ရုရှား၊ တရုတ်နဲ့ အမေရိကန် - အီရန်စစ်ပွဲမှာ အမြတ်ထွက်သူတွေနဲ့ နစ်နာသူတွေ

ဓာတ်ပုံ ရင်းမြစ်, Sedat Suna / Gett Images
- ရေးသားသူ, ဒါရှီနိ ဒေးဗစ်
- ရာထူးတာဝန်, စီးပွားရေးဆိုင်ရာ လက်ထောက်အယ်ဒီတာ
- ဖတ်ရန်အချိန်: မိနစ် ၉
အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့် ငွေကြေးဆိုင်ရာ ဆိုးကျိုးတွေက ကမ္ဘာတဝန်းမှာ သိသိသာသာ သက်ရောက်ခံစားလာနေရပါပြီ။ ယူကေနိုင်ငံ ယော့ခ်ရှိုင်းယားပြည်နယ်က အိမ်တွေမှာ အပူဓာတ်လောင်စာဆီစရိတ် တိုးလာတာကအစ ပါကစ္စတန်မှာ စရိတ်ချွေတာဖို့ ကျောင်းတွေ ပိတ်ထားရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
စီးပွားရေးအရ ထိခိုက်မှုတွေ ဖြစ်အောင် ရည်ရွယ်လုပ်ခဲ့တဲ့ အီရန်အစိုးရရဲ့ တုန့်ပြန်လက်စားချေမှုက ခဏတာ သက်ရောက်တာမျိုး မဟုတ်ဘူးဆိုတာ ပိုပိုထင်ရှားလာနေပါတယ်။ ဒါ့ထက်ပိုတာက ဒီသက်ရောက်မှုက အရမ်းကို ဆိုးဝါးလှပါတယ်။
ထိခိုက်မှုဒဏ် အများဆုံး ခံရနိုင်တဲ့ နိုင်ငံတွေနဲ့အတူ ဒီစစ်ပွဲကြောင့် အကျိုးအမြတ် ရသူတချို့လည်း ရှိနေပါတယ်။ ဘယ်သူတွေပါလဲ။
အမြတ်ထွက်တဲ့ နိုင်ငံတွေ - နော်ဝေ၊ ကနေဒါနဲ့ ရုရှား
ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲနိုင်ရေး ကြိုးပမ်းအားထုတ်ဖို့ ရေနံနဲ့ ဓာတ်ငွေ့ပေါ်မှာ အကြီးအကျယ် မှီခိုအားထားနေကြရဆဲ ဖြစ်ပါတယ်။ လောင်စာဆီ သယံဇာတ ပေါများတဲ့ နိုင်ငံတွေက ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေ ဖြစ်လာကြပြီး ရေနံစိမ်းကို အနက်ရောင်ရွှေအဖြစ် သတ်မှတ်ထားကြပါတယ်။ လောင်စာဆီ စျေးတွေ တက်လာချိန်မှာ ရေနံထုတ်တဲ့နိုင်ငံတွေမှာ ငွေတွေ လှိမ့်ဝင်လာကြပြီး ရေနံသုံးသူတွေမှာတော့ ငွေတွေ ထုတ်သုံးကြရပါတယ်။
ဒါပေမဲ့ အခုဖြစ်နေတာက သာမန် ရုတ်တရက် ရေနံစျေး အတက်အကျမျိုး မဟုတ်ပါဘူး။
အရှေ့အလယ်ပိုင်းဒေသဟာ ရေနံ ထောက်ပံ့ရာ အချက်အချာနေရာအဖြစ် ရှိနေဆဲဖြစ်ပြီး ဟော်မုဇ် ရေလက်ကြားဟာ သူ့ရဲ့ အဓိက အရေးပါတဲ့ ပင်မသွေးကြော လမ်းကြောင်းကြီး ဖြစ်ပါတယ်။
အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအပေါ် အီရန်က ပစ်မှတ်ထား တိုက်ခိုက်နေရာမှာ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားမှုနဲ့ ဒေသတွင်းက စွမ်းအင် အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်ခဲ့မှုတွေရဲ့ အကျိုးဆက်က ကာတာနဲ့ ဆော်ဒီအာရေဗျ လို ပင်လယ်ကွေ့ဒေသ ရေနံထုတ်တဲ့ နိုင်ငံတွေအပေါ် အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။
