ဇူလိုင်လ ၁ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့ သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းနိုင်ငံဖွဲ့စည်းပုံဆိုင်ရာခုံရုံးဟာ ဝန်ကြီးချုပ်ပေထုန်တန် ရှင်နာဝပ်ကို ရာထူးကနေ ဆိုင်းငံ့ဖို့ ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ဆုံးဖြတ်လိုက်တဲ့ သတင်းအပါအဝင် ဇူလိုင် ၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဇူလိုင်လ ၁ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့ သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ကို ရာထူးကနေဆိုင်းငံ့ထားဖို့ နိုင်ငံ့ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်လိုက်တဲ့တစ်နေ့တည်းမှာပဲ ပေထုန်တန်အစိုးရအဖွဲ့ကို နောက်ကွယ်ကနေ ကြိုးကိုင်သူလို့ ရှုမြင်ခံရတဲ့ သူ့ ဖခင် သက်ဆင် ရှင်နာဝပ်လည်း သူ့ရဲ့ နိုင်ငံရေးပြဿနာတွေ ရှင်းနေရချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
သက်ဆင်ဟာ ပြီးခဲ့တဲ့ ၉ နှစ်တုန်းက တောင်ကိုရီးယားသတင်းစာတစ်ခုကို ပြောတဲ့ အင်တာဗျူးတစ်ခုမှာ ထိုင်းဘုရင်စနစ်ကို စော်ကားတယ်ဆိုတဲ့တရားစွဲဆိုမှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
သက်ဆင်ဟာလည်း သမီးဖြစ်သူ ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံရတဲ့နေ့မှာပဲ သူ့အပေါ် တရားစွဲဆိုမှုတွေကို စတင် တရားရင်ဆိုင်ရတာပါ။
သက်ဆင်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ပြည်ပမှာ နေထိုင်ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံကို ၂၀၂၃ ခုနှစ်မှာ ပြန်ဝင်လာခဲ့ပါတယ်။ ဒါကြောင့် သက်ဆင်ဟာ ထိုင်းတော်ဝင်မိသားစု ဥပဒေနဲ့ နောက်ဆုံးတရားစွဲခံရတဲ့ လူသိရှင်သိအဖြစ်ဆုံး ထိုင်းနိုင်ငံရေးသမားတစ်ဦး ဖြစ်လာပါတယ်။
အာဏာရ ဖုအာထိုင်းပါတီနဲ့ သူ့ရဲ့ အရင်ကွန်ဆာဗေးတစ် မိတ်ဟောင်းဆွေဟောင်းတွေကြား အပေးအယူရဲ့တစ်စိတ်တစ်ပိုင်းကြောင့် သက်ဆင်ရဲ့ပြည်တော်ပြန်မှု ထွက်ပေါ်လာခဲ့တာပါ။
အဲဒီမိတ်ဟောင်းဆွေဟောင်းတွေထဲမှာ ရှင်နာဝပ်အစိုးရ နှစ်ခုကို အာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ ထိုင်းစစ်တပ်၊ ဘုရင်စနစ်နဲ့ နီးကပ်တဲ့အစုအဖွဲ့တွေထဲက ပါဝင်ပါတယ်။
ဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ဟာ ဖုအာထိုင်းပါတီအတွက်ဆိုရင် တစ်နှစ်နီးပါးအတွင်း နိုင်ငံ့ဖွဲ့စည်းပုံခုံရုံးရဲ့အဆုံးအဖြတ်ခံရမယ့် ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်လာပါတယ်။
သူ့အရှေ့က ဖုအာထိုင်းပါတီရဲ့ ဝန်ကြီးချုပ် ဆေထာထဝီဆင်ဟာလည်း ဖွဲ့စည်းပုံ ခုံရုံးဆုံးဖြတ်ချက်ကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ သူ့ ဝန်ကြီးချုပ်သက်တမ်း တစ်နှစ်မပြည့်ခင်မှာပဲ ရာထူးက ဖယ်ရှားခံခဲ့ရတာပါ။
