တိုက်ရိုက်ထုတ်လွှင့်မှု, မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့ သားဖြစ်သူတောင်းဆို

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့ သားဖြစ်သူတောင်းဆိုတဲ့ သတင်းအပါအဝင် ဧပြီ ၂၂ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • နေပြည်တော်မှာ ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာ ရှိနေသေးကြောင်း သက်သေပြဖို့ သားဖြစ်သူ ကင်အဲရစ်တောင်းဆို
  • တရုတ်ကွန်မြူနစ်ပါတီ၊ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီအတွင်းရေးမှူးဖြစ်သူ မစ္စတာ ရွှီကျင့် ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေပါတဲ့ MCITP အဖွဲ့တို့ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုတွေဆွေးနွေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာထိပ်တန်းလုပ်ငန်းရှင်တွေပါတဲ့ MCITP အသင်းနဲ့ တရုတ်တို့ ရင်းနှီးမြှုပ်နှံမှုတွေ ဆွေးနွေး

    ဧပြီ ၂၀ ရက် ရန်ကုန်မြို့ က မစ္စတာ ရွှီကျင့် နဲ့ တွေ့ဆုံမှုမှာ တွေ့ရတဲ့ MCITP ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူ

    ဓာတ်ပုံ ရင်းမြစ်, Yangon Region Government News

    ဓာတ်ပုံ ပုံစာ, ဧပြီ ၂၀ ရက် ရန်ကုန်မြို့က မစ္စတာ ရွှီကျင့်နဲ့ တွေ့ဆုံမှုမှာ တွေ့ရတဲ့ MCITP ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူ

    တရုတ်နိုင်ငံ၊ ဟေလုံကျန်းပြည်နယ်၊ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီ၊ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီအတွင်းရေးမှူးဖြစ်သူ မစ္စတာ ရွှီကျင့်က ဦးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ‌ ဧပြီ ၂၁ ရက်က တွေ့ဆုံခဲ့ပါတယ်။

    မစ္စတာ ရွှီကျင့်ဟာ ဒီတွေ့ဆုံမှု မတိုင်ခင် ဧပြီ ၂၀ ရက်နေ့က ရန်ကုန်မြို့မှာ မြန်မာထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေ ဦးဆောင်တဲ့ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP)နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

    မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားလည်း အဲဒီပွဲကို တက်ရောက်ခဲ့ပါတယ်။

    ဒီတွေ့ဆုံမှုကြောင်း တရားဝင်ထုတ်ပြန်တာမရှိပေမဲ့ MCITP ဘက်က ရေနံနဲ့ ဒီဇယ်ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း အဓိကဆွေးနွေးသွားမယ်လို့ MCITP ရဲ့အကြံပေး ဦးညိုအုန်းမြင့်က မစ္စတာ ရွှီကျင့် ခရီးစဉ်မတိုင်ခင်မှာ ဘီဘီစီကို ပြောထားပါတယ်။

    မစ္စတာ ရွှီကျင့်နဲ့ ဦးမင်းအောင်လှိုင် တွေ့ဆုံတဲ့အခါမှာတော့ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွေ၊ MCITP ကတဆင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်းတွေ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လခရီးစဉ်အပြီးမှာ MCITP အသင်းကို တည်ထောင်ဖို့ ညွှန်ကြားခဲ့တာလို့ သိရပါတယ်။

    ဒီအသင်းတည်ထောင်သူဟာ ရွှေသံလွင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းဖြစ်ပြီး၊ KBZ ဘဏ်ကုမ္ပဏီ နာယကဖြစ်သူ ဦးအောင်ကိုဝင်းက နာယကတာဝန်ယူကာ၊ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ရဲ့ခင်ပွန်းဖြစ်သူ ကိုနိုင်ဖြိုးကျော်က အတွင်းရေးမှူးအဖြစ်တာဝန်ယူထားတယ်လို့ MCITP ကြေညာထားပါတယ်။

    MCITP အသင်းဖွဲ့စည်းပုံရဲ့ထိပ်ပိုင်းမှာတော့ စစ်ကော်မရှင်ဝန်ကြီးဌာန ၄ ခုက တာဝန်ရှိသူတွေက နေရာယူထားပါတယ်။

