တိုက်အမြင့်တွေ မီးလောင်ရင် အသက်မသေအောင် ဘယ်လိုပြေးမလဲ

ဖတ်ရန်အချိန်: မိနစ် ၃

ကမ္ဘာမှာ လူဦးရေများလာတာနဲ့အတူ မြို့တွေမှာ အထပ်မြင့်တိုက်တွေ ပိုမိုတိုးလာပါတယ်။ ဟောင်ကောင်က မီးဘေးကြီးကို တွေ့လိုက်ရတဲ့အခါ ကမ္ဘာတလွှားက အထပ်မြင့်တိုက်တွေမှာ နေထိုင်ကြသူတွေ အနေနဲ့ "တို့တိုက်များ မီးလောင်ရင် ငါဘာလုပ်သင့်လဲ" ဆိုတဲ့ အမေးကို တွေးမိကြနိုင်ပါတယ်။

"တိုက်တွေ ပိုမြင့်လေ အဲဒီမှာ နေထိုင်သူတွေအဖို့ မီးလောင်တာနဲ့ ကြုံရရင် အလုံးစုံဘေးကင်းနိုင်မယ့်နေရာနဲ့ ပိုဝေးသွားလေပါပဲ" လို့ ဗြိတိန်နိုင်ငံ မီးသတ်အကြီးအကဲများ ကောင်စီ (အထပ်မြင့်တိုက်များ မီးဘေးဆိုင်ရာအဖွဲ့) ရဲ့ ဥက္ကဋ္ဌ ဘန် လဲဗီးက ဘီဘီစီ ကမ္ဘာတလွှားသတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့ မီးလောင်ရင် ဘယ်လိုအခြေအနေမှာဖြစ်စေ ရှင်သန်နိုင်ဖို့ အခွင့်အလမ်း ပိုရအောင် လုပ်နိုင်ိဖို့ ရိုးရှင်းတဲ့နည်းလမ်းတွေရှိကြောင်း သူက ပြောပါတယ်။

"အဆောက်အဦ တခု မီးလောင်တာ တွေ့လိုက်ရင် (ယူကေမှာဆိုရင်တော့) ၉၉၉ ကို ဖုန်းခေါ်ပါလို့ မစ္စတာ လဲဗီးက ပြောပါတယ်။ "အနီးအနားမှာ မီးလောင်တာ တွေ့ရပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် လုပ်ပြီး အနီးအနားက လူတွေကို သတိပေးပါ၊ နောက် အရေးပေါ် ဖုန်းနံပတ်ကို ခေါ်ပါ။ တယောက်ယောက်က ဖုန်းခေါ်ထားမှာပါလေဆိုပြီး မတွက်ပါနဲ့။ ကျွန်တော်တို့ စောပြီး သိရလေ အကူအညီပေးဖို့ ကျွန်တော်တို့ အမြန်လုပ်နိုင်လေဖြစ်ပြီး လူတွေရဲ့ အသက်ကို ပိုကယ်ဆယ်နိုင်မှာပါ။"

"ဒုတိယအဆင့်အနေနဲ့ စိတ်ကို တည်ငြိမ်အောင်ထားပါ၊ ကြောက်လန့်တကြား ထမပြေးပါနဲ့။ အနီးဆုံး မီးဘေး ထွက်လမ်းဆီကို တည်တည်ငြိမ်ငြိမ် လမ်းလျှောက်သွားပါ၊ လူတွေများရင် တန်းစီပြီး ထွက်ကြပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် ထွက်ပေါက်လမ်းကြောင်း ပိတ်ဆို့သွားတာမျိုး မဖြစ်သလို၊ မီးသတ်က ကယ်ဆယ်ရေး လုပ်ပေးတဲ့အခါ လူတွေ ဘေးကင်းရာကို ရွှေ့ပြောင်းပေးနိုင်ရေးအတွက် ကူညီရာလည်း ရောက်ပါတယ်။ ကိုယ်ကိုယ်တိုင် ဘေးကင်းအောင် အရင်လုပ်ပါ၊ ဘေးကင်းကြောင်း စိတ်ချရပြီဆိုရင် ပြေးဖို့လွှားဖို့ မလုပ်နိုင်တဲ့သူတွေကို အကူအညီပေးပါ။"

ဒါပေမဲ့ အထပ်မြင့်တိုက်တွေမှာ မီးဘေး ထွက်ပေါက်လမ်းက လှေခါးကနေ ဆင်းရတဲ့နည်းကလွဲလို့ တခြားနည်းလမ်း မရှိပါဘူး။ အဲဒီတော့ အထပ်တိုင်းက လူတွေ ဒီလှေကားကို သုံးပြီး ဆင်းကြပြီဆိုရင် လူတွေ ပိတ်ဆို့ ကြပ်ညပ်နိုင်ပါတယ်။

