အီရန်စစ်ပွဲက ကင်ဂျုံအွန်းနဲ့ မြောက်ကိုရီးယား အနာဂတ်ကို စိုးရိမ်မှုဖြစ်စေလား

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက မီးခိုးရောင် ကုတ်အင်္ကျီနဲ့ အဖြူရောင်ရှပ်အင်္ကျီ ဝတ်ထားပါတယ်။ နောက်ခံမှာတော့ အနီရောင်နဲ့ အီရန်အလံကို ပြထားပြီး၊ ပျက်စီးနေတဲ့ အဆောက်အအုံတွေရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC / Andro Saini

    • ရေးသားသူ, Sangmi Han ဆန်းမီ ဟန်
    • ရာထူးတာဝန်, ဘီဘီစီ(ကိုရီးယား)
    • ရေးသားပေးပို့သည့်နေရာ, Seoul
  • ဖတ်ရန်အချိန်: မိနစ် ၁၁

အမေရိကန်နဲ့ အစ္စရေးက အီရန်ကို စစ်ဆင်ရေး စတင်လိုက်တဲ့နောက်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အတွေးတွေ အတော်ရှုပ်ထွေးနေမယ်လို့ ယူဆရပါတယ်။

မြောက်ကိုရီးယားက ဒီတိုက်ခိုက်မှုတွေကို "အကြောင်းပြချက်မရှိတဲ့ကျူးကျော်စစ်" လို့ မြန်မြန်တုံ့ပြန် ပြစ်တင်ခဲ့ပါတယ်။ တကယ်တော့ ဒီနှစ်နိုင်ငံဟာ ၁၉၇၉ ခုနှစ်ကတည်းက "အမေရိကန်ဆန့်ကျင်ရေး ရှေ့တန်း သွေးသောက်မဟာမိတ်" အသွင် ဆက်ဆံရေးကို တည်ဆောက်ထားပြီး၊ နောက်ပိုင်းမှာလည်း ဒုံးကျည်နည်းပညာ ဖွံ့ဖြိုးရေးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ရှိနေခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ပြည်ပကို လက်နက်တင်ပို့မှုတွေ အများဆုံးရောက်တာက အီရန်ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့မြောက်ကိုရီးယားသံတမန်ဟောင်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ သုတေသနစစ်တမ်းတွေရဲ့အပြောအရ မြောက်ကိုရီးယားဟာ အီရန်ထက် အားသာနေတဲ့ အချက် နှစ်ချက် ရှိပါတယ်။ တစ်ခုကတော့ နျူကလီးယားလက်နက်တွေဖြစ်ပြီး နောက်တစ်ခုကတော့ တရုတ်နိုင်ငံပါ။

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေက သူ့ကို တိုက်ခိုက်ဖို့ ခက်ခဲစေတဲ့တားဆီးနိုင်စွမ်းတစ်ခု ဖြစ်စေပြီး တစ်ဖက်မှာလည်း တရုတ်က သူ့အတွက် မဟာဗျူဟာအရ အရေးကြီးတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့် အကာအကွယ်တစ်မျိုးလို ဖြစ်နေပါတယ်။

၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲအတွင်းမှာ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီဟာ ရက်ပေါင်း ၅၀ လောက် အများပြည်သူရှေ့ကနေ ပျောက်ကွယ်နေခဲ့ပါတယ်။ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ရဲ့အဆိုအရတော့ မြို့တော် ပြုံယမ်းကနေ ၆၀၀ ကီလိုမီတာလောက် ဝေးတဲ့ ဆမ်ဂျီယွန်း နေရာက ဘန်ကာတစ်ခုထဲမှာ ပုန်းခိုနေခဲ့တယ်လို့ ဆိုပါတယ်။

သူ့သားဖြစ်တဲ့ ကင်ဂျုံအွန်းကတော့ အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ ခါမေနီ တိုက်ခိုက်ခံရလို့ သေဆုံးသွားခဲ့ချိန်မှာ အများပြည်သူရှေ့ကနေ မပျောက်ကွယ်ခဲ့ပါဘူး။

ဒီလို တုံ့ပြန်မှုကိုကြည့်ရင် မြောက်ကိုရီးယားရဲ့အင်အားအပေါ် ယုံကြည်မှု ပိုမိုတိုးလာနေပြီဆိုတာကို ပြသနေတဲ့အချက်တစ်ခုလည်း ဖြစ်တယ်လို့ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနအရာရှိဟောင်း ဂျန် ယောင်ဆော့က ပြောပါတယ်။