လောင်စာဆီ ၀ယ်ယူတဲ့နိုင်ငံတွေက တခြားအရင်းအမြစ်တွေကနေ လောင်စာဆီရဖို့ လိုက်ရှာရာမှာ နော်ဝေနဲ့ ကနေဒါလို နိုင်ငံမျိုးတွေအတွက် အမြတ်ထွက်မယ့်ပုံမျိုး ရှိနေပါတယ်။
၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့အပြီးမှာ နိုင်ငံအတော်များများက ရုရှား ဓာတ်ငွေ့တွေအပေါ် မှီခိုအားထားနေမှုကနေ ရှောင်လွှဲနိုင်ဖို့ ကြိုးစားလာကြရာမှာ နော်ဝေက သူတို့ရဲ့ ရေနံတွေကို ပိုတိုး ထုတ်လုပ်ခဲ့ပြီး အခွင့်အရေးကို အသုံးချနိုင်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကနေဒါ စွမ်းအင်ဝန်ကြီး တင်မ် ဟော့ဂျ်ဆန် က သူ့နိုင်ငံဟာ တည်ငြိမ် စိတ်ချရပြီး စံတန်ဖိုးကို အခြေခံထားတဲ့ စွမ်းအင်ထုတ်လုပ်တဲ့နိုင်ငံအဖြစ် အမြန် ရပ်တည်ပြခဲ့ပါတယ်။ ဒါပေမဲ့ ကနေဒါနိုင်ငံအနေနဲ့ ရေနံထုတ်လုပ်မှုကို ဘယ်လောက်ပိုတိုးလုပ်နိုင်မလဲ ဆိုတာအပေါ် မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ့အစား ရုရှားက အကျိုးအမြတ်အများဆုံး ရမယ့်နိုင်ငံ ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာတဝန်း လောင်စာဆီပြဿနာကို ဖြေရှင်းဖို့ အမေရိကန်က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတစ်ချို့ကို လျှော့ချလိုက်တဲ့အတွက် အိန္ဒိယကို ရုရှားရေနံစိမ်း တင်ပို့ရောင်းချမှုဟာ ၅၀ ရာခိုင်နှုန်း ထိုးတက်သွားခဲ့ပါတယ်။
မတ်လမကုန်ခင် ရုရှားက ဒေါ်လာ ၅ ဘီလျံလောက် ငွေဝင်နိုင်ဖွယ် ရှိပြီး ၂၀၂၂ ခုနှစ်ကတည်းက စလို့ လောင်စာဆီနဲ့ ဆက်နွှယ်တဲ့ ဘဏ္ဍာငွေ အများဆုံးရတဲ့ နှစ် ဖြစ်လာနိုင်မယ်လို့ တချို့က ခန့်မှန်းပါတယ်
အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် ပင်လယ်ကွေ့ဒေသနိုင်ငံတွေအပေါ် ထိခိုက်စေခဲ့ပြီး ရုရှားအစိုးရအတွက်ငွေအလုံးလိုက်အရင်းလိုက် ဝင်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တခြား အမြတ်ထွက်နိုင်မယ့် နိုင်ငံတွေလည်း ရှိနေပါသေးတယ်။
ရေနံစျေးတွေ တိုးလာနေတဲ့အတွက်ကြောင့် နိုင်ငံတချို့က ရေနံအစား မီးသွေးတွေ ပိုသုံးလာနေကြရာမှာ အင်ဒိုနီးရှားလို မီးသွေး အကြီးအကျယ် ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေအတွက် အခွင့်ကောင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။