ဒီဖြစ်ရပ်ဟာ အဲဒီတုန်းက ဝန်ကြီးချုပ် ဆေထာတစ်ယောက် ရှင်နာဝပ် မိသားစုရဲ့ရှေ့နေဟောင်း ပီချစ် ချွမ်ဘန်ကို အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရာကနေ စတင်ပါတယ်။
ပီချစ် ချွမ်ဘန်ဟာ တရားရေးဝန်ထမ်းတဦးကို လာဘ်ပေးဖို့ ကြိုးပမ်းပြီး တရားရုံးကို မထီမဲ့မြင်ပြုလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ၂၀၀၈ ခုနှစ်မှာ ခေတ္တအကျဥ်းချခံခဲ့ရသူဖြစ်ပါတယ်။
အတိုက်အခံတွေကတော့ ကျင့်ဝတ်နဲ့မညီဘူးလို့ စွပ်စွဲပြီး ဖွဲ့စည်းပုံခုံရုံးကို တိုင်ကြားခဲ့ကြပါတယ်။
ဖွဲ့စည်းပုံခုံရုံးတရားသူကြီး ၉ ဦးမှာ ၅ မဲ၊ ၄ မဲနဲ့ အတည်ပြုလိုက်တာကြောင့် ထိုင်းဝန်ကြီးချုပ်ဆေထာရဲ့ ဝန်ကြီးချုပ်သက်တမ်းဟာ တာဝန်ယူပြီး တစ်နှစ်အတွင်းမှာပဲ အဆုံးသတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၈ ရက်မှာ ဝန်ကြီးချုပ်ရာထူးရယူခဲ့တဲ့ ပေထုန်တန်ဟာ သက်တမ်း ၁၁ လထဲ ရောက်လာချိန်မှာပဲ ဖွဲ့စည်းပုံ ခုံရုံးရဲ့ ကနဦး အဆုံးအဖြတ် ခံရပါတယ်။
ကမ္ဘောဒီးယားနဲ့ဖြစ်တဲ့နယ်စပ်အငြင်းပွားမှုအရေးအတွက် ဖခင်ဖြစ်သူ သက်ဆင်နဲ့ ခင်မင်ရင်းနှီးသူလို့ အများက မှတ်ယူထားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ပြောဆိုတဲ့ ဖုန်းခေါ်ဆိုမှု အသံဖိုင် ပေါက်ကြားရာကနေ စတင်ပါတယ်။
အတိုက်အခံရှေးရိုးစွဲတွေကတော့ ဝန်ကြီးချုပ် ပေထုန်တန်ဟာ ကမ္ဘောဒီးယားဘက်ယိမ်းတယ်လို့ ဒီဖုန်းခေါ်ဆိုချက်ကို အခြေခံ စွပ်စွဲပြီး ဝန်ကြီးချုပ်ကို ဖွဲ့စည်းပုံခုံရုံးကို တိုင်ကြားခဲ့တာပါ။
ဒီနေ့မှာတော့ ဒီတိုင်တန်းချက်ကို ခုံရုံးက လက်ခံလိုက်သလို ဝန်ကြီးချုပ် ပေထုန်တန်ကို ရာထူးကနေ ဆိုင်းငံ့ထားဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့ ပေထုန်တန်ဟာ ခုံရုံးက သူ့အပေါ် ဆုံးဖြတ်ထားတဲ့ ဒီဆုံးဖြတ်ချက်ကို ၁၅ ရက်အတွင်း ချေပနိုင်တယ်လို့လည်း ခုံရုံးက ဆုံးဖြတ်ထားပါတယ်။
ပေထုန်တန် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲက နုတ်ထွက်သွားတဲ့ ဖွန်ကျန်ထိုင်းပါတီက ထိုင်းအလုပ်သမားဝန်ကြီးနေရာမှာ ပုံကာဝင် ဂျွန်ရွန်းရန်ကီကို အစားထိုး ခန့်အပ်လိုက်ပါပြီ။
သူက ပေထုန်တန်ရဲ့ ဖုအာထိုင်းပါတီကပဲ ဖြစ်ပါတယ်။
ညွန့်ပေါင်းအစိုးရကနေ အလုပ်သမားဝန်ကြီးအပါအဝင် ဝန်ကြီးနေရာ ၇ နေရာထက်မနည်း နုတ်ထွက်သွားတာကြောင့် ဒီနေ့မှာ အသစ်ပြန်လည်ခန့်အပ်တာပါ။
အလုပ်သမားဝန်ကြီး နုတ်ထွက်တာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပန်းရောင်ကတ် သက်တမ်းတိုးလုပ်ငန်းရပ်တန့်သွားမှာကို စိုးရိမ်ချက်တွေရှိခဲ့ပါတယ်။
