မတ် ၁၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
Su-30 တိုက်လေယာဥ်တွေ တပ်တော်ဝင်
Su-30 တိုက်လေယာဥ်တွေ တပ်တော်ဝင်တဲ့သတင်းအပါအဝင် မတ် ၁၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်
အနှစ်ချုပ်
- ရန်ကုန်ယူနိုက်တက်အသင်းက မောင်မောင်လွင် အမျိုးသမီးပရိသတ်တစ်ဦးကို ကိုယ်ထိလက်ရောက် လက်နဲ့ တွန်းထိုးခဲ့လို့ ၆ လပွဲပယ်ခံရပြီး ကျပ်သိန်း ၃၀ ဒဏ်ရိုက်ခံရ
- မြဝတီတောင်ဘက်ပိုင်း ဖလူးရွာအနီးက ကျားဖြန့်ဝင်းထဲ လက်နက်ကြီးကျည်ကျလို့ လူ ၁၀ ဦးဝန်းကျင်ထိခိုက်တယ်လို့ဆို
- အမေရိကန်စစ်ဘက်သုံး ဆီဖြည့်လေယာဉ်တစ်စင်း အီရတ်မှာ ပျက်ကျခဲ့တယ်လို့ အမေရိကန်စစ်တပ်အတည်ပြု
- စစ်တပ်က တကောင်းမြို့ရပြီးနောက် မြို့အနောက်ဘက် မြစ်ကမ်းဘေးက နေရာတွေကို ရှင်းလင်းရေးလုပ်နေပြီး လက်နက်ကြီးတချို့ အထိုင်ချ တပ်ဆင်နေ
- မတ် ၁၂ ရက်က မြန်မာစစ်တပ်ရဲ့ တပ်တော်ဝင်တဲ့ တိုက်လေယာဥ်တွေထဲမှာ ရုရှားထုတ် Su-30 တိုက်လေယာဥ်နှစ်စီးပါဝင်လာ
တိုက်ရိုက် ထုတ်လွှင့်ချက်
မူပန်ဖြစ်သွားတဲ့ သိန္နီ

ဓာတ်ပုံ ပုံစာ, သိန္နီဟာ ကိုးကန့်လက်အောက်ရောက်ပြီး ၂ နှစ်နီးပါးအကြာမှာပဲ မြို့နယ်ထဲမှာ တရုတ်အငွေ့အသက်တွေ ဖုံးလွှမ်းလာတာကို မြို့မြင်ကွင်းတွေက မီးမောင်းထိုးပြနေပါတယ် ကိုးကန့်ရဲ့ အထူးဒေသ ၁ ဖွဲ့စည်းပုံထဲမှာပါဝင်တဲ့ သိန္နီဟာ ကိုးကန့်လက်အောက်ရောက်ပြီး ၂ နှစ်နီးပါးအကြာမှာပဲ တရုတ်အငွေ့အသက်တွေ ဖုံးလွှမ်းလာတာကို မြို့မြင်ကွင်းတွေက မီးမောင်းထိုးပြနေပါတယ်။မြို့လယ်ခေါင်နေရာကစလို့ မြို့ပြင်နေရာတွေအထိ မြန်မာစာနဲ့ ရေးထိုးထားတဲ့ ဆိုင်းဘုတ်တွေနေရာမှာ တရုတ်ဘာသာနဲ့ရေးသားထားတဲ့ စာလုံးတွေပါ နေရာဝင်ယူလာပါတယ်။ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုသမ္မတ ရွေးချယ်ပွဲတွေ နေပြည်တော်မှာ အစမ်းလေ့ကျင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတသုံးဦးထဲကနေတစ်ဦးကို သမ္မတအဖြစ်ရွေးချယ်ရမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်တင်မြှောက်ပွဲတွေကို နေပြည်တော်ကလွှတ်တော်တွေမှာမနေ့က အစမ်းလေ့ကျင့်ခဲ့တယ် လို့လွှတ်တော်အမတ်တချို့ဆီက သိရပါတယ်။
ရွေးကောက်ခံအမတ်တွေနဲ့အတူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့အကြောင်း အမတ်တစ်ဦးက ပြောပါတယ်။
“လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ဒုတိယသမ္မတတွေကို စက်ခလုတ်နှိပ်ပြီး ရွေးချယ်ရမှာ” လို့ သူကပြောပါတယ်။
