ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ နေပြည်တော်က ထိုင်းကိုပြောတယ်လို့ဆို

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ နေပြည်တော်က ထိုင်းကိုပြောတယ်လို့ဆိုတဲ့သတင်းအပါအဝင် ဧပြီ ၂၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • စစ်ကိုင်း၊ ဝက်လက်နဲ့ ‌ရွှေဘိုအစပ်ကို ဒရုန်းနဲ့ ဗုံးကြဲလို့ စာသင်ကျောင်းဝင်းအတွင်းနဲ့ အပြင်မှာ ကျကွဲပြီး ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာမ စုစုပေါင်း ၉ ဦးဒဏ်ရာရ၊ ကျောင်းဝင်းအပြင်ဘက်က အမျိုးသမီး တစ်ဦးသေဆုံး
  • မလေးရှားကို ထိုင်းနယ်စပ်ကသွားရင်း ကားပေါ်မှာ အသက်ရှူကျပ်သေဆုံးခဲ့တဲ့ ချင်းလူငယ်အလောင်းကို မယ်ဆိုင်ကနေ တာချီလိတ်ဘက် ပြန်ပို့မယ်၊ သေဆုံးခဲ့တဲ့ ချင်းလူငယ်ရဲ့ နောက်ထပ်သူငယ်ချင်း ၃ ဦးကတော့ ထိုင်း၊ ဆုန်ခလာခရိုင်က ခွမ်းမီးရဲစခန်းမှာ ထိန်းသိမ်းခံထားရ
  • ထိုင်းနိုင်ငံတွင်းက မြန်မာဒုက္ခသည်တွေအတွက် ယူရို ၁၅ သန်း (ဘတ်သန်း ၅၇၀)ခန့်ကို ထောက်ပံ့မယ်လို့ အီးယူကြေညာ
  • လယ်ဝေးမြို့နယ် အရှေ့တောင်ခြမ်း သစ်ကြိမ်းအုပ်စု အောင်ချမ်းသာရွာက စစ်တပ်စခန်းတစ်ခု တိုက်ခိုက်ခံရ
  • ငါန်းဇွန်မြို့နယ်ထဲက နတ်ကြီးရွာထဲ ရှင်လောင်းပွဲလှည့်နေချိန် လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီးငယ် ၁ ဦးသေဆုံး
  • အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ နေပြည်တော်က ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီးကို ပြော - ရိုက်တာသတင်းဌာန

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဧပြီ ၂၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. စစ်ကိုင်း/ဝက်လက်က စာသင်ကျောင်းနဲ့ ပဲခူး/လက်ပံတန်းမှာ လေကြောင်းဗုံးကြဲခံရမှု ၅ ဦးသေဆုံး

    စစ်ကိုင်း၊ ဝက်လက်နဲ့ ‌ရွှေဘိုအစပ်ကို ဒီနေ့ ဧပြီ ၂၃ ရက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် မုဆိုးခြုံရွာ စာသင်ကျောင်းဝင်းအတွင်းနဲ့ အပြင်ဘက် နှစ်နေရာလုံးမှာ ‌ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ဘီဘီစီကိုပြောပါတယ်။

    ကျောင်းဝင်းအပြင်ဘက်မှာ ကျကွဲတဲ့ဗုံးကြောင့် "ကျောင်းအနီး အိမ်အပြင်ဘက်မှာ ရေချိုးနေတဲ့ အမျိုးသမီးတစ်ဦး ဆုံးသွားတယ်” လို့ ဝက်လက်သပိတ်ကော်မတီအဖွဲ့ဝင် ကိုငြိမ်းချမ်းနိုင်က အတည်ပြုပြောပါတယ်။

    စာသင်ခန်းအတွင်းဘက်မှာလည်း ဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသူ ၅ ဦး၊ ကျောင်းသား ၃ ဦးနဲ့ ဆရာမ ၁ ဦး စုစုပေါင်း ၉ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ သူက ဆက်ပြောပါတယ်။

    “ဆရာမတစ်ဦးကတော့ လက်မောင်းမှာဒဏ်ရာရသွားတာ”သူက ဆိုပါတယ်။

    လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေမှာလည်း ကျောင်းခေါင်မိုးအမိုးလန်ပျက်စီးနေတာနဲ့ စာသင်ခန်းထဲမှာ ပေါက်ကွဲစတွေ လွင့်စင်နေတာကို တွေ့ရပါတယ်။

