ရုရှားရေနံ ဒဏ်ခတ်ပိတ်ဆို့ထားမှု အမေရိကန်ဖြေလျှော့ပေးလိုက်တာအပေါ် အကဲခတ်တွေရဲ့ အမြင်

၂၀၂၅ ခုနှစ် သြဂုတ်လက အလာစကားပြည်နယ်မှာ ဗလာဒီမီယာ ပူတင်နဲ့ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံခဲ့စဉ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် သြဂုတ်လက အလာစကားပြည်နယ်မှာ ဗလာဒီမီယာ ပူတင်နဲ့ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံခဲ့စဉ်
ဖတ်ရန်အချိန်: မိနစ် ၅

ရုရှား ရေနံရောင်းချခွင့် ပိတ်ပင်ထားမှုကို အမေရိကန်က ဖြေလျှော့ပေးလိုက်တာဟာ ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်မှာ မဟုတ်ဘူးလို့ ယူကရိန်း သမ္မတ ဇလန်းစကီးနဲ့ ပြင်သစ်သမ္မတ မက်ခရွန်းအပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေက သတိပေးခဲ့ကြသလိုပဲ ဒီဖြေလျှော့မှုကြောင့် ရုရှားအတွက် ကြီးမားတဲ့ ငွေကြေး အကျိုးအမြတ်တွေ ရလာလိမ့်မယ်လို့ ဘီဘီစီနဲ့ စကားပြောခဲ့တဲ့ ကျွမ်းကျင်သူ ပညာရှင်တွေကလည်း သတိပေးလိုက်ကြပါတယ်။

ရုရှားအတွက်

အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ပူတင်အစိုးရအတွက် ကြီးမားတဲ့ ငွေကြေးအထောက်အပံ့ကြီး ဖြစ်လာစေမယ်လို့ ကိယက်ဗ် စီးပွားရေးတက္ကသိုလ်က မက်ခရိုစီးပွားရေး သုတေသနအဖွဲ့ရဲ့ အကြီးအကဲ ဘင်ဂျမင် ဟေလ်ဂျန်စတော့ခ် က ပြောပါတယ်။

ရုရှားရဲ့ ရေနံတင်ပို့မှုတွေ ဒေါ်လာ ၁၀ ဘီလျံလောက်အထိ တိုးလာနိုင်ပြီး အဲဒီရဲ့ အခွန်တွေထဲက တစ်ဝက်ဟာ အစိုးရဘဏ္ဍာတိုက်ထဲ တိုက်ရိုက်ရောက်သွားမှာ ဖြစ်တယ်လို့ သူက ခန့်မှန်းထားပါတယ်။

တကယ်လို့ အီရန်ပဋိပက္ခက တစ်လ ဒါမှမဟုတ် နှစ်လထက် ပိုကြာကြာ ဆက်ဖြစ်နေမယ်ဆိုရင် ရုရှားရဲ့ စီးပွားရေးကို အတော်လေး သက်တောင့်သက်သာ အခြေအနေဆီ ပြန်ရောက်လာစေမယ်လို့ မစ္စတာ ဟေလ်ဂျန်စတော့ခ် က ပြောပါတယ်။

ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေအတွက်

ကမ္ဘာတဝန်းအတိုင်းအတာအရ ပြောရမယ်ဆိုရင် အမေရိကန်ရဲ့ ဖြေလျှော့ပေးမှုဟာ ပါရှန်း ပင်လယ်ကွေ့ မှာ ရေနံထောက်ပံ့တင်ပို့ရေး ထိခိုက်နေမှုအပေါ် မဆိုစလောက်သာ အထောက်အကူပြုမှာ ဖြစ်တယ်လို့ ING ဒတ်ချ် ဘဏ်ရဲ့ ကုန်စည်ဗျူဟာဌာန အကြီးအကဲ ဝါရန်း ပက်တာဆန် က ပြောပါတယ်။

"ဒါက ရေနံစျေးကွက်အတွက်နဲ့ ဟော်မုဇ် ရေလက်ကြားကနေ ရေနံစည်တွေ စီးဆင်းနိုင်ဖို့ တစ်ခုတည်းသော ဖြေရှင်းနည်း ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့ခံထားရမှုကြောင့် အထိခိုက်ခံရဆုံးဖြစ်တဲ့ အိန္ဒိယနဲ့ တခြား အာရှနိုင်ငံတွေက အခုဝယ်ခွင့်ရလာပြီဖြစ်တဲ့ ရုရှား ရေနံတွေကို ဝယ်ယူကြမယ့်ပုံမျိုး ရှိနေပါတယ်။

ရုရှားရေနံ ဒဏ်ခတ် ပိတ်ဆို့ထားမှု အမေရိကန် ဖြေလျှော့လိုက်တာနဲ့ ပတ်သက်လို့ သိထားသမျှ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကမ္ဘာပေါ်မှာ သင်္ဘောအသွားအလာ အစည်ကားဆုံး လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားက သင်္ဘောအသွားအလာကို ထိခိုက်လာမှုအပါအဝင် လက်ရှိ ပဋိပက္ခရဲ့ ရလဒ်တစ်ခုအဖြစ် ကြာသပတေးနေ့က ရေနံတစ်စည်ကို ဒေါ်လာ တစ်ရာကျော်အထိ ပြန်တက်သွားပါတယ်။

