ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတ် ၂၁ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - ကနီမှာ လေကြောင်းဗုံးကြဲလို့ ဘုန်းကြီးတစ်ပါး ပျံလွန်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းရွာထဲက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို မတ် ၂၁ ရက် နေ့လယ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဘုန်းကြီးတပါး ပျံလွန်ပြီး လူတစ်ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
ဆူးလေကုန်းရွာထဲက စာသင်ကျောင်းက ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ထိခိုက်သူမရှိပေမဲ့ ဘုန်းကြီးကျောင်းမှာတော့ သေဆုံးထိခိုက်တာတွေ ရှိတယ်လို့ သိရပါတယ်။
ကနီမြို့နယ်ကို ဂျက်ဖိုက်တာ ၈ စီးနဲ့ နေ့လယ် ၁၂ နာရီကနေ ၁၂ နာရီခွဲအထိ ၁၃ ကြိမ် ဗုံးကြဲခဲ့တာလို့ သိရပါတယ်။
ဒါ့ကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
ကွတ်ခိုင်ကို ကိုးကန့် ထိန်းချုပ်ဖို့သဘောတူ၊ ကိုးကန့်နဲ့ တအာင်း မဟာမိတ်အဖြစ်ဆက်ရှိ
၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက ကိုးကန့်တပ်- MNDAA နဲ့ တအာင်းတပ်-TNLA တို့အကြား အပစ်ခတ်ရပ်ဖို့သဘောတူညီမှုရခဲ့ပြီး ကွတ်ခိုင်ကိုတော့ ကိုးကန့်တပ်က ထိန်းချုပ်သွားမယ်လို့ နှစ်ဖွဲ့လုံးက ဘီဘီစီကို အတည်ပြုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်ထိန်းချုပ်ထားတဲ့ လောက်ကိုင်မှာ မတ် ၂၀ ရက်က ကိုးကန့်နဲ့တအာင်းတပ်အပြင် အာရက္ခတပ်တော်-အေအေလည်း တွေ့ဆုံဆွေးနွေးတဲ့အထဲပါဝင်ခဲ့ပါတယ်။
ဆွေးနွေးမှုမှာ သဘောတူညီချက်တွေအရ ညီနောင်မဟာမိတ်တွေအဖြစ် ဆက်ရှိနေဖို့၊ နှစ်ဖွဲ့လုံး အပစ်ရပ်ဖို့၊ နယ်မြေသတ်မှတ်မှုထားရှိဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့တွေ ပါဝင်တယ်လို့ တအာင်းတပ်ပြန်ကြားရေး တာဝန်ရှိသူ လွေးယေဦးက ဘီဘီစီကို ပြောပါတယ်။
နယ်မြေသတ်မှတ်မှုကို ဘယ်လိုခွဲခြားထားလဲဆိုတာနဲ့ ပတ်သက်ပြီး ဘီဘီစီက ထပ်ဆင့်မေးမြန်းတဲ့အခါ သတ်မှတ်ထားတဲ့ နယ်မြေရောက်မှသာ အတည်ပြုပေးနိုင်မှာဖြစ်တယ်လို့ လွေးယေဦးက ပြောပါတယ်။
ကိုးကန့်တပ်က ဖမ်းဆီးထားတဲ့ တအာင်းတပ်ဖွဲ့ဝင် အယောက် ၁၀၀ ဝန်းကျင်ကိုလည်း ကိုးကန့်တပ်က ပြန်လွှတ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
တအောင်းစာနဲ့ ရေးထားတဲ့ ကျေးရွာဆိုင်းဘုတ်တချို့မှာလည်း စာတွေဖျက်ဆီးခံထားရတဲ့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပြီး ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးကတော့ အုပ်ချုပ်မှုအပြောင်းအလဲကြောင့်လို့ပြောပါတယ်။
"တအောင်းက အုပ်ချုပ်မှာ မဟုတ်တော့ဘဲ ကိုးကန့်အုပ်ချုပ်မှာ ဖြစ်လို့ တအောင်းရုံးကစာတွေ မြန်မာစာပြောင်းမယ်၊ အလံတွေပြောင်းမှာပေါ့နော်။ ဒါကတော့ အဖွဲ့အစည်းတစ်ခုပြောင်းရင် ပုံစံပြောင်းတဲ့သဘောပါ" လို့ ပြောပါတယ်။
ချင်းလွှတ်တော်ကျင်းပနေတုန်း ဘယ်လိုတိုက်ခိုက်ခံခဲ့ရလဲ
လွှတ်တော်အမတ်တချို့ ရဟတ်ယာဥ်နဲ့ လွှတ်တော်တက်
ချင်းပြည်နယ်၊ ဟားခါးမှာမနေ့က ပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်မှာပဲ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ချင်းကာကွယ်ရေးတပ်-ဟားခါး (CDF-Hakha) က သူတို့လက်ချက်လို့ထုတ်ပြန်ပါတယ်။
