ကျားဖြန့်နှိမ်နင်းရေး ထရမ့်အမိန့်၊ အရှေ့တောင်အာရှမှာ FBI နဲ့ ထိုင်းရဲပူးပေါင်းမှု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ FBI တံဆိပ် အင်္ကျီဝတ်ပြီး ကျောပေးနေတဲ့အမျိုးသားနဲ့ သူ့ရှေ့မှာ ရာထောင်ချီတဲ့ ဖုန်းဟန်းဆက်တွေကို မြင်ရ
ဖတ်ရန်အချိန်: မိနစ် ၁၈

အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ အမေရိကန် ထောက်လှမ်းရေးဗျူရို(FBI)တို့ အတူထိုင်ပြီး နှိမ်နင်းနေပြီဆိုတာကို နှစ်ဖက်စလုံးက ဆက်တိုက် ထုတ်ပြောလာပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ ကျားဖြန့်နှိမ်နင်းရေးတွေ လုပ်နေသလို အမေရိကန် တရားရေးဌာနက ဖွဲ့စည်းလိုက်တဲ့ Strike Force ကလည်း မြန်မာက ကျားဖြန့်ကွန်ရက်တချို့ကို နှိမ်နင်းတဲ့ အွန်လိုင်းစစ်ဆင်ရေးတွေ လုပ်ခဲ့ပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်နေတဲ့အချိန်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပြည်ထောင်စုအစိုးရရှေ့နေတွေ၊ ဆိုက်ဘာကာကွယ်ရေးအရာရှိတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အမေရိကန်သံတမန်တွေအနေနဲ့ ကျားဖြန့်တွေရဲ့နောက်ကွယ်က ဆိုက်ဘာရာဇဝတ်အဖွဲ့တွေကို နှိမ်နင်းဖို့ အမိန့်တစ်ရပ်ကို ထုတ်လိုက်ပါတယ်။

မြေပြင်မှာတော့ အရှေ့တောင်အာရှက ဒေသတွင်းနိုင်ငံတချို့မှာ ကျားဖြန့်လုပ်ငန်းတွေဟာ နေရာ ပြောင်းရွှေ့ပြီး ဆက်ပြီးရှိနေဆဲဖြစ်တယ်လို့ ကျားဖြန့်အရေး လေ့လာသူတွေက ထောက်ပြနေကြပါတယ်။

အမေရိကန် FBI နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းခြေလှမ်းသစ်ရဲ့အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်(ကျားဖြန့်)ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းမှု ဘယ်လောက်အထိ ခရီးရောက်နိုင်မလဲ။

အဝါရောင် FBI တံဆိပ်ပါ ကုတ်အင်္ကျီဝတ်ထားတဲ့အမျိုးသားတစ်ဦး ကွန်ပျူတာရှေ့မှာ ကျောပေးထိုင်နေပြီး သူ့နောက်မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦး ဘေးတစ်စောင်းနဲ့ မတ်တပ်ရပ်နေတာကို မြင်တွေ့ရ။ ရှေ့က ခုံတန်းရှည်ပေါ်မှာတော့ အဆင့်ဆင့်ထပ်ထားတဲ့ လက်ကိုင်ဖုန်းရာပေါင်းများစွာကို မြင်တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, FBI

ခေါင်းဆောင်ပိုင်းတွေကို ဖော်ထုတ်မယ်

မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်အဆောက်အအုံတစ်ခုကို ဖြိုချနေတဲ့မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Aung Aung

ဓာတ်ပုံ ပုံစာ, မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်အဆောက်အအုံတစ်ခုကို ဖြိုချနေတဲ့မြင်ကွင်း (ပုံဟောင်း)

အမေရိကန်ထောက်လှမ်းရေးဗျူရို(FBI)ရဲ့ ဒုတိယလက်ထောက်ညွန်ကြားရေး စကော့ရှယ်လ်ဘီဟာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေထဲက ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံထဲက ကျားဖြန့်နှိမ်နင်းရေးတွေကို ဖေဖော်ဝါရီလထဲမှာ သွားကြည့်ပါတယ်။

ဒီခရီးစဉ်တွေအပြီးမှာပဲ FBI က လွှတ်ထားတဲ့ အေးဂျင့်တွေနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အလုပ်လုပ်နေပြီလို့ ဖေဖော်ဝါရီနောက်ဆုံးအပတ်မှာ အွန်လိုင်းသတင်းစာရှင်းလင်းပွဲကနေ ထုတ်ပြောခဲ့သလို နှစ်နိုင်ငံပူးပေါင်းမှု ခြေလှမ်းကလည်း ပိုပြီးမြန်ဆန်လာပါတယ်။