ထိခိုက်နစ်နာတဲ့ နိုင်ငံတွေ - အမေရိကန်၊ ယူကေနဲ့ ဥရောပ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန် ကိုယ်တိုင်အပေါ် ဘယ်လို သက်ရောက်စေသလဲ။
ရေနံစျေးတွေ တက်လာရင် အမေရိကန်အတွက် ငွေတွေ အများကြီး ဝင်လာမယ် လို့ သမ္မတ ဒေါ်နယ် ထရမ့် က ပြောနေပါတယ်။
တကယ်လို့ ရေနံစိမ်းစျေးက ခုလက်ရှိအတိုင်းအတာအတိုင်း ဆက်ရှိနေမယ် ဆိုရင်တော့ အမေရိကန် ရေနံ ထုတ်လုပ်သူတွေအတွက် နောက်ထပ် အရန်ငွေ ဒေါ်လာ ဘီလျံပေါင်းများစွာ ရနိုင်ဖွယ် ရှိတာကတော့ သေချာပါတယ်။
ဒါပေမဲ့ အဲဒီအတွက်ကြောင့် အမေရိကန်က အသားတင် အနိုင်ရတဲ့ နိုင်ငံတစ်ခုတော့ ဖြစ်မှာ မဟုတ်ပါဘူး။
ပထမအချက်အနေနဲ့ အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေက အမေရိကန် ရေနံထုတ်လုပ်တဲ့ကုမ္ပဏီတချို့အပေါ် ကြီးကြီးမားမား ထိခိုက်လာတဲ့ အတွက် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ExxonMobil ကုမ္ပဏီ ဆိုရင် ကာတာနိုင်ငံရဲ့ ရာ့စ် လက်ဖန် စက်မှုဇုန်မှာ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပြီး မတ်လအစပိုင်းကတည်းကစလို့ လုပ်ငန်းထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားရပါတယ်။ အီရန် မစ်ဆိုင်းတိုက်ခိုက်မှုတွေကြောင့် အဲဒီစက်မှုဇုန်နေရာမှာ အခုအခါ အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
ဒုတိယအချက်အနေနဲ့ ရေနံလက်ကားစျေး ကျဆင်းလာနေတဲ့အတွက် ထုတ်လုပ်မှုတွေ နှစ်ပေါင်းများစွာ လျှော့ချခဲ့ရအပြီး ကုမ္ပဏီအတော်များများအနေနဲ့ ရေနံထုတ်လုပ်မှုတွေကို အလျင်အမြန် ပြန်မြှင့်တင်နိုင်စွမ်း မရှိတဲ့အတွက် ဖြစ်ပါတယ်။
ဒါ့အပြင် အားလုံးထဲမှာ အရေးပါဆုံးအချက်ကတော့ လူတစ်ဦးချင်းစီအလိုက် ကြည့်မယ်ဆိုရင် အမေရိကန်ပြည်သူတွေဟာ ကမ္ဘာပေါ်မှာ ရေနံနဲ့ ဓာတ်ငွေ့ အသုံးအများဆုံးသူတွေ ဖြစ်နေတဲ့ အချက်ဖြစ်ပါတယ်။
ရာသီဥတုဆိုးဝါးတဲ့ အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းက ဆောင်းရာသီမှာ အပူဓာတ်ပေးဖို့ကအစကားတွေမှာ ဓာတ်ဆီဖြည့်ဖို့ အထိ ရုပ်ကြွင်း လောင်စာဆီတွေရဲ့ စျေးနှုန်း အတက်အကျဒဏ်က အမေရိကန်ပြည်သူတွေအပေါ် အကြီးအကျယ် ရိုက်ခတ်နိုင်ပါတယ်။