နျူကလီးယားနိုင်ငံတစ်ခုလိုမျိုး

A long-rang strategic cruise missile is fired in the darkness during a drill by North Korea in December 2025

ဓာတ်ပုံ ရင်းမြစ်, AFP / KCNA VIA KNS

ဓာတ်ပုံ ပုံစာ, အင်ဂျုံအန်း လက်ထက်မှာ မြောက်ကိုရီးယားဟာ ဒုံးကျည်တွေကို ပုံမှန် စမ်းသပ်လေ့ရှိပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြောက်ကိုရီးယားဟာ နျူကလီးယားနိုင်ငံတစ်ခုလို ရပ်တည်နေပြီး ၂၀၂၅ ခုနှစ်မှာတောင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "နျူကလီးယားအင်အားရှိတဲ့နိုင်ငံတစ်ခုလိုပဲ ဖြစ်နေပြီး လက်နက်တွေ အများကြီးရှိနေတယ်" လို့ ပြောခဲ့ပါတယ်။

၂၀၂၅ ခုနှစ် Stockholm International Peace Research Institute ရဲ့ အစီရင်ခံစာအရ မြောက်ကိုရီးယားမှာ နျူကလီးယားထိပ်ဖူး(warheads) ခန့်မှန်း ၅၀ လောက်ရှိပြီး နောက်ထပ် ၄၀ လောက် ထပ်ထုတ်လုပ်နိုင်မယ့် နျူကလီးယားဓာတ်သတ္တုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ တိုက်ပွဲအတွင်းမှာ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ တာတိုပစ်ဗျူဟာမြောက်နျူကလီးယား လက်နက် တစ်မျိုးကို တီထွင်မှုနောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ တောင်ကိုရီးယားက သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ တောင်ကိုရီးယားသမ္မတ အီဂျေးမြောင်ကလည်း မြောက်ကိုရီးယားဟာ အမေရိကန်ကိုတောင် နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်မျိုး တီထွင်ပြီးပြီလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမစ်ဆိုင်းရဲ့ လမ်းညွှန်စနစ်နဲ့ လေထုထဲ ပြန်ဝင်လာတဲ့အချိန်မှာ နျူကလီးယားထိပ်ဖူးတွေကို ကာကွယ်နိုင်စွမ်းတွေကတော့ မသေချာသေးဘူးလို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ကုလသမဂ္ဂအောက်ရှိ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency (IAEA) ကတော့ အီရန်မှာ "အလွန်ကြီးမားပြီး ရည်မှန်းချက်ကြီးတဲ့ နျူကလီးယားအစီအစဉ်" ရှိနေတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် "နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ စနစ်တကျ စီမံထားတဲ့အစီအစဉ်" ရှိနေတယ်ဆိုတဲ့ သက်သေတော့ မတွေ့ရသေးဘူးလို့လည်း ထည့်ပြောထားပါတယ်။

ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ ထရမ့်က နျူကလီးယားသဘောတူညီချက်ကနေ တစ်ဖက်သတ် ထွက်ခွာသွားတဲ့နောက်ပိုင်းမှာတော့ အီရန်ဟာ သူ့ရဲ့နျူကလီးယားစက်ရုံတွေကို IAEA စစ်ဆေးခွင့်ကို ကန့်သတ်လာခဲ့ပါတယ်။

ပြီးတော့ ၂၀၂၅ ခုနှစ် ဇွန်လမှာ အစ္စရေးနဲ့ဖြစ်ခဲ့တဲ့ စစ်ပွဲနောက်ပိုင်းမှာ အီရန်ဟာ IAEA နဲ့ ပူးပေါင်းဆောင်ရွက်မှုကို လုံးဝရပ်ဆိုင်းလိုက်တယ်လို့ လျှို့ဝှက်အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပြီး အဲဒါကို AP News ကလည်း မကြာသေးခင်က သတင်းဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံး နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် သုံးနှစ်ကြာပြီးတဲ့အခါမှာတော့ IAEA စစ်ဆေးရေးအဖွဲ့ဝင်တွေကိုလည်း အားလုံး နှင်ထုတ်လိုက်ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း နျူကလီးယားစမ်းသပ်မှုတွေကို ဆက်တိုက် ပြုလုပ်ခဲ့ပြီး စုစုပေါင်း ငါးကြိမ် ထပ်မံ စမ်းသပ်ခဲ့ပါတယ်။ နောက်ဆုံးစမ်းသပ်မှုကတော့ ၂၀၁၇ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာ ထရမ့်နဲ့ ကင်တို့ စင်ကာပူမှာ သမိုင်းဝင်တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်မှာ ထရမ့်နဲ့ ကင်တို့ စင်ကာပူမှာ သမိုင်းဝင်တွေ့ဆုံ

