ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
IIMM အဖွဲ့ကို ဦးဆောင်သူ နီကိုလပ်စ် ကွမ်ဂျီအန်နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း
နီကိုလပ်စ် ကွမ်ဂျီအန်ဟာ မြန်မာ့အရေး နိုင်ငံတကာ အမှုတွေ အတွက် သက်သေတွေကို စုဆောင်းရာမှာ အဓိက အကျဆုံးသူလို့ ပြောနိုင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူဟာ မြန်မာ့အရေး လွတ်လပ်တဲ့ စုံစမ်းရေး ယန္တရား IIMM အဖွဲ့ကို ဦးဆောင်သူ ဖြစ်လို့ပါ။
မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုမျိုးထိ မြောက်နိုင်တဲ့ ဆိုးရွား ပြင်းထန်တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ သက်သေ အထောက်အထား တွေကို
စုဆောင်း ထိန်းသိမ်းပြီး ပိုင်းခြား စိတ်ဖြာတာတွေ ပြုလုပ်နိုင်ဖို့ရာ IIMM အဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့က ၂၀၁၈ ခုနှစ်မှာ စတင် ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို IIMM အဖွဲ့က အသင့်ပြင်ဆင်ထားတဲ့ သက်သေ အထောက်အထားတွေကို မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ ဖွင့်တဲ့အခါ အသုံးပြုနိုင်ဖို့ အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခု အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ရောက်နေတဲ့ အမှုကိစ္စ သာမက၊ "Universal Jurisdiction" လို့ ခေါ်တဲ့ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး တရားစွဲဆိုထားတဲ့ အမှု ကိစ္စတွေမှာလည်း IIMM ပြုစုထားတဲ့ သက်သေ အထောက်အထားတွေကို အဓိက အသုံးပြုနေတာ ဖြစ်ပါတယ်။
IIMM အဖွဲ့ ဘယ်နည်းဘယ်ပုံတွေ အလုပ်လုပ်လဲ၊ စစ်တပ်သာမက တခြား လက်နက်ကိုင် အဖွဲ့တွေ ပါဝင်ပတ်သက်တဲ့ ကိစ္စတွေ အပေါ်မှာရော စုံစမ်းတာမျိုး လုပ်လား၊ IIMM အဖွဲ့ အနေနဲ့ ဘက်မလိုက်ပဲ ဓမ္မဒိဌာန်ကျတယ်လို့ ပြောနိုင်လား၊ မြန်မာနိုင်ငံမှာ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ အလွန် ပေါ်လာမယ့် အစိုးရသစ် လက်ထက်မှာရော အခြေအနေတွေ အတိုင်းအတာတစ်ခုထိ ကောင်းလာမယ်လို့ မျှေည်လင့်နိုင်လား ... စတဲ့ မေးခွန်းတွေကို လန်ဒန်မြို့ ဘီဘီစီရုံးချုပ်မှာ ရှိတဲ့ စတူဒီယိုထဲ ကိုယ်တိုင် ရှိနေခဲ့တဲ့ မစ္စတာ ကွမ်ဂျီအန်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး သီးသန့် တွေ့ဆုံမေးမြန်းပြီး တင်ဆက်ထားပါတယ်။
ဘီဘီစီ။ ။ ဒီကနေ့ ဒီမှာ ရှိပေးနေတဲ့ အတွက် ဝမ်းမြောက်ရပါတယ် နီကိုလပ်စ်ရေ။ အခုလို ဖြစ်မြောက်လာအောင် အားထုတ်ပေးတဲ့ အတွက် ကျေးဇူးပါ ခင်ဗျ။
နီကိုလပ်စ် ကွမ်ဂျီအန်။ ။ ဟုတ်ကဲ့ ကျေးဇူးပါ ကိုဝေဖြိုး။ ကျွန်တော့်ကို ဖိတ်ကြားတဲ့ အတွက်လည်း ဝမ်းသာပါတယ်။
ဘီဘီစီ။ ။ ပထမဆုံး အနေနဲ့ပေါ့ နီကိုလပ်စ်ရေ။ ကျွန်တော် လူဝင်မှုကြီးကြပ်ရေး အရာရှိ လေသံ ပေါက်နေရင်တော့ ခွင့်လွှတ်ပါ။ အခု ယူကေ ခရီးစဥ်ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။ ကျွန်တော်သိချင်တာ၊ ယူကေ တာဝန်ရှိသူတွေ နဲ့ကြား ဆွေးနွေးဖို့ရာ ဘယ်လို အရေးတကြီး ကိစ္စတွေ ရှိနေလဲ ခင်ဗျ။
နီကိုလပ်စ် ကွမ်ဂျီအန်။ ။ ယူကေနိုင်ငံဟာ မြန်မာ့အရေးမှာ အမြဲပဲ စိတ်ဝင်တစား ရှိခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ စုံစမ်းရေး ယန္တရား အဖွဲ့ ထူထောင်ထားရှိဖို့ရာ ကနဦး နေ့ရက်တွေမှာကတည်းက စပြီး၊ ယူကေဟာ နိုင်ငံရေးအရ ထောက်ခံ အားပေးခဲ့သလို၊ မြန်မာနိုင်ငံထဲမှာ ပေါ်ပေါက်တဲ့ ကြီးမားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ စပ်လျဥ်းတဲ့ သက်သေတွေ စုဆောင်းနိုင်ဖို့ အတွက်လည်း အမြဲ အားပေးနေပါတယ်။