ကနဦးအနေနဲ့ ပြည်သူ့လွှတ်တော်အစုအဖွဲ့၊ အမျိုးသားလွှတ်တော်အစုအဖွဲ့နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက ဒုသမ္မတတစ်ဦးစီတင်မြှောက်ရမှာ ဖြစ်ပါတယ်။
အဲဒီနောက်ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတသုံးဦးထဲကနေတစ်ဦးကို သမ္မတအဖြစ်ရွေးချယ်ရမှာဖြစ်ပါတယ်။
“၁၅ ရက်နေ့ကျရင်တော့ သမ္မတရွေးချယ်ပွဲအတွက် အစမ်းလေ့ကျင့်ရမယ်” လို့ အမတ်တစ်ဦးကပြောပါတယ်။
ပြည်သူ့လွှတ်တော်ကို မတ် ၁၆ မှာခေါ်ထားပြီး အမျိုးသားလွှတ်တော်ကို မတ် ၁၈ ရက်မှာ ခေါ်ထားပါတယ်။
ဟော်မုဇ် ရေလက်ကြားကို ဆက်ပိတ်ဆို့သွားမယ်လို့ အီရန်ဘာသာရေးခေါင်းဆောင်သစ် ကြုံးဝါး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ် မေလက တီဟီရန်မြို့ ဆန္ဒပြပွဲတစ်ခုအတွင်း မိုဂျ်တာဘာ ခါမေနီကို တွေ့ရစဉ် အရေးပါတဲ့ သင်္ဘောအသွားအလာ လမ်းကြောင်းကြီး တစ်ခုဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားကို ဆက်ပိတ်ဆို့သွားမယ် ဆိုတဲ့ အီရန် ဘာသာရေးခေါင်းဆောင်သစ်ရဲ့ ထုတ်ပြန်ချက်ကို အီရန်အစိုးရရုပ်မြင်သံကြားပေါ်မှာ ထုတ်လွှင့်သွားခဲ့ပါတယ်။
ဒါ့အပြင် အသက်ဆုံးရှုံးခဲ့ရတဲ့ အီရန်လူမျိုးတွေရဲ့ သွေးတွေအတွက် အီရန်အစိုးရက လက်စားချေ တုံ့ပြန်သွားမယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အီရန်ဘာသာရေး ခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီ ဟာ သူ့ဖခင် အယာတိုလာ အလီ ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံခဲ့ပြီးကတည်းက လူထုရှေ့မှောက် မတွေ့ရသေးပါဘူး။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
မောင်မောင်လွင် ၆ လပွဲပယ်ခံရ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ဓာတ်ပုံ ပုံစာ, မောင်မောင်လွင်နဲ့ ဆဲဆိုနေတဲ့ အမျိုးသမီးပရိသတ်တစ်ဦးတို့ ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်း အမျိုးသမီးပရိသတ်တစ်ဦးကို ကိုယ်ထိလက်ရောက် လက်နဲ့ တွန်းထိုးခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းက မောင်မောင်လွင်ကို ၆ လ ပွဲပယ်လိုက်ပြီး ကျပ်သိန်း ၃၀ ဒဏ်ရိုက်လိုက်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးကနေ ကြီးမှူးကျင်းပတဲ့ပြိုင်ပွဲတွေ ဘောလုံးနှင့်ပတ်သက်တဲ့ လှုပ်ရှားမှုများတွေမှာ ၆ လအထိ ကစားခွင့်၊ ပါဝင်လုပ်ဆောင်ခွင့် မပြုဖို့ ကန့်သတ်ခံလိုက်ရတာဖြစ်ပါတယ်။
မတ်လ ၁၀ ရက်က သန်လျင်သီဟဒီပကွင်းမှာ ကစားခဲ့ကြတဲ့ ရတနာပုံနဲ့ ရန်ကုန်ယူနိုက်တက်ပွဲစဉ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် အဖွဲ့ချုပ်ကနေ အခုလိုပြစ်ဒဏ်ဆုံးဖြတ်ချက်ထွက်လာတာဖြစ်ပါတယ်။