    မြန်မာစစ်တပ်က ဝက်လက်-ရွှေဘိုအစပ်ကနေရာတွေအပြင် အရာတော်မြို့နယ်ထဲက နေရာတချို့ကိုပါ ပြီးခဲ့တဲ့ ဧပြီ ဒုတိယအပတ်လောက်ကစပြီး လေကြောင်းတိုက်ခိုက်မှုတွေတိုးလုပ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    ဒ့ါအပြင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ထဲမှာလည်း မနေ့ ဧပြီ ၂၂ ရက်က ဝန်ကလေး(ဆားချောင်း) ရွာဘက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရတယ်လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။

    သေဆုံးခဲ့တဲ့ ၄ ဦးဟာ ဆားချောင်းရွာမှာနေထိုင်ပြီး ရေလုပ်ငန်းနဲ့ လုပ်ကိုင်ရှာဖွေစားသောက်နေကြသူတွေလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    မြန်မာစစ်တပ်ကတော့ ဝက်လက်နဲ့ လက်ပံတန်းမြို့နယ်တွေက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒီနေ့ ဧပြီ ၂၃ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။

  3. မလေးရှားကို ထိုင်းနယ်စပ်ကသွားရင်း ကားပေါ်မှာ အသက်ရှူကျပ်သေဆုံးခဲ့တဲ့ ချင်းလူငယ်အလောင်းကို မယ်ဆိုင်နယ်စပ်ကနေ မြန်မာပို့မယ်

    ထိုင်းကတဆင့် မလေးရှားကို တရားမဝင်လမ်းကြောင်းကသွားရင်း လူအများအပြားတင်ဆောင်ခဲ့တဲ့ ကားပေါ်မှာ အသက်ရှုကျပ်သေဆုံးခဲ့တဲ့ တီးတိန်ဒေသခံ ချင်းလူငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ထိုင်းအာဏာပိုင်တွေက ဆေးရုံကနေ ထုတ်ခွင့်ပေးလိုက်ပြီလို့ နာ‌ရေးပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေကြတဲ့ ထိုင်းနိုင်ငံ၊ဆုန်ခလာက အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

    “တရားမဝင် ဝင်လာလို့ ဥပဒေနဲ့ ငြိစွန်းနေတာကြောင့် ထိုင်းရှေ့နေတစ်ဦးနဲ့ အကူအညီနဲ့ ဒီနေ့ ထုတ်ဖို့ လုပ်နေပါတယ်။ အလောင်းထုတ်တဲ့ လုပ်ငန်းစဉ်ကတော့ ဆက်လုပ်နေတုန်းပါ” လို့ သူက ဆက်ပြောပါတယ်။

    သေဆုံးသူ ချင်းလူငယ်ရဲ့ အလောင်းဟာ လာထုတ်မယ့် ဆွေမျိုးသားချင်းမရှိတာနဲ့ တရားမဝင် ဝင်ရောက်လာလို့ ဥပဒေနဲ့ ငြိစွန်းနေတာကြောင့် ထိုင်းအာဏာပိုင်တွေက အလောင်းထုတ်ယူတဲ့အပိုင်းမှာ စိစစ်နေလို့ အလောင်းထုတ်ယူနိုင်ရေး ၂ ပတ်ခန့် ကြာခဲ့တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူက ဆိုပါတယ်။

    “တရားမဝင်အလုပ်သမားတွေ ထိုင်းမှာ ဆုံးရင် အနည်းဆုံးဆွေမျိုးသားချင်းတစ်ယောက်က ရုပ်အလောင်းလာထုတ်မှရပါတယ်” လို့ သူက ဖြည့်ပြောပါတယ်။

    Khuanniang ဆေးရုံကနေ အလောင်းထုတ်ယူပြီးရင်တော့ ထိုင်းနိုင်ငံ မယ်ဆိုင်ကတဆင့် တာချီလိတ်ဘက်ကို အလောင်း ပြန်ပို့ဖို့လုပ်‌နေတယ်လို့ သိရပါတယ်။