ဒီနေ့ လူသစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းလာတဲ့ အစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးနေရာကတော့ လစ်လပ်နေဆဲဖြစ်ပါတယ်။
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ မုံရွာထောင်ကနေ မန္တလေးမြို့က အိုးဘိုထောင်ကို ပြောင်းရွှေ့ခံရပြီးနောက်မှာ ထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက်တာကို ခံရပြီး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ဒီနေ့ထုတ်ပြန်ပါတယ်။
ကိုဝေမိုးနိုင်အပါအဝင် အကျဉ်းသား ၂၀၀ ဝန်းကျင်ဟာ ဇွန် ၁၂ ရက်မှာ မုံရွာမြို့ အကျဉ်းထောင်ကနေ အိုးဘိုထောင်ကို ပြောင်းရွှေ့ခံခဲ့ရတာဖြစ်ပါတယ်။
PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးကတော့ ထောင်ဝန်ထမ်းတွေက အိုးဘိုထောင်ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်တာ၊ ဖိနှိပ်ဆက်ဆံမှုတွေရှိတယ်လို့ပြောပါတယ်။
“ကိုဝေမိုးနိုင်လို လူသိများတဲ့သူတွေကိုတောင် အခုလိုလုပ်နေတော့ နိုင်ကျဉ်းတွေရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့နိုင်ငံရေးသမားတွေ အိုးဘိုထောင်မှာ ချုပ်နှောင်ခံထားရပါတယ်။
အိုးဘိုထောင်မှာ ထောင်အာဏာပိုင်တွေဟာ ပုံစံထိုင် လေ့ကျင့်ခန်းလုပ်တာကို လုပ်သင့်တဲ့ အကြိမ်ထက် ပိုပြီး လုပ်ခိုင်းတာတွေရှိခဲ့တယ်လို့လည်း အဲဒီထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တွေက ဘီဘီစီကို ပြောထားဖူးပါတယ်။
လက်ရှိမှာ ကိုဝေမိုးနိုင်ဟာ ဆေးဝါးကုသမှု ခံယူခွင့်မရဘဲ တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်ကို ကိုးကားပြီး PPNM က ထုတ်ပြန်ပါတယ်။
အိုးဖိုထောင်က အခြေအနေတွေနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက နေပြည်တော်က အကျဉ်းဦးစီးဌာနကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ဝန်းကျင်ရှိမယ်လို့ PPNM က ခန့်မှန်းပါတယ်။
ဒီထောင်မှာ ဖမ်းဆီး ထောင်ချခံရချိန်အတွင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးအပါအဝင် သေဆုံးတဲ့နိုင်ငံရေးအကျဉ်းသား ၅၆ ဦးအထိ ရှိတယ်လို့ မြန်မာ့အကျဥ်းထောင်သက်သေ (MPW) အဖွဲ့က ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ကို ရာထူးကနေ ဆိုင်းငံ့ထားဖို့ ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ် လိုက်တာကြောင့် ယာယီဝန်ကြီးချုပ်နေရာကို လက်ရှိဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး တာဝန်ယူထားတဲ့ ဆူရိယ ဂျွန်ရွန်းရန်ကီက တာဝန်ယူမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဖွဲ့စည်းပုံဆိုင်ရာခုံရုံးဟာ ဝန်ကြီးချုပ်ပေထုန်တန် ရှင်နာဝပ်ကို ရာထူးကနေ ဆိုင်းငံ့ဖို့ ဒီနေ့ နေ့လယ်ပိုင်းမှာပဲဆုံးဖြတ်လိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းဆက်ပြောဆိုမှုပေါက်ကြားလာပြီးနောက် အဲဒီဖုန်းပြောဆိုမှုမှာ ဝန်ကြီးချုပ်ပြောခဲ့တဲ့စကားတချို့ဟာ ကျင့်ဝတ်နဲ့မညီခဲ့ဘူးဆိုပြီး ထိုင်းအတိုက်အခံလွှတ်တော်အမတ်တွေက ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကို စွပ်စွဲတိုင်ကြားခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ ခုံရုံးရဲ့ ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အစိုးရအဖွဲ့မှာ ယဥ်ကျေးမှု ဝန်ကြီးအဖြစ်ဆက်ရှိမယ်လို့ သိရပါတယ်။
ပေထုန်တန်ကို ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ဖို့ ခုံရုံးက ဒီနေ့ နေ့လယ်ပိုင်းမှာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီမတိုင်ခင်မှာ အစိုးရအဖွဲ့ ရာထူးအပြောင်းအလဲကို ထိုင်းဘုရင်မင်းမြတ်က တရားဝင်ထောက်ခံပေးထားပြီးဖြစ်လို့ အစိုးရအသစ်မှာ ပေထုန်တန်ဟာ ဒုတိယဝန်ကြီးချုပ်နဲ့ ယဉ်ကျေးမှု ဝန်ကြီးတာဝန်ကို ဆက်ယူမှာဖြစ်ပါတယ်။
ပေထုန်တန်ဟာ ယဉ်ကျေးမှုဝန်ကြီးရာထူးကို ကြာသပတေးနေ့မှာ ကျမ်းကျိန်ဆိုပြီးရယူမှာဖြစ်ပါတယ်။
နယ်စပ်ပြဿနာအရေး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ပြောကြားခဲ့တဲ့ ဖုန်းခေါ်ဆိုမှုမှာ ပေထုန်တန်ဟာ ဝန်ကြီးချုပ်ရာထူးနဲ့အညီ ပြောဆိုခဲ့တာမရှိခဲ့ဘူးဆိုပြီး သူ့ကို ရာထူးကနေ ဆိုင်းငံ့ဖို့ ထိုင်းအထက်လွှတ်တော် ဥက္ကဋ္ဌနဲ့ အထက်လွှတ်တော်အမတ်တချို့က ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကို လျှောက်ထားခဲ့တာပါ။
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ပေထုန်တန်တို့ ဖုန်းပြောဆိုမှု အသံဖိုင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေ အတွင်း ပေါက်ကြားခဲ့ပါတယ်။ ဟွန်ဆန်ကတော့ အဲဒီအသံဖိုင်ကို နိုင်ငံရေးသမား အယောက် ၈၀ နဲ့ မျှဝေခဲ့ပြီး အဲဒီထဲက တစ်ယောက်က ပေါက်ကြားခဲ့မှုဖြစ်ခဲ့တာလို့ပြောသလို နောက်ပိုင်းမှာ အဲဒီအသံဖိုင်ကို သူ့ရဲ့ဖေ့ဘွတ်ခ် မှာ တင်ခဲ့ပါတယ်။
အသံဖိုင်ထဲမှာ ပေထုန်တန်က ဟွန်ဆန်ကို ဦးလေးလို့ သုံးနှုန်းခဲ့သလို ထိုင်းစစ်တပ်အရာရှိတစ်ဦးကို ရည်ညွှန်းတဲ့အဓိပ္ပါယ်ပါတဲ့စကားတချို့ကိုလည်း ပြောခဲ့ပါတယ်။
အဲဒီအသံဖိုင် ပေါက်ကြားလာပြီးတဲ့နောက် ပေထုန်တန်က တောင်းပန်သလို နယ်စပ်အငြင်းပွားမှုအရေးနဲ့ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းနည်းတစ်ခုအနေနဲ့ အခုလို ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ ရှေးရိုးစွဲ ထိုင်းအမတ်တွေကတော့ ပေထုန်ထန်အနေနဲ့ ကမ္ဘောဒီးယားကို အလျှော့ပေးတာ၊ နိုင်ငံ့စစ်တပ်အပေါ် မေးခွန်းထုတ်တာလို့ဆိုပြီး စွပ်စွဲကာ ဖွဲ့စည်းပုံခုံရုံးကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။