လက်ရှိမှာ FBI နဲ့ ထိုင်းရဲတပ်ဖွဲ့ ပူးပေါင်းပြီး ကျားဖြန့်သတင်းအချက်အလက် မျှဝေတာအပြင် ရာဇဝတ်ကွန်ရက်တွေ နှိမ်နင်းရေးအပိုင်း၊ သားကောင်တွေကို ဖော်ထုတ်တာလုပ်နေတယ်လို့ သူက ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကျားဖြန့်ကွန်ရက်တွေကို အမေရိကန် FBI နဲ့ ထိုင်းရဲတပ်ဖွဲ့တို့အပြင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ထောက်လှမ်း ပုံရိပ်တချို့ကိုလည်း FBI က မတ် ၃ ရက်မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထုတ်ပြန်ပါတယ်။

FBI အေးဂျင့်တွေလို့ ယူဆရတဲ့အမျိုးသားတွေက ထိုင်းရဲတပ်ဖွဲ့နဲ့ ဘေးချင်းယှဉ် အလုပ်လုပ်နေရုံသာမက မြန်မာဘက်ခြမ်းက ကျားဖြန့်ရုံတွေကို ယူဆတဲ့နေရာတွေကို ထိုင်းဘက်ခြမ်းကနေ လှမ်းပြီး လေ့လာတဲ့အထိ မြေပြင်ဆင်းထားတဲ့အကြောင်း FBI က ထုတ်ပြပါတယ်။

ဒါဟာ လျှို့လျှို့ဝှက်ဝှက်လုပ်တတ်တဲ့ အမေရိကန်ထောက်လှမ်းရေးအနေနဲ့ မြန်မာအပြင် အရှေ့တောင်အာရှတလွှားမှာ ကျားဖြန့်နှိမ်နင်းရေးကို ဘယ်လောက်အထိ အာရုံစိုက်တယ်ဆိုတာကို လူသိရှင်ကြား ပထမဆုံးဖွင့်ချပြတာလည်း ဖြစ်လာပါတယ်။

"ထိုင်းရဲတပ်ဖွဲ့နဲ့ ဒီလိုအတူ လုပ်ကိုင်နိုင်အောင် FBI အေးဂျင့်တွေကိုလည်း စေလွှတ်ထားတယ်" လို့ FBI အဆင့်မြင့်အရာရှိ စကော့ရှယ်လ်ဘီက ထုတ်ပြောပြီးနောက် FBI အရာရှိနဲ့ ထိုင်းရဲတပ်ဖွဲ့ ဝင်တွေ မြန်မာဘက်ခြမ်းကို လှမ်း စနည်းနာမှု ထွက်လာတာပါ။

အခုလို ပူးပေါင်းမှုတွေမတိုင်ခင် နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ အမေရိကန် ကွန်ဂရက်ကြားနားပွဲမှာလည်း မြန်မာက အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေက အမေရိကန်ပြည်သူရဲ့ ချွေးနှဲစာနဲ့ စုဆောင်းငွေတွေကို ပစ်မှတ်ထား လိမ်ယူနေတယ်ဆိုတဲ့အချက်တွေကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ရီပတ်ဘလီကန်ပါတီရဲ့အမတ် ယန်းကင်မ်က မြန်မာပြည်ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အမေရိကန်အခွန်ထမ်းပြည်သူတွေဆီက ဒေါ်လာဘီလျံချီကို ပစ်မှတ်ထားလိမ်လည်နေတယ်လို့ ပြောခဲ့တာပါ။

ဒါ့အပြင် ဒီငွေတွေဟာ နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းကွန်ရက်ကြီးကို အကျိုးအမြတ်ရှိစေရုံသာမက စစ်အစိုးရကပါ ဒီအကျိုးအမြတ်တွေရနေတယ်လို့ သူက စွပ်စွဲပြောဆိုပါတယ်။

ဒါကြောင့် ကွန်ဂရက်အနေနဲ့ အမေရိကန်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ဒီကျားဖြန့်ဂိုဏ်းတွေကို ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့ လွှတ်တော်အမတ်က တိုက်တွန်းခဲ့ပါတယ်။

ကျားဖြန့်နှိမ်နင်းရေးကို အမေရိကန်အာဏာပိုင်တွေ ခပ်စိပ်စိပ် အားစိုက်ထုတ် လုပ်လာချိန်မှာပဲ သမ္မတထရမ့်ကိုယ်တိုင်ကလည်း အဲဒီအတွက် အမိန့်တစ်ရပ်ကို ထုတ်ပြန်ပါတယ်။

ကျားဖြန့်စင်တာတွေနောက်ကွယ်ကနေ လှုပ်ရှားနေတဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေ(TCOs)ကို နှိမ်နင်းဖို့ ရည်ရွယ်တဲ့ သမ္မတအမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၆ ရက်မှာ လက်မှတ်ထိုးပါတယ်။