    ဒီအသင်းဟာ ဦးမင်းအောင်လှိုင် သမ္မတ စလုပ်တဲ့ ၂၀၂၆ ခုနှစ်ကနေ ၂၀၃၀ ခုနှစ်အထိ ငါးနှစ်တာအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု ယွမ်ငွေ၃.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၀၀ ဘီလျံ)နဲ့ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တရုတ်ယွမ် ၇၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံ)ရအောင် ဆောင်ရွက်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

  2. ထိုင်းဝန်ကြီးရဲ့ နေပြည်တော်ခရီးနဲ့ အာဆီယံလမ်းကြောင်းပြောင်းသွားနိုင်လား

    ဝန်ကြီးဆီဟာဆတ်နဲ့ စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူလာတဲ့ဦးမင်းအောင်လှိုင်နဲ့ အာဆီယံသရုပ်ဖော်ပုံ

    ဓာတ်ပုံ ရင်းမြစ်, AFP Via Getty Images / BBC

    ဓာတ်ပုံ ပုံစာ, ဝန်ကြီးဆီဟာဆတ်နဲ့ စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူလာတဲ့ဦးမင်းအောင်လှိုင်နဲ့ အာဆီယံသရုပ်ဖော်ပုံ

    မြန်မာက စစ်အစိုးရအဆက်ဆက်နဲ့ နီးစပ်တယ်လို့ ပုံဖော်ခံရလေ့ရှိတဲ့ အိမ်နီးချင်းထိုင်းရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီ ၂၂ ရက်မှာ နေပြည်တော်အစိုးရနဲ့ တွေ့ဆုံတဲ့ မြန်မာခရီးစဥ်ရှိပါတယ်။

    ထိုင်းရဲ့ ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ သူ့အစိုးရအဖွဲ့အတွက် အာဆီယံဒေသတွင်းသြဇာရှိတဲ့နိုင်ငံတစ်ခုက ထိပ်တန်းသံတမန်တစ်ဦးက လာရောက် ကောင်းချီးပေးတဲ့ခရီးစဥ်အဖြစ် နေပြည်တော်ဘက်က ရှုမြင်နိုင်ပါတယ်။

    အာဆီယံဥက္ကဋ္ဌ ၄ နိုင်ငံဆက်တိုက်တင်မက ၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်အထိ မဖြေရှင်းနိုင်သေးတဲ့ မြန်မာ့ပြဿနာကို ပြေလည်ဖို့ ကြားဝင်နိုင်ငံအဖြစ် ထိုင်းကတာဝန်ယူလာနိုင်တယ်ဆိုတဲ့ သတင်းတွေက သံတမန်အသိုင်းအဝိုင်းမှာ ထွက်ပေါ်နေပါတယ်။

    အထီးကျန်ချင်းပေါင်းဖက်တဲ့ သံတမန်ရေးကိုအားပြုနေတဲ့ နေပြည်တော်ကို သံတမန်အတွေ့အကြုံ နှစ် ၄၀ ကျော် သက်တမ်းရှိတဲ့ ဝန်ကြီးဆီဟာဆတ်ရဲ့ ခြေလှမ်းတွေစိပ်နေတာရဲ့ နောက်မှာ ဆက်နွှယ်ချက်တွေရှိနေတယ်လို့ သံတမန်အသိုင်းအဝိုင်းက ကောက်ချက်ချပါတယ်။

    ဒီဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  3. မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့ သားဖြစ်သူတောင်းဆို

    ၂၀၁၁ ခုနှစ်၊ ပုဂံမြို့က ဒေါ်အောင်ဆန်းစုကြည် နဲ့ လူထုတွေ့ဆုံမှုမှာ လိုက်ပါလာတဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၁ ခုနှစ်၊ ပုဂံမြို့က ဒေါ်အောင်ဆန်းစုကြည် နဲ့ လူထုတွေ့ဆုံမှုမှာ လိုက်ပါလာတဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ပုံဟောင်း)

    ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်အဲရစ်က နေပြည်တော်မှာ ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ သူ့ မိခင် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာ ရှိနေသေးကြောင်း သက်သေပြဖို့ တောင်းဆိုလိုက်ပါတယ်။