ပွဲကျင်းပတဲ့နေ့မှာ ကိုယ်ထိလက်ရောက်တွန်းခံရတဲ့ အမျိုးသမီးက ပွဲကြည့်စင်ပေါ်ကနေ ယူနိုက်တက်အသင်းက ကစားသမားနာမည်တပ်ပြီး အော်ဟစ်ဆဲဆိုနေခဲ့ပြီး ပထမပိုင်း ပွဲရပ်နားနေချိန်မှာ မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်ပြေးတက်ပြီး အဲဒီအမျိုးသမီးကို တွန်းထိုးခဲ့တာဖြစ်ပါတယ်။
ဘောလုံးအဖွဲ့ချုပ်ကတော့ အဲဒီအမျိုးသမီးကလည်း အရင်က ဘောလုံးပြိုင်ပွဲတွေတုန်းကလည်း ပွဲစဉ်တလျှောက် အသင်းတွေရဲ့ နည်းပြနဲ့ ကစားသမားတွေအပါအဝင် ပရိသတ်နဲ့ ပြိုင်ပွဲတာဝန်ကျဝန်ထမ်းတွေအပေါ် အော်ဟစ်ပြောဆိုခဲ့တာတွေကြောင့် နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေနဲ့ ဖူဆယ်ပြိုင်ပွဲတွေမှာ ပွဲကြည့်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရဖူးတဲ့သူလို့ ပြောထားပါတယ်။
မည်သို့ပင်ဖြစ်စေ ကစားသမားတစ်ဦး စောင့်ထိန်းလိုက်နာရမယ့် စည်းကမ်းကျင့်ဝတ်တွေကို ကျော်လွန်တယ်လို့ အဖွဲ့ချုပ်ကဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီအနေနဲ့ အဲဒီအမျိုးသမီးပရိသတ်ကိုလည်း ဆက်လက်အရေးယူဖို့ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
မတ် ၁၀ ရက်က အဲဒီပွဲစဉ်မှာ တာဝန်ကျတဲ့ ဒိုင်လူကြီး ဦးကျော်ဇေယျာအောင်ကိုလည်း ပထမပိုင်းအပြီး ရန်ကုန်ယူနိုက်တက်အသင်းက မောင်မောင်လွင်ရဲ့ လုပ်ရပ်အတွက် ဥပဒေအရ အနီကတ်မပြဘဲ ဘောလုံးဥပဒေစည်းမျဉ်းကို မျက်ကွယ်ပြုဆောင်ရွက်ခဲ့တာကြောင့် ၂၀၂၅-၂၀၂၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေရဲ့ အနီးစပ်ဆုံး ၃ ပွဲမှာ ပါဝင်ကိုင်တွယ်တာတွေလုပ်ခွင့်မပြုဘူးလို့ ဘောလုံးအဖွဲ့ချုပ်က ချမှတ်လိုက်ပါတယ်။
အလားတူ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့ကိုလည်း ဒုတိယပိုင်းပြန်မစခင် ဥပဒေနဲ့အညီ ကွင်းလယ်ဒိုင်လူကြီးကို သတိပေးတာတွေ မရှိခဲ့တာကြောင့် တာဝန်ကျဒိုင်လူကြီးအတိုင်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေရဲ့ အနီးစပ်ဆုံး ၃ ပွဲမှာမပါဝင်ဖို့ ကန့်သတ်လိုက်ပါတယ်။
ကျားဖြန့်နှိမ်နင်းရေး ထရမ့်အမိန့်၊ အရှေ့တောင်အာရှမှာ FBI နဲ့ ထိုင်းရဲပူးပေါင်းမှု

အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ အမေရိကန် ထောက်လှမ်းရေးဗျူရို(FBI)တို့ အတူထိုင်ပြီး နှိမ်နင်းနေပြီဆိုတာကို နှစ်ဖက်စလုံးက ဆက်တိုက် ထုတ်ပြောလာပါတယ်။
မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ ကျားဖြန့်နှိမ်နင်းရေးတွေ လုပ်နေသလို အမေရိကန် တရားရေးဌာနက ဖွဲ့စည်းလိုက်တဲ့ Strike Force ကလည်း မြန်မာက ကျားဖြန့်ကွန်ရက်တချို့ကို နှိမ်နင်းတဲ့ အွန်လိုင်းစစ်ဆင်ရေးတွေ လုပ်ခဲ့ပါတယ်။