ကျားဖြန့်နဲ့ ဆိုက်ဘာပြစ်မှုတွေအတွက်တာဝန်ရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့၊ စုံစမ်းဖို့၊ ပျက်ပြားအောင်လုပ်ဖို့နဲ့ နောက်ကွယ်က လက်သည်ကို စုံစမ်းဖော်ထုတ်ရေး လုပ်ငန်းအစီအစဉ်အစဉ်တစ်ရပ်ကို ရက်ပေါင်း ၁၂၀ အတွင်း တင်ပြရမယ်လို့လည်း သမ္မတအမိန့်က ဆိုပါတယ်။

အဲဒီလုပ်ဖို့ အမေရိကန် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ အမိမြေလုံခြုံရေးဝန်ကြီးတွေနဲ့ ရှေ့နေချုပ်တို့ဟာ အမျိုးသားဆိုက်ဘာလုံခြုံရေးရုံးညွန်ကြားရေးမှူးတို့ကို အမိန့်ထုတ် ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းအပြင် အာဆီယံနိုင်ငံတွေကို သွားခဲ့တဲ့ FBI ထိပ်တန်းအရာရှိကတော့ ထိုင်းနဲ့ FBI ပူးပေါင်းမှုဟာ အပြသက်သက်လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ ကြွေးကြော်ပါတယ်။

ဒီပူးပေါင်းမှုမှာ FBI အေးဂျင့်တွေအပြင် အမေရိကန်ရှေ့နေချုပ်ရုံး၊ တရားရေးဌာနကနေ ဖွဲ့စည်းပေးထားတဲ့ ကျားဖြန့်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (Scam Center Strike Force)လည်း ပါဝင်နေပါတယ်။

ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ကို အမေရိကန်က ၂၀၂၅ နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့မှာ ရာဇဝဝတ်မှုနှိမ်နင်းရေး ဌာနခွဲတစ်ခုဖြစ်တဲ့ FBI နဲ့ US Secret Service(USSS) တို့လည်း ပါဝင်နေပါတယ်။

ဒီအဖွဲ့စတင်ဖွဲ့စည်းပြီးပြီးချင်းမှာပဲ အမေရိကန်ဟာ ကျားဖြန့်ဂိုဏ်းတွေကို ခြေရာခံဖို့ FBI အေးဂျင့်တွေကို ထိုင်းနိုင်ငံကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန် FBI နဲ့ ထိုင်းပူးပေါင်းလိုက်တာက ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကျားဖြန့်ခွင်တွေနဲ့ပတ်သက်လို့ အခြေခံအဆောက်အအုံ၊ ငွေကြေးစနစ်တွေနဲ့ လူကုန်ကူးမှုတွေစတဲ့ အခြေအနေ ၃ ရပ်လုံးကို ဖိအားပေးမယ့်ခြေလှမ်းလို့ အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက သုံးသပ်ပါတယ်။

"အင်တာနက်ဝန်ဆောင်မှုတွေ၊ ဘဏ္ဍာရေးကွန်ရက်တွေကိုပါ ထိုင်းဘက်ကနေ ထောက်လှမ်းဖြတ်တောက်နေလို့ မြန်မာဘက်က ကျားဖြန့်ဂိုဏ်းတွေ တဖြည်းဖြည်း အဆင်မပြေဖြစ်လာမယ်" လို့ ဦးဂျိမ်းရွှေက ဆိုပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်ရဲ့ ကျားဖြန့်အထူးတိုက်ဖျက်ရေးအဖွဲ့ထဲမှာပါတဲ့ သူတွေဟာလည်း လုပ်ရိုးလုပ်စဉ်အရ ကျားဖြန့်တွေသုံးစွဲနေတဲ့ အွန်လိုင်းဒစ်ဂျစ်တယ်ငွေကြေးစနစ်ကတဆင့် ငွေကြေးခဝါချမှု၊ လူကုန်ကူးမှုနောက်ကွယ်က ရာဇဝတ်ကွန်ရက်တွေကို အမှုဖွင့်တည်ဆောက်ဖို့ ခြေလှမ်းပြင်နေတဲ့သူတွေလို့ သူက ဖြည့်ပြောပါတယ်။