အခု ခရီးစဥ်မှာ ခင်ဗျား ပြောသလိုပဲ၊ ယူကေ အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ကျွန်တော်တို့ လက်ရှိ ဆောင်ရွက်နေတာတွေ အကြောင်း ရှင်းပြသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်၊ မြန်မာနိုင်ငံက လာတဲ့ လူမှု အသိုင်းအဝိုင်း တချို့ရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ခရီးစဥ် အစပိုင်း ရက်မှာ လန်ဒန်မှာ တွေ့ဆုံပွဲ တစ်ခု၊ နောက်ပိုင်းရက်တွေမှာ ဘရက်ဖို့ဒ် မြို့မှာ ရိုဟင်ဂျာတွေနဲ့ တွေ့မယ့် ပွဲ တစ်ပွဲ စီစဥ်ထားပါတယ်။ ကျွန်တော်တို့ ဘာတွေ ဆောင်ရွက်နေသလဲ၊ ဘယ်လို ရှေ့ဆက်မလဲ ဆိုတာတွေကို ရှင်းပြချင်တဲ့ အတွက် ဖြစ်ပါတယ်။
ဘီဘီစီ။ ။ စုံစမ်းရေး ယန္တရား အဖွဲ့ဟာ ဂျနီဗာမြို့မှာ အခြေစိုက်ထားတယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ ဥရောပ နိုင်ငံတွေက အစိုးရတွေရော၊ ယူကေ အာဏာပိုင်တွေရော မြန်မာ့အရေး လုံလောက်အောင် အာရုံစိုက်ကြတယ်လို့ တွေ့ရလား။ ဥရောပမှာ ဆိုရင်လည်း ယူကရိန်းထဲက စစ်ပွဲလိုမျိုး အရေးတကြီး ကိစ္စ ရှိနေသလို၊ အခုဆိုလည်း အရှေ့အလယ်ပိုင်း စစ်ပွဲ ရှိလာပါတယ်။ ဒီတော့ မြန်မာ့အရေးဟာ လုံလောက်အောင် အာရုံစိုက် ခံရလား။
နီကိုလပ်စ် ကွမ်ဂျီအန်။ ။ ကျွန်တော့် အနေနဲ့ကတော့ မြန်မာ့အရေးဟာ အခု ရှိလက်စ အနေအထားထက် ပိုပြီး အာရုံစိုက် အလေးပေးခံရရင် အကောင်းဆုံးပဲလို့ ယူဆတာ ပေါ့လေ။ ခင်ဗျား ပြောတာ မှန်ပါတယ်။ တစ်ကမ္ဘာလုံးမှာ အကျပ်အတည်း ပေါင်းစုံ ရှိနေပြီး၊ လူတွေလည်း အတော်လေး ဒုက္ခ ရောက်နေကြရပါတယ်။ ဆူဒန် အရေး ဆိုရင်လည်း သိပ်ပြီး အလေးမပေး ခံရသလို ဖြစ်နေပါတယ်။
အဲဒီလို တကမ္ဘာလုံးအနှံ့ အကျပ်အတည်းတွေ ရှိနေတဲ့ ကြားကပဲ၊ ဥရောပ သမဂ္ဂ အဖွဲ့ အီးယူဟာ .... ယူကေလိုပါပဲ၊ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အမြဲပဲ ခိုင်ခိုင်မာမာ ရပ်တည်ပြီး အားပေးကူညီလေ့ ရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့ ထူထောင် ထားရှိခြင်း အပေါ်မှာလည်း ထောက်ခံ အားပေးပါတယ်။ ငွေကြေး ရန်ပုံငွေတွေ ဖြည့်ဆည်းပေးပါတယ်။
အရေးအကြီးဆုံးကတော့ ... တကမ္ဘာလုံးမှာ အကျပ်အတည်းအမျိုးစုံတွေ၊ ပဋိပက္ခ ပေါင်းစုံတွေ ရှိနေတဲ့ ကြားကပဲ၊ မြန်မာနိုင်ငံထဲက ကြီးမား ပြင်းထန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး မျက်ကွယ်ပြု လျစ်လျူရှုမှာ မဟုတ်ဘူး ဆိုတဲ့ ရပ်တည်ခိုင်မာမှုမျိုး ဖြစ်ပါတယ်။ မြန်မာ့အရေးမှာ တရားမျှတမှု ဖော်ဆောင်ရေး မဖြစ်မနေ လုပ်ဆောင်ရမယ်၊ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ရေး လုပ်ဆောင်ရမယ် ဆိုတဲ့ အချက် အပေါ်မှာ အားလုံး သက်ဝင် ယုံကြည်ကြတဲ့ အကြောင်း ပေါ်လွင် ထင်ရှားခဲ့ပြီလို့ ယုံကြည်ပါတယ်။
ဘီဘီစီ။ ။ ယန္တရားအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ဆိုတာ သက်သေတွေ စုဆောင်းရယူတာ၊ ဆန်းစစ်သုံးသပ်တာဖြစ်တယ်လို့ ကျွန်တော့် နားလည်ထားပါတယ်။ အဲဒါအပြင်၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဘယ်နည်းဘယ်ပုံ တုံ့ပြန် ဆောင်ရွက်ကြဖို့ အကြံပြုတာမျိုးရော ပြုလုပ်လား။
နီကိုလပ်စ် ကွမ်ဂျီအန်။ ။ ခင်ဗျားပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ကို ထူထောင်ထားရှိတာကိုက နိုင်ငံတကာ ရာဇဝတ်မှု အဆင့်မျိုးတဲ့ မြောက်နိုင်တဲ့ ပြင်းထန်ဆိုးရွားတဲ့ အဖြစ်အပျက်တွေမှာ သက်သေတွေကို စုဆောင်းရယူဖို့၊ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့နဲ့ ခွဲခြမ်းစိတ်ဖြာဖို့ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်တာတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ... အခြေအနေ ပေးလာပြီဆိုရင် မြန်မာ နိုင်ငံထဲမှာ ဖြစ်စေ၊ ကမ္ဘာ့ရဲ့ ဘယ်နေရာမှာ မဆို ကျူးလွန်သူတွေကို ဥပဒေအရ တရားစွဲဆို အပြစ်ပေး အရေးယူနိုင်ဖို့ ဖြစ်ပါတယ်။
