
တပတ်အတွင်းမှာ ဆိုင်ကယ်ဆိုရင် ၂ ကြိမ်နှုန်းနဲ့ ၈ လီတာ၊ သုံးဘီးဆိုရင် ၂၅ လီတာကို ၃ကြိမ်ခွဲရောင်းမှာဖြစ်ပြီး၊ အိမ်စီးကားနဲ့ ဌာနဆိုင်ရာကားတွေဆိုရင် စက်အင်ဂျင်စွမ်းအားအလိုက် ၂၀၀၀ စီစီ ၃၀၀၀ စီစီအထက်အထိ ၃၅ လီတာကနေ ၄၅ လီတာအထိ တစ်ပတ်အတွင်း ၂ ကြိမ်ခွဲပြီးဝယ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။
လူမှုကူညီရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ စည်ပင်အမှိုက်သိမ်းယာဉ်၊ ရေပုပ်စုတ်ယာဉ်တွေကတော့ ကိုယ်တာ သတ်မှတ်ထားတာ မရှိဘဲ လိုအပ်တဲ့ ပမာဏအတိုင်း ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။
စက်သုံးဆီကော်မတီရဲ့ တရားဝင်သတ်မှတ်နှုန်းထားမှာတင် မန္တလေး စက်သုံးဆီစျေးကရန်ကုန်၊ နေပြည်တော် စက်သုံးဆီစျေးထက် တစ်လီတာကို ကျပ် ၁၀၀ ကျော်ပိုစျေးမြင့်ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ဆိုရင်တော့ ကျပ် ၂၀၀ ကနေ ကျပ် ၄၀၀ ဝန်းကျင်ကြား စီကွာဟနေပါတယ်။
မြေပြင်မှာတော့ ရန်ကုန်၊နေပြည်တော်နဲ့ မန္တလေးလို မြို့ကြီးတွေကလွဲလို့ နယ်ဒေသတွေမှာတော့ ဒေသအလိုက်မြို့ကြီးတွေရဲ့ စျေးနှုန်းထက် ၂ ဆ ကနေ ၃ ဆ အတွင်း စျေးမြင့်တက်နေတာဖြစ်ပါတယ်။
တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်ခံရတာတွေ ရှိနေတဲ့ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမှာတော့ ဒီဇယ် ၁ လီတာကို ၁၃,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်ကတော့ စက်သုံးဆီ ရက် ၅၀ စာကျန်ရှိပြီး လုံလောက်နိုင်တဲ့ အခြေအနေရှိတယ်လို့ပြောထားပေမဲ့ စျေးနှုန်းတွေမြင့်တက်ပြီး ဆီဝယ်ယူမှု အကန့်အသတ်တွေရှိလာတာဖြစ်ပါတယ်။
မင်္ဂလာပါ။ မတ် ၂၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။
နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။