ဒါကြောင့် ကျားဖြန့်လုပ်ငန်းတွေနဲ့ သက်ဆိုင်နေတဲ့ ဘယ်ခေါင်းဆောင်တချို့အဆို "အမေရိကန်တရားရုံးအထိ အရေးယူသွားဖို့ လမ်းကြောင်းဖွင့်ပေး လိုက်တာပဲ" လို့ သူက ကောက်ချက်ချပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကလည်း FBI ဟာ ငွေကြေးစီးဆင်းမှုတွေကို ခြေရာခံတဲ့နေရာမှာ ကျွမ်းကျင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ကတော့ အရှေ့တောင်အာရှက အဆိုးရွားဆုံး ငွေလိမ်ဂိုဏ်းနယ်မြေတွေကို ထောက်လှမ်းမှာဖြစ်သလို တရုတ်ရာဇဝတ်အဖွဲ့တွေရဲ့နောက်ကွယ်က ခေါင်းဆောင်တွေကို အဓိကဦးတည်ဖော်ထုတ်သွားမယ်လို့ အမေရိကန်ရှေ့နေချုပ်ရုံးက အစောပိုင်းကတည်းက ပြောထားပါတယ်။

ဒေသတွင်းနိုင်ငံတွေရဲ့ နှိမ်နင်းမှုတွေ ထိရောက်လား

ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးခြံဝင်းထဲက အဆောက်အအုံတချို့ကို ဟောင်ကောင်သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, The Standard

ဓာတ်ပုံ ပုံစာ, ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးခြံဝင်းထဲက အဆောက်အအုံတချို့ကို ဟောင်ကောင်သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ဓာတ်ပုံ

ကျားဖြန့်လုပ်ငန်းတွေ အမြစ်တွယ်နေတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံလုံးမှာ အာဏာပိုင်တွေက နှိမ်နင်းရေးတွေ လုပ်နေပေမဲ့ အဲဒီလုပ်ငန်းတွေဟာ ဒေသတွင်းနိုင်ငံတွေထဲ ပြောင်းရွှေ့ ရှောင်တိမ်းပြီး လွတ်မြောက်နေကြဆဲဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေအခြေစိုက်ခဲ့တဲ့ ကေကေပါ့ခ် (KK Park) ထဲက အဆောက်အအုံရာချီကို မြန်မာစစ်တပ်က စီးနင်းခဲ့ပြီးနောက် ဖြိုချဖျက်ဆီးရေးတွေ ဆက်တိုက်လုပ်နေပါတယ်။

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ အောက်တိုဘာကနေ ၂၀၂၆ ဇန်နဝါရီအထိ ၄ လအတွင်း KK Park နယ်မြေထဲက အဆောက်အအုံ ၆၀၀ ကျော်ကို ဖြိုချထားတယ်လို့ သိရပါတယ်။

မြဝတီမြို့မြောက်ဘက်က ကရင်နယ်ခြားစောင့်တပ်(BGF/KNA) ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်အဆောက်အအုံတချို့ကိုလည်း စစ်တပ်က ဖြိုချတာ၊ ချိပ်ပိတ်တာတွေ လုပ်ထားပါတယ်။

KK Park ဖြိုခွင်းခံရပေမဲ့ KK Park နယ်မြေထဲက ကျားဖြန့်ဂိုဏ်းအကြီးစားတချို့ကတော့ ကမ္ဘောဒီးယားနိုင်ငံတွင်းနဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က ကျားဖြန့်ခွင်နေရာတချို့ကို တိမ်းရှောင်လွတ်မြောက်သွားတယ်လို့ ကမ္ဘောဒီးယားမှာ ရောက်နေတဲ့ကျားဖြန့်ဝန်ထမ်းတချို့က အတည်ပြုပါတယ်။

တစ်ဖက်မှာလည်း မြန်မာကနေ မထွက်ခွာဘဲ မြဝတီဒေသတွင်းထဲက နေရာတချို့မှာ ခိုအောင်းပြီး ကျားဖြန့်အလုပ်တွေ ဆက်လုပ်ကိုင်နေကြတဲ့ ကျားဖြန့်ဂိုဏ်းတချို့ ဆက်ရှိနေသေးတယ်လို့ ဘီဘီစီ မေးမြန်းခွင့်ရခဲ့တဲ့ မြဝတီက ကျားဖြန့်ဝန်ထမ်း ၃ ဦးထက်မနည်းနဲ့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

မကြာသေးခင်ကပဲ စစ်တပ်ဖြိုချနေတဲ့ KK Park အနီးမှာပဲ နောက်ထပ် ကျားဖြန့်ခွင်တစ်ခုပေါ်ပေါက်လာတယ်လို့ မြဝတီဒေသခံတချို့က ထုတ်ပြောပါတယ်။