မတ် ၂၀ ရက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ လွှတ်တော်တွေ ကျင်းပခဲ့ပြီး ပြည်နယ်ပြင်ပမှာနေထိုင်တဲ့ လွှတ်တော်အမတ်တချို့ကို လုံခြုံရေးအခြေအနေအရ ရဟတ်ယာဥ်နဲ့ ခေါ်ယူခဲ့ရတယ်လို့ အမတ်တွေနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ချင်းကာကွယ်ရေးတပ်-ဟားခါး (CDF-Hakha) ကလည်း စစ်ဆင်ရေးစတင်နေပြီဖြစ်ပြီး မြို့ထဲကပြည်သူတွေ လုံခြုံတဲ့နေရာမှာနေဖို့၊ အပြင်မထွက်ဖို့ကို သတိပေးတဲ့ စာသားနဲ့အတူ ဒရုန်းနဲ့ ဗုံးကြဲတဲ့ ဗွီဒီယိုဖိုင်က မတ် ၂၁ ရက်က ထုတ်ပြန်လာပါတယ်။
နှစ်မိနစ်နီးပါးရှိတဲ့ ရုပ်သံမှတ်တမ်းမှာ ဒရုန်းပျံဝဲလာတာကြောင့် လွှတ်တော်မှာ တာဝန်ကျနေတဲ့ လုံခြုံရေးအဖွဲ့တွေ အပြေးအလွှာ အကာအကွယ်ယူနေကြတာ တွေ့ရပါတယ်။
ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးခြံဝင်းထဲက ကားတစ်စီးပေါ်ကို ဒရုန်းကျတာ၊ လွှတ်တော်နားမှာ ပေါက်ကွဲမှုကြောင့် မီးခိုးတွေထွက်လာတာတွေကိုလည်း ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။
လွှတ်တော်ထဲမှာ ရှိနေတဲ့ ကိုယ်စားလှယ်တချို့ကလည်း ပေါက်ကွဲသံတွေ ကြားခဲ့ရပေမဲ့ ထိခိုက်ပျက်စီးမှုတွေကိုတော့ သေချာမသိကြရဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ ဦးလှဆွေကတော့ ချင်းလွှတ်တော်ကို ဗုံး ၆ လုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ အတည်ပြုပါတယ်။
"တစ်လုံးပဲ နီးနီးစပ်စပ်ကျတယ်။ လုံခြုံရေးတစ်ယောက်ဒဏ်ရာရပြီး ကားနှစ်စီးလည်း ထိတယ်၊ လွှတ်တော်မှန်တစ်ချပ်ကွဲတယ်" သူက ပြောပါတယ်။
လွှတ်တော် တိုက်ခိုက်ခံရပေမဲ့ အစည်းအဝေးကို ပြီးမြောက်အောင် ကျင်းပသွားတယ်လို့လည်း ဦးလှဆွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီတုန်းကလည်း စစ်ကောင်စီက ခန့်ထားတဲ့ ချင်းပြည် လူမှုရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီးတို့ ပါလာတဲ့ ယာဉ်တန်းကို CDF-Hakha ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။
သရက်ချောင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး လေကြောင်းဗုံးကြဲတာတွေလည်း ဆက်ရှိနေ
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ဘေးရှောင်တွေလည်း တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ဂုံညင်းဆိပ်၊ ဆီတောနဲ့ ဆီဒတ်ရွာတွေကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတာတွေလည်း ၁၀ ရက်နီးပါးရှိနေပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဒါ့ကြောင့် လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ကျေးရွာတွေက တိမ်းရှောင်နေတဲ့ ဒေသခံ ၁၅၀၀ လောက်ဟာ လှေတွေနဲ့ထွက်ပြေးတိမ်းရှောင်ကြရပြီး တောတောင်၊ ဥယျာဉ်ခြံနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေရတယ်လို့ သရက်ချောင်းမြို့နယ် ကူညီကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ ထိခိုက်တာ၊ နေအိမ်ပျက်စီးတာတွေရှိနေတယ်လို့ သိထားရပေမဲ့ အရပ်သားဘယ်လောက် ထိခိုက်တယ်ဆိုတာကိုတော့ မေးမြန်းနေဆဲဖြစ်ပါတယ်။