တကယ်လို့ ရေနံစျေးဟာ ဒေါ်လာ ၁၄၀ အထိ တက်သွားပြီး အဲဒီမှာ တန့်နေမယ်ဆိုရင် စီးပွားရေးက ကျုံ့သွားမယ့် အန္တရာယ်ရှိလာနိုင်တယ်လို့ Oxford Economics စီးပွားရေးအကြံပေးအဖွဲ့ရဲ့ စီးပွားရေး ပညာရှင်တွေက သတိပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
အဲဒီလို ခံနိုင်ရည်စွမ်း နည်းတဲ့သူတွေဟာ အမေရိကန်ပြည်သူတွေချည်း သက်သက်တော့ မဟုတ်ပါဘူး။ ဥရောပနဲ့ ယူကေက ရေနံဝယ်ယူသုံးစွဲသူတွေကလည်း ပြည်ပက တင်သွင်းတဲ့ ဓာတ်ငွေ့တွေကို မှီခိုအားထားနေရတာကြောင့် စီးပွားရေး တိုးတက်မှုအပေါ် အကြီးအကျယ် ထိခိုက်လာနိုင်ပါတယ်။
ဒါ့အပြင် ငွေကြေးဖောင်းပွမှုကနေတဆင့် အဲဒီလို ဖြစ်လာနိုင်ပါတယ်။ ဓာတ်မြေသြဇာနဲ့ ပို့ဆောင်ခစရိတ်လို အရာမျိုးတွေမှာ စျေးတွေ တက်လာနေတဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း စျေးကွက် ပြောင်းလဲတိုးတက်လာမှုတွေကြောင့် အခုနှစ်နှောင်းပိုင်းမှာ ငွေကြေးဖောင်းပွမှု ၀.၅ ရာခိုင်နှုန်း ထပ်ဆောင်းတိုးလာနိုင်ပါတယ်။
သတင်းကောင်းကတော့ နှစ်တွေကြာလာတာနဲ့အမျှ စွမ်းအင် ပိုထိရောက်လာတဲ့အတွက် အနောက်နိုင်ငံတွေက စွမ်းအင်စျေးနှုန်း အတက်အကျကို အရင်ကထက် ပိုခံနိုင်ရည် ရှိလာနေပါတယ်။
ဒါပေမဲ့ ဥပမာအားဖြင့် ယူကေနိုင်ငံမှာ စွမ်းအင်အသုံးပြုမှုရဲ့ တစ်ဝက်ကျော်က ရေနံနဲ့ ဓာတ်ငွေ့ ဖြစ်ပြီး ကားမောင်းသူတွေ၊ အိမ်တွေမှာ အပူဓာတ်အတွက် ကုန်ကျစရိတ်တွေနဲ့ ကုန်ထုတ်လုပ်မှုမျိုးလို စွမ်းအင် သုံးစွဲမှုများတဲ့ ကဏ္ဍတွေကတော့ လောင်စာဆီ ပြဿနာနဲ့ ဆက်ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ တကယ်တန်းမှာ ကမ္ဘာတဝန်းက နိုင်ငံအတော်များများများမှာ အလားတူ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
သက်ရောက်မှု အတော်များများဟာ ရေနံစျေးနှုန်းရဲ့ အနာဂတ်လမ်းကြောင်းအပေါ် မူတည်နေတာ မဟုတ်ဘဲ အငြင်းပွားစရာတစ်ခု ဖြစ်တဲ့ အစိုးရရဲ့ တုန့်ပြန်မှုတွေအပေါ်မှာသာ မူတည်နေတာ ဖြစ်ပါတယ်။
အာဏာပိုင်အတော်များများဟာ သူတို့ရဲ့ ဘဏ္ဍာငွေတွေအပေါ် ဝေဖန်ခံနေရတဲ့အတွက် ငွေကြေးအကူအညီ အထောက်အပံ့ကြီးကြီးမားမား ပေးဖို့ တွန့်ဆုတ်နေကြပါတယ်။
ငွေကြေးဖောင်းပွမှု ပိုမြင့်တက်လာမယ့် အန္တရာယ်အပေါ် ငွေချေးစာချုပ် စျေးကွက်တွေရဲ့ တုန့်ပြန်ဆောင်ရွက်မှုကြောင့် နဂိုကတည်းကိုက ကြွေးမြီတွေတင်ရှိနေပြီးသား နိုင်ငံတွေအနေနဲ့ နောက်ထပ် ဘီလျံပေါင်းများစွာ ကြွေးတွေ ထပ်တင်လာနိုင်ဖွယ်ရှိနေပါတယ်။