အရှေ့ကာလကိုပြန်ကြည့်မယ်ဆိုရင် မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အရမ်းစိတ်ဝင်စားခဲ့ပြီး ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ နှစ်နိုင်ငံခေါင်းဆောင်တွေကြား သမိုင်းဝင်တွေ့ဆုံမှုတွေတောင် ဖြစ်ပေါ်ခဲ့ပါတယ်။

ကင်ဂျုံအွန်းက နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ လိုချင်ခဲ့ပြီး ယုံးဗျွန်း နျူကလီးယားစက်ရုံကို ဖျက်သိမ်းပေးမယ်လို့တောင် ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်က အဲဒါထက်ပိုပြီး တောင်းဆိုခဲ့တာကြောင့် နောက်ဆုံးမှာ ဆွေးနွေးမှုတွေ ပျက်သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မြောက်ကိုရီးယားဟာ ယုံကြည်မှု ပိုရှိလာတဲ့ပုံဖြစ်နေပါတယ်။ အထူးသဖြင့် ယူကရိန်းစစ်ပွဲကြောင့် ရုရှားနဲ့ ပိုနီးကပ်လာပြီး၊ စီးပွားရေးနဲ့ စစ်ရေးအကူအညီတွေကို ရရှိလာတာကြောင့်လို့ အမေရိကန်အကြံပေးအဖွဲ့ဖြစ်တဲ့ Stimson Center ရဲ့ ကိုရီးယားအစီအစဥ်ကို ဦးဆောင်တဲ့ ဂျန်နီတောင်းမ်က ပြောပါတယ်။

ဒါပေမယ့် ထရမ့်နဲ့ ကင်ဂျုံအွန်းကြားမှာတော့ ဆက်ဆံရေးက မဆိုးဘူးလို့ မြင်ရပါတယ်။ အမေရိကန်သမ္မတဟာ လွန်ခဲ့တဲ့နှစ်အထိတောင် မြောက်ကိုရီးယားခေါင်းဆောင်ကို ချီးကျူးပြောဆိုထားတာတွေ ရှိပါတယ်။

ကင်ဂျုံအွန်းအနေနဲ့ ထရမ့်နဲ့ ဆက်ဆံရာမှာ "ထူးခြားတဲ့ အခွင့်အလမ်းတွေ ရှိနိုင်တယ်" လို့ သိထားပေမယ့် အဲဒီဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့အတွက်တော့ "အလျော့ပေးမှုတွေ မလုပ်ဘူး" လို့ တောင်းမ် က ပြောပါတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယားဟာ အီရန်စစ်ပွဲကို ပြစ်တင်ရှုတ်ချတဲ့အခါမှာ ထရမ့်ကို တိုက်ရိုက်ဝေဖန်တာမျိုး မလုပ်ခဲ့ပါဘူး။ နောက်ပြီး ပြီးခဲ့တဲ့လမှာ ကျင်းပခဲ့တဲ့ ပါတီညီလာခံမှာလည်း သူတို့ရဲ့ အနေအထားကို လေးစားပေးမယ်ဆိုရင် အမေရိကန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားနိုင်မယ်လို့ ပြောခဲ့ပါတယ်။ ဒါက အမေရိကန်နဲ့ ဆွေးနွေးဖို့ တံခါး ဖွင့်ထားသလို ဖြစ်နေပါတယ်။

တရုတ်၊ ရုရှားနဲ့ "နျူကလီးယား ဓားစာခံများ"

ပထဝီအနေအထားကလည်း မြောက်ကိုရီးယားဘက်ကို အားသာမှုက ပိုစေပါတယ်။ မြောက်ကိုရီးယားက တရုတ်နဲ့ နယ်စပ်ချင်းထိစပ်နေပြီး တရုတ်အတွက်တော့ အမေရိကန်နဲ့ သူ့မိတ်ဖက် တောင်ကိုရီးယားကို တားဆီးပေးနိုင်တဲ့ အရေးကြီးတဲ့ ကာကွယ်ရေးတံတိုင်းတစ်ခုလို မြင်ထားပါတယ်။