ဒီလိုပူးပေါင်းဆောင်ရွက်နေတဲ့အချိန်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပြည်ထောင်စုအစိုးရရှေ့နေတွေ၊ ဆိုက်ဘာကာကွယ်ရေးအရာရှိတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အမေရိကန်သံတမန်တွေအနေနဲ့ ကျားဖြန့်တွေရဲ့နောက်ကွယ်က ဆိုက်ဘာရာဇဝတ်အဖွဲ့တွေကို နှိမ်နင်းဖို့ အမိန့်တစ်ရပ်ကို ထုတ်လိုက်ပါတယ်။
မြေပြင်မှာတော့ အရှေ့တောင်အာရှက ဒေသတွင်းနိုင်ငံတချို့မှာ ကျားဖြန့်လုပ်ငန်းတွေဟာ နေရာ ပြောင်းရွှေ့ပြီး ဆက်ပြီးရှိနေဆဲဖြစ်တယ်လို့ ကျားဖြန့်အရေး လေ့လာသူတွေက ထောက်ပြနေကြပါတယ်။
အမေရိကန် FBI နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းခြေလှမ်းသစ်ရဲ့အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်(ကျားဖြန့်)ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းမှု ဘယ်လောက်အထိ ခရီးရောက်နိုင်မလဲ။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
မြဝတီက ကျားဖြန့်ဝင်းထဲ လက်နက်ကြီးကျည်ကျလို့ လူ ၁၀ ဦးဝန်းကျင် ထိခိုက်

ဓာတ်ပုံ ရင်းမြစ်, Aung Aung
ဓာတ်ပုံ ပုံစာ, မြဝတီ၊ ရွှေကုက္ကိုမြို့သစ်ထဲက ဖြိုချခံလိုက်ရတဲ့ ကျားဖြန့်အဆောက်အဦမြင်ကွင်း (ပုံဟောင်း) ကရင်ပြည်နယ်၊ မြဝတီတောင်ဘက်ပိုင်း ဖလူးရွာအနီးမှာရှိတဲ့ အွန်လိုင်းငွေလိမ်(ကျားဖြန့်)ဝင်းတစ်ခုထဲ ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဝင်းထဲက လူ ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦးသိရတဲ့အကြောင်း မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
“လူနာတွေကို ကားနဲ့သယ်ထုတ်နေတာတွေ့တယ်၊ မိုးပြာဒုက္ခသည်စခန်းနားမှာရှိတဲ့ ကျားဖြန့်ဝင်းထဲကို ကျည်ကျတာ” လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဖလူးကျေးရွာအနီးက ရသေ့ဂူတဝိုက်မှာလည်း စစ်တပ်နဲ့ ကရင်တော်လှန်ရေးတပ်ပေါင်းစုတွေကြား ဒီနေ့မနက် တိုက်ပွဲပြင်းထန်နေပြီး စွယ်တော်ကုန်းနဲ့ လက်ခတ်တောင်ကုန်းတွေပေါ်မှာ အထိုင်ချထားတဲ့ စစ်တပ်က တိုက်ပွဲဖြစ်တဲ့နေရာအနီးကို လက်နက်ကြီးနဲ့ ကူပစ်ပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
တစ်ဖက်မှာလည်း လက်နက်ကြီးကျည်ကျတဲ့ ကျားဖြန့်ဆိုက်ဝင်းဟာ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ကျားဖြန့်ဝင်းထဲ လက်နက်ကြီးကျတဲ့ အခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက DKBA ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်မဖြေကြားသေးပါဘူး။