လှေခါးက ဆင်းပြီး အဆောက်အဦက ထွက်တာကလည်း မှန်းဆထားတာထက် ပိုနှေးကွေးနိုင်ပြီး အချိန်ပိုကြာတတ်ပါတယ်။ မီးဘေးလေ့ကျင့်ခန်းမှာ လှေခါးကနေ သွားကြရင် လူတွေက တစက္ကန့်ကို ၀.၄ - ၀.၇ မီတာလောက် ရှေ့တိုးနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်အရေးပေါ် ဖြစ်ရင် အထူးသဖြင့် အထပ်မြင့်တိုက်တွေ မီးလောင်ရင် ဒီနှုန်းက အတော့်ကို လျော့ကျသွားပါတယ်။

ပင်ပန်းနွမ်းနယ် အားကုန်သွားမှုကလည်း အရေးကြီးတဲ့ အချက်ပါ။ အကြာကြီး လမ်းလျှောက်ဆင်းရမယ်ဆိုရင် နောက်ပိုင်းမှာ ဆင်းရတာ အချိန်ကြာလာပါတယ်။ အထပ်မြင့်တိုက်တွေကနေ ဆင်းရရင် အနည်းဆုံးတော့ လမ်းမှာ တစ်ကြိမ် နားရတတ်ပါတယ်။

တရုတ်နိုင်ငံ ရှန်ဟိုင်းက အထပ်မြင့်တိုက် တစ်တိုက်မှာ ၂၀၁၀ မှာ မီးလောင်တုန်းက တိုက်ပေါ်ကနေ လမ်းလျှောက် ဆင်းနိုင်ခဲ့လို့ အသက်မဆုံးရှုံးခဲ့တဲ့ အသက်ကြီးသူတွေ တဝက်လောက်က သူတို့ လမ်းမှာ ဆင်းတဲ့ခြေလှမ်းတွေ သိသိသာသာ နှေးသွားခဲ့တယ်လို့ ပြောပါတယ်။

ပုံမှန်နှုန်းနဲ့ သွား

ဘေးလွတ်ရာကို သွားရာမှာ သွားတဲ့နှုန်းကလည်း အသက်ကြီးသူတွေ ဒါမှမဟုတ် ကလေးတွေပါတဲ့ မိသားစုတွေအတွက် ပိုပြီးတော့ အချိန်ကြာတတ်ပါတယ်။ သူတို့က ဘေးကင်းရာကို အတူသွားကြပြီး ဆင်းရတဲ့လမ်းမှာ တစ်ယောက်ချင်းစီ သွားရမယ့်အစား လူတွေစုပြီး သွားလေ့ရှိလို့ပါ။

မြို့ပြ အန္တရာယ်၊ ခံနိုင်ရည်ရှိမှုနဲ့ လှုပ်ရှားနိုင်မှုများဆိုင်ရာ လေ့လာခဲ့တဲ့ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း တက္ကသိုလ်က ပါမောက္ခ မီလက် ဟက်ဂါနီက "ကျွန်တော်တို့ သုတေသန တွေ့ရှိချက်တွေအရ လူတွေက မိသားစုနဲ့ဆိုရင် လှေခါးတွေမှာတောင် တစ်ယောက်ချင်းစီ မရွေ့ဘဲ ဗဟုဂံပုံ အစုအဝေးဖြစ်သွားတာကို မြင်ရတယ်" လို့ ပြောပါတယ်။ အဲဒီတော့ သူတို့ကြားမှာ အသုံးပြုလို့မရတဲ့ နေရာတွေ ဖြစ်ကုန်ပြီး လူတွေ ပိတ်ဆို့ကုန်တတ်ပါတယ်။ ဒါတွေဟာ လူအုပ်စုကို ပိတ်ကျပ်သိပ်စေပြီး ဘေးကင်းရာကို သွားရေးမှာ နှေးကွေးသွားပါတယ်။

"မိသားစုတွေ လူအုပ်စုတွေကို စီတန်း၊ တယောက်ရဲ့အဝတ်အစားကို နောက်တယောက်က နောက်ကနေ ကိုင်ပြီး မြွေတွေလို သွားကြတာက ရွေ့လျားသွားလာတာ ပိုပြီးမြန်ကြောင်း ကျွန်တော်တို့ စမ်းသပ်တွေ့ရှိထားပါတယ်"

ဆင်းနေကြချိန်မှာ လက်ရန်းကို ကိုင်လို့ရသူက ကိုင်ပြီး "ဆင်းကြတဲ့လူတွေ အချင်းချင်းကြား ၁၊ ၂၊ ၃၊ ၄ ... လို့ တိုင်ပင်ခေါ် ဆင်းတာမျိုးက ခြေလှမ်းနှုန်းကို ညီစေ၊ ငြိမ်စေတယ်'' လို့ မစ္စတာ မစ္စတာ လဲဗီးက ပြောပါတယ်။

"လှေခါးကနေ အောက်ထပ်ကို ဆင်းနေတဲ့ နေရာမှာ မီးသတ်သမားတွေက အပေါ်ကို တက်လာတာနဲ့ ကြုံနိုင်ကြောင်းလည်း သတိထားဖို့လိုပါတယ်" လို့ သူက ဖြည့်စွက်ပြောပါတယ်။