တဖက်မှာလည်း ပေထုန်တန်ဟာ သူ့ကို ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့တာနဲ့ ပတ်သက်လို့ ခုံရုံးဆုံးဖြတ်ချက်ကို ၁၅ ရက်အတွင်း အယူခံ ဝင်နိုင်မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဖွဲ့စည်းပုံဆိုင်ရာခုံရုံးဟာ ဝန်ကြီးချုပ်ပေထုန်တန် ရှင်နာဝပ်ကို ရာထူးကနေ ဆိုင်းငံ့ဖို့ ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ဆုံးဖြတ်လိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းဆက်ပြောဆိုမှု ပေါက်ကြားလာပြီးနောက် အဲဒီဖုန်းပြောဆိုမှုမှာ ဝန်ကြီးချုပ်ပြောခဲ့တဲ့စကားတချို့ဟာ ကျင့်ဝတ်နဲ့မညီခဲ့ဘူးဆိုပြီး ထိုင်းအတိုက်အခံလွှတ်တော်အမတ်တွေက ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကို စွပ်စွဲတိုင်ကြားခဲ့တာဖြစ်ပါတယ်။
တိုက်အခံအမတ်တွေရဲ့တင်ပြမှုကို ခုံရုံးက ဒီနေ့မနက်အစောပိုင်းမှာ ကြားနာခဲ့ပြီးတဲ့နောက်မှာ ခုံရုံးအဖွဲ့ဝင်တွေက အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ပေထုန်တန်အနေနဲ့ အခုဆုံးဖြတ်ချက်ကို ၁၅ ရက်အတွင်း ပြန်လည်ချေပနိုင်မယ်လို့လည်း ခုံရုံးက ဆုံးဖြတ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်နဲ့ ဖုန်းပြောထားတဲ့အသံဖိုင်တစ်ခု အခုလအတွင်း ပေါက်ကြားလာပါတယ်။
မစ္စတာ ဟွန်ဆန်ကတော့ အဲဒီအသံဖိုင်ကို နိုင်ငံရေးသမား အယောက် ၈၀ နဲ့ မျှဝေခဲ့တယ်လို့ပြောပြီး သူတို့ထဲက တစ်ဦးဟာ အဲဒီအသံဖိုင်ကို ဖွင့်ချခဲ့တာလို့ ဆိုပါတယ်။
၁၇ မိနစ်ကြာတဲ့အဲဒီအသံဖိုင်ကို ဟွန်ဆန်က သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ နောက်ပိုင်းမှာ တင်ခဲ့ပါတယ်။
အဲဒီဖုန်းခေါ်ဆိုမှုဟာ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကြား မေလနှောင်းပိုင်းတုန်းက ဖြစ်ခဲ့တဲ့နယ်စပ်ထိတွေ့မှုအတွင်း ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးမှုဖြစ်ခဲ့ပြီးတဲ့နောက် နောက်ဆုံးဖြစ်ထားတဲ့ အငြင်းပွားမှုဖြစ်ပါတယ်။
ဒီအငြင်းပွားမှုကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံရဲ့ဆက်ဆံရေးဟာ ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးကို ရောက်လာခဲ့ပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံတင်းမာမှုဟာ အခုမှမဟုတ်ပါဘူး။ ကမ္ဘောဒီးယားကို ပြင်သစ်သိမ်းပြီးတဲ့နောက် ရေးဆွဲခဲ့တဲ့ နယ်စပ်အရေးကြောင့် တင်းမာမှုဖြစ်နေတာ ရာစုနှစ်တစ်ခုကျော်နေပြီဖြစ်ပါတယ်။
အခုတော့ နှစ်နိုင်ငံ နယ်စပ်ကန့်သတ်ချက်တွေ လုပ်ခဲ့ပြီး ကမ္ဘောဒီးယားဟာ ထိုင်းရဲ့အစားအသောက်နဲ့ လျှပ်စစ် ကို ပိတ်ပင် တားမြစ်လိုက်သလို ထိုင်းရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေကိုလည်း တားမြစ်ထားပါတယ်။