    အသက် ၈၁ နှစ်ထဲ ဝင်လာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတာကို အာဏာပိုင်တွေကို လူမှုကွန်ရက်တွေပေါ်ကနေသာမက နိုင်ငံတကာကပါ တောင်းဆိုကြဖို့ တိုက်တွန်းတဲ့ ‘’Proof Of Life’’ ဆိုတဲ့လှုပ်ရှားမှုတစ်ခုကို စတင်လိုက်ပြီလို့ All In One Piece Movement က ကြေညာပါတယ်။

    ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်မှာ သမ္မတ ဦးဝင်းမြင့်ဟာ ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်နဲ့ နေအိမ်ပြန်‌ရောက်လာခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး နေပြည်တော်ဘက်က တရားဝင်ထုတ်ပြန်လာတာ မရှိသေးပါဘူး။

    ဦးဝင်းမြင့်လည်း ဧပြီ ၁၇ ရက် လွတ်ငြိမ်းကြောင့် နေအိမ်ပြန်ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို အရင်ဆုံးမေးမြန်းခဲ့တယ်လို့ အဲဒီနေ့က ဦးဝင်းမြင့်ကို သတင်းသွားမေးခဲ့သူက ပြောပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ တရားရုံးချိန်းတွေပြီးသွားတဲ့နောက်ပိုင်းကတည်းက တွေ့ဆုံခြင်း မရှိတော့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်းအချက်အလက်ကိုလည်း မသိရဘူးလို့ ဦးဝင်းမြင့်က ပြောကြောင်း သူက ပြန်ပြောပြပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှု နဲ့ စွပ်စွဲခံခဲ့ရပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရတာပါ။ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်း ခံထားရတာ လက်ရှိမှာ ရက်ပေါင်း ၁၉၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။

    လွတ်ငြိမ်းမှာမပါခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံး အမြန်ဆုံးလွှတ်ပေးဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတားရက်စ်တို့က တိုက်တွန်းပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကလည်း ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းခွင့်ပေးတာကို ကြိုဆိုပေမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

    ဒါပေမဲ့ နေပြည်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းကို တစုံတရာ မထုတ်ပြန်ဘဲ အမှောင်ချထားဆဲဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကနေ စစ်ကော်မရှင်အဖြစ် အသွင်ပြောင်းခဲ့တဲ့ နေပြည်တော်က စစ်ဘက်ခေါင်းဆောင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံနေရသူဖြစ်လို့ နိုင်ငံတကာနဲ့တွေ့ဆုံခွင့် မပေးနိုင်ဘူးလို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက ပြောနေပါတယ်။

    ဒါပေမဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကတော့ မြန်မာစစ်ကောင်စီဟာ နေပြည်တော်ကိုလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ် ဝီနိုင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးခဲ့ပါတယ်။ ဒီလိုတွေ့ခွင့်ပေးတာကို စစ်ကောင်စီဘက်က သတင်းမထုတ်ပါဘူး။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရတယ်ဆိုတဲ့အကြောင်းကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ပြောမှ ကမ္ဘာက သိခွင့်ရတာဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကို စစ်တပ်ရဲ့ထုတ်သမျှနဲ့သာ အများပြည်သူ သိခွင့်ရတာဖြစ်ပါတယ်။

    တရုတ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ နေပြည်တော်ကို တောင်းဆိုနေတာကြာပြီလို့ ဆိုပါတယ်။

    အခုတော့ နေပြည်တော်မှာ စစ်ခေါင်းဆောင်က သမ္မတ တာဝန်ယူပြီး အရပ်သားအုပ်ချုပ်မှုအသွင်ပြောင်းလိုက်ချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်း အခုသီတင်းပတ်ကုန်ပိုင်းအတွင်းမှာ နေပြည်တော်ကို လာရောက်ဖို့ ရှိနေတာကြောင့် ဦးမင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခွင့် ပေးမလား ဆိုတဲ့ခန့်မှန်းသုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

  4. မင်္ဂလာပါ။ ဧပြီ ၂၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now