ကမ္ဘာတဝန်း စီးပွားရေး ထိခိုက်လာမှုကို လျှော့ချဖို့ ကြိုးစားတဲ့အနေနဲ့ ပင်လယ်ထဲက သင်္ဘောတွေပေါ် တင်ထားပြီးသား ရုရှား ရေနံနဲ့ ဓာတ်ဆီ ဝယ်ယူခွင့်ပြုဖို့ အမေရိကန်က ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ထားမှုကို ရက်ပေါင်း ၃၀ ယာယီ ရုပ်သိမ်းလိုက်တာဟာ ရုရှားအစိုးရအတွက် ငွေကြေးအကျိုးအမြတ် ထူးထူးခြားခြား ရဖို့ မရှိဘူးလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က ပြောပါတယ်။ လက်ရှိမှာ ရေနံစည်ပေါင်း သန်း ၁၀၀ လောက် လမ်းတဝက်မှာ ရှိနေတယ်လို့ ရုရှားအစိုးရက ဆိုပါတယ်။

အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ စွမ်းအင်စျေးကွက်ကို တည်ငြိမ်စေဖို့ ကြိုးစားမှုအဖြစ် ရုရှားက ရှုမြင်ထားပြီး နှစ်နိုင်ငံစလုံးအတွက် အကျိုးစီးပွား တန်းတူ ခံစားရရှိနိုင်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

ဒါပေမဲ့ ဒီလိုဖြေလျှော့ပေးမှုတွေကြောင့် ယူကရိန်းစစ်ပွဲမှာ ရုရှားတို့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်လာနိုင်လိမ့်မယ်လို့ ယူကေ စွမ်းအင်ဝန်ကြီး မိုက်ကယ် ရှန့်ခ်စ်က သတိပေး ပြောကြားလိုက်ပြီး ယူကေကတော့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေကို လုံးဝ ဖြေလျှော့မှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ရေနံပိတ်ဆို့မှု ဖြေလျှော့ပေးလိုက်တဲ့အတွက် ရုရှားရဲ့ ထိုးစစ်ဆင်မှုတွေ ပိုကြာရှည်အောင် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ယူကရိန်း ပြော

 ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက်နေ့က အီရတ်နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ အွန်မ် ကက်ဆာ ဆိပ်ကမ်းမှာ တွေ့ရတဲ့ ကုန်တင်သေတ္တာတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက်နေ့က အီရတ်နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ အွန်မ် ကက်ဆာ ဆိပ်ကမ်းမှာ တွေ့ရတဲ့ ကုန်တင်သေတ္တာတွေ

ရုရှားရေနံ ဒဏ်ခတ်ပိတ်ဆို့ထားမှုတချို့ကို ဖြေလျှော့ပေးဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဥရောပနိုင်ငံတဝန်း တုန်လှုပ်မှုတွေ ဖြစ်သွားခဲ့ရပါတယ်။

အီးယူ ဥရောပသမဂ္ဂ ဥက္ကဋ္ဌ အန်တိုနီယို ကော့စ်တာ က အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဥရောပနိုင်ငံတွေရဲ့ လုံခြုံရေးအပေါ် ထိခိုက်စေမှာ ဖြစ်တဲ့အတွက် အကြီးအကျယ် စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ "ရုရှားအပေါ် စီးပွားရေး ဖိအားတွေ တိုးမြှင့်ပေးမှသာ ရုရှားအနေနဲ့ တရားမျှတပြီး ကြာရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရလာရေးအတွက် အလေးအနက် ညှိနှိုင်းဆွေးနွေးဖို့ လက်ခံလာမှာ ဖြစ်ပါတယ်" လို့ သူက X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

"ရုရှားရဲ့ အရင်းအမြစ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြေလျော့သွားတဲ့အတွက် ယူကရိန်းအပေါ် ရန်လိုတိုက်ခိုက်မှုတွေ ပိုတိုးလာမှာ ဖြစ်ပါတယ်။"

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာတော့ တကယ့်ကို စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့လိုက်တာဟာ တကယ့်ကို ထိုးနှက်ချက်ကြီး ဖြစ်လာလိမ့်မယ်လို့ အခုသီတင်းပတ်အစောပိုင်းတုန်းက သမ္မတ ဇလန်းစကီးက ပြောပါတယ်။

ရုရှားအစိုးရဟာ ရေနံရောင်းရတဲ့ အခွန်ငွေတွေကို နောက်ထပ် လက်နက်တွေ ဝယ်ရာမှာ အသုံးပြုမှာ ဖြစ်တယ်လို့ ဇလန်းစကီးက ပြောပါတယ်။ အမေရိကန်အနေနဲ့ ဒီလို ညှိနှိုင်း အလျှော့ပေးမှုမျိုး မလုပ်ဖို့ သူ့အနေနဲ့ အခိုင်အမာ မျှော်လင့်ထားခဲ့တယ် လို့ ဆိုပါတယ်။

ကိယက်ဗ်မှာ ရှိတဲ့ သံတမန်ရင်းမြစ်ကလည်း "ဒီဆုံးဖြတ်ချက်က ရေနံစျေးကွက် တည်ငြိမ်လာရေးကို အထောက်အကူ မပြုမှာ သေချာပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပိုကြာရှည်နိုင်စေဖို့ကိုတော့ အထောက်အကူပြုပါလိမ့်မယ်" လို့ ပြောနေပါတယ်။

"တကယ်တန်းမှာ အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ်ဖြစ်အောင် အီရန်အာဏာရှင်အစိုးရကို ရုရှားကအကူအညီပေးနေတာလည်း ဖြစ်ပါတယ်။"