နှစ်နိုင်ငံကြား ဒီိလိုတင်းမာမှုတွေရှိနေပေမဲ့လည်း ရှင်နဝပ် မိသားစုဟာ ဟွန်ဆန်မိသားစုနဲ့ ဆယ်စုနှစ်ကြာအောင် ရင်းနှီးချစ်ကြည်မှုရှိနေတာပါ။ ဟွန်ဆန်နဲ့ ပေထုန်တန်ရဲ့ဖခင် သက်ဆင်တို့နှစ်ဦးကြားမှာ ရင်းနှီးမှုရှိကြပါတယ်။
သံထည်အဟောင်းဆိုင်မှာ လုပ်ဖော်ကိုင်ဖက်ချင်း စကားများရန်ဖြစ်ရာက လူသတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ပိုက်စိပ်တိုက်ရှာနေတယ်လို့ ဒေသတွင်းသတင်းက ဖော်ပြပါတယ်။
ဂျလန်းအီပိုးမြို့နယ်ထဲက သံထည်အဟောင်းဆိုင်မှာ မြန်မာနိုင်ငံသားဝန်ထမ်းက အသက် ၃၇ နှစ်အရွယ် မလေးရှားနိုင်ငံသားကို ဇွန် ၂၉ ရက်မှာ သတ်ခဲ့တာလို့ မလေးရှား ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဘာမနာသတင်းဌာနက သတင်းဖော်ပြပါတယ်။
အဲဒီည ၁၁ နာရီခွဲမှာ ဆိုင်ရှင်က ရဲတပ်ဖွဲ့ကို ဝန်ထမ်း ၂ ဦး ခိုက်ရန်ဖြစ်ပွားနေတာကို အကြောင်းကြား လာခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့ကဆိုပါတယ်။
ရဲတပ်ဖွဲ့ ရောက်ချိန်မှာ မလေးရှားနိုင်ငံသားဝန်ထမ်းဟာ အင်္ကျီမပါဘဲ ထိုးသွင်းဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ တွေနဲ့ လဲကျသေဆုံးနေပြီလို့ သတင်းကဖော်ပြပါတယ်။
ထိုင်းပုဂ္ဂလိကဘဏ်တချို့က မြန်မာနိုင်ငံသားတွေ ဖွင့်ထားတဲ့ထိုင်းဘဏ်အကောင့်တွေကို ပိတ်ပစ်တာ၊ ငွေကြေးလွှဲပြောင်းနိုင်တဲ့ပမာဏကို ကန့်သတ်တာတွေလုပ်ပြီး တင်းကျပ်ကိုင်တွယ်လာပါတယ်။
အပိတ်မခံရတဲ့ မြန်မာနိုင်ငံသားဘဏ်အကောင့်တွေဆိုရင်လည်း ပြည်ပက လွှဲလိုက်တဲ့ငွေတွေ အကောင့်ထဲရောက်မလာတာနဲ့ ပြည်ပငွေလွှဲတွေကို ပိတ်ထားတာမျိုးအထိ ထိန်းချုပ်လိုက်ပါတယ်။
ဒါတင်မက ဘဏ်အကောင့်ပိတ်ခံရတဲ့ မြန်မာတွေအနေနဲ့ ပိတ်မိနေတဲ့ငွေတွေကို ဘဏ်ဘက်က ပြန်ထုတ်ပေးတာမျိုးမရှိလို့ အခက်ကြုံနေကြရတယ်လို့ ကိုယ်တွေ့ ကြုံသူတွေက ပြောပါတယ်။
အကောင့်ပြန်ဖွင့်ဖို့ဆိုရင် သက်ဆိုင်ရာမြို့နယ်က ထိုင်း ရဲစခန်းအထိ သွားရောက်ဖြေရှင်းရမှာဖြစ်လို့ မလိုအပ်တဲ့ စစ်ဆေးမှုတွေ ခံရမှာကို စိုးရိမ်ကြပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။
ကျွန်တော်က ဟိမဝန္တာတောင်တန်းကြီးတွေကို နီပေါနိုင်ငံရဲ့ မြို့တော်ကနေ ကြည့်ရင်း ကြီးလာတဲ့သူပါ။ နီပေါကနေ ထွက်လာပြီးနောက်ပိုင်း ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွေရဲ့ ကျယ်ပြန့်လှပတဲ့ ရှုခင်းတွေကို လွမ်းနေခဲ့ပါတယ်။
ခတ္တမန္ဒုမြို့ကို လာတိုင်း ဒီတောင်တန်းကြီးတွေကို မြင်ရဖို့ မျှော်လင့်မိပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ သိပ်ကံမကောင်းလှပါဘူး။
ဧပြီလမှာ နောက်ဆုံးခရီးထွက်တုန်းက တည်းခဲ့တဲ့ ဟိုတယ်ဟာ ရာသီဥတုကြည်လင်တဲ့နေ့ဆိုရင် တောင်တန်းတွေကို လှမ်းမြင်နိုင်တဲ့ အမြင့်မှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီမှာ နှစ်ပတ်နေခဲ့တုန်းမှာ အဲဒီလို နေ့ တစ်နေ့မှ မရှိခဲ့ပါဘူး။