တစ်ဖက်မှာလည်း မြောက်ကိုရီးယားအစိုးရ ပြိုကွဲသွားမယ်ဆိုရင် တရုတ်ဘက်ကို ဒုက္ခသည် အများအပြား ဝင်ရောက်လာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။ ဒါကြောင့်ပဲ သမိုင်းတလျှောက်မှာ ဒီကွန်မြူနစ်နိုင်ငံနှစ်နိုင်ငံကြား ဆက်ဆံရေးကို "နှုတ်ခမ်းနဲ့ သွားလို နီးကပ်တယ်" လို့တောင် ဖော်ပြခဲ့ကြတာပါ။

၁၉၆၁ ခုနှစ်ကတည်းက တရုတ်ဟာ မြောက်ကိုရီးယားကို ကျူးကျော်ခံရမယ်ဆိုရင် ကာကွယ်ပေးမယ်လို့ အပြန်အလှန်ကာကွယ်ရေးစာချုပ်ထဲမှာ ကတိပြုထားပြီး၊ ဒီလိုစာချုပ်မျိုးကို ဘေကျင်းက လက်မှတ်ထိုးထားတာကလည်း ဒီတစ်ခုတည်းပဲ ဖြစ်ပါတယ်။

ဒါက တရုတ်အနေနဲ့ မြောက်ကိုရီးယားကို အမြဲတမ်း ပြည့်စုံတဲ့ မိတ်ဖက်တစ်နိုင်ငံလို့ မမြင်ဘူးဆိုတဲ့အဓိပ္ပါယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်စွမ်းအား တိုးချဲ့လာတာက ဒေသတည်ငြိမ်ရေးကို ထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

အဲဒါအပြင် မြောက်ကိုရီးယားနဲ့ ရုရှားအကြား ဆက်ဆံရေး နီးကပ်လာတာကိုလည်း တရုတ်ဘက်က လိုလားမှုမရှိဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်မှာ နှစ်နိုင်ငံ ကာကွယ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာက ဒီအခြေအနေကို ပိုမိုထင်ရှားစေပါတယ်လို့ Seoul National University မှာ လေ့လာသုတေသနလုပ်နေတဲ့ ဂျန် ယောင်ဆော့က ပြောပါတယ်။

ဒါပေမယ့် သူက ဆက်ပြောတာကတော့ "မြောက်ကိုရီးယားဟာ တရုတ်အတွက် မဟာဗျူဟာဆိုင်ရာမှာ အရေးကြီးမှုရှိနေတယ်… တရုတ်ကလည်း သူ့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားအပေါ် မှာထားတဲ့ ရပ်တည်ချက်က ခိုင်မာပါတယ်၊ ဒီအချက်ကို ကင်ဂျုံအွန်းကလည်း ကောင်းကောင်း သိထားတယ်" လို့ ဆိုပါတယ်။

တရုတ်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ ဂျပန်ကို ပြထားပြီး၊ မြို့တော်တွေဖြစ်တဲ့ ပြုံးယန်း၊ ဆိုးလ်နဲ့ တိုကျို တည်နေရာတွေကိုလည်း ပြထားတဲ့ မြေပုံ။
ဓာတ်ပုံ ပုံစာ, တရုတ်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ ဂျပန်ကို ပြထားပြီး၊ မြို့တော်တွေဖြစ်တဲ့ ပြုံးယန်း၊ ဆိုးလ်နဲ့ တိုကျို တည်နေရာတွေကိုလည်း ပြထားတဲ့ မြေပုံ။

မြောက်ကိုရီးယားဟာ သူနဲ့ အနီးစပ်ဆုံးရှိနေတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်ကို နျူကလီးယားအန္တရာယ်အောက်မှာ ထိန်းချုပ်ထားနိုင်တဲ့အခြေအနေမျိုး ဖြစ်နေတယ်လို့ အေဆန် အင်စတီကျူ က ဂျန်က ပြောပါတယ်။

