မတ် ၁၄ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် နေပြည်တော်မှာအကြိတ်အနယ်ဆွေးနွေးနေ

ဖတ်ရန်အချိန်: မိနစ် ၁၃

လာမယ့်တနင်္လာနေ့မှာ ပြည်သူ့လွှတ်တော်စခေါ်တော့မှာဖြစ်ပေမဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာအတွက်လျာထားမှုမပြီးပြတ်သေးဘူးလို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

အာဏာရကြံ့ခိုင်ရေးပါတီရုံးချုပ်မှာ ခေါင်းဆောင်ပိုင်းတွေ အစည်းအဝေးတွေဆက်တိုက်လုပ်နေတယ်လို့ ဘီဘီစီ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ ဒါဇင်ချီရှိနေတဲ့ ပြည်သူ့လွှတ်တော်မှာ ဘယ်သူဥက္ကဋ္ဌဖြစ်လာမလဲဆိုတာ ဒီနေ့လယ်ပိုင်းအထိ ပါတီထဲမှာရော စစ်ရုံးမှာပါ ယတိပြတ်မပြောနိုင်ကြသေးပါဘူး။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာဟာ လွှတ်တော်ကိုယ်စားလှယ်တွေထဲကပဲ ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီနဲ့ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့ ရေပန်းစားနေသလို အငြိမ်းစားဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဦးညိုစော၊ ဦးမြတ်ဟိန်း၊ ဦးမြထွန်းဦး၊ ဦးတင်အောင်စန်းနဲ့ ကြံ့ခိုင်ရေးပါတီဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဦးမျိုးဇော်သိန်းတို့ကလည်း ပြည်သူ့လွှတ်တော်အမတ်တွေဖြစ်ကြပါတယ်။

"ဦးခင်ရီက ရေပန်းအစားဆုံးဖြစ်ပေမဲ့ ရွေးချယ်မှုက မပြီးပြတ်သေးဘူး" လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

တနင်္လာနေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာကို ရွေးချယ်ဖို့ဆိုရင် အမတ်တွေက ဘယ်သူ့ကိုမဲပေးရမလဲဆိုတာ အစည်းအဝေးမတိုင်ခင်ကြိုသိနေဖို့ လိုအပ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာဟာ အရေးကြီးရာထူးဖြစ်ပြီး သူရဦးရွှေမန်း၊ ဦးဝင်းမြင့်နဲ့ ဦးတီခွန်မြတ်တို့က တာဝန်ယူခဲ့ဖူးပါတယ်။

ကွတ်ခိုင်တိုက်ပွဲ မြို့ထဲအထိရောက်လာ

TNLA စခန်းတချို့ကို ကိုးကန့်တပ်ဝင်စီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ကိုးကန့်တပ်(MNDAA) နဲ့ တအာင်းတပ်(TNLA) တို့ တိုက်ပွဲပြင်းထန်နေပြီး နေ့လယ်ပိုင်းမှာ ကွတ်ခိုင်မြို့ထဲအထိ တိုက်ပွဲရောက်လာပြီလို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။

ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် မြို့ထဲက နေရာတချို့ မီးလောင်နေတယ်လို့ သိရပါတယ်။ ‌

လက်ရှိမှာ ကိုးကန့်တပ်က ကွတ်ခိုင်မြို့နယ်ထဲမှာ စစ်ကြောင်း ၄ ကြောင်းလောက်ခွဲပြီး TNLA ကို ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"ရှုခင်းသာရော ပန်းခြံဘက်ကနေရော စစ်ကြောင်းတွေ တက်လာတာ။ စစ်ကြောင်း ၄ ကြောင်းတောင်ဆိုတော့ TNLA အငိုက်မိနေသလိုဖြစ်သွားတာပေါ့"လို့ သူကရှင်းပြပါတယ်။

တစ်ဖက်မှာလည်း ကွတ်ခိုင်မြို့အစွန်ဘက် ရဲစခန်းနားက TNLA အထိုင်ချထားတဲ့ ဗျူဟာကုန်းကိုလည်း ကိုးကန့်တပ်တွေက သိမ်းဖို့ ထိုးစစ်ဖော်နေတယ်လို့ သူက ဆက်ပြောပါတယ်။

"စစ်တပ်လက်ထက်ကတည်းက ထိုင်ခဲ့တဲ့ ဗျူဟာကုန်းပေါ့။ အခုက TNLA တွေထိုင်နေတာ။ ကိုးကန့်တပ်က ဒီကုန်းကိုရဖို့ လုပ်နေတယ်" လို့ သူက ဖြည့်ပြောပါတယ်။

နမ့်ဖတ်ကာမှာလည်း TNLA ရဲ့ အုပ်ချုပ်ရေးရုံးကို ကိုးကန့်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီး ရုံးအနားက အရပ်သားနေအိမ်အပေါ် ဗုံးကျည်ကျလို့ အရပ်သား ၁ ဦးထိခိုက်ဒဏ်ရာရထားတယ်လို့ နမ့်ဖတ်ကာဘက်က သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အလားတူ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ပူးပေါင်းသိမ်းထားတဲ့ မူဆယ် ၁၀၅ မိုင်နားတဝိုက်က TNLA စခန်းတချို့ကိုလည်း ကိုးကန့်တပ်က ဝင်စီးထားပြီး TNLA တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးထားတယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲက "တာမိုးညဲ၊ ၁၀၅ မိုင်ဘက်ရယ် ကျင်စန်းကျော့ဘက် အဲဒီနေရာတွေက စခန်းငယ်တချို့ကို ဝင်စီးထားတယ်"ဆိုပြီး သူက ဆက်ပြောပါတယ်။

ကိုးကန့်တပ်ဘက်က စစ်ရေးအရ ကွတ်ခိုင်မြို့ကို သိမ်းဖို့အထိပါ ရည်ရွယ်ပြီး တိုက်နေတာလို့ ကိုးကန့်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ဒီနေ့ မတ်လ ၁၄ ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြောပါတယ်။

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲမှာ ကချင်လွတ်လပ်‌ရေးတပ်(KIA) ရဲ့ တပ်တွေ ဝင်ပါတာမျိုးမရှိဘူးလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ဖြေကြားပါတယ်။

"တိုက်ပွဲဖြစ်နေတာကြားပါတယ်။ KIA တပ်တွေက မြို့ပြင်မှာရှိပေမယ့် ဝင်ပါတာတော့မရှိပါဘူး" လို့ သူက ဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်ဟာ လက်နက်ကိုင်အဖွဲ့စုံရှိတဲ့ဒေသဖြစ်ပြီး မြို့ပြင်မှာ ကိုးကန့်တပ်တွေနဲ့ KIA တပ်တချို့ အခြေချတပ်စွဲထားတာဖြစ်ပြီး မြို့ထဲမှာတော့ TNLA တပ်ဖွဲ့ဝင်တွေက နေရာယူထားကြတာဖြစ်ပါတယ်။

ကွတ်ခိုင်က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ကိုးကန့်ရော TNLA ဘက်ကရော သတင်းမထုတ်ပြန်သေးပါဘူး။

အီရန်က ခါးကျွန်းကို အမေရိကန် ဗုံးကြဲ

အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်ဟာ အရှေ့အလယ်ပိုင်းသမိုင်းတစ်လျှောက် ဗုံးကြဲတိုက်ခိုက်မှုတွေထဲမှာ အထိရောက်ဆုံးတိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီး အီရန်ရဲ့ အင်မတန်ကို အဓိကကျတဲ့ ခါးကျွန်းပေါ်က စစ်ရေးဆိုင်ရာပစ်မှတ်အားလုံးကို လုံးဝချေမှုန်းနိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖလော်ရီဒါကိုသွားဖို့ အဲဖို့ဝမ်းလေယာဉ်ပေါ်တက်ပြီးမကြာမီ သူ့ရဲ့ Truth Social လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

"ကျွန်းပေါ်က ရေနံဆိုင်ရာအခြေခံအဆောက်အအုံတွေကို ဖယ်ရှားဖို့ ကျွန်တော် မဆုံးဖြတ်ခဲ့ပါဘူး၊ ဒါပေမဲ့ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ လွတ်လွတ်လပ်လပ်၊ လုံလုံခြုံခြုံဖြတ်သန်းသွားခွင့်ကို တစ်ယောက်ယောက်၊ တစ်ခုခုက တားဆီးပိတ်ပင်မယ်ဆိုရင်တော့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားရပါတော့မယ်" လို့ ထရမ့်က ဆက်လက်ရေးသားခဲ့ပါတယ်။

ခါးကျွန်းဟာ အရေးပါတဲ့နေရာမရှိဘူးလို့ ထရမ့်က လွန်ခဲ့တဲ့ တစ်ရက်ပြောခဲ့ဖူးပါတယ်။

အမေရိကန်ပြည်ထောင်စုက ခါးကျွန်းကို သိမ်းပိုက်နိုင်ခြေအလားအလာနဲ့ပတ်သက်လို့ မေးတဲ့မေးခွန်းတွေကို ထရမ့်က ကြာသပတေးနေ့မှာ ပြန်ပြောခဲ့ပါတယ်။