အဲဒီလို ရာဇဝတ်မှု မှုခင်းဆိုင်ရာ စုံစမ်းရေးသမား တစ်ယောက်အနေနဲ့ နိုင်ငံရေး ဆိုင်ရာ အကြောင်းချင်းရာ ကိစ္စတွေ အပေါ် အကြံပြုချက်တွေ ပြုလုပ်ဖို့ရာ အခွင့်အာဏာမျိုး မရှိပါဘူး။ ဒါပေမယ့်လည်း မြန်မာ့အရေး အပေါ် ကိုင်တွယ်ရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းထဲက အစိုးရတွေ အနေနဲ့ နိုင်ငံရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ရာ လိုပါတယ်။ အဲဒီလို ချမှတ်တဲ့ အခါ ကျွန်တော်တို့ရဲ့ တွေ့ရှိထားချက်တွေ အပေါ် သူတို့ ကိုးကား နိုင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်၊ ဆန်းစစ်ချက်တွေဟာ နိုင်ငံရေး ဆိုင်ရာ အဆုံးအဖြတ်တွေ ချမှတ်နိုင်ဖို့ အထောက်အကူ ပြုနိုင်ပါတယ်။
ဒီတော့ စုံစမ်းရေး ယန္တရား အနေနဲ့ သက်သေတွေ စုဆောင်း ထိန်းသိမ်းရာမှာ၊ ပိုင်းခြား စိတ်ဖြာရာမှာ ၊ ဓမ္မဒိဌာန်ကျရမယ် ဆိုတဲ့ အချက်အပေါ် ရပ်တည်ထားနိုင်ဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးဆိုင်ရာ အကြံပြုချက်တွေ ပြုလုပ်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတချို့လည်း ရှိနေပါတယ်။ ဥပမာ ပြောရရင် လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်နာမင်းကြီးရဲ့ ရုံးခန်းလိုမျိုး၊ လူ့အခွင့်အရေး ဆိုင်ရာ အထူးသံလို ရာထူး နေရာမျိုးတွေဟာ ကမ္ဘာ့ နိုင်ငံတွေ ဘယ်လို ဘယ်ပုံ ဆောင်ရွက်သင့်ကြောင်း အကြံပြုလေ့ ရှိပါတယ်။
ဘီဘီစီ။ ။ ကျွန်တော်တို့ အနေနဲ့လည်း နိုင်ငံတကာ တရားရုံး ICJ ကို ရောက်နေတဲ့ ရိုဟင်ဂျာ ဂျီနိုဆိုက် အမှု အပါအဝင်၊ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို သုံးပြီး ကမ္ဘာ့ နေရာတချို့မှာ ဖွင့်ထားတဲ့ အမှု ကိစ္စတွေ အပေါ် အနီးကပ် စောင့်ကြည့်နေပါတယ်။ အဲဒီ အမှု ကိစ္စအားလုံးဟာ နီကိုလပ်စ် ဦးဆောင်တဲ့ စုံစမ်းရေး ယန္တရား အဖွဲ့က စုဆောင်းထားတဲ့ သက်သေ အချက်အလက်တွေကို အဓိအသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီတော့ အဲဒီ အမှု ကိစ္စတွေမှာ စုံစမ်းရေး ယန္တရားရဲ့ ပါဝင် ပတ်သက်မှု အခန်းကဏ္ဍကိုရော ပြောပြပေးပါ့လား။
နီကိုလပ်စ် ကွမ်ဂျီအန်။ ။ "တာဝန်ခံမှု ရှိစေရေး" ဆိုတဲ့ ကဏ္ဍမှာ ကြိုးစား အားထုတ်မှုတွေ အတွက်၊ ကျွန်တော်တို့က လိုအပ်တာတွေ ဖြည့်ဆည်း ပံ့ပိုးပေးနိုင်ဖို့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ တာဝန်ခံမှု ရှိစေရေး "accountabality" ဆိုတာ နိုင်ငံတကာ ရာဇဝတ် ကျူးလွန်ထားသူတွေကို အပြစ်ပေး အရေးယူနိုင်ရေး လုပ်ဆောင်ချက်တွေကို ဆိုလိုပါတယ်။ မြန်မာ့အရေး နိုင်ငံတကာ အမှုတွေ ဖွင့်ဆို လာပြီ ဆိုရင် အမှုကို ကြားနာနေတဲ့၊ ဒါမှမဟုတ် စုံစမ်းနေတဲ့ တရားစီရင်ရေး အာဏာပိုင်တွေကို ကျွန်တော်တို့မှာ ရှိတဲ့ အချက်အလက်တွေကို ဝေမျှ ပေးပါတယ်။
ကျွန်တော်တို့ စုံစမ်းရေး ယန္တရားအဖွဲ့ကို ထူထောင်ထားရှိတဲ့ အခါ ပေးအပ်ထားတဲ့ အခွင့်အာဏာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထည့်သွင်းထားတဲ့ အချက်တစ်ခုကို ဥပမာပေး ပြောပါမယ်။ ယန္တရားအဖွဲ့ ထူထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ မသွေဖီဘူး၊ ကိုက်ညီတယ် ဆိုရင် ကျွန်တော်တို့ဆီမှာ ရှိတဲ့ အချက်အလက်တွေကို မျှဝေဖို့ တောင်းခံလာတာမျိုးကို လက်ခံ စဥ်းစား နိုင်တယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံထဲက ကြီးမားတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်သူ၊ တာဝန်ရှိသူလို့ သံသယ ရှိရသူတွေ အပေါ် ဒဏ်ခတ် ပိတ်ဆို့တာမျိုး ဆန်ရှင်ချထားတဲ့ နိုင်ငံတွေဟာ၊ သူတို့ရဲ့ အဲဒီ ဆန်ရှင် ပြစ်ဒဏ် အမိန့်ကို ချိုးဖောက်မှုတွေ ရှိမရှိ သိလိုပြီ ဆိုရင်လည်း ကျွန်တော်တို့ ဆီမှာ အဲဒီလို အချက်နဲ့ ပတ်သက်ပြီး သက်သေ အထောက်အထား ရှိနေလား ဆိုတာကို မေးမြန်းနိုင်ပါတယ်။
