ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ဆက်ဆံရေး ထရမ့် ရပ်ဆိုင်း
အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO နဲ့ ဆက်ဆံရေးကို ရပ်ဆိုင်းလိုက်တယ်လို့ သမ္မတ ဒေါ်နယ် ထရမ့်က ကြေညာလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်လို့ တရုတ်ကို တာဝန်ယူမှုတွေ လုပ်ဆောင်ပေးဖို့ ဆိုတဲ့တောင်းဆိုမှုတွေကို WHO ဘက်က လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း သူက စွပ်စွဲပြောဆို ခဲ့ပါတယ်။
ဒီလို ကြေညာတဲ့ အချိန်မှာပဲ WHO အဖွဲ့ကို တရုတ် နိုင်ငံက အလုံးစုံ ထိန်းချုပ်ထားတယ်လို့လည်း ပြောဆို သွားခဲ့ပါတယ်။
အမေရိကန် အနေနဲ့ တခြားအဖွဲ့အစည်းတွေကို ရန်ပုံငွေ လွှဲပြောင်းပေးသွားမယ်လို့ သူက ပြောပါတယ်။
WHO ကို ရန်ပုံငွေ ထည့်ဝင်မှု အများဆုံး နိုင်ငံဟာ အမေရိကန် ဖြစ်ပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တည်းမှာတင် ဒေါ်လာ သန်း၄၀၀ ကျော် ထည့်ဝင်ခဲ့တာပါ။
ကပ်ရောဂါ ထိန်းချုပ်မှု နဲ့ ပတ်သက်လို့ ဒီနှစ်အမေရိကန် ရွေးကောက်ပွဲ ဆက်လက်ယှဉ်ပြိုင်မယ့် မစ္စတာ ထရမ့် ဟာ ဝေဖန်မှုတွေ ခံနေရတာပါ။ ဒီရောဂါနဲ့ ပတ်သက်လို့ တရုတ်က ဖုံးကွယ်မှုတွေ လုပ်ထားတယ်လို့လည်း ပြစ်တင်ဝေဖန်မှုတွေ လုပ်နေတာဖြစ်ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ သေဆုံးသူ တစ်သိန်းကျော် ရှိပြီး ဒါဟာ ကမ္ဘာမှာ သေဆုံးမှု အများဆုံးဖြစ်ပါတယ်။
ထရမ့် ဘာပြောခဲ့လဲ
“WHO နဲ့ ဆက်ဆံရေးကို ရပ်ဆိုင်းပြီး ရန်ပုံငွေတွေကို တခြား ပရဟိတ ကျန်းမာရေး အဖွဲ့တွေကို လွှဲပြောင်း ပေးမယ်။’’ ဆိုပြီး အိမ်ဖြူတော်က နှင်းဆီခြံထဲမှာ ပြောဆိုသွားခဲ့တာပါ။
တရုတ်အစိုးရရဲ့ လုပ်မှားကိုင်မှားတွေကြောင့် အခုချိန်မှာ ကမ္ဘာကြီးဟာ ခံစားနေရတယ်လို့လည်း သူက ဆိုခဲ့ပါတယ်။
တရုတ်ရဲ့ လုပ်ဆောင်ချက်ကြောင့် ကပ်ရောဂါကြီးဖြစ်ပေါ်လာပြီး အမေရိကန် တစ်သိန်းကျော် သေဆုံးခဲ့ရပြီလို့လည်း ဒေါ်နယ် ထရမ့်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။
WHO ကို တရုတ်က ဖိအားပေးပြီး ကမ္ဘာကြီးကို လမ်းလွဲအောင် ဆောင်ရွက်ခဲ့တယ်လို့လည်း သမ္မတက စွပ်စွဲ ပြောကြားလိုက်ပါတယ်။
နောက်ခံ အကြောင်းအရင်း
ပြီးခဲ့တဲ့ လကတည်းက WHO ဟာ ကပ်ရောဂါ ထိန်းချုပ်မှုနဲ့ ပတ်သက်လို့ သူ့ရဲ့ အခြေခံ တာဝန်တွေကို ပျက်ကွက်ခဲ့တယ်၊ ဒီအဖွဲ့အစည်းကို ထောက်ပံ့မှုတွေရပ်ဆိုင်းမယ် ဆိုပြီး ဒေါ်နယ်ထရမ့်က ဝေဖန်မှုတွေ လုပ်ခဲ့တာပါ။
မေလ ၁၈ ရက်နေ့တုန်းက WHO အကြီးအကဲ တဒ်ဒရို့ အက်ဟာနွမ် ဂါဘရီရက်ဆုစ် ကို ရည်ညွှန်းပြီး စာရေးသားခဲ့ရာမှာ ကပ်ရောဂါ ထိန်းချုပ်မှု တုံ့ပြန်ဆောင်ရွက်ရာမှာ WHOရဲ့ မှားယွင်းမှုတွေကြောင့် ကမ္ဘာကြီးက အကြီးအကျယ် ထိခိုက်ခဲ့ရတယ်လို့လည်း သူက ရေးသားခဲ့ပါတယ်။
နောက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ တရုတ်ရဲ့ ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ် အဖြစ် ဒေါ်နယ်ထရမ့် က ပြောဆိုထားပါတယ်။
တရုတ်ကလည်း ဒေါ်နယ် ထရမ့်ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြန်လည်တုံ့ပြန်ရာမှာ အမေရိကန်မှာ ရောဂါပြန့်ပွားရတာဟာ အမေရိကန်တွေနဲ့ပဲဆိုင်ပြီး လိမ်ညာတတ်တဲ့ နိုင်ငံရေးသမားတွေကြောင့် ဖြစ်တယ်လို့ပြန်လည် ပြောဆိုထားပါတယ်။
မစ္စတာ ထရမ့်ဟာ သူ့ပြည်သူတွေကို လှည့်စားဖို့ ကြိုးစားခဲ့တယ်။ တရုတ်ကို နာမည်ဖျက်ဖို့ ကြိုးစားနေပြီး လူတွေရဲ့ ပြစ်တင်မှုတွေ တရုတ်အပေါ်မှာ ပြောင်းလဲသွားဖို့ လုပ်နေတယ်ဆို ပြီးတော့လည်း ဒီလ အစောပိုင်းတုန်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောဆိုပါတယ်။
ကပ်ရောဂါ ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ စုံစမ်းရေး အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ကိုလည်း WHO အဖွဲ့ဝင်နိုင်ငံတွေ အားလုံးက သဘောတူညီထားပါတယ်။