အီရန်ခေါင်းဆောင်သစ် မို့ချ်တာဘာ ခါမေနီ ဆိုတာ ဘယ်သူလဲ

    • ရေးသားသူ, ဘီဘီစီ ပါရှားဘာသာစကားဌာန
  • ဖတ်ရန်အချိန်: မိနစ် ၉

အမေရိကန်- အစ္စရေးတို့ရဲ့ပူးတွဲလေကြောင်းတိုက်ခိုက်မှုမှာ အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးခဲ့ပြီးတဲ့နောက် သူ့သားဖြစ်သူ မို့ချ်တာဘာ ခါမေနီဟာ ဖခင်နေရာကို ဆက်ခံမယ့်သူအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

ဖခင်နဲ့မတူတာက အသက် ၅၆ နှစ်အရွယ် မို့ချ်တာဘာဟာ အတော်လေး အနေအထိုင်သိုသိပ်သူဖြစ်ပါတယ်။ အစိုးရထဲမှာ ရာထူးယူခဲ့ဖူးတာမရှိသလို လူထုကြားထဲစကားပြောတာ ဒါမှမဟုတ် အင်တာဗျူးတာတွေလည်း မလုပ်ဖူးပါဘူး။ သူ့အကြောင်း သူ့ပုံ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဆိုတာလည်း မများလှပါဘူး။

ဒါပေမဲ့ သူဟာ အီရန်နိုင်ငံရေးမှာ နောက်ကွယ်ကနေ အတိုင်းအတာတစ်ခုအထိ သြဇာလွှမ်းမိုးမှု ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာ နှစ်ပေါင်းများစွာကြာနေပါပြီ။

WikiLeaks က ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းမှာ ဖွင့်ချခဲ့တဲ့ အမေရိကန်သံတမန်တွေသုံး ကြေးနန်းတွေမှာေတာ့ သူ့ကို ''ဝတ်ရုံတွေနောက်ကွယ်က အင်အား'' လို့ သုံးနှုန်းခဲ့ဖူးပါတယ်။ ပြီးတော့ သူ့ကို အီရန်အုပ်စိုးသူတွေကြားမှာ ''လုပ်နိုင်ကိုင်နိုင်စွမ်းရှိပြီး အင်တိုက်အားတိုက်လည်းရှိသူ''အဖြစ် မြင်ကြတဲ့အကြောင်း အေအက်ဖ်ပီသတင်းဌာနက သတင်းဖော်ပြပါတယ်။

တဖက်မှာလည်း သူ့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်တာက အငြင်းပွားစရာဖြစ်နေပြန်ပါတယ်။ အီရန်မှာ ရှားဘုရင်စနစ်ကို ဖြုတ်ချပြီး အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံထွက်ပေါ်လာတာ ၁၉၇၉ ခုနှစ်မှာဖြစ်ပါတယ်။ ဒီအစ္စလာမ္မစ်သမ္မတနိုင်ငံမှာ နိုင်ငံ့ဦးသျှောင်ခေါင်းဆောင်ကို သားစဉ်မြေးဆက် ရာထူးလက်ဆင့်ကမ်းတာမျိုးမဟုတ်ဘဲ ခေါင်းဆောင်ဖြစ်မယ့်သူရဲ့ဘာသာရေးခံယူချက်နဲ့ ခေါင်းဆောင်နိုင်မှုစွမ်းရည်ကို အခြေခံရွေးချယ်ဖို့ အခြေတည်ပါတယ်။

အလီ ခါမေနီဟာ သူ သက်ရှိထင်ရှားရှိချိန်တုန်းက အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်အရေးကို ယေဘုယျဆန်ဆန်ပဲ ပြောလေ့ရှိပါတယ်။