ကိုရီးယားနှစ်နိုင်ငံကို စစ်မဲ့နယ်မြေဇုန်က ခွဲထားပါတယ်။ အဲဒီနယ်မြေက အရှည်လောက် ၂၅၀ ကီလိုမီတာရှိပြီး အကျယ်ကတော့ ၄ ကီလိုမီတာလောက်ပဲ ရှိပါတယ်။ ဒါ့အပြင် သူတို့ရဲ့ မြို့တော်နှစ်မြို့လည်း တစ်ခုနဲ့တစ်ခု ခန့်မှန်းအားဖြင့် ၂၀၀ ကီလိုမီတာလောက်ပဲ ကွာပါတယ်။

ဒါကြောင့် ဆိုးလ်မြို့အပါအဝင် အင်ချွန်းနဲ့ ဂျောင်ဂီ ပြည်နယ်တွေပါဝင်တဲ့ Seoul Metropolitan Area က မြောက်ကိုရီးယားရဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်း တိုက်ရိုက် ပါဝင်နေတယ်လို့ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက ထောက်လှမ်းရေးဟောင်း ဂျန် က ပြောပါတယ်။

သူ ဆက်ပြောတာက တောင်ကိုရီးယားအနေနဲ့ အစ္စရေး၊ အမေရိကန် ဒါမှမဟုတ် အရှေ့အလယ်ပိုင်းနိုင်ငံတွေလို မစ်ဆိုင်းဒုံးတွေကို အပြည့်အဝ ကာကွယ်တားဆီးနိုင်မလားဆိုတာ မသေချာဘူးလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံလည်း မြောက်ကိုရီးယားရဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်းမှာ ပါဝင်နေပါတယ်။ စမ်းသပ်မှုတွေ လုပ်တဲ့အချိန်တွေမှာလည်း မြောက်ကိုရီးယားက မစ်ဆိုင်းတွေကို ဂျပန်ပင်လယ်ဘက်ကို မကြာခဏ ပစ်လွှတ်နေတတ်ပါတယ်။

လက်ရှိမှာတော့ ဒီအာရှနိုင်ငံနှစ်ခုမှာ အမေရိကန်တပ်သား စုစုပေါင်း ၈၀,၀၀၀ လောက် တည်နေပြီး၊ အရှေ့အလယ်ပိုင်းဒေသမှာလည်း အမေရိကန် စစ်သား ၅၀,၀၀၀ လောက် တပ်စွဲထားပါတယ်။

အီရန်စစ်ပွဲကနေ ကင်ဂျုံအွန်းရဲ့အတွေးကို ပိုခိုင်မာလာနိုင်စေတာက အယာတိုလာ အလီ ခါမေနီမှာ '' နျူကလီးယားလက်နက်မရှိတဲ့အတွက်အားနည်းခဲ့တယ်" ဆိုတာပါ။

အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းတာတောင်မှ အာဏာရှင်အစိုးရဆက်ရှိနိုင်ရေးကို အာမခံမပေးနိုင်ဘူးဆိုတာကိုလည်း တွေးဆနိုင်စေတယ်လို့ ဝါရှင်တန်အခြေစိုက် Korea-US Economic Institute က အဲလန်ကင်မ် က ပြောပါတယ်။

တောင်းမ် လည်း အဲဒီအမြင်ကို ထောက်ခံပါတယ်။ သူပြောတာကတော့ မြောက်ကိုရီးယားက နျူကလီးယားကာကွယ်ရေးစွမ်းရည် ရဖို့အတွက် နှစ်ပေါင်းများစွာ ခက်ခဲမှုတွေကို ခံစားခဲ့ရပေမယ့်၊ ဒီလိုအချိန်မျိုးမှာတော့ ကင်ဂျုံအွန်း က သူလုပ်ခဲ့တဲ့ဆုံးဖြတ်ချက်က မှန်ခဲ့တယ်လို့ သေချာယုံကြည်နေမယ်လို့ ဆိုပါတယ်။

နျူကလီးယားလက်နက်ရှိတဲ့နိုင်ငံကို တိုက်ခိုက်မယ်ဆိုရင် အန္တရာယ်က အလွန်ကြီးမားလို့ လက်တွေ့မှာ မဖြစ်နိုင်တဲ့ ရွေးချယ်စရာတစ်ခုလို ဖြစ်သွားတာပါ။

(ဒီ story အတွက် additional reporting နဲ့ editing ကို Grace Tsoi နဲ့ Mark Shea တို့က အားဖြည့်ထားပြီး Index photo နဲ့ map ကို East Asia Visual Journalism က Andro Saini ဖန်တီးထားပါတယ်)