ခတ္တမန္ဒုမြို့အပြင်ဘက်က နာဂါကော့တ်လို တကယ့် အပေါ်စီးနေရာကနေတောင် မီးခိုးမြူတွေပဲ မြင်နေရပြီး တောင်တန်းတွေ မရှိတော့သလို ဖြစ်နေပါတယ်။
"အရင်ကလိုမျိုး 'နေဝင်ချိန်၊ နေထွက်ချိန်နဲ့ ဟိမဝန္တာ' မြင်ကွင်းတွေအတွက် ဒီနေရာကို မကြော်ငြာတော့ဘူး" လို့ ၁၉၉၆ ခုနှစ်ကတည်းက ဟိုတယ်လုပ်ငန်းလုပ်နေတဲ့ ယိုဂန်ဒရာရှာကရာက ပြောပါတယ်။
ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ပို့ကုန်တင်ပို့ရာကနေရတဲ့ နိုင်ငံခြားငွေကို မြန်မာဘဏ်အကောင့်ငွေစာရင်းထဲ ပြန်မသွင်းလို့ဆိုပြီး စစ်ကောင်စီက ပို့ကုန်/ သွင်းကုန် ကုမ္ပဏီ ၁၉၇ ခုကို Black List အမည်မည်းစာရင်းသွင်းကြောင်းကြေညာပါတယ်။
အမည်မည်းစာရင်းထဲမှာ အဲဒီ ကုမ္ပဏီ ၁၉၇ ခုနဲ့အတူ ဒါရိုက်တာအဖွဲ့ဝင်တွေပါဝင်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဒီအမည်မည်းစာရင်းထဲမှာ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူပိုင်တဲ့ ဘားအံမြို့က ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီလည်းပါဝင်တာ တွေ့ရပါတယ်။
ဒီကုမ္ပဏီမှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ သား ၂ ဦးဖြစ်သူ စောထူးအယ်မူး၊စောချစ်ချစ်နဲ့ သမီးဖြစ်သူ နန်းနှင်းနန္ဒာအေးတို့ ဒါရိုက်တာအဖြစ်ပါသလို BGF ဒုခေါင်းဆောင် စောမင်းမင်းဦးလည်း ပါဝင်ပါတယ်။
စစ်ကောင်စီဟာ ပို့ကုန်တင်ပို့ရာကနေရတဲ့ နိုင်ငံခြားငွေတွေကို မြန်မာနိုင်ငံအတွင်းက ဘဏ်တွေထဲ မပျက်မကွက်ထည့်သွင်းရမယ်ဆိုပြီး ၂၀၂၃ ခုနှစ်အတွင်းက ကြေညာခဲ့တာဖြစ်ပါတယ်။
အာရှနိုင်ငံတွေကို တင်ပို့သူအနေနဲ့ ရက် ၃၀ အတွင်း၊ တခြားနိုင်ငံတွေကိုတင်ပို့သူအနေနဲ့ ရက် ၆၀ အတွင်း ဘဏ်စာရင်းထဲထည့်ဖို့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မတွေနဲ့ တင်းကျပ်ခဲ့တာဖြစ်ပါတယ်။
ငွေစာရင်းထဲထည့်သွင်းဖို့ ပျက်ကွက်သူတွေဟာ တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်မယ်လို့ ပုဒ်မ ၄၂-က မှာ ပါရှိပါတယ်။
စစ်ကောင်စီက အခုထုတ်ပြန်တဲ့စာရင်းဟာ အာဏာမသိမ်းခင် ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၂ဝ ပြည့်နှစ်အတွင်း က ငွေစာရင်းတွေဖြစ်ပါတယ်။
စစ်ကောင်စီအပြောအရ ၂၀၂၃ မှာ သတ်မှတ်ကာလအတွင်း ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေတွေအားလုံးကို ပြန်အပ်ဖို့ သတ်မှတ်ခဲ့ပေမဲ့ ပျက်ကွက်ခဲ့တာကြောင့်လို့ ပိတ်သိမ်းတာလို့ ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။
မင်္ဂလာပါ။ ဇူလိုင် ၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။