    အဲဒီဆေးရုံမှာ ကုသမှုခံယူနေရတဲ့ သေဆုံးခဲ့တဲ့ ချင်းလူငယ်ရဲ့ နောက်ထပ်သူငယ်ချင်းတစ်ဦးကလည်း ဧပြီ ၂၀ ရက်မှာ ဆေးရုံဆင်းလာပြီးဖြစ်ပြီး သူ့ကိုလည်း နောက်ထပ် သူငယ်ချင်း ၂ ‌ယောက်ကို ထိန်းသိမ်းထားတဲ့ ဆုန်ခလာ ခရိုင်ထဲက ခွမ်မီးရဲစခန်းကို ပို့ထားတယ်လို့ သိရပါတယ်။

    သေဆုံးခဲ့တဲ့ချင်းလူငယ် အပါအဝင် အသက် ၁၉ နှစ်နဲ့ ၂၀ ဝန်းကျင်ရှိကြတဲ့ သူငယ်ချင်းဖြစ်သူ စုစုပေါင်း ၄ ဦးတို့ဟာ မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေသွားဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

    အလုပ်သမားအရေးလှုပ်ရှားသူကတော့ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ ချင်းလူငယ် ၃ ဦးကို ခွမ်မီးရဲစခန်းကတဆင့် နယ်စပ်က ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံး တန်နော့ကိုပို့ဆောင်မှာဖြစ်တယ်လို့ သူသိထားရတဲ့အကြောင်းကို ပြောပါတယ်။

    “မြန်မာဘက်ကို ပြန်ပို့မယ်ဆိုရင် ကားခ ဘတ် ၈,၀၀၀ ကျော် ထိုင်းဘက်ကိုပေးရတယ်။ မြန်မာဘက်က မိသားစုဆွေမျိုးသားချင်းတွေကို ဆက်သွယ်ပြီး တောင်းခိုင်းတာ။ ငွေရပြီဆိုတော့မှာ မြန်မာဘက်ကို အသုတ်လိုက်ပြန်ပို့ပေးတာ”လို့ သူက ရှင်းပြပါတယ်။

  4. အီးယူကနေ ထိုင်းက မြန်မာဒုက္ခသည်‌တွေကို ယူရို ၁၅ သန်း ထောက်ပံ့မယ်

    ဥရောပသမဂ္ဂ(အီးယူ)ကနေ ထိုင်းနိုင်ငံတွင်းက မြန်မာဒုက္ခသည်တွေအတွက် အထောက်အပံ့ပေးမယ့်အစီအစဉ်သစ်တစ်ခုကို စတင်လိုက်ပြီး ဒီအစီအစဉ်ကနေ ငွေကြေး ယူရို ၁၅ သန်း (ဘတ်သန်း ၅၇၀)ခန့်ကို ထောက်ပံ့မယ်လို့ အီးယူကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    ထိုင်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး မစ္စ လူဝီဆာ ရာဂါအပါအဝင် ကုလသမဂ္ဂ ထိုင်းနိုင်ငံရဲ့ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၊ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီရဲ့ မဟာမိတ်အဖွဲ့အပါအပြင် တခြားအဖွဲ့က ကိုယ်စားလှယ်တွေလည်း ငွေကြေးထောက်ပံ့မယ့် အစီအစဉ်သစ်အတွက် ဧပြီ ၂၁ ရက်မှာ သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဒီ ယူရို ၁၅ သန်းကို ထိုင်း-မြန်မာနယ်စပ်က မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီနဲ့ ရတ်ချ်ဘူရီခရိုင်တွေမှာရှိနေတဲ့ မြန်မာဒုက္ခသည်စခန်း ၉ ခုကို ပံ့ပိုးပေးသွားမယ်လို့ အီးယူက ပြောပါတယ်။

    အလားတူ တာ့ခ်ခရိုင်အတွင်း ဒုက္ခသည်စခန်းပြင်ပမှာ ယာယီခိုလှုံနေရတဲ့ မြန်မာရွှေ့ပြောင်းဒုက္ခသည်တွေလည်း ဒီငွေကြေးထောက်ပံ့မှုကို ခံစားခွင့်ရမယ်လို့ ဆိုပါတယ်။