သရက်ချောင်းမြို့နယ်ထဲက ဝင်းဝစစ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး -KNU ၊ KNLA အထူးဗျူဟာ ၂ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး မတ် ၁၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
ဝင်းဝစစ်စခန်းဟာ မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စု ကားလမ်းဘေးက မင်းဒပ်ကျေးရွာမှာ ရှိတာပါ။
ဝင်းဝစစ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကူလာတဲ့ စစ်ကြောင်းတွေက ဂုံညင်းဆိပ်ရွာမှာ ပိတ်မိနေတာကနေ KNU အပါအဝင် တော်လှန်ရေးတပ်တွေနဲ့ ဆက်တိုက် တိုက်ပွဲတွေဆက်ရှိနေတာ ဖြစ်ပါတယ်။
ဟောလီးဝုဒ်စတား ချက်နောရစ် အသက် ၈၆ နှစ်အရွယ်မှာကွယ်လွန်
အမေရိကန်အက်ရှင်စတား ချက်နောရစ်ဟာ အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ "သူက ကြမ်းကြမ်းတမ်းတမ်းသာသရုပ်ဆောင်ရတာ နှလုံးသားထဲတော့ အချစ်တွေအပြည့်ပဲ" လို့ သူ့သမီး ဒနီလီ နောရစ်က ပြောပါတယ်။
နောရစ်ဟာ ဘယ်ရှုထောင့်က ကြည့်ကြည့် အမေရိကန်စစ်စစ်ပဲလို့ အမေရိကန်သရုပ်ဆောင် ဆီဗက်စတာ စတားလုံးက ပြောပါတယ်။
သူသေဆုံးတဲ့သတင်းကို မိသားစုက အင်စတာဂရမ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
နောရစ်ကို အင်မတန်လေးစားခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။
နောရစ်ဟာ ၁၉၉၀ ပြည့်နှစ်တွေမှာ ထွက်ရှိခဲ့တဲ့ မှုခင်းဇာတ်လမ်းတွေဖြစ်တဲ့ Walker၊ Texas Ranger နဲ့ ၁၉၇၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Way of the Dragon မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက် လူသိများခဲ့ပါတယ်။
The Way of the Dragon မှာ သူဟာ ဘရုစ်လီနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
၁၉၄၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တဲ့ နောရစ်ရဲ့ နာမည်ရင်းက ကာလို့စ် ရေး နောရစ်ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်မှာ အမေရိကန်လေတပ်မှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ တာဝန်ထမ်းဆောင်ရင်း သူဟာ သိုင်းပညာတွေ လေ့လာသင်ယူခဲ့ပါတယ်။ သူဟာ ကရာတေး၊ တိုက်ကွန်ဒို၊ တန်ဆိုဒို၊ ဘရာဇီးဂျူဂျစ်ဆုနဲ့ ဂျူဒိုတို့မှာ ခါးပတ်နက်ရရှိခဲ့ပြီး သူ့သိုင်းပညာဖြစ်တဲ့ ချန်ကတ်ဒိုကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ ၁၉၆၀ ပြည့်နှစ်ကျော်ကာလတွေမှာ ကရာတေးချန်ပီယံဆုတွေရရှိခဲ့ပြီး သူ့ရဲ့တကယ်တတ်ကျွမ်းတဲ့ သိုင်းပညာကို ရုပ်ရှင်နဲ့ ရောစပ်နိုင်ခဲ့သူဖြစ်ပါတယ်။
ကသာမှာလေကြောင်းဗုံးကြဲလို့ သံဃာအပါအဝင် ဆယ်ချီသေဆုံး
စစ်ကိုင်းတိုင်း၊ ကသာမှာ မတ် ၂၀ ရက် မနက်ပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့မဟာလေးထပ်ကျောင်းကသံဃာအပါအဝင် စစ်ဘေးရှောင်နဲ့ ဒေသခံ ဆယ်ချီ သေဆုံးတယ်လို့ မြို့ခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့ ၊ အမှတ် ၃ ရပ်ကွက်ထဲက မဟာလေးထပ်ကျောင်းနဲ့၊ သဖန်းကိုင်းရွာမှာ ဗုံးကျရောက် ပေါက်ကွဲပြီး သေဆုံးထိခိုက်တာတွေ များတယ်လို့လည်း သိရပါတယ်။