အီရန်မှာ နိုင်ငံ့ခေါင်းဆောင်ကို ရွေးချယ်တဲ့ ဘာသာရေးခေါင်းဆောင်တွေအစုအဖွဲ့ Assembly of Experts ထဲက အဖွဲ့ဝင်တစ်ဦးက အလီ ခါမေနီဟာ အနာဂတ်ခေါင်းဆောင်နေရာအတွက် သူ့သားကို လျာထားတာမျိုးကို ကန့်ကွက်ခဲ့ဖူးတယ်လို့ ပြီးခဲ့တဲ့နှစ်နှစ်ခန့်က ပြောဖူးပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို အလီ ခါမေနီတစ်ယောက် သူ သိရှင်ကြား ထုတ်ပြောဖူးတာမျိုးမရှိပါဘူး။

ဒီတော့ အီရန်ခေါင်းဆောင်သစ် မို့ချ်တာဘာ ခါမေနီ ဆိုတာ ဘယ်သူလဲ။

သူ့ကို နိုင်ငံအနောက်မြောက်ပိုင်းက မာရှ်ဟတ်မြို့မှာ ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှာ မွေးဖွားပါတယ်။ ခါမေနီရဲ့သားသမီး ၆ ဦးထဲမှာ ဒုတိယမြောက်သားဖြစ်ပါတယ်။ သူဟာ အလယ်တန်းပညာရေးကို တီဟီရန်မြို့က အလာဗီဘာသာရေး သင်တန်းကျောင်းမှာ ပြီးမြောက်ပါတယ်။

အသက် ၁၇ နှစ်အရွယ်မှာ မို့ချ်တာဘာဟာ အီရတ် -အီရန်စစ်ပွဲအတွင်း စစ်ထဲ မကြာခဏ ဝင်တိုက်လေ့ရှိခဲ့တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြပါတယ်။ သွေးချွေးသေကြေနှုန်းများခဲ့တဲ့ ၈ နှစ်ကြာ ဒီစစ်ပွဲဟာ အီရတ်ကို ထောက်ခံတဲ့ အနောက်နဲ့ အမေရိကန်အပေါ် အီရန်အုပ်စိုးသူတွေရဲ့ မသင်္ကာမှုတွေ သာလို့ တိုးစေခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှာတော့ မို့ချ်တာဘာဟာ ဘာသာရေးကို ဆက်လေ့လာဖို့ ရှီအာ မွတ်ဆလင် ဘာသာရေးမှာ အရေးအပါဆုံးမှတ်ယူထားတဲ့ မြို့တော် အုမ်းကို သွားပါတယ်။ အခုတစ်ခေါက်မတိုင်ခင် အထိ သူဟာ ဘာသာရေးဝတ်စုံ မဝတ်ခဲ့တာကတော့ ထူးခြားပါတယ်။ ပုံမှန်အားဖြင့် ဘာသာရေးဘက်ကို နွှယ်သူတွေဟာ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ကျမ်းစာကျောင်း တက်ကြတာမို့ မို့ချ်တာဘာ တစ်ယောက် အသက် ၃၀ အရွယ်ရောက်မှ ကျမ်းစာသင်တန်းကို ဘာကြောင့်သွားတက်လဲဆိုတာ မရှင်းလင်းပါဘူး။

မို့ချ်တာဘာဟာ အီရန်ရဲ့ထိပ်ဆုံးခေါင်းဆောင်ဖြစ်လာဖို့ရာ လမ်းမှာ အဟန့်အတားဖြစ်စေမယ့် အလယ်အလတ်တန်း ဘာသာရေးဆရာအဖြစ် ဆက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတော့ အီရန်က မီဒီယာငယ်အချို့နဲ့ အာဏာပိုင်တွေနဲ့နီးစပ်တဲ့အရာရှိတွေဟာ မို့ချ်တာဘာ ခါမေနီကို အီရန်မှာ အကြီးတန်းဘာသာရေးဘွဲ့ ''အယာတိုလာ'' လို့ဆိုပြီး စတင်ရည်ညွှန်းသုံးနှုန်းလာတာ တွေ့ရပါတယ်။ အကဲခတ်တွေကတော့ ဒီအရွေ့ဟာ မို့ချ်တာဘာကို ခန့်ခန့်ထည်ထည်ခေါင်းဆောင်ဖြစ်အောင် လက်ရှိ ဘာသာရေးခေါင်းဆောင်အဆင့်ကနေ သိဒ္ဓိတင်ကြတာလို့ သုံးသပ်ပါတယ်။