စစ်ကော်မရှင်ကလည်း မြဝတီမြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။
အမေရိကန် KC-135 ဆီဖြည့်လေယာဉ် အီရတ်မှာပျက်ကျ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဗုံးကြဲလေယာဉ်တွေ ဆက်လက်ပျံသန်းနိုင်ရေး လောင်စာဖြည့်တင်းရေးလေယာဉ်တွေ ကအရေးပါ အမေရိကန်စစ်ဘက်သုံး ဆီဖြည့်လေယာဉ်တစ်စင်း အီရတ်မှာ ပျက်ကျခဲ့တယ်လို့ အမေရိကန်စစ်တပ်က အတည်ပြုပါတယ်။
လေယာဉ်နှစ်စင်းပါဝင်တဲ့ ဒီဖြစ်စဥ်မှာ KC-135 လောင်စာဖြည့်တင်းရေးလေယာဉ်ဟာ ပျက်ကျခဲ့တာဖြစ်ပြီး ရန်သူက ပစ်ခတ်တာမဟုတ်သလို ကိုယ့်တပ်က မှားပစ်တာမျိုးလည်းမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကယ်ဆယ်ရေးတွေလုပ်နေပြီလို့ အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ထားပြီး အခင်းဖြစ်တဲ့နေရာဟာ အီရန်နဲ့ ဘယ်လောက်ဝေးတယ်ဆိုတာကို မသိရပါဘူး။
ဖြစ်စဉ်မှာ ပါဝင်တဲ့ နောက်ထပ်လေယာဉ်ကတော့ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။
ပျက်ကျတဲ့လေယာဉ်ပေါ်မှာ လူဘယ်လောက်ပါဝင်တယ်ဆိုတာနဲ့ သေဆုံးဒဏ်ရာရစာရင်းကို အတိအကျမသိရသေးပါဘူး။
KC-135 မှာ များသောအားဖြင့် လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနဲ့ လောင်စာဖြည့်တင်းရေးတာဝန်ခံစစ်သည်တို့ပါဝင်လေ့ရှိပါတယ်။
လေကြောင်းကွပ်ကဲမှုဌာနရဲ့လက်အောက်မှာ လောင်စာဖြည့်တင်းရေးလေယာဉ် အစင်း ၄၀၀ ခန့်ရှိတယ်လို့ အမေရိကန်လေတပ်က ထုတ်ပြန်ထားပါတယ်။
စစ်တပ်က တကောင်းမြို့အနောက်ခြမ်းမှာ လက်နက်ကြီးအထိုင်ချနေ, တကောင်းပြန်ရဖို့ ၁ လကျော် စစ်ဆင်ရေးဆင်နွှဲခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
ဓာတ်ပုံ ပုံစာ, တကောင်းမြို့မှာတွေ့ရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ စစ်တပ်က မန္တလေးတိုင်းထဲက တကောင်းမြို့ကို ပြန်ရပြီး ရက်ပိုင်းအတွင်းမှာပဲ မြို့အနောက်ဘက်ခြမ်း မြစ်ကမ်းဘေးက နေရာတွေကို ရှင်းလင်းရေးလုပ်နေပြီး အဲဒီနေရာတွေမှာ လက်နက်ကြီးတချို့ အထိုင်ချ တပ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။
တကောင်းရဲ့ မြောက်ဘက်ခြမ်းမှာတော့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ထီးချိုင့်မြို့ရှိသလို အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ရဲ့ တစ်ဖက်ကမ်းမှာလည်း တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ကျွန်းလှစတဲ့ နယ်မြေတွေရှိနေပါတယ်။