ဒါပေမဲ့ ရုတ်တရက် ချက်ချင်းကျရောက်လာမယ့် အကြီးမားဆုံး အန္တရာယ်က ဟော်မုဇ်ရေလက်ကြားကို ဖြတ်ပြီး အရှေ့ဘက်ပိုင်းဆီ တင်ပို့မယ့် ရေနံနဲ့ ဓာတ်ငွေ့ရည် ပုံမှန် ဝယ်ယူသုံးစွဲသူတွေပေါ် ကျရောက်မှာ ဖြစ်ပါတယ်။
အာရှက အရှေ့အလယ်ပိုင်းဒေသက ရေနံစိမ်း ၅၉ ရာခိုင်နှုန်းကို ဝယ်ယူတင်သွင်းပြီး တောင်ကိုရီးယားက ၇၀ ရာခိုင်နှုန်း လောက်အထိ တင်သွင်းပါတယ်။ ပဋိပက္ခစစ်ပွဲနဲ့ ကုန်ကျစရိတ်တွေအတွက် စိုးရိမ်မှုတွေကြောင့် အဲဒီမှာ ရှယ်ယာစျေးတွေ ထိုးကျသွားခဲ့ပြီး တောင်ကိုရီးယားရဲ့ ချစ်ပြား ထုတ်လုပ်မှုလုပ်ငန်းအပေါ် ထိခိုက်လာနိုင်တယ်လို့လည်း တောင်ကိုရီးယား နိုင်ငံရေးသမားတွေက သတိပေးထားပါတယ်။
ကမ္ဘာ့ ချစ်ပြားထုတ်လုပ်မှုစုစုပေါင်းရဲ့ တစ်ဝက်ကျော်ကို တောင်ကိုရီးယားက ထုတ်လုပ်ပါတယ်။ လောင်စာဆီ အချိုးကျ ဖြန့်ဖြူးတာ၊ တစ်ပတ်ကို လေးရက်ပဲ အလုပ်ဆင်းတာ၊ ပညာရေးဆိုင်ရာရုံးတွေ ကျောင်းတွေ ပိတ်ထားတာလို လုပ်ဆောင်မှုမျိုးတွေကို သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင် လို ကျန်တဲ့ နိုင်ငံတွေက ချမှတ်ကျင့်သုံးလာကြပါတယ်။
ဒါပေမဲ့ အာရှမှာ လောင်စာဆီ အများဆုံး သုံးစွဲတဲ့ နိုင်ငံတွေကတော့ စီမံကိန်းရေးဆွဲမှုတွေနဲ့ သံတမန်ရေးနည်းတွေကနေတဆင့် သူတို့ကိုသူတို့ တနည်းတဖုံ အကာအကွယ်ယူထားနိုင်ကြပါတယ်။ တရုတ်နိုင်ငံဆိုရင် လအတော်ကြာကြာလောက် အသုံးပြုနိုင်တဲ့ပမာဏနဲ့ ညီမျှတဲ့ လောင်စာဆီ အရန်ရှိထားပြီး အီရန်ကနေ လောင်စာဆီ ဝယ်ယူမှု ထပ်တိုးလုပ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
အိန္ဒိယနိုင်ငံ ကလည်း အလားတူပဲ ရုရှားထံက လောင်စာဆီ ဝယ်ယူတင်သွင်းခွင့် ယာယီပြုလိုက်တာကို အခွင့်ကောင်းယူခဲ့ပါတယ်။
နောင်ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာက ဒီပဋိပက္ခအတွင်း နောင်ဖြစ်ပျက်လာမှုအပေါ် မူတည်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေ မစခင် မဟာဗျူဟာတွေ ချမှတ်ခဲ့တဲ့ အမေရိကန်လိုတော့ ဒီလို စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်တချို့ကို အိန္ဒိယနိုင်ငံအနေနဲ့ အပြည့်အဝ ကြိုမြင်ထားမယ့်ပုံ မရှိပါဘူး။
တကယ်လို့သာ အီရန်စစ်ပွဲက အချိန်ကြာရှည်နေမယ်ဆိုရင် နိုင်ငံ တစ်နိုင်ငံချင်းအပေါ်မှာသာမက ကမ္ဘာတဝန်း နိုင်ငံတွေအပေါ်ကိုပါ ပျံ့နှံ့ ထိခိုက်လာမယ့် အန္တရာယ်မျိုး ရှိနေပါတယ်။