ကျမ်းစာကျောင်းနယ်ပယ်မှာ လူပုဂ္ဂိုလ်တစ်ဦးရဲ့ပညာကျွမ်းကျင်မှုအဆင့်နဲ့ အသိပညာကို ''အယာတိုလာ'' ဆိုတဲ့ဂုဏ်ဒြပ်ကို ရရှိထားတာ၊ အဆင့်မြင့်အတန်းတွေကို သင်ကြားပို့ချတာတွေကို ကြည့်ပြီး မှတ်ကျောက်တင်ပါတယ်။ ပြီးတော့ အနာဂတ်ခေါင်းဆောင်အဖြစ် ရွေးချယ်ဖို့ရာမှာလည်း မရှိမဖြစ်လိုအပ်တဲ့အဆောင်ယောင်အဖြစ်လည်း မှတ်ယူကြပါတယ်။

ဒါပေမဲ့ ရှေ့မှာ အလားတူ သာဓက ရှိနှင့်ထားပြီးဖြစ်ပါတယ်။ အလီ ခါမေနီဟာ ၁၉၈၉ ခုနှစ်မှာ ဒုတိယဘာသာရေးခေါင်းဆောင်ဖြစ်လာတဲ့အခါ ''အယာတိုလာ'' အဆင့်ကို မြန်မြန်ပဲ တိုးမြှင့်ခံရပါတယ်။

နိုင်ငံရေးကြားဝင်တယ်လို့ စွပ်စွဲခံရတာတွေ

မို့ချ်တာဘာရဲ့နာမည်ဟာ ၂၀၀၅ သမ္မတရွေးကောက်ပွဲအတွင်း လူထုကြားထဲ မြင်လာကြားလာရပါတယ်။ အဲဒီတုန်းက အမာနိုင်ငံရေးသမား မိုဟာမက် အာမက်ဒင်းဂျက် မဲနိုင်ပါတယ်။

ခါမေနီထံကို အိတ်ဖွင့်ပေးစာလို့ဆိုတဲ့ စာထဲမှာ ပြုပြင်ပြောင်းလဲရေးသမား သမ္မတလောင်း မာဟီ ခါရူဘီက မို့ချ်တာဘာဟာ အစ္စလာမ္မစ်တော််လှန်ရေးအစောင့်တပ်(IRGC) အဆွယ်အပွားတွေ၊ နောက် အာမက်ဒင်းဂျက် မဲနိုင်အောင် ဘာသာရေးအစုအဖွဲ့တွေကို ငွေကြေးထောက်ပံ့ခဲ့တဲ့ ဘာစီ့ချ်အရန်တပ်တွေကနေတဆင့် မဲရအောင် ကြားဝင်စွက်ဖက်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် ၄ နှစ်အကြာမှာတော့ မို့ချ်တာဘာဟာ အလားတူ ထပ်စွပ်စွဲခံရပါတယ်။ အာမက်ဒင်းဂျက်ပဲ ပြန်ရွေးချယ်ခံရလို့ အီရန်နိုင်ငံတလွှားမှာ အစိမ်းရောင်လှုပ်ရှားမှု(Green Movement) လို့ခေါ်တဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းက ဆန္ဒပြသူအချို့ဟာ မို့ချ်တာဘာတစ်ယောက် အီရန့်ဦးသျှောင်အဖြစ် သူ့ဖခင်နေရာကို ဆက်ခံမယ့်သဘောကို ကန့်ကွက်တဲ့ ကြွေးကြော်စာတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