အဲဒီကျားဖြန့်ခွင်အသစ်ကို ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးလို့ နာမည်ပေးထားပြီး မြဝတီမြို့နယ်၊ မယ်ထော်သလေးဒေသထဲက မူလ KK Park ရဲ့အနောက်ဘက်ခြမ်း ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတယ်လို့ ဘီဘီစီရဲ့သတင်းရင်းမြစ်တချို့က အတည်ပြုထားပြီးဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက လဲချား၊ မိုင်းရှူးနဲ့ မိုင်းကိုင်အပါအဝင် နယ်မြေတချို့မှာလည်း ကျားဖြန့်လုပ်ငန်းတွေဆက်ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်ကော်မရှင်ကလည်း ရှမ်းတောင်မှာ ကျားဖြန့်နဲ့ဆက်စပ်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ ဖမ်းဆီးအရေးယူမှုတွေကို ၂၀၂၆ ဖေဖော်ဝါရီထဲမှာပဲ နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်နေပါတယ်။

၂၀၂၆ ဇန်နဝါရီတုန်းက ကမ္ဘောဒီးယားနိုင်ငံ၊ စီဟာနိုမြို့အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ဇန်နဝါရီတုန်းက ကမ္ဘောဒီးယားနိုင်ငံ၊ စီဟာနိုမြို့အခြေအနေ

တစ်ဖက် ကမ္ဘောဒီးယားနိုင်ငံတွင်းမှာလည်း အာဏာပိုင်တွေက ၂၀၂၆ နှစ်စပိုင်းကစလို့ ကျားဖြန့်လုပ်ငန်းခွင်တချို့ကို ရှင်းလင်းတာတွေလုပ်နေပါတယ်။

ကျားဖြန့်လုပ်ငန်းတွေရှိတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘားဗက်၊ စီဟာနိုနဲ့ ပွိုင်ပက်မြို့ထဲက ကျားဖြန့်ဝင်းတွေကို အာဏာပိုင်တွေက ရှင်းလင်းတာတွေလုပ်ခဲ့တာလို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

ကမ္ဘောဒီးယားကျားဖြန့်ခွင်တွေထဲက ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ကျားဖြန့်ဝန်ထမ်း ၁,၂၀၀ ကျော်ကိုလည်း ကမ္ဘောဒီးယားအာဏာပိုင်တွေက မြန်မာဘက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

အမေရိကန် Strike Force က မြန်မာနဲ့ပတ်သက်ပြီး ဘယ်လို နှိမ်နင်းမှုတွေ လုပ်ထားလဲ

၂၀၂၅ အောက်တိုဘာ ၂၄ ရက်မှာ ထိုင်းဘက်ကို ထွက်ပြေးလာတဲ့ KK park မှာ အလုပ်လုပ်ခဲ့သူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ အောက်တိုဘာ ၂၄ ရက်မှာ ထိုင်းဘက်ကို ထွက်ပြေးလာတဲ့ KK park မှာ အလုပ်လုပ်ခဲ့သူတွေ

အမေရိကန်ရဲ့ ကျားဖြန့်အထူးတိုက်ဖျက်ရေးအဖွဲ့ (Strike Force) ဟာ အဖွဲ့ပြီးပြီးချင်းရက်ပိုင်းမှာပဲ မြန်မာက ကျားဖြန့်ငွေလိမ်ဂိုဏ်း ၂ ခုကို စုံစမ်းထောက်လှမ်းပြီး အွန်လိုင်းကနေ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးကို ဦးဆောင်ခဲ့တာက FBI ပါဝင်တဲ့ ကျားဖြန့်တိုက်ဖျက်ရေး အထူးအဖွဲ့ထဲကမှ Strike Force Burma ဖြစ်ပါတယ်။

KK park နဲ့ နယ်မြေဆက်နေတဲ့ Tai Chang ဝင်းနဲ့ နောက်ထပ် ငွေလိမ်စင်တာ တစ်ခုတို့ကို အဲဒီအဖွဲ့က ဖော်ထုတ်ပါတယ်။

Tai Chang ကျားဖြန့်ဝင်းဟာ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ပိုင်း DKBA ထိန်းချုပ်စီးပွားရေးနယ်မြေထဲမှာရှိပါတယ်။

အမေရိကန်နိုင်ငံသားတွေကို အွန်လိုင်းကနေ ငွေတွေလိမ်ခဲ့တယ်လို့ဆိုတဲ့သံသယနဲ့ အဲဒီဝင်းထဲက အင်တာနက်စာမျက်နှာတွေကို အထူးအဖွဲ့က ပိတ်ချ သိမ်းဆည်းခဲ့တာပါ။

ဒါတင်မကသေးပါဘူး။ အမေရိကန်ဟာ ဆိုက်ဘာ ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ်လို့ဆိုပြီး ဒီမိုကရက်စီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ခေါင်းဆောင်ပိုင်းတွေကိုပါ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

DKBA ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နဲ့ စိုင်းကျော်လှတို့ကို အမေရိကန်က ပိတ်ဆို့အရေးယူခဲ့တာဖြစ်ပါတယ်။ ဒီခေါင်းဆောင်တွေကတော့ အမေရိကန်ဘက်က စွပ်စွဲတဲ့အတိုင်း ကျားဖြန့်မှာ သူတို့ပါဝင်ပတ်သက်တာမရှိဘူးလို့ ငြင်းဆိုပါတယ်။

