ပဲခူးတိုင်း၊ ရေတာရှည် တကြော စစ်တောင်းမြစ်ဝှမ်းအရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းက ကျေးရွာတွေက စစ်တပ်အထိုင်ချ စခန်းတွေကို အခုရက်ပိုင်းအတွင်းမှာ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် PDF က ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
နေပြည်တော် PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်တုန်းက စစ်တောင်းမြစ် အနောက်ဘက်ကမ်း ဒိုးတန်းရွာက အင်အား ၄၀ ခန့်ရှိတဲ့ စစ်တပ်အထိုင်ချစခန်းကို တိုက်ခိုက်ခဲ့ပြီး ဒိုးတန်းတိုက်ပွဲကိုစစ်ကူလာတဲ့ အင်အား ၇၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ အနောက်ဘက်ကမ်းက ခင်တန်းလေး ကျေးရွာမှာ အထိုင်ချတဲ့ စစ်တပ်စခန်း၊ အရှေ့ဘက်ကမ်းက အိုးမြေဒူးရွာမှာ အင်အား ၆၀ ခန့်နဲ့ အထိုင်ချနေတဲ့ စစ်တပ်စခန်း တို့ကိုပါ တပြိုင်နက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီပူးပေါင်းစစ်ဆင်ရေးကို နေပြည်တော် PDF တပ်ရင်းတွေနဲ့ မဟာမိတ်အဖွဲ့တွေကဖော်ဆောင်တာ ဖြစ်ပြီး တစ်ရက်တာအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အယောက် ၄၀ ကျော်သေဆုံးတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ဆိုပါတယ်။
စစ်တောင်းမြစ်ဝှမ်းတခွင် တိုက်ပွဲပြင်းထန်တဲ့ ဒီဇင်ဘာ ၃၀ ရက်မှာပဲ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းဒေသဘက်မှာလည်း အာရက္ခတပ်တော် (အေအေ) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲပြန်ဖြစ်နေတယ်လို့ စစ်ရေးအရင်းအမြစ်တချို့ဆီက သိရပါတယ်။
“ပဲခူးအနောက်ခြမ်းက ၃၀ ရက်နေ့ မနက်ကစပြန်ဖြစ်တာ။ ပွိုင့်၆၆၆ လုံးက ထွက်ပြေးလာသူ ၆ ဦး ကို အေအေ က လက်နက်နဲ့အတူ ဖမ်းမိတယ်လို့လည်း ကြားတယ်” လို့ အေအေစစ်ရေး အရင်းအမြစ်တဦးက ပြောပါတယ်။
ဒ့ါအပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်က စစ်ဘေးရှောင်တွေနေထိုင်တဲ့ တယ်လေးရွာကို မနေ့ ဒီဇင်ဘာ ၃၁ ရက် နေ့လယ် ၁ နာရီခန့်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF အရင်းအမြစ်ဆီက သိရပါတယ်။
ဗုံးစထိမှန်ပြီး အသက် ၅၀ ကျော် အမျိုးသမီးကြီး နှစ်ဦး၊ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးနဲ့ အသက် ၁၂ အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့သလို စိုးရိမ်ရ ဒဏ်ရာရသူ နှစ်ဦးလည်း ရှိတယ်လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ နတ်တလင်းမြို့နယ်မှာတော့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ စစ်တပ်က ရွေးကောက်ပွဲ ပထမပိုင်းပြုလုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့တဲ့ ရေတာရှည်နဲ့ ပန်းတောင်းမှာတော့ လာမယ့် ဇန်နဝါရီ ၁၁ ရက်ကျရင် ရွေးကောက်ပွဲ ဒုတိယပိုင်းပြုလုပ်ဖို့ရှိနေပါတယ်။