စစ်တပ်ကတော့ တကောင်းမြို့ကိုပြန်ရဖို့ ၁လကျော်ကြာ တိုက်ပွဲဆင်နွှဲခဲ့ရပြီး တိုက်ပွဲကြီးငယ် ၈၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒီနေ့ မတ် ၁၃ ရက် နိုင်ငံပိုင်သတင်းစာကနေ သတင်းထုတ်ပါတယ်။
စစ်တပ်က တကောင်းမြို့ကို မနေ့ မတ် ၁၂ ရက်မှာ အလုံးစုံသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
တကောင်းမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလအတွင်း ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ ပူးပေါင်းတပ်တွေက သိမ်းခဲ့တာဖြစ်ပြီး တစ်နှစ်ခွဲအကြာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
Su-30 တိုက်လေယာဥ်တွေ တပ်တော်ဝင်

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
ဓာတ်ပုံ ပုံစာ, မတ် ၁၂ ရက်က တပ်တော်ဝင်အခမ်းအနားမှာတွေ့ရတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာလေတပ်ကို မနေ့က တပ်တော်ဝင်တဲ့ တိုက်လေယာဥ်တွေထဲမှာ ရုရှားထုတ် Su-30 တိုက်လေယာဥ်နှစ်စီးပါဝင်လာတာ တွေ့ရပါတယ်။
Su-30 တိုက်လေယာဥ်နဲ့အတူ တခြားတိုက်လေယာဥ်တွေလည်း တပ်တော်ဝင်ပါတယ်။ ရေတပ်နဲ့ လေတပ်တပ်တော်ဝင်အခမ်းအနားတွေကို တပ်တည်ထောင်တဲ့နှစ်ပတ်လည်နေ့တွေမှာပြုလုပ်လေ့ရှိပေမဲ့ အခုတော့ တပ်မတော်နေ့မတိုင်ခင်မှာ ထပ်လုပ်လာတာဖြစ်ပါတယ်။
ခေတ်သစ်စစ်ပွဲတွေမှာ လေကြောင်းနဲ့ အာကာသစွမ်းအားတွေက စစ်ပွဲအောင်နိုင်ရေးနဲ့ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်ရေးတွေအတွက် အဓိကကျပြီး အရေးပါတယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်ရဲ့ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်တွေကို ကာကွယ်နိုင်ဖို့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေကို အင်အားတောင့်တင်းပြီး ထက်မြက်နေအောင် ထိန်းသိမ်းရမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
ဓာတ်ပုံ ပုံစာ, မတ် ၁၂ ရက်က ကျင်းပခဲ့တဲ့ စစ်တပ်လေယာဉ်တွေ တပ်တော်ဝင်အခမ်းအနား လေကြောင်းအရင်းမြစ်တွေကို ထိရောက်အောင် အသုံးချနိုင်ဖို့ ကျွမ်းကျင်တဲ့ လေသူရဲတွေ မွေးထုတ်ပေးဖို့ လိုတဲ့အကြောင်း စစ်ခေါင်းဆောင်က တပ်တော်ဝင်အခမ်းအနားကနေ မှာကြားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ မြန်မာစစ်တပ်က စစ်ဘက်သုံးရေယာဉ် တိုက်သင်္ဘာ တပ်တော်ဝင်အခမ်းအနား ကျင်းပခဲ့ပြီး ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်တွေရဲ့ စစ်ရေယာဉ်တွေ တပ်တော်ဝင်ခဲ့ပါတယ်။
မင်္ဂလာပါ။ မတ် ၁၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။