အဲဒီတုန်းက ဒုတိယပြည်ထဲရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ မိုစတာဖာ တာဇာဒါကတော့ မဲရလဒ်ဟာ ''ရွေးကောက်ပွဲအာဏာသိမ်းမှု'' လို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ သူလည်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရပါတယ်။ သူကတော့ သူအခုလို ထောင်ဒဏ်ချမှတ်ခံရတာဟာ ''မို့ချ်တာဘာ ခါမေနီ ဖြစ်စေချင်တဲ့ဆန္ဒ'' လို့ သုံးခဲ့ပါတယ်။

နောက်ထပ် ပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတလောင်း ၂ ယောက်ဖြစ်တဲ့ မာ ဟူစိန် မိုဆာဗီနဲ့ မာဒီ ခါရူဘီတို့လည်း ၂၀၀၉ ရွေးကောက်ပွဲအပြီးမှာ အိမ်အကျယ်ချုပ် ကျပါတယ်။ ၂၀၁၂ ခုနှစ်၊ ဖေဖာ်ဝါရီလမှာတော့ မို့ချ်တာဘာဟာ မိုဆာဗီနဲ့တွေ့ဆုံပြီး ဆန္ဒပြတာတွေ ဆက်မလုပ်ဖို့ တိုက်တွန်း ခဲ့တယ်လို့ အဲဒီတုန်းက အီရန်သတင်းရင်းမြစ်တွေက ဘီဘီစီ ပါရှားဘာသာစကားဌာနကို ပြောခဲ့ပါတယ်။

အခုတော့ အီရန်ခေါင်းဆောင်နေရာကို ပူပူနွေးနွေး အရွေးခံထားရတဲ့ မို့ချ်တာဘာဟာ သူ့ဖခင်ရဲ့ အမာလိုင်း မူဝါဒတွေကိုပဲ ဆက်ကိုင်ဆွဲလိမ့်မယ်လို့ အများက မျှော်လင့်ထားပါတယ်။

တချို့ကလည်း အမေရိကန်နဲ့အစ္စရေးတို့ အီရန်ကို လေကြောင်းပေါင်းတိုက်ချိန် အဖေဖြစ်သူရော၊ အမေကိုရော၊ ဇနီးသည်ကိုပါ ဆုံးရှုံးလိုက်တဲ့လူတစ်ယောက်ဟာ အနောက်ကမ္ဘာက ပေးတဲ့ ဖိအားကို ခေါင်းငုံ့ခံလိမ့်မှာ မဟုတ်ဘူးလို့ မှတ်ယူနေကြပါတယ်။

ဒါပေမဲ့လည်း ခေါင်းဆောင်သစ်ဟာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ရှင်သန်ရေးကို အာမခံနိုင်ဖို့နဲ့ နိုင်ငံရေး စီးပွားရေး အကျပ်ရိုက်နေချိန် နိုင်ငံကို မားမားမတ်မတ်ရပ်တည်ပြနိုင်တဲ့ လူမှန် နေရာမှန် ခေါင်းဆောင်ဖြစ်တယ်ဆိုတာကို လူထု ယုံကြည်လာအောင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။

ဒါပေမဲ့ သူ စွမ်းစွမ်းတမံလုပ်ထားနိုင်တယ်ဆိုတဲ့ခေါင်းဆောင်မှုအပိုင်းကို အတိတ်မှာ မမြင်ထားရသလို နိုင်ငံ့ခေါင်းဆောင်နေရာကို အဖေကတဆင့် သားက လက်လွှဲယူလိုက်တယ်ဆိုတဲ့အမြင်လည်း ရှိနိုင်တာကြောင့် လူထုရဲ့မကျေနပ်မှု ထပ်မကြီးလာအောင် လုပ်ရဖို့လည်း ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် အခုတော့ မို့ချ်တာဘာဟာ အစ္စရေး ကာကွယ်ရေးဝန်ကြီးအပြောအရ ''ရှင်းလင်းဖို့ ပစ်မှတ်ထားခံရမယ်'' လို့ဆိုတဲ့ အီရန်ခေါင်းဆောင်သစ် နေရာအတွက် ရွေးချယ်ခံရတဲ့သူဖြစ်လာပါပြီ။