ခါးကျွန်းဟာ အီရန်ကမ်းလွန်ကနေ ရေမိုင် ၁၅ မိုင်အကွာမှာတည်ရှိပြီး ငါးမိုင်ခန့်ရှည်လျားတဲ့ အငူလေးတစ်ခုသာဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ ရေနံအတွက် အသက်သွေးကြောဖြစ်တယ်လို့ သတ်မှတ်ခံထားရပါတယ်။

နေထိုင်သူအနည်းငယ်သာရှိပေမဲ့ အီရန်ရဲ့ ပို့ကုန် ရေနံစိမ်းတွေရဲ့ ရာခိုင်နှုန်း ၉၀ ဟာ အဲ့ဒီကနေ ဖြတ်သွားရပါတယ်။ ရေနံတင်သင်္ဘောကြီးတွေဟာ ကျွန်းဆီကို ရေနံတွေ တင်ဆောင်ပြီးရောက်လာကာ အဲ့ဒီနောက် ပါရှန်းပင်လယ်ကွေ့၊ ဟော်မုဇ်ရေလက်ကြားတို့ကို ဖြတ်သွားကာ အဲ့ဒီနောက် အီရန်ဆီကနေ ရေနံအများဆုံးဝယ်နေတဲ့ တရုတ်ကို ဦးတည်သွားကြပါတယ်။

ကျွန်းကို သွားရောက်မဲ့လမ်းကြောင်းကို ဖြတ်တောက်လိုက်မယ်ဆိုရင် အီရန်ရဲ့စီးပွားရေး အကြီးအကျယ်ထိခိုက်သွားမှာပဲဖြစ်ပါတယ်။

အဲ့ဒီကျွန်းကို အထူးတပ်ဖွဲ့ဝင်တွေ ပို့မပို့ ထရမ့်က တွက်ဆနေတယ်လို့ Axios က အခုလအစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

ထရမ့်က အီရန် လက်နက်ချဖို့ တိုက်တွန်းထားပြီး "ဘာမှ မကျန်တော့တဲ့ နိုင်ငံကို မပျက်အောင် ထိန်းသိမ်းဖို့ ပြောပါတယ်။

စစ်ပွဲဘယ်လောက်ကြာမလဲလို့ သတင်းထောက်တွေကမေးမြန်းတဲ့အခါ "ပြောပြလို့မရဘူး" လို့ သူက ပြောပါတယ်။

"လိုအပ်သလောက် စစ်ပွဲက ရှည်ကြာနေမှာပါ" လို့ သူက ဆက်ပြောပါတယ်။

အီရန်ဘက်က ခြွင်းချက်မရှိ လက်နက်ချမယ်ဆိုရင် စစ်ပွဲပြီးဆုံးသွားလိမ့်မယ်လို့ သမ္မတက အရင်က ပြောခဲ့ဖူးပါတယ်။ ဒါဟာ ဘာကိုဆိုလိုတာလဲလို့ ဆက်လက်မေးမြန်းတဲ့အခါ သူက အီရန်ရေတပ်၊ လေတပ်နဲ့ စစ်တပ်ရဲ့အများစု ပျက်သုန်းသွားတာကို ပြောတာလို့ ပြောပါတယ်။

ယင်းမာပင်က ရွာတွေ တစ်ပတ်ကြာစစ်ကြောင်းထိုးခံနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အနောက်ဘက်ခြမ်းကရွာတွေကို စစ်တပ်က မတ်လ ၈ ရက်ကနေ ဒီနေ့ မတ်လ ၁၄ ရက်မနက်ပိုင်းအထိ စစ်ကြောင်း ၂ ကြောင်းခွဲထိုးနေတာကြောင့် ရွာ ၇ ရွာထက်မနည်းက ဒေသခံ ထောင်ချီ ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ ဒေသခံတချို့က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင်နဲ့ ယန်စီ စက်ရုံတွေထဲကနေ ထွက်လာတဲ့စစ်ကြောင်းတွေလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပြီး အင်အား ၁၅၀ ဝန်းကျင်ရှိတယ်လို့ သူကဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာပဲ စစ်တပ်က ဂျိုင်ရိုကော်ပတာ ၄ စီးသုံးပြီး ယင်းမာပင်နဲ့ ပုလဲအစပ်က နေရာတချို့ကို လေကြောင်းဗုံးတွေကြဲသွားတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းတွေက ပြောင်းပြရွာနဲ့ လက်လှုပ်ရွာတို့မှာ စစ်တပ်စစ်ကြောင်း ရောက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ယင်းမာပင်ခရိုင်ထဲက ယင်းမာပင်နဲ့ ကနီမြို့နယ်တို့မှာရှိတဲ့ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)လက်အောက် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်စခန်း ၂ ခု မီးရှို့ဖျက်ဆီးခံထားရပါတယ်။