ကျွန်တော်တို့ အဖွဲ့ကလည်း တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံထဲ ပေါ်ပေါက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ခုံရုံးတွေမှာ စစ်ရာဇဝတ်မှု အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှု စွဲဆိုချက်တွေ ရှိလာပြီ ဆိုရင် ကျွန်တော်တို့ရဲ့ အစီရင်ခံစာတွေ၊ တွေ့ရှိချက်တွေကို ကိုးကားနိုင်ကြပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ထားချက်တွေဟာ အဲဒီလို ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေမှာ အထောက်အကူ ပြုပေးနိုင်ဖို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။
ဘီဘီစီ။ ။ ယန္တရားအဖွဲ့က နောက်ဆုံး ထုတ်ပြန်ထားတဲ့ သတင်းလွှာထဲမှာ ကျွန်တော် သတိထားမိတဲ့ အချက်တစ်ခု၊ ICJ အမှု ကိစ္စမှာ ဆိုရင် သက်သေတွေကို နှစ်ဖက်စလုံးနဲ့ မျှဝေပေးခဲ့တယ်လို့ ဆိုထားပါတယ်။ အဲဒီ အဓိပ္ပာယ်ဟာ ဂမ်ဘီယာနဲ့ သာမက၊ မြန်မာနဲ့လည်း သက်သေတွေကို မျှဝေပေးခဲ့တယ် ဆိုတော့၊ စစ်အာဏာပိုင်တွေ ခန့်အပ်တဲ့ မြန်မာကိုယ်စားလှယ် အပါအဝင်၊ သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့ နီကိုလပ်စ်တို့ကြားမှာ တရားဝင် ဆက်ဆံရေး လမ်းကြောင်းမျိုး ရှိနေလား။
နီကိုလပ်စ် ကွမ်ဂျီအန်။ ။ ကျွန်တော်တို့ သူတို့နဲ့ ဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီ ICJ အမှုမှာ သက်သေတွေ မျှဝေပေးဖို့ ကျွန်တော်တို့ဆီကို ဂမ်ဘီယာဘက်က အရင် စတင်ပြီး တောင်းဆိုလာတဲ့ အခါ၊ ကျွန်တော်တို့က မြန်မာဘက်ကိုလည်း အဲဒီလို တောင်းဆိုချက်မျိုး ရှိနေပြီ ဖြစ်ကြောင်း အသိပေးပြီး၊ အဲဒီ တောင်းဆိုချက်အပေါ် သူတို့ရဲ့ သဘောထားအမြင် ဘယ်လို ရှိသလဲ ဆိုတာကို ကျွန်တော်တို့ကို ပြောပါ ... ကျွန်တော်တို့ ထည့်သွင်း စဥ်းစားပေးပါ့မယ် ဆိုပြီး ကမ်းလှမ်းပါတယ်။ အဲဒါဟာ ဒီအမှုရဲ့ ကနဦး အစ၊ မြန်မာ ကိုယ်စားလှယ်နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ရှိစဥ် ကတည်းကပါ။
အမှုကိစ္စ ဆိုတာ တစ်ဘက်ကနေ တစ်ဘက်ကို စွပ်စွဲ တာမျိုး ဖြစ်ပါတယ်။ အဲဒီလို စွပ်စွဲတဲ့ အခါ ကျွန်တော်တို့မှာ ရှိတဲ့ သက်သေတွေကို အသုံးပြုမယ် ဆိုရင်၊ ကျွန်တော်တို့ အနေနဲ့ စွပ်စွဲသူ၊ စွပ်စွဲခံရသူ ဘယ်ဘက်နဲ့မှ အတူ ရပ်တည်တာ မဟုတ်ကြောင်း ရုံးတော် အနေနဲ့ လက်ခံဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ တွေ့ရှိထားချက်တွေဟာ ဓမ္မဓိဌာန်ကျတဲ့ တွေ့ရှိချက်တွေ ဖြစ်မှသာ ရုံးတော်မှာ သက်သေ အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာလည်း ကိုယ့်မှာ ရှိထားသမျှ အချက်တွေကို ဒီအတိုင်း အပုံလိုက် ချပေးလိုက်တာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ မေးမြန်းထားတဲ့ သူတွေရဲ့ သဘောတူမှုကို အရင်းတောင်းခံပြီး၊ သူတို့ ခွင့်ပြုတဲ့ အခါမှ မျှဝေတာ ဖြစ်ပါတယ်။
သူတို့ သဘောတူတိုင်းလည်း ဒီ အတိုင်း ပေးလိုက်တာမဟုတ်ပါဘူး။ သီးသန့် ထိန်းသိမ်း ထားသင့်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်မျိုးတွေ၊ အန္တရာယ် ကျရောက်စေနိုင်တဲ့ အချက်မျိုးတွေကို စီစစ် တည်းဖြတ်ပြီး၊ အနက်ရောင်အုပ် ကွယ်ဝှက်ပြီးမှ ပေးတာမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် အခင်းဖြစ်ရာ ဒေသတွင်းနဲ့ ဒေသတွင်း အနီးတဝိုက်မှာ ရှိနေဆဲ သူတွေနဲ့ ပတ်သက်တဲ့ အချက်တွေ ဆိုရင် ကာယကံရှင်တွေဘက်က ခွင့်ပြုသည့် တိုင်အောင်၊ သူတို့ ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ထုတ် သိမြင်နိုင်တဲ့ အချက်မျိုးတွေကို ကျွန်တော်တို့ တည်းဖြတ်ပါတယ်။
