ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်ဝမ်- လူနေအထပ်မြင့်တိုက်ကြီး မီးလောင်မှု လူ ၄၆ ဦးထက်မနည်း သေဆုံး
ထိုင်ဝမ်တောင်ပိုင်းက ၁၃ ထပ်မြင့်တဲ့ အဆောက်အအုံ တခုမှာ မီးလောင်ခဲ့တာကြောင့် လူ ၄၆ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကောင်းရွှန်း မြို့မှာ ရှိတဲ့ လူနေနဲ့ စီးပွားရေးသုံး အဆောက်အအုံမှာ ကြာသပတေးနေ့ မနက်ပိုင်းက မီးလောင်မှု ဖြစ်ခဲ့တာလို့ ဒေသ မီးသတ်ဌာနက ပြောပါတယ်။ အဲဒီမီးကို မီးသတ်သမားတွေက ၄ နာရီကျော် ငြှိမ်းသတ်ခဲ့ရပါတယ်။
မီးကြောင့် လူပေါင်း ၇၉ ယောက်ကိုလည်း ဆေးရုံတင်ပေးခဲ့ရပြီး အဲဒီထဲက ၁၄ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ မီးသတ်ဌာနက ဘီဘီစီကို ပြောပါတယ်။
မီးဘာကြောင့် စတင်ခဲ့သလဲ ဆိုတာကို မသိရသေးပေမယ့် စုံစမ်းစစ်ဆေးသူတွေတော့ အဲဒီမှာ ရောက်နေပြီဖြစ်ပါတယ်။
တာဝန်ရှိသူတွေက အဆောက်အအုံရဲ့ လူနေတဲ့ အပိုင်းဖြစ်တဲ့ ၇ ထပ်နဲ့ ၁၁ ထပ်အကြားမှာ လူတွေ ပိတ်မိနေခဲ့တာ ဖြစ်နိုင်ကြောင်း အစောပိုင်းက ပြောပါတယ်။
မီးလောင်မှု မစတင်ခင်မှာ ပေါက်ကွဲသံနဲ့တူတဲ့ အသံကျယ်ကြီး ကြားခဲ့ရတယ်လို့ အနီးမှာ နေထိုင်သူတွေက ဒေသတွင်း မီဒီယာတွေကို ပြောကြပါတယ်။
အပြင်ဘက်မှာ ဓာတ်အားလိုင်းတွေ ရှိနေနိုင်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ အဲဒီလိုင်းတွေဆီက တခုခု ပေါက်တဲ့ အသံမျိုးတွေ ကြားရတယ်လို့ အဲဒီမှာ နေထိုင်သူတဦးက ပြောခဲ့ကြောင်း ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အဆောက်အအုံရဲ့ အောက်ဘက်က အထပ်တွေမှာ အသုံးမပြုတဲ့ ပစ္စည်းတွေ ရှိနေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း ပိုပြီး အခက်အခဲတွေ ကြုံရပါတယ်။
မီးသတ်အရာရှိတွေက လူထုကို သူတို့ နေအိမ်အဆောက်အအုံတွေ အနီးမှာ စွန့်ပစ် ပစ္စည်းတွေ ပုံမလာစေဖို့နဲ့ လှေကားတွေကိုလည်း ပိတ်ဆို့မနေစေဖို့ တိုက်တွန်း ပြောကြား ထားပြီ ဖြစ်ပါတယ်။ အဲဒီ အဆောက်အအုံရဲ့ အနိမ့်ပိုင်း အထပ်တွေမှာ တချိန်က စားသောက်ဆိုင်တွေ၊ ကာရာအိုကေ ဘားတွေနဲ့ ရုပ်ရှင်ရုံတွေ ရှိခဲ့ပြီး အခုတော့ အသုံးမပြုကြတော့ပါဘူး။
အဲဒီမှာ လူနေအိမ်ခန်း ၁၂၀ လောက်ရှိပြီး နေထိုင်ကြသူတွေထဲက တချို့ဟာ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေလည်း ရှိမယ်လို့ ခန့်မှန်းကြပါတယ်။