အဲဒီနောက် ၁ လအကြာမှာပဲ ဒီအထူးအဖွဲံဟာ မြဝတီမြို့တောင်ဘက် ကျောက်ခက်ဒေသက ကျားဖြန့် လုပ်ငန်းတစ်ခုရဲ့ ခရစ်တိုငွေကြေးအရောင်းအဝယ်ပုံစံ အွန်လိုင်းလိမ်လည် အင်တာနက်စာမျက်နှာတစ်ခုကို ထပ်ပြီး နှိမ်နင်းခဲ့ပါတယ်။

FBI ထိပ်တန်းအရာရှိကတော့ အမေရိကန်မှာ ဒေါ်လာ ၂.၉ ဘီလျံအထိ ငွေကြေးဆုံးရှုံးတယ်လို့ပြောတဲ့တိုင်ကြားချက်ပေါင်း ရှစ်သောင်းအထိ ပြီးခဲ့တဲ့နှစ်က လက်ခံရရှိခဲ့တယ်လို့ပြောပါတယ်။

ကျားဖြန့်အရေး တရုတ်နဲ့ အမေရိကန်ကိုင်တွယ်မှု

အထူးအဖွဲ့ထဲ ပါဝင်ဆောင်ရွက်မယ့် အမေရိကန်ရှေ့နေ ဂျင်းနင်းဖာရစ်ပီယာရို ကို သမ္မတထရမ့်နဲ့ တွဲလျက်တွေ့ရမှု (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အထူးအဖွဲ့ထဲ ပါဝင်ဆောင်ရွက်မယ့် အမေရိကန်ရှေ့နေ ဂျင်းနင်း ဖာရစ်ပီယာရိုကို သမ္မတထရမ့်နဲ့ တွဲလျက်တွေ့ရမှု (ပုံဟောင်း)

တရုတ်ဟာ ဒေသတွင်းမှာ ကျားဖြန့်နှိမ်နင်းရေးတွေကို ဦးဆောင်ပြီး လုပ်နေတယ်ဆိုတာ ပြသသလို မြန်မာစစ်ကော်မရှင်ကလည်း သတင်းအချက်အလက် ဖလှယ်တဲ့အထိ မြန်မာနဲ့ တရုတ် ပူးပေါင်းမှုလုပ်နေတဲ့အကြောင်း ထုတ်ပြောပါတယ်။

ရှမ်းမြောက်ကနေ စတင်ပြီး ထိုင်း -မြန်မာနယ်စပ် မြဝတီ ကျယ်ပြန့်လာတဲ့ ၂ နှစ်ခွဲကျော်ကြာ ကျားဖြန့်နှိမ်နင်းရေးတွေမှာ မြန်မာကနေ ပြန်လွှဲတဲ့ တရုတ်နိုင်ငံသား သောင်းနဲ့ချီရှိနေပါတယ်။

ဒီလိုပြန်လွှဲခံရသူတွေထဲမှာ ကိုးကန့်လူမျိုး သူဌေးကြီးတွေနဲ့ မိသားစုဝင်တွေလည်း ပါဝင်ပြီး ၂၀၂၆ တရုတ်နှစ်ကူး မတိုင်ခင်မှာ လူ တစ်ဒါဇင်နီးပါးကို တရုတ်က ကွပ်မျက်ခဲ့ပြီးဖြစ်ပါတယ်။

ကျားဖြန့်နှိမ်နင်းရေးကို အဓိကလုပ်ဆောင်တဲ့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကတော့ ကျားဖြန့်နဲ့ ပြန်လွှဲခံရတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူနေဆဲလို့ ထုတ်ပြောပါတယ်။

ဒါပေမဲ့ ဒီအပေါ် အမြင်မတူတာတွေလည်း ရှိနေပါတယ်။

ကျားဖြန့်နဲ့ဆက်စပ်ပြီး ဖမ်းမိတဲ့တရုတ်နိုင်ငံသားတွေကို နိုင်ငံတွေမှာ တရားစီရင်တာတွေမလုပ်ဘဲ တရုတ်ကို ပြန်ပို့စေပြီး တရုတ်ဥပဒေအောက်မှာပဲ ကိုင်တွယ်စီရင်တာကို ဦးစားပေးလုပ်နေတယ်လို့ ကျားဖြန့်အရေး လေ့လာစောင့်ကြည့်နေသူတွေက ပြောကြပါတယ်။

အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေကတော့ တရုတ်ဟာ ဒေသတွင်းက ကျားဖြန့်ကွန်ရက်ကို ဖြိုခွဲနိုင်ရေးထက် သူ့ရဲ့နိုင်ငံသားနဲ့ လုံခြုံရေးကို ဦးစားပေးတဲ့သဘောဖြစ်နေတယ်လို့ ထောက်ပြပါတယ်။

ဒါ့အပြင် တရုတ်အနေနဲ့ အကျိုးစီးပွားအတွက် မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးမပျက်ဆက်ရှိဖို့လည်းလိုတာကြောင့် ကျားဖြန့်ပူးပေါင်းနှိမ်နင်းရေးတွေလုပ်နေပေမဲ့ မြန်မာက ကျားဖြန့်လုပ်ငန်းတွေနဲ့မကင်းဘဲ အကျိုးအမြတ်ရနေတဲ့ မြန်မာစစ်တပ်အရာရှိတချို့ကိုတော့ တရုတ်ဘက်က တိုက်ရိုက်အရေးယူတာမျိုး မရှိသေးဘူးလို့ သူက ဖြည့်ပြောပါတယ်။

တရုတ်နဲ့ မြန်မာစစ်တပ်ကြားမှာ ကျားဖြန့်အရေးအတွက် ပူးပေါင်းဆောင်ရွက်မှု "joint operations" တွေရှိနေပေမဲ့ လျော့ရဲမှုတွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ကောက်ချက်ချပါတယ်။

သဘောကတော့ နိုင်ငံ့အကျိုးစီးပွားကို မထိခိုက်တဲ့လုပ်ငန်းတွေ အောက်ခြေအဆင့်ကျားဖြန့်ဝန်ထမ်းတွေကိုပဲ ဖမ်းဆီး အရေးယူနေတာ၊ သက်ဆိုင်ရာနိုင်ငံတွေဆီပြန်ပို့တာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။

ဒီလိုရွေးချယ်အရေးယူမှု (selective enforcement) ပုံစံကြောင့် "အွန်လိုင်းငွေလိမ်ကွန်ရက်တွေကို ယာယီလောက်ပဲ ဖိအားပေးနိုင်ပြီး နောက်ကွယ်ကနေ ကာကွယ်ပံ့ပိုးနေတဲ့လက်နက်ကိုင်တပ်တွေနဲ့ အကျိုးအမြတ်ရနေသူတွေအပေါ် ဆက်တိုက်ဖိအားမပေးနိုင်တာပေါ့' လို့ သူက ထောက်ပြပါတယ်။

အမေရိကန်ဘက်ကတော့ ကျားဖြန့်အရေးကို ကိုင်တွယ်တဲ့နေရာမှာ အပြည်ပြည်ဆိုင်ရာဥပဒေ၊ သက်သေအထောက်အထားအခြေပြုတဲ့တရားစွဲဆိုမှုတွေအပြင် ငွေကြေးပိတ်ဆို့အရေးယူမှုတွေနဲ့ ဒီငွေလိမ်လုပ်ငန်းတွေကို အောက်ခြေအဆင့်ကနေ ဖျက်သိမ်းနိုင်ဖို့ အာရုံစိုက်နေတာတွေ့ရတယ်လို့ ကျားဖြန့်အရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်ရဲ့အောက်လွှတ်တော်ကော်မတီကနေ ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းနိုင်ရေးအတွက် ဥပ‌ဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ဖို့ဆိုပြီး အမေရိကန်အမတ်တွေရဲ့တင်ပြချက်ကို ဒီဇင်ဘာမှာ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။

ဒီဥပ‌ဒေပေါ်ပေါက်လာရင် အစိုးရအသီးသီးရဲ့အေဂျင်စီတွေ စုပေါင်းထားတဲ့ လုပ်ငန်းအဖွဲ့ပေါ်လာမှာဖြစ်သလို အမေရိကန်နိုင်ငံသားတွေ ကျားဖြန့်သားကောင်ဖြစ်ရတာကို ကာကွယ်ပေးနိုင်မယ်လို့ အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ ဘရိုင်ယန် မတ်စ်က ပြောခဲ့ပါတယ်။

နေပြည်တော် တုံ့ပြန်မှု

စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (ပုံဟောင်း)

အမေရိကန်မှာ ကျားဖြန့်နှိမ်နင်းရေး ထက်ပိုတဲ့ လျှို့ဝှက်ရည်ရွယ်ချက် ရှိနေနိုင်တယ်လို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အစောပိုင်းမှာပြောပါတယ်။ ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး နေပြည်တော်ဘက်က ဘယ်လို သံသယရှိတယ်ဆိုတာတော့ သူက အသေးစိတ်မပြောပါဘူး။