အခြေအနေတွေက မသေမချာ မရေရာ ဖြစ်နေပြီး၊ ထိခိုက်လွယ် အနေအထား ဖြစ်ပါတယ်။ တချို့ ရိုဟင်ဂျာ သက်သေတွေဟာ လက်ရှိ သူတို့ မူလ နေရာတွေမှာ နေထိုင်တာမျိုး မဟုတ်သည့်တိုင်၊ သူတို့ အနေနဲ့ သူတို့လာရာ နေရာတွေဆီ ဘယ်အချိန် အတင်းအကျပ် ပြန်ပို့ ခံရမလဲ ဆိုတဲ့ အန္တရာယ်မျိုးကလည်း ရှိနေပါတယ်။ ဒီတော့ သူတို့ဘက်က သဘောတူသည့်တိုင် ကျွန်တော်တို့ကတော့ သူတို့ရဲ့ အမည်တွေကို ဖော်ပြတာမျိုး မပြုလုပ်ပါဘူး။
ဘီဘီစီ။ ။ စုံစမ်းရေး ယန္တရား အနေနဲ့ သက်သေ အချက်အလက်တွေ ကောက်ခံရမှာ၊ မြန်မာ အာဏာပိုင်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုမျိုးကို ရရှိခဲ့ဖူးလား။
နီကိုလပ်စ် ကွမ်ဂျီအန်။ ။ ကျွန်တော်တို့ အဖွဲ့ စတင် ထူထောင်ချိန်ကတည်းက မြန်မာနိုင်ငံထဲကို ကျွန်တော်တို့ ဝင်ရောက်ခွင့် အမြဲပဲ ငြင်းပယ် ခံခဲ့ရပါတယ်။ သူတို့ဆီက သတင်းအချက်အလက်တွေ မေးမြန်း စုံစမ်းတဲ့ အခါတိုင်းမှာလည်း ပူးပေါင်း ဆောင်ရွက်မှုတွေ မရှိခဲ့ပါဘူး။
စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီး နောက်ပိုင်း အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဘက်က သူတို့ဆီ မေးမြန်းတာတွေ အကြိမ်ရေ ဒါဇင်ပေါင်းများစွာ ပြုလုပ်ခဲ့ပေမယ့် တုန့်ပြန်မှု မရခဲ့ပါဘူး။
အဲဒီလို မရပေမယ့်လည်း ကျွန်တော်တို့ အကြောင်းအရာ တစ်ခု အပေါ် စုံစမ်းတဲ့ အခါတိုင်း၊ သူတို့ကိုပါ အမြဲ မေးမြန်းပါတယ်။ ဘယ်တော့မှ မဖြေပေမယ့် ကျွန်တော်တို့ဘက်ကတော့ အမြဲပဲ မေးတာမျိုး မဖြစ်မနေ လုပ်ရပါတယ်။ အနည်းဆုံးတော့ သူတို့ ဘက်ကို စုံစမ်း မေးမြန်းတယ် ဆိုတဲ့ အချက်ကိုလည်း မှတ်တမ်း တင်ထားနိုင်ဖို့ လိုပါတယ်။
ဆိုကြပါစို့ ... လေကြောင်း တိုက်ခိုက်မှု ဖြစ်တိုင်း ဘယ်သူက အမိန့်ပေးတာလဲ၊ ဘာကို ပစ်မှတ်ထားတာလဲ ... စတဲ့ မေးခွန်းမျိုးတွေပါ။ စစ်တပ်ကိုမှ မဟုတ်ပါဘူး၊ တခြား လက်နက်ကိုင် အဖွဲ့တွေကိုလည်း ကျွန်တော်တို့ မေးမြန်းတာတွေ လုပ်ပါတယ်။ လမ်းပေါ်မှာတင် လူတွေကို သတ်ဖြတ်တာမျိုး လုပ်တာကို ရိုက်ထားတဲ့ ဗီဒီယို ပေါ်ထွက်လာပြီ ဆိုရင်လည်း၊ လက်နက်ကိုင် အဖွဲ့တွေကိုပါ စုံစမ်း မေးမြန်းတာတွေ ပြုလုပ်ပါတယ်။ သတ်ခံရသူတွေက ဘယ်သူလဲ ... ဘယ်သူတွေက ကျူးလွန်တာလဲ ဆိုတဲ့ အချက်မျိုးတွေတင်မက၊ အဲဒီလို အမှုကိစ္စတွေကို ကိုင်တွယ် စုံစမ်း အရေးယူမှုတွေ ရှိလား ... ဘယ်သူတွေက တာဝန်ယူ ဆောင်ရွက်သလဲ စတာတွေကို မေးမြန်းရပါတယ်။
စစ်တပ်က ဘယ်တော့မှ မဖြေမှန်း သိပေမယ့် အမြဲမေးရတာဟာ၊ မေးတယ်ဆိုတဲ့ အချက်ကို မှတ်တမ်းတင်ထားနိုင်ဖို့၊ သူတို့ကိုလည်း ဖြေဆိုဖို့ အခွင့်အရေး ပေးတယ် ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဘက်မလိုက်မှုကို ဖော်ပြဖို့ ဆိုတဲ့ အချက်တွေအပြင်၊ မြန်မာနိုင်ငံမှာ ပေါ်ပေါက်သမျှ ပြင်းထန်ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို အမြဲ စောင့်ကြည့်သူတွေ ရှိနေတယ် ဆိုတဲ့ အချက်ကို သူတို့ အမြဲ အသိ ရှိနေစဖို့လည်း ရည်ရွယ်ပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ အာဆာအဖွဲ့က ပြုလုပ်ခဲ့တဲ့ ၂၀၁၇ တုန်းက တိုက်ခိုက်မှုတွေ အကြောင်း လည်း စစ်တပ်ဘက်ကို ကျွန်တော်တို့က မေးမြန်းခဲ့ပေမယ့် ပူးပေါင်းဆောင်ရွက်တာမျိုး သူတို့ဘက်က မလုပ်ခဲ့ပါဘူး။
ICJ ကြားနာပွဲမှာ ကျွန်တော်တို့ စုဆောင်းထားတဲ့ သက်သေတွေဟာ ဘက်လိုက်မှု ရှိတယ်လို့ မြန်မာဘက်က ပြောတဲ့အခါ၊ အခုနပြောတဲ့ အာဆာ တိုက်ခိုက်မှုတွေ အကြောင်း ကျွန်တော်တို့ စုံစမ်းတာကို မြန်မာဘက်က ဘာလို့ ပူးပေါင်း မဆောင်ရွက်တာလဲ ဆိုပြီး တရားသူကြီးအဖွဲ့က မေးခွန်းထုတ်ခဲ့ပါတယ်။