    အီးယူရဲ့ ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်အသစ်ဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကို အားကောင်းစေဖို့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးယန္တရားတွေကို မြှင့်တင်ဖို့နဲ့ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းတွေ တိုးချဲ့နိုင်ဖို့ စတဲ့ “ကိုယ့်အားကိုယ်ကိုးနိုင်ဖို့” အတွက် ရည်ရွယ်ထောက်ပံ့တာလို့ သိရပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းများဌာန ညွှန်ကြားရေးမှူးချုပ် မစ္စ ပင်းဆုဒါ ဂျာယာနာမာကတော့ ၂၀၂၆ ကနေ ၂၀၂၈ ခုနှစ်အထိ ရန်ပုံငွေကို အီးယူအနေနဲ့ ယူရို ၁၂ သန်းကနေ ၁၅ သန်းအထိ တိုးမြှင့်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံဘက်က ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

    “မြန်မာက နေရပ်စွန့်ခွာလာရတဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေအပေါ် ပဲ မှီခိုရပ်တည်မှုကနေ ကိုယ့်ကိုယ်ကိုယ် မှီခိုနိုင်လာအောင် လမ်းကြောင်းကို ထိုင်းဘက်ကလည်း ကူးပြောင်းပေးနေချိန်မှာ အီးယူရဲ့ ငွေကြေးထောက်ပံ့မှုတိုးပြီး ကူညီမယ်ဆိုတာက အရမ်းကိုအချိန်ကိုက်ဖြစ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

    ထိုင်းအစိုးရကတော့ ၂၀၂၅ ခုနှစ်ကတည်းက နယ်စပ်တလျှောက် ဒုက္ခသည်စခန်း ၉ ခုက မြန်မာရွှေ့ပြောင်းဒုက္ခသည်တွေကို ထိုင်းနိုင်ငံတွင်းမှာ တရားဝင်အလုပ်လုပ်ခွင့် ပေးထားပါတယ်။

    တစ်ဖက်မှာလည်း အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)ကိုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သမ္မတရာထူးယူပြီး လပိုင်းအကြာ၂၀၂၅ ဇူလိုင်လမှာ တရားဝင်ပိတ်သိမ်းလိုက်ပါတယ်။

    USAID ဟာ မြန်မာနိုင်ငံတွင်းအပြင် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေအတွက် တီဘီရောဂါအပြင် ခုခံအားကျဆင်းမှု အိတ်(ချ်)အိုင်ဗွီ(HIV) ပိုးရှိသူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေကို ဒေါ်လာသန်းချီ အကူအညီ ပေးခဲ့တာဖြစ်ပါတယ်။

  5. အိန္ဒိယလွှတ်တော်မှာ အမျိုးသမီးအမတ် ၃ ပုံ ၁ ပုံ ရှိစေမယ့် ကိုတာစနစ်ဥပဒေကြမ်း

    အိန္ဒိယလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေရဲ့အမတ် ၃ ပုံ ၁ ပုံ နေရာတွေကို အမျိုးသမီးတွေအတွက် သတ်မှတ်မယ့်ဥပဒေပြဋ္ဌာန်းနိုင်ရေး အိန္ဒိယအစိုးရက လုပ်ဆောင်နေပါတယ်။

    ဒီလိုလုပ်ဖို့အတွက် အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တစ်ချက်ကို ပြင်ဆင်မယ့်ဥပဒေကြမ်းတစ်ခုကို လွှတ်တော်ထံ မိတ်ဆက် တင်ပြခဲ့ပါတယ်။

    ဥပဒေကြမ်းမိတ်ဆက်တဲ့ကိစ္စကို လွှတ်တော်အထူးအစည်းအဝေးမှာ အမတ်တွေ ဆွေးနွေးခဲ့ကြပြီး ကြာသပတေးနေ့က မဲပေးခဲ့ကြကာ ထောက်ခံမှု ရရှိသွားတဲ့အတွက် ဒီဥပဒေကြမ်းကို လွှတ်တော်ထံ တင်သွင်းတော့မှာပါ။

    ဒီဥပဒေကြမ်းအတည်ပြုနိုင်ဖို့ကတော့ လွှတ်တော်အမတ် ၃ ပုံ ၂ ပုံရဲ့ထောက်ခံမှုကို ရရှိဖို့ လိုအပ်ပါတယ်။

    လက်ရှိအချိန်မှာတော့ အိန္ဒိယရဲ့အောက်လွှတ်တော်အမတ် ၅၄၃ ယောက်မှာ အမျိုးအမီးအမတ်က ၁၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ အခုပြုပြင်ပြောင်းလဲရေးက လွှတ်တော်မှာ အမျိုးသမီး အမတ် ၃၃ ရာခိုင်နှုန်းဖြစ်လာနိုင်တာမို့ ဒါက ဒီအရေးနဲ့ပတ်သက်တဲ့ကမ္ဘာ့စံသတ်မှတ်ချက်နဲ့ ကိုက်ညီသွားမှာပါ။