အမေရိကန်အနေနဲ့ "လိမ်လည်မှုစင်တာတွေဟာ အမေရိကန်မှာ တရုတ်ရာဇဝတ်ဂိမ်းများ၏ အိတ်ကပ်ထဲသို့ မျိုးဆက်တစ်ခုပြီး တစ်ခု ချမ်းသာကြွယ်ဝမှုရှိအောင် ဖန်တီးနေတယ်ဆိုပြီး စွပ်စွဲထားတာမျိုးလည်း တွေ့ရတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

အလားတူ အမေရိကန်ရဲ့ကျားဖြန့်တိုက်ဖျက်ရေး အထူးအဖွဲ့အနေနဲ့ လိမ်လည်မှုကွန်ရက် ၂ ခုကို စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့တဲ့အပေါ်မှာလည်း "ဘယ်လိုလုပ်ခဲ့လဲ၊ မလုပ်ခဲ့လဲ" ဆိုတာကို စစ်တပ်က မသိရှိခဲ့ကြောင်း သူက ပြောခဲ့ပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံထဲမှာရောက်နေတဲ့ အမေရိကန် FBI နဲ့ စစ်ကော်မရှင်တို့ကြား ကျားဖြန့်နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေရှိလားဆိုတဲ့အပေါ် ဘီဘီစီက စစ်မကော်မရှင်ကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

စစ်ကော်မရှင်ကတော့ လောက်ကိုင်မှာ ကျားဖြန့်နှိမ်နင်းချိန်ကစလို့ တရုတ် -မြန်မာ အထူးအဖွဲ့ ဆောင်ရွက်ထားပြီးပြီလို့ ပြောသလို မြဝတီက ကျားဖြန့်နှိမ်နင်းဖို့ကိုလည်း တရုတ်- မြန်မာ-ထိုင်း ၃ နိုင်ငံပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ရဲ့ တရုတ်နိုင်ငံဆိုင်ရာလေ့လာရေးကဏ္ဍရဲ့ခေါင်းဆောင် မနန်းလွင်ကတော့ ကျားဖြန့်နှိမ်နှင်းရေးမှာ တစ်နိုင်ငံတည်းက လုပ်ဆောင်တာထက် ဒေသတွင်းနိုင်ငံတွေ၊ ကျားဖြန့်လက်ခံနိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အမေရိကန်နိုင်ငံလိုမျိုးတွေက အားလုံးဝိုင်းဝန်းလုပ်တာက ပိုထိရောက်နိုင်တယ်လို့ ထောက်ပြပါတယ်။

"တစ်နေရာကို နှိမ်နင်းရင် နောက်တစ်နေရာမှာ ပြန်ပေါ်လာတာတွေကို ဘယ်လိုဖြေရှင်းကိုင်တွယ်မလဲဆိုတာကိုလည်း အဖြေရှာဖို့ လိုတယ်" လို့ သူက ဖြည့်ပြောပါတယ်။

တစ်ဖက်မှာလည်း မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ တရုတ်ဩဇာ မကင်းတာကြောင့် အမေရိကန်နဲ့ ထိုင်း ခြေလှမ်းလာမယ့် ကျားဖြန့်နှိမ်နင်းမှုတွေမှာ အကန့်အသတ်တွေ ရှိလာနိုင်မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

ဦးဂျိမ်းရွှေကတော့ မြန်မာဘက်က လိမ်လည်စင်တာတွေကို အမေရိကန်နဲ့ ထိုင်းဘက်က တိုက်ရိုက်နယ်မြေနင်းထောက်လို့ မရပေမဲ့ မြန်မာနယ်မြေထဲက ကျားဖြန့်ဂိုဏ်းတွေလုပ်ငန်းလည်ပတ်နေတာတွေ ရပ်တန့်အောင် အပြင်ဘက်ကနေ နိုင်သလောက် ဖိအားပေးထားဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

"ကျားဖြန့်လုပ်ငန်းတွေ ရှင်သန်ရေးအတွက် အထောက်အပံ့ပေးနေတဲ့အာဏာပိုင်အကာအကွယ်၊ ကျားဖြန့်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ အဓိကဖြစ်တဲ့ငွေကြေးစနစ်နဲ့ အဆောက်အအုံတွေအပြင် နည်းပညာဆိုင်ရာ အထောက်အပံ့တွေကိုလည်း ထိထိရောက်ရောက်ဖြတ်တောက်ဖို့လိုတယ်"

ကျားဖြန့်နောက်ကွယ်က ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းရေးအစီအစဉ်ကို ၄ လအတွင်း ယူလာဖို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က သူ့ဝန်ကြီးတွေကို ညွှန်ကြားထားတာကြောင့် ဒီကာလအပိုင်းအခြားမှာ ကျားဖြန့်နှိမ်နင်းရေးအရှိန် ဘယ်လောက်ရှိလာမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။