တစ်ဖက် စစ်တပ်နဲ့ အကျိုးတူပူးပေါင်းထားတဲ့ တရုတ်ကုမ္ပဏီဝမ်ပေါင်မှာလည်း စီမံကိန်းပြန်လည်ပတ်နိုင်ဖို့ ဝန်ထမ်းတွေကို ပြန်လာဖို့ ခေါ်နေတယ်လို့ ဝမ်ပေါင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ရွေးကောက်ပွဲနီးတုန်းက တိုက်ပွဲဖြစ်မှာစိုးလို့ ဒေသခံဝန်ထမ်းတွေ‌ရော၊ တရုတ်တွေရော ထွက်သွားကြတာ။ အခုတော့ ပြန်ခေါ်ထားတယ်၊ လုပ်ငန်းလည်း ပြန်စတော့မှာ" လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင်ကတော့ ယင်းမာပင်မြို့နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

ကွတ်ခိုင်မှာ ကိုးကန့်နဲ့ တအာင်း တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) က တပ်ဖွဲ့စုံရှိနေတဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ ကိုးကန့်တပ်(MNDAA) နဲ့ တအာင်းတပ်(TNLA)တို့ ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲစဖြစ်နေပြီလို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သိန္နီနဲ့ ကွတ်ခိုင်မြို့ကြားက "မန်ပိန်းရွာဘက်မှာ တိုက်ပွဲဖြစ်နေတာ၊ ကိုးကန့်တပ်ဘက်ကစပြီး ထိုးစစ်စနေတာ" လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

MNDAA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ လက်ရှိမှာ MNDAA ဘက်က ဒရုန်းနဲ့တိုက်ခိုက်တာတွေလုပ်နေပြီး မြေပြင်အပြန်အလှန်ပစ်ခတ်မှုတော့ မရှိသေးဘူးလို့ ဘီဘီစီကို မနက် ၁၀ နာရီကျော်က အတည်ပြုပါတယ်။

တိုက်ပွဲမဖြစ်ခင် ရက်ပိုင်းကတည်းက နှစ်ဖက်တပ်တွေဟာ ကွတ်ခိုင်မြို့ပြင်နဲ့ မြို့တွင်းမှာ အင်အားတွေ တိုးချဲ့ထားကြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလတုန်းက ကွတ်ခိုင်မြို့ပေါ်မှာ ကိုးကန့်တပ်က စောင့်ကြည့်ကင်မရာတွေ တပ်ဆင်တာကို TNLA ဘက်က ကန့်ကွက်ရာကနေ နှစ်ဖက်တပ်ဖွဲ့ဝင်တချို့ ရန်ပွဲတချို့ဖြစ်ခဲ့ပြီး နှစ်ဖက်တပ်တင်းမာမှုတိုးလာပြီးနောက် အခုလို တိုက်ပွဲအထိ ပြင်းထန်လာတာဖြစ်ပါတယ်။

တိုက်ပွဲစဖြစ်တဲ့ ဒီနေ့မှာပဲ ကိုးကန့်တပ်က လားရှိုးနဲ့ နမ္မတူကြားထဲက အီနိုင်းတံတားပေါ် ကားတွေဖြတ်သန်းခွင့်ကို ပိတ်ထားလိုက်တယ်လို့ ကုန်သည်တချို့က ပြောပါတယ်။

တိုက်ပွဲကြောင့် ဆိုင်ကယ်ကလွဲပြီး ကားတွေကိုပိတ်ထားတာ‌ကြောင့် အီနိုင်းတံတားအနီးမှာ ကားအများအပြားပိတ်မိနေတယ်လို့ ယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

ကွတ်ခိုင်က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ MNDAA နဲ့ TNLA နှစ်ဖက်တပ်တွေဘက်က သတင်းမထုတ်ပြန်သေးပါဘူး။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်း နေပြည်တော်ရောက်

လွှတ်တော်အစည်းအဝေးပွဲတွေကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်းဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်နေပါတယ်။

မစ္စတာ တိန့်ရွှီကျွင်းနဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးကြပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသ တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မယ့်အခြေအနေတွေကို အဓိကဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