ဘီဘီစီ။ ။ ကျွန်တော့် အနေနဲ့လည်း ၂၀၁၇ မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး၊ အာဆာအဖွဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်တဲ့ မေးခွန်းမျိုး မေးဖို့ ရှိနေပါတယ်။ အဲဒါကို မသွားခင်၊ စုံစမ်းရေး ယန္တရား အဖွဲ့အတွက် အလုပ်လုပ်သူ တစ်ဦးတစ်ယောက်မှ မြန်မာနိုင်ငံထဲမှာ မြေပြင် စုံစမ်းမှုတွေ လုပ်ခဲ့ဖူးသလား ဆိုတာ ဖြေပေးပါ ခင်ဗျ။
နီကိုလပ်စ် ကွမ်ဂျီအန်။ ။ မလုပ်ဖူးပါဘူး။ ကျွန်တော် ပြောခဲ့သလို၊ နိုင်ငံထဲ ဝင်ရောက်ဖို့ဆိုတာ အာဏာပိုင်တွေရဲ့ သဘောတူမှု ရရှိဖို့ လိုပါတယ်။ သူတို့ရဲ့ သဘောတူ ခွင့်ပြုမှု ဘယ်တုန်းကမှ မရခဲ့ပါဘူး။
ဘီဘီစီ။ ။ နီကိုလပ်စ် အခုနက ပြောသလိုပဲ၊ ICJ တရားရုံးမှာ မြန်မာဘက်က အမြဲပဲ ငြင်းခုံနေခဲ့တဲ့ အချက်တစ်ခုကတော့ အသုံးပြုတဲ့ သက်သေတွေဟာ မပြည့်စုံဘူး၊ ဘက်လိုက်တယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။ သက်သေတွေ ဆိုတာကလည်း အရင်က အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ FFM နဲ့ နောက်ပိုင်း နီကိုလပ်စ် ဦးဆောင်တဲ့ စုံစမ်းရေး ယန္တရား IIMM အဖွဲ့က ရယူထားတဲ့ သက်သေတွေပဲ အဓိက ဖြစ်ပါတယ်။ မြန်မာရဲ့ အဓိက ထောက်ပြချက်တစ်ခုကတော့ ဟိန္ဒူ အသိုင်းအဝိုင်းကို အာဆာ အဖွဲ့တွေ တိုက်ခိုက်တာမျိုးလို အချက်မျိုးတွေကျတော့ ချန်ထားတယ် ဆိုတာမျိုး ဖြစ်ပါတယ်။ အဲဒီလို သက်သေတွေဟာ မပြည့်စုံဘူး၊ ဘက်လိုက်တယ် ဆိုတဲ့ ပြောဆိုမှု အပေါ်မှာရော ဘယ်လို တုံ့ပြန်ချင်လဲ။
နီကိုလပ်စ် ကွမ်ဂျီအန်။ ။ ကျွန်တော့် အမြင်မှာတော့ ရဲစခန်းတွေကို အာဆာ အဖွဲ့ တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ အချက်ဟာ အငြင်းပွားဖွယ် မဟုတ်ပါဘူး။ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးတွေ မတိုင်ခင် အဲဒီ အာဆာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့တယ် ဆိုတာ ယုံမှား သံသယဖြစ်ဖွယ် မရှိပါဘူး။
ကျွန်တော်တို့ အနေနဲ့လည်း အဲဒီ တိုက်ခိုက်မှုတွေ ရှိကြောင်း ညွှန်ပြနေတဲ့ အချက်အလက်တွေ အပေါ်မှာ အငြင်းမပွားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရယူထားတဲ့ သက်သေ အချက်အလက်တွေက ဘာကို ညွှန်ပြ နေသလဲ ဆိုရင် စစ်တပ်ရဲ့ တုံ့ပြန်မှုဟာ အာဆာ တိုက်ခိုက်ရေး သမားတွေ အပေါ်မှာပဲ ပစ်မှတ်ထားခဲ့တာ မဟုတ်ပဲ၊ အရပ်သားတွေ အပေါ်မှာပဲ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို အပြုအမူကလည်း ၂၀၁၇ အာဆာ တိုက်ခိုက်မှု နောက်ပိုင်းမှ ပေါ်ပေါက်လာတာ မဟုတ်ပဲ၊ ဒီမတိုင်ခင် အချိန်ကတည်းက မြန်မာပြည်က တခြားနေရာတွေမှာလည်း၊ တခြား လူမှု အသိုင်းအဝိုင်းတွေထဲက အရပ်သားတွေ အပေါ် အလားတူ ကျူးလွန်လေ့ ရှိတယ် ဆိုတာကို အစဥ်အဆက် တွေ့ရှိထား ရပါတယ်။
တခါ၊ တကျော့ပြန် အာဏာသိမ်းပြီး အလွန် အခုနောက်ပိုင်း နှစ်တွေမှာလည်း အလားတူပါပဲ၊ အရပ်သားတွေ အပေါ် ပစ်မှတ်ထားတဲ့ လုပ်ရပ်တွေဟာ တိုင်းပြည် အနှံ့မှာ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ အကျူးလွန် ခံရတာ ဖြစ်ပါတယ်။ ဗမာ အရပ်သားတွေကိုယ်တိုင် ပစ်မှတ်ထား တိုက်ခိုက် ခံနေရတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ အမြင်မှာ စစ်တပ်ဘက်ကို မလိုက်ရင် သူတို့ရဲ့ ပစ်မှတ်ပဲလို့ သတ်မှတ် နေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ နိုင်ငံတကာ ဥပဒေက စစ်ပွဲမှာ အဲဒီလို မလုပ်ရဘူး ... အရပ်သားတွေကို ပစ်မှတ်မထားရဘူး ဆိုတာ အတိတကျ ပြောထားပါတယ်။
ရိုဟင်ဂျာ အရေးကို ပြန်သွားရရင်၊ ရိုဟင်ဂျာ ရွာတွေ ရာပေါင်းများစွာ မီးတိုက် ဖျက်စီးခံခဲ့ရတဲ့ သက်သေတွေ ရှိပါတယ်။ အဲဒီ ရွာတိုင်း အိမ်တိုင်းကို အာဆာလို့ သတ်မှတ်လို့ မရပါဘူး။ အဲဒါ အရပ်သားတွေရဲ့ အိုးအိမ်တွေ ဖြစ်ပါတယ်။ လူတွေကို သူတို့ ရပ်ရွာတွေကနေ မဖြစ်မနေ ထွက်သွားကြရဖို့ အခြေအနေတွေ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ လူ တစ်သန်းရဲ့ ၄ ပုံ ၃ ပုံ အရေအတွက် အထိကို အစုလိုက် အပြုံလိုက် ထွက်ပြေး ခဲ့ကြရပါတယ်။ အဲဒီလို ထွက်ပြေးကြရသူတွေ ယာယီ နေထိုင်ရာ တဲတွေမှာ နေထိုင်နေရတဲ့ အခုဆို ၈ နှစ်ခွဲ ရှိနေပြီ ဖြစ်ပါတယ်။