အထပ်မြင့်တိုက် မီးလောင်တာကနေ ရှင်သန်အောင် ထွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားမှုက အဓိက ကျကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ တိုက်တာတွေမှာ နေထိုင်သူတွေဟာ ကိုယ့်တိုက်ရဲ့ မီးဘေး ထွက်လမ်းတွေက ဘယ်မှာရှိတယ်ဆိုတာကို သိထားဖို့လိုပြီး အထူးသဖြင့် အထပ်မြင့်တိုက်က လူတွေအနေနဲ့ ညလယ်ခေါင်မှာ မီးလောင်ရင်လည်း ထွက်လမ်းက ဘယ်မှာလဲဆိုတာကို ကြိုသိထားသင့်ပါတယ်။

အောက်ဆုံး မြေညီထပ်ကို ရောက်ဖို့ ဓာတ်လှေကားကိုပဲ အမြဲသုံးမယ့်အစား တစ်ခါတလေမှာ လှေကားကို သုံးပြီး ဆင်းကြည့်ထားဖို့လိုတယ်လို့လည်း မစ္စတာ လဲဗီးက အကြံပြုပါတယ်။

"လှေကားကနေ လမ်းလျှောက်ဆင်းရင် ဘယ်လို ခံစားရသလဲဆိုတာကို အရေးပေါ် အချိန်မတိုင်ခင်ကတည်းက သိထားဖို့ လိုမယ်" လို့ သူကပြောပါတယ်။ "ကြိုတင် ပြင်ဆင်ထားတော့ အရေးပေါ်လာရင် အဆင်သင့်ဖြစ်နေတာပေါ့။"

အရေးပေါ် ကြုံရပြီဆိုရင် လူတွေက ဘာလုပ်ရမှန်း မသိ ကြက်သေသေ သွားတတ်တယ်လို့ မစ္စတာ ဟက်ဂါနီက ဆိုပါတယ်။ "သဘာဝအားဖြင့် မီးဘေးအချက်ပေးသံနဲ့ မီးလောင်နေပြီဆိုတဲ့ သတင်းကြားလိုက်ရင် လူအတော်များများက ဘာလုပ်ရမှန်း မသိကြတော့ဘူး" လို့ သူက ဘီဘီစီ ကမ္ဘာတလွှားအစီအစဥ်ကို ပြောပါတယ်။

"မီးဘေးကနေ လွတ်လာသူတွေဟာ များသောအားဖြင့် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်သူတွေဖြစ်ပါတယ်။ မီးဘေးကြုံရင် ဘယ်လို လမ်းတွေက ထွက်ရမယ်ဆိုတာကို သိထားသူတွေ၊ မီးဘေးထွက်ပေါက်တွေကို သိထားအောင်လုပ်ထားသူတွေပါ။ မီးဘေး အစမ်း လေ့ကျင့်ခန်းတွေမှာ ပေးတဲ့ အသိပညာတွေကိုလည်း သူတို့က မှတ်သားထားကြပါတယ်။"

တိုက်တာအဆောက်အဦတွေဟာ ဘေးကင်းဖို့ လိုအပ်တယ် ဆိုတဲ့အချက်ကို ပိုပြီး ဂရုထားဖို့ လိုနေကြောင်းလည်း မစ္စတာ လဲဗီးက ပြောပါတယ်။

"ကျွန်တော်တို့က တို့တိုက်တာအဆောက်အဦဟာ ဘေးကင်းစိတ်ချရတယ်။ ဒီတိုက်တွေကို စံချိန်စံညွှန်းနဲ့အညီ ဆောက်ထားတာဖြစ်ပြီး မီးဘေးကြုံရင်တောင် အဆင်ပြေနိုင်တယ်လို့ မှတ်ယူထားလေ့ရှိတတ်ပါတယ်" လို့ သူက ပြောပါတယ်။

"မီးဒဏ်ခံနိုင်တဲ့ တံခါးတို့၊ မီးတားအောင် အခန်းတွေ ခွဲထားတယ်၊ အဆောက်အဦကို ပုံစံချ ဆောက်ထားတယ်စတဲ့ မီးဘေးကာကွယ်ရေးအစီအမံတွေက တကယ်ကို မှန်ကန်ဖို့လိုတယ်။ နေထိုင်သူတွေဘေးကင်းအောင် နေနိုင်ရမယ့်အပြင် တကယ်လို့ ဘေးဖြစ်လာလို့ အဆောက်အဦက ထွက်ရမယ်ဆိုရင်လည်း ထွက်လမ်းက ဘေးကင်းပြီး လုံလုံလောက်လောက် ရှိသင့်တယ်။"

"ဒါပေမဲ့ စိတ်မကောင်းစရာက ဒီလို ဘေးကင်းအောင်လုပ်ထားတယ်လို့ မှတ်ယူထားချက်တွေဟာ တကယ်မဟုတ်ကြောင်းကို အထပ်မြင့်တိုက်တာတွေ ဘေးဆိုက်တဲ့ဥပမာတွေက ခဏခဏ ပြနေပါတယ်။"