နယ်စပ်ဒေသက အွန်လိုင်းလောင်းကစားနဲ့ တရားမဝင်လုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်ဖို့နဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတွေမှာပါ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်တွေနဲ့ အပြန်အလှန် ထောက်ခံရပ်တည်သွားရေး စတဲ့အချက်တွေပါ ဆွေးနွေးခဲ့တဲ့အကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တစ်ဖက်မှာလည်း ကျားဖြန့်စင်တာတွေနောက်ကွယ်ကနေ လှုပ်ရှားနေတဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေ(TCOs)ကို နှိမ်နင်းဖို့ ရည်ရွယ်တဲ့ သမ္မတအမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၆ ရက်မှာ လက်မှတ်ထိုးပါတယ်။

ကျားဖြန့်နောက်ကွယ်က ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းရေးအစီအစဉ်ကို ၄ လအတွင်း ယူလာဖို့ကိုပါ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က သူ့ဝန်ကြီးတွေကို ညွှန်ကြားထားတာဖြစ်ပါတယ်။ အလားတူ မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသတွင်းက ထိုင်းရဲတပ်ဖွဲ့နဲ့ အမေရိကန် ထောက်လှမ်းရေးဗျူရို(FBI)တို့ အတူထိုင်ပြီး နှိမ်နင်းနေပြီဆိုတာကိုလည်း နှစ်ဖက်စလုံးက ဆက်တိုက် ထုတ်ပြောထားပါတယ်။

တပ်ချုပ် ၁၅ နှစ် သက်တမ်းအခြေအနေတွေ စစ်ခေါင်းဆောင်ပြန်သုံးသပ်

စစ်‌ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ၁၅ နှစ်သက်တမ်းကာလအတွင်း တပ်နဲ့ပတ်သက်တဲ့ဆောင်ရွက်မှုတွေကို မနေ့ကနေပြည်တော်မှာ တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံသုံးသပ်ဆွေးနွေးခဲ့ပါတယ်။

လွှတ်တော်အစည်းအဝေးတွေစတင်ဖို့ ရက်ပိုင်းအလိုမှာပဲ တပ်ချုပ်အနေနဲ့ တပ်တော်ဝင်အခမ်းအနားတွေ အခုလို တပ်အရာရှိတွေနဲ့ တွေ့ဆုံမှုတွေကြောင့် တပ်ကနေ အနားယူဖို့ပြင်ဆင်နေပြီလို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

စစ်ခေါင်းဆောင်က တပ်ချုပ်ရာထူးတာဝန်ထမ်းဆောင်တဲ့ ၁၅ နှစ်မှာ တပ်ရဲ့ကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးအတွက် လက်တွဲညီညီဆောင်ရွက်ခဲ့တယ်ဆိုပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ကျေးဇူးတင်တဲ့အကြောင်းပါ တွေ့ဆုံပွဲမှာ ထုတ်ပြောပါတယ်။

ကြည်း၊ ရေ၊ လေ အတွက် လိုအပ်တဲ့ လူ၊ လက်နက်ဖွဲ့စည်းမှု အဆင့်မြှင့်တင်တာတွေကို လုပ်ခဲ့တယ်လို့ ပြောပြီး စစ်မှုထမ်းဥပဒေအသက်သွင်းနိုင်ခဲ့တာကိုလည်း နိုင်ငံလုံခြုံရေးရရှိအောင် ဆောင်ရွက်ခဲ့တာဖြစ်တဲ့အကြောင်း သူကထည့်ပြောပါတယ်။

ဒါ့အပြင် စစ်ရေယာဉ်တည်ဆောက်တာ၊ ဝယ်ယူဖြည့်တင်းတာနဲ့ ခေတ်မီလေယာဉ်၊ ရဟတ်ယာဉ်တွေရရှိအောင်လည်း ဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ရုရှားထုတ် တိုက်လေယာဉ် ၂ စင်းအပါ တိုက်လေယာဉ်တချို့ တပ်တော်ဝင်အခမ်းအနား ကျင်းပခဲ့ပါတယ်။

ရေတပ်နဲ့ လေတပ်လို တပ်တော်ဝင်တဲ့ အခမ်းအနားတွေကို တပ်တည်ထောင်တဲ့နှစ်ပတ်လည်နေ့တွေမှာပြုလုပ်လေ့ရှိပေမဲ့ အခုတော့ တပ်မတော်နေ့မတိုင်ခင် လပေါင်းများစွာစောပြီး တပ်တော်ဝင်ခဲ့ပါတယ်။