ဒီတော့ ပြန်ချုပ်ရရင် သက်သေတွေက ညွှန်ပြနေတာကတော့ အာဆာ လက်နက်ကိုင် တွေ အပေါ်မှာသာ မြန်မာ စစ်တပ်က ပစ်မှတ်ထားခဲ့တာမျိုး မဟုတ်ပဲ၊ အရပ်သား အသိုင်းအဝိုင်း တစ်ခုလုံး အပေါ် ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သက်သေ အချက်အလက်တွေ အခု ရုံးတော် ရှေ့မှောက် ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ အခု လက်ရှိ အချိန်တွေမှာ ယန္တရားအဖွဲ့ စုံစမ်းနေတာတွေထဲမှာ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေ ပါဝင်ပတ်သက်တယ် ဆိုတဲ့ စွပ်စွဲချက်မျိုးတွေ ရှိတဲ့ အမှုကိစ္စတွေ ပိုပိုပြီး များလာတယ် ဆိုတဲ့ အချက်ကရော ဟုတ်ပါသလား။ ဘယ်လောက်ထိ ပြင်းထန်တဲ့ အမှုမျိုးတွေလဲ ... စုံစမ်းမှုတွေမှာ လက်နက်ကိုင် အဖွဲ့တွေဘက်က ပူးပေါင်းကူညီမှုမျိုးရော ရရှိပါသလား ခင်ဗျ။
နီကိုလပ်စ် ကွမ်ဂျီအန်။ ။ အမှုကိစ္စတွေကတော့ လူသတ်တာ၊ အဓမ္မ ပြုကျင့်တာမျိုးလို့ ကြီးမား ပြင်းထန်တဲ့ အမှုမျိုးတွေ ဖြစ်ပါတယ်။ ဒီလို အမှုကိစ္စတွေမျိုး ဆိုရင် ဘယ် အဖွဲ့ကပဲ ကျူးလွန်နိုင်တယ်၊ ဘယ် အဖွဲ့မျိုး ဆိုရင်တော့ မကျူးလွန်နိုင်ဘူး ဆိုပြီး တင်ကြို သတ်မှတ်ထားလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ စုံစမ်းသမျှ အမှုတွေရဲ့ အများစုကတော့ မြန်မာစစ်တပ် ပါဝင်ပတ်သက်တဲ့ အမှု ကိစ္စတွေ ဖြစ်ပြီး၊ တခြား လက်နက်ကိုင် အဖွဲ့တွေ ပါဝင်ပတ်သက်တဲ့ အမှုကိစ္စတွေလည်း ရှိနေတယ် ဆိုတာ မှန်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရလို့ လူတွေ အစုလိုက် အပြုံလိုက် သေဆုံးရတာမျိုးလို အဖြစ်အပျက်မှာတော့ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းဟာ မြန်မာ စစ်တပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၊ ဥပမာ ပြောရရင် လမ်းပေါ်မှာတင် မြန်မာ စစ်တပ်က တပ်ဖွဲ့ဝင်တွေ သတ်ဖြတ် ခံရတာကို ပြသတဲ့ ဗီဒီယိုမျိုး ပေါ်ထွက်တဲ့ အခါ ကျွန်တော်တို့ အနေနဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေ အပေါ်မှာပါ စုံစမ်းရတာမျိုး ရှိပါတယ်။
NUG အစိုးရ ထံကပဲ ကျွန်တော်တို့ ရဲ့ စုံစမ်းမေးမြန်းတာတွေကို တုံ့ပြန် ဖြေဆိုတာမျိုး ရရှိဖူးပါတယ်။ သူတို့ရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ပါဝင်ပတ်သက်နေတာမျိုး ဆိုရင်၊ သူတို့ဘက်က ဘာတွေ စုံစမ်း သိရှိ ထားရတဲ့ အကြောင်းတွေကို မျှဝေပါတယ်။ အဲဒီ အတွက် ကျေးဇူးတင်ပါတယ်။
ဆိုတော့ကား ... ဟုတ်ပါတယ်၊ တခြား လက်နက်ကိုင် အဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့ အမှုတွေကိုလည်း ကျွန်တော်တို့ စုံစမ်းနေပြီး၊ သက်ဆိုင်ရာ အဖွဲ့တွေဆီက တုံံပြန်ချက် ရဖို့လည်း ဆက်လက် ကြိုးစား နေမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ နီကိုလပ်စ်ဟာ ကျန်ခဲ့တဲ့ ၇ နှစ်ကျော်လုံးလုံး စုံစမ်းရေး ယန္တရားကို ဦးဆောင်ခဲ့သူ ဆိုတော့ နိုင်ငံတကာမှာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အခြေအနေတွေ အပေါ် အသိအမြင်ဆုံး သူ ဖြစ်မယ်လို့ ယူဆပါတယ်။ ဒီတော့ အခု ကျင်းပ သွားတဲ့ ရွေးကောက်ပွဲ အပေါ်မှာရော ဘယ်လို ရှုမြင်ထားလဲ။ ဒီ ရွေးကောက်ပွဲကနေ တဆင့် အစိုးရသစ် တစ်ရပ်လည်း မကြာခင် ပေါ်လာတော့မယ် ဆိုတော့၊ အစိုးရသစ် ပေါ်လာတဲ့ အခါ အခြေအနေတွေဟာ အတိုင်းအတာ တစ်ခု အထိ တည်ငြိမ်သွားမယ်၊ တိုးတက်မှု ရှိလာမယ်လို့ မြင်လား။
