ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုက်တာအမှုဆက်ဖို့ ရဲကို အစိုးရတာဝန်ပေး
ဖမ်းဆီးခံ ထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့အမှုကို ဆက်လုပ်ဖို့ မြန်မာအစိုးရက ရဲတွေကို တာဝန်ပေးလိုက်ပြီလို့ ရိုက်တာ သတင်းဌာနရဲ့ အကြီးအကဲက ပြောပါတယ်။
အစိုးရ တာဝန်ရှိသူတွေက ဖမ်းဆီးထားတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မိသားစုဝင်တွေနဲ့ အခုချိန်ထိ တွေ့ခွင့်မပေးသေးဘူး လို့လည်း ရိုက်တာရဲ့ ဥက္ကဋ္ဌနဲ့ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ စတီဖင် ဂျေ အက်ဒ်လာ က ဒီဇင်ဘာ ၁၉ ရက်ထုတ် ကြေငြာချက်မှာ ပြောဆိုထားပါတယ်။
စတီဖင် ဂျေ အက်ဒ်လာ က "ရိုက်တာ သတင်းထောက်တွေ ဖြစ်တဲ့ ဝလုံးနဲ့ ကျော်စိုးဦး အဖမ်းခံရတာ တပတ်ရှိနေပြီ။ သူတို့ကျန်းမာရေး အခြေအနေနဲ့ သူတို့ကို ထိန်းသိမ်းထားတဲ့နေရာကို ကျနော်တို့မသိရသေးပါဘူး။ ကျနော်တို့ ရိုက်တာ သတင်းဌာနက လူနဲ့ သူတို့မိသားစုဝင် တွေကိုလည်း အခုချိန်ထိ သူတို့နဲ့တွေ့ခွင့် မရသေးဘူး။ သူတို့အမှုကို ဆက်လုပ်ဖို့ အစိုးရက ရဲတွေကို ဒီကနေ့ ခွင့်ပြုလိုက်တယ်လို့ ကျနော်တို့သိရတယ်။"
"နိုင်ငံတကာ စိတ်ဝင်စားတဲ့ သတင်းတွေကို ဖော်ထုတ်ရေးသားရာမှာ ဝလုံးနဲ့ ကျော်စိုးဦးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တဲ့ သတင်းထောက်တွေ ဖြစ်ကြပါတယ်။ သူတို့မှာ ဘာအမှားမှ လုပ်ခဲ့တာမရှိဘူး။ သူတို့ကို ချက်ချင်း ပြန်လွှတ်ဖို့ ကျနော်တို့တောင်းဆိုပါတယ်" လို့ အက်ဒ်လာ က ပြောပါတယ်။
ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ညမှာ ထောက်ကြန့်နားမှာ ရဲတွေက ဖမ်းဆီးခဲ့ပြီး လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃ နဲ့ တရားpGJထားပါတယ်။
ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် ၁၄ နှစ်အထိ ကျနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။
ရိုက်တာ သတင်းထောက်နှစ်ယောက် အတွက် ရှေ့နေတွေ ဌားပေးနေပြီလို့ ရိုက်တာရဲ့တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။