    တချိန်တည်းမှာပဲ ၂၀၁၁ သန်းခေါင်စာရင်းကို အခြေခံတဲ့မဲဆန္ဒနယ်တွေ ပြန်လည်ရေးဆွဲတာကို လုပ်ဆောင်နေကြတာဖြစ်ပြီး အောက်လွှတ်တော်ဟာ အမတ် ၅၄၃ နေရာကနေ ၈၅၀ နေရာအထိ တိုးများလာနိုင်ပါတယ်။

    ဒါပေမဲ့ ဒီ ကိုတာစနစ်အပေါ် အငြင်းပွားနေကြတာလည်း ရှိပါတယ်။ ရွေးကောက်ပွဲ ရာသီမှာ အစိုးရက အပြောင်းအလဲတွေကို အလျင်စလို လုပ်နေတာလို့ အတိုက်အခံပါတီတွေက စွပ်စွဲနေကြတာပါ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  6. နေပြည်တော်၊ လယ်ဝေးမြို့နယ်ထဲက စစ်တပ်စခန်းတိုက်ခိုက်ခံရ

    နေပြည်တော်၊ လယ်ဝေးမြို့နယ် အရှေ့တောင်ခြမ်း သစ်ကြိမ်းအုပ်စု အောင်ချမ်းသာရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ အခြေချတပ်စွဲထားတဲ့ မြန်မာစစ်တပ်စခန်းတစ်ခု မနေ့ ဧပြီ ၂၂ ရက်မနက်အစောပိုင်းမှာ တိုက်ခိုက်ခံလိုက်ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

    PDF ပူးပေါင်းတပ်တွေက မနက်အစောပိုင်း ၅ နာရီခွဲလောက်မှာတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စခန်းထဲမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ရဲ့ တပ်ကြပ်ကြီး၂ ဦးအပါအဝင် တပ်ဖွဲ့ဝင်တချို့ ထွက်ပြေးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    တိုက်ခိုက်ခံရတဲ့နေရာမှာ စစ်တပ်ဘက်က ပစ္စတိုနဲ့ လက်နက်ခဲယမ်းတချို့လည်းကျန်ခဲ့ပြီး တိုက်ခံရတဲ့ စစ်တပ်စခန်းဟာ လယ်‌ဝေးမြို့နယ် အမှတ် ၄၁၁ ခြေမြန်တပ်ရင်းရဲ့ ပူးပေါင်းတပ်စခန်းလို့ သိရှိရပါတယ်။

    CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ဘက် နဲ့ လုံခြုံရေးဆိုင်ရာ သုတေသနအခြေပြု အဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသန တာဝန်ခံ ဗိုလ်မှူးနောင်ရိုးကတော့ တိုက်ခိုက်ခံလိုက်ရတဲ့နေရာဟာ နေပြည်တော်-ကရင်နီ-ကရင်(သံတောင်ကြီး)အစပ်နေရာ တောင်ပေါ်မှာရှိတဲ့ ကာကင်းစခန်းဖြစ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

    ဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက် ဗိုလ်မှူးရာထူးအဆင့်ရှိသူတစ်ဦးသေဆုံးခဲ့တယ်လို့ ပြောပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

    လယ်ဝေးမြို့နယ်ထဲက စစ်တပ်စခန်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုဘက်ကရော မြန်မာစစ်တပ်ဘက်ကရော လက်ရှိအချိန်ထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  7. မန္တလေး၊ငါန်းဇွန်မှာ ရှင်လောင်းလှည့်ချိန် လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီးငယ် ၁ ဦးသေဆုံး, ၁ ဒါဇင်ဒဏ်ရာရ

    မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက နတ်ကြီးရွာထဲမှာ မနေ့ ဧပြီ ၂၂ ရက်က ရှင်လောင်းပွဲလှည့်နေချိန် စစ်တပ်ရဲ့ တိုက်လေယာဉ်က ရွာထဲကို ဗုံးကြဲတာအပြင် လေယာဉ်ပေါ်မှာပါတဲ့ စက်လက်နက်နဲ့ ပစ်ခတ်တာတွေလုပ်ခဲ့လို့ အမျိုးသမီးငယ် ၁ ဦး ကျည်စထိမှန်သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    စစ်တပ်လေယာဉ်ပေါ်က ကြဲချလိုက်တဲ့ ဗုံးက ရွာအနောက်မြောက်ဘက်ပိုင်းကို ကျရောက်ပေါက်ကွဲပြီးမှ ရှင်လောင်းလှည့်နေတဲ့အနီးတဝိုက်ကို လေယာဉ်မှာပါတဲ့ စက်လက်နက်နဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့တာလို့ သူက ဖြည့်ပြောပါတယ်။

    ရှင်လောင်းလှည့်ချိန် “ရွာအနောက်မြောက်ဘက်နား ဗုံးကျတော့ အကုန်လန့်ပြီး ထွက်ပြေးလို့ လူစုကွဲတဲ့အချိန်မှာမှ စက်လက်နက်နဲ့ ထပ်ပစ်တာ။ အမျိုးသမီး ၂ ယောက်ထိတယ်။ တစ်ယောက်က ဆုံးသွားတယ်။ တစ်ယောက်က ညာဘက်လက်ပြတ်သွားတယ်” လို့ သူကဆိုပါတယ်။

    စစ်တပ်ရဲ့ လေယာဉ်ပေါ်ကနေ ကြဲလိုက်တဲ့ ဗုံးကျကွဲတဲ့ နေရာမှာလည်း ဒေသခံ နေအိမ် ၄ အိမ်ထိခိုက်ပျက်စီးပြီး အသက် ၇ လသားအရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စက်လက်နက်နဲ့ ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကတော့ ညာဘက်လက်အပါအဝင် ခန္ဓာကိုယ်နေရာတချို့မှာ ကျည်စထိမှန်ခဲ့ပြီး လက်ကတော့ ပြတ်သွားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    အဲဒီအမျိုးသမီးအပါအဝင် ရှင်လောင်းလှည့်ပွဲမှာပါတဲ့ ဒေသခံ ၁၂ ဦးလည်း ကျည်စထိမှန်တဲ့ ဒဏ်ရာတွေရခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ငါန်းဇွန်ထဲက တခြားရွာတွေမှာလည်း အလှူပွဲတချို့ တီးဝိုင်းအဖွဲ့ပါ အငှားခေါ်ပြီးကျင်းပခဲ့ကြပေမယ့် အခုလို စစ်တပ်က လေကြောင်းကနေ လာပစ်ခတ်တာ မရှိဘူးလို့ သူက ဆိုပါတယ်။

    ငါန်းဇွန်မြို့နယ်ထဲ လက်ရှိမှာလည်း တိုက်ပွဲမရှိဘဲ ငြိမ်သက်နေတာလို့ သူကဆက်ရှင်းပြပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ ငါန်းဇွန်မြို့နယ်ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး ငါန်းဇွန်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်လို့ ယူဆပြီး တိုက်ခိုက်တာမျိုးဖြစ်နိုင်တယ်လို့ သူ့ယူဆချက်ကိုပြောပါတယ်။

    “အလှူရှင်ကို လုပ်ချင်တာလား၊ ရွာကိုလုပ်ချင်တာလားပေါ့။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တယ်ဆိုရင် စစ်တပ်နဲ့ နီးစပ်တဲ့သူကလည်း ဒါကို ပြန်အသိပေးလို့ သတင်းပေါက်ပြီး လာပစ်တာမျိုးပေါ့”လို့ သူက ဖြည့်ပြောပါတယ်။

    ငါန်းဇွန်မြို့နယ်ထဲက အခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာစစ်တပ်က ဧပြီ ၂၃ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။

  8. ထိုင်းဝန်ကြီးရဲ့ နေပြည်တော်ခရီးနဲ့ အာဆီယံလမ်းကြောင်းပြောင်းသွားနိုင်လား

    မြန်မာက စစ်အစိုးရအဆက်ဆက်နဲ့ နီးစပ်တယ်လို့ ပုံဖော်ခံရလေ့ရှိတဲ့ အိမ်နီးချင်းထိုင်းရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီ ၂၂ ရက်မှာ နေပြည်တော်အစိုးရနဲ့ တွေ့ဆုံတဲ့မြန်မာခရီးစဥ်ရှိပါတယ်။