နီကိုလပ်စ် ကွမ်ဂျီအန်။ ။ အင်္ဂလိပ် အဘိဓာန် တစ်ခုကိုယူပြီး၊ ရွေးကောက်ပွဲ election ဆိုတာကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုထားသလဲ ... အဓိပ္ပာယ် ဆင်တူတာက ဘာလဲ ဆိုတာကို ကြည့်မယ် ဆိုရင် .... မတူတာတွေထဲက တစ်ခုကို ရွေးချယ်တာ ... "choice" လုပ်တာဆိုတဲ့ ဖော်ပြချက်မျိုး တွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ဆိုတာ မတူတဲ့ ရွေးချယ်စရာတွေကို ပေးထားတာမျိုးမှ မဟုတ်တာ ... တကယ် စိတ်ကြိုက် ရွေးချယ်ခွင့် ရှိခဲ့တာမျိုး မဟုတ်ပါဘူး။
ဘယ်သူတွေပဲ ဝင်ပြိုင်နိုင်တယ် ဆိုတာကို စစ်တပ်က ထိန်းချုပ် ကန့်သတ် ထားခဲ့တာ ဖြစ်ပါတယ်။ အဓိက နိုင်ငံရေး အတိုက်အခံတွေ မပါတဲ့၊ ချန်ထားခံရတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အရင်တစ်ခေါက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူတွေကို ပါဝင်ခွင့် မပြုတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီတော့ အစိုးရသစ် ဆိုတဲ့ နာမည်နဲ့ ပေါ်လာမယ် ဆိုရင်လည်း အာဏာသိမ်းခဲ့သူတွေနဲ့ မတူ ကွဲပြားတဲ့ အစိုးရသစ်မျိုး ပေါ်လာလိမ့်မယ်လို့ ကျွန်တော် မမြင်ပါဘူး။
အဲဒီ အာဏာသိမ်းခဲ့သူတွေ ဆိုတာ အခုနှစ်တွေမှာ တောက်လျှောက်ဆိုသလို အင်မတန် ပြင်းထန်ဆိုးရွာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အရပ်သားတွေ အပေါ် ကျူးလွန်နေကြသူတွေ ဖြစ်ပါတယ်။ ဒီတော့ အဲဒီသူတွေနဲ့ မကွဲပြားတဲ့ အုပ်ချုပ်သူတွေ ပေါ်လာရင်လည်းပဲ အခြေအနေတွေကတော့ ပိုပြီး ကောင်းသွားနိုင်ဖို့ မမျှော်လင့် နိုင်ပါဘူး။
လက်တွေ့မှာကို ရွေးကောက်ပွဲကြို မဲဆွယ်ကာလမှာရော၊ နောက်ပိုင်း တောက်လျှောက်မှာပါ၊ လေကြောင်းတိုက်ခိုက်တာ ဗုံးကြဲတာတွေ ဆက်လက် လုပ်နေခဲ့ကြပြီး၊ ပိုပြီးတော့ ပြင်းပြင်းထန်ထန် လုပ်လာတယ် လို့တောင် ပြောနိုင်ပါတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ သဘောထား အမြင်တွေ ထုတ်ဖော် ပြသကြသူတွေလည်း အဖမ်းအဆီး ခံခဲ့ရပါတယ်။
ဒီတော့ အစိုးရသစ်ဆိုတာ ပေါ်လာရင်လည်း အကောင်းမျှော်လင့်နိုင်ဖို့ အင်မတန် ခက်တယ်လို့ပဲ ပြောချက်ပါတယ်။
ဘီဘီစီ။ ။ အခု နီကိုလပ်စ်တို့ အဖွဲ့ကလည်း စုံစမ်းတာတွေ ဆက်လုပ်နေတယ်။ နောက်ပြီး နိုင်ငံတကာ အမှုတွေလည်း ရှိလာနေပြီ ... ဒါပေမယ့် အရပ်သားတွေ အနေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ တိုက်ခိုက်မှုတွေကို ဆက်လက် တွေ့ကြုံ နေရတယ် ဆိုတော့ ... ဒါတွေကို ချက်ခြင်း ဟန့်တား ရပ်တန့်ပေးနိုင်တဲ့ တခြားသော နည်းနားတွေ ရှိနိုင်သေးတယ်လို့ ထင်လား။ ဘယ်လိုနည်းနဲ့ ရပ်တန့်အောင် လက်တွေ့ လုပ်ဆောင် နိုင်မလဲ။
နီကိုလပ်စ် ကွမ်ဂျီအန်။ ။ တောင်းပန်ပါတယ်ဗျာ။ ဒီ့ အတွက် ကျွန်တော့်မှာ လွယ်ကူတဲ့ အဖြေ ရှိမနေဘူးလို့ ခံစားရပါတယ်။ ခင်ဗျား ပြောသလိုပဲ၊ လူတွေဟာ နည်းအမျိုးမျိုးနဲ့ ထိခိုက်ခံစားနေကြရပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးရတာကစလို့၊ ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခံရတာမျိုး အထိ ပုံစံ အမျိုးမျိုးနဲ့ လူ့အသက်တွေ ဆုံးရှုံး နေကြရပါတယ်။ အဟာရ မလုံလောက်တဲ့ ပြဿနာလည်း ကြီးမား ကျယ်ပြန့် နေပါတယ်။
ကျွန်တော် မျှော်လင့်တာကတော့ မြန်မာနိုင်ငံထဲက လူတွေ အားလုံး ... တစ်ယောက်ရဲ့ သဘောထားကို တစ်ယောက် သိမြင် နားလည် လာနိုင်ကြမယ် ... အတူ ပေါင်းစည်း စုရုံးနိုင်ကြမယ် ... ပြီးတော့ လူအားလုံးရဲ့ အကျိုးစီးပွားကို ထမ်းရွက် ပေးမယ့် အစိုးရကို ကိုယ်တိုင် ရွေးချယ် ဖွဲ့စည်း နိုင်ကြမယ့် အချိန်ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရောက်ကြဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒါကို ဘယ်လို ဖော်ဆောင်မလဲ ... ဖော်ဆောင်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး လွယ်ကူတဲ့ အဖြေမျိုး ကျွန်တော့်မှာ ရှိမနေပါဘူး။