ဒီနေ့ မတ် ၂၁ ရက်မှာလည်း ပစ်ခတ်သံတွေကို မြို့ခံတွေ ဆက်တိုက်ကြားနေရပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ - NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ သံဃာ၊ ကလေးငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေ အပါအဝင် သေဆုံးသူ ၁၀ ယောက်ကျော်ရှိတာကို လတ်တလောသိထားတယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
သဖန်းကိုင်းရွာနဲ့ စစ်ဘေးရှောင် အယောက် ၅၀ လောက် ရှိနေတဲ့ လေးထပ်ကျောင်း၊ နှစ်နေရာပေါင်းရင် သေဆုံးသူအရေအတွက် ၅၀ နဲ့အထက် ရှိနိုင်တယ်လို့ မြို့ခံတွေက ခန့်မှန်းထားပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
"ဆွမ်းစားနေတဲ့အချိန်ပါ။ သဖန်းကိုင်းမှာတော့ နှစ်ဖက် ပစ်ခတ်တဲ့ တိုက်ပွဲကြား လက်နက်စမှန်တာ၊ ပစ်လို့ထိတာရယ်နဲ့ ဆုံးတာတွေလည်းရှိတယ်"လို့ မြို့ခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
အဲဒီမြို့ခံအမျိုးသမီးက လေကြောင်းဗုံးကြဲခံရပြီး မီးလောင်နေတဲ့ ဘုန်းကြီးကျောင်းကို သွားကြည့်ခဲ့သူပါ။
ဒါပေမဲ့ မြင်တွေ့ရတဲ့ မြင်ကွင်းတွေက ကြည့်ရက်စရာမရှိတာကြောင့် ပြန်လှည့်လာခဲ့တယ်လို့ ပြောပါတယ်။
ဗုံးကျပေါက်ကွဲလို့ မီးလောင်တာကလည်း နေ့လယ်ပိုင်းကနေ ညနေ ၄ နာရီလောက်အထိ ကြာခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေဆက်ရှိနေတာကြောင့် သေဆုံးသူ အလောင်းတွေကို မတ် ၂၁ ရက်အထိ သင်္ဂြုဟ်နိုင်တာ မရှိသေးဘဲ လေးထပ်ကျောင်းကို စစ်တပ်က လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။
မြို့ခံတွေလည်း စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြပေမဲ့ မြို့ထဲကနေ ထွက်ခွာခွင့် မရကြသေးဘူးလို့လည်း ပြောပါတယ်။
ကသာမှာ လေကြောင်းဗုံးကြဲတာနဲ့ ပတ်သက်လို့ စစ်ကော်မရှင်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ရန်ကုန်နဲ့ မန္တလေးမှာ တွေ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝါကျွတ်အိဒ်
အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒွလ်ဖီသစ်ရ်လို့ခေါ်တဲ့ ဝါကျွတ်အိဒ်နေ့ကတော့ မြန်မာနိုင်ငံမှာ ဒီကနေ့ မတ်လ(၂၁)ရက်နေ့မှာ ကျရောက်ပါတယ်။
ရန်ကုန်မြို့ ၊ အလုံမြို့နယ်က အိဒ်ဂါဟ်ကွင်းပြင်မှာလည်း အိဒ်နမားဇ်ဖတ် ဝတ်ပြုဆုတောင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်၊၊
ငလျင်ဒဏ်ကြောင့် ဗလီတွေ ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့မှာဆိုရင် ဗလီတွေမှာ ဝတ်မပြုဖြစ်ဘဲ ရွှေတောင်ဦးကွင်းမှာ စုပေါင်းပြီး ဝတ်ပြုကြပါတယ်။
ရွှေတောင်ဦးကွင်းကို ဝတ်ပြုဖို့လာမယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ကားတွေကိုလည်း စုံ၊ မ မခွဲဘဲ မနက် ၇ နာရီကနေ ၁၀ နာရီအထိ မြို့နယ်တာဝန်ရှိသူတွေက ခွင့်ပြုပေးထားတယ်လို့လည်း သိရပါတယ်။
အိဒ်နမားဇ်ဆိုတာ တစ်နှစ်မှာ နှစ်ကြိမ်သာ ဖတ်ရတဲ့ အထွဋ်အမြတ်ထားရာ နမားဇ်ဖြစ်ပြီး အိဒ်ဂါဟ်ကွင်းပြင်တွေ ၊ ကဗရ်စတာန် ဥယျာဉ်တော်တွေ နဲ့ ဗလီတွေမှာ စုပေါင်းဝတ်ပြုရွတ်ဖတ်ကြတာပါ။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမဇာန်ဥပုသ်လအပြီး အစ္စလာမ်ပြက္ခဒိန် ရှောင်ဝါလ်လ(၁)ရက်နေ့မှာ ဝါကျွတ်အိဒ်နေ့ကျရောက်တာလည်း ဖြစ်ပါတယ်။