    ထိုင်းရဲ့ ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ သူ့အစိုးရအဖွဲ့အတွက် အာဆီယံဒေသတွင်းသြဇာရှိတဲ့နိုင်ငံတစ်ခုက ထိပ်တန်းသံတမန်တစ်ဦးက လာရောက် ကောင်းချီးပေးတဲ့ခရီးစဥ်အဖြစ် နေပြည်တော်ဘက်က ရှုမြင်နိုင်ပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက် အကျပ်အတည်းဆိုက်နေတဲ့ မြန်မာ့အရေးမှာ ထိုင်းဘက်ကလည်း ကြားဝင်ဖြေရှင်းပေးဖို့ ကြိုးပမ်းတာတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံရဲ့ အရေးကို အာဆီယံလမ်းကြောင်းအောက်ကပဲ ချဥ်းကပ်ဖြေရှင်းဖို့ဆိုတဲ့မူကို ထိုင်းဘက်က ကျော်လွှားဖို့ ခက်ခဲခဲ့ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့ အာဆီယံဥက္ကဋ္ဌ ၄ နိုင်ငံဆက်တိုက်တင်မက ၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်အထိ မဖြေရှင်းနိုင်သေးတဲ့မြန်မာ့ပြဿနာကို ပြေလည်ဖို့ ကြားဝင်နိုင်ငံအဖြစ် ထိုင်းက တာဝန်ယူလာနိုင်တယ်ဆိုတဲ့သတင်းတွေက သံတမန်အသိုင်းအဝိုင်းမှာ ထွက်ပေါ်နေပါတယ်။

    နေပြည်တော်ဘက်က ပုံဖော်ထားတဲ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ ထိုင်း၊ တရုတ်နဲ့ အာဆီယံတို့ကြား ဘယ်လိုချိတ်ဆက်ချဉ်းကပ်လာနိုင်ခြေရှိမလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  9. ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ နေပြည်တော်က ထိုင်းကိုပြောတယ်လို့ဆို

    ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ နေပြည်တော်က ထိုင်းကိုပြောတယ်လို့ဆို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး သူ့အတွက် အကောင်းဘက်ကိုဖြစ်စေဖို့ ထောက်ဆစဥ်းစားနေတယ်လို့ နေပြည်တော်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောတဲ့အကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြလာပါတယ်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအပါအဝင် အခြေအနေကို စိုးရိမ်မှုရှိကြတယ်ဆိုတဲ့သတင်းစကားကို ဦးမင်းအောင်လှိုင်ကို ‌မေးခဲ့တာလို့ဆိုပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ရဲ့ ၂ ရက်တာ နေပြည်တော်ခရီးစဉ်အတွင်း မနေ့ ဧပြီ ၂၂ ရက်က သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ဦးမင်းအောင်လှိုင်က ထုတ်ပြောခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ နေပြည်တော်တို့ တွေ့ဆုံတဲ့အကြောင်း နှစ်ဖက်ထုတ်ပြန်ချက်တွေမှာတော့ ဒေါ်အောင်းဆန်းစုကြည်နဲ့ပတ်သက်တဲ့ ဖော်ပြချက်မပါဝင်ပါဘူး။

    ဒါနဲ့ပတ်သက်လို့ ဘီဘီစီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူ တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကတော့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းမာစွာရှိနေတဲ့အကြောင်းကို သက်သေပြဖို့ တောင်းဆိုထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပကတိအခြေအနေနဲ့ ပတ်သက်လို့ အသိပေးဖို့ရည်ရွယ်တဲ့ ‘’Proof Of Life’’ ဆိုတဲ့လှုပ်ရှားမှုတစ်ခုကိုလည်း နိုင်ငံတကာကပါ ပါဝင်တောင်းဆိုမှုတွေ စလုပ်နေပြီလို့ All In One Piece Movement က ကြေညာထားပါတယ်။

    ပြီးခဲ့တဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နေပြည်တော်က ပေးတဲ့ လွတ်ငြိမ်းမှာ သမ္မတ ဦးဝင်းမြင့် ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်လာခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး နေပြည်တော်ဘက်က တရားဝင်အသိပေးထုတ်ပြန်တာမျိုး ဧပြီ ၂၃ ရက်အထိ မရှိသေးပါဘူး။

  10. မင်္ဂလာပါ။ ဧပြီ ၂၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now