တံတားကို ဗိုလ်ချုပ်အောင်ဆန်း နာမည် မပေးဖို့ ဆန္ဒပြ

မွန်ပြည်နယ်၊ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူး တံတားကို ဗိုလ်ချုပ် အောင်ဆန်း တံတားလို့ အမည် သတ်မှတ် ပေးဖို့ အဆိုတစ်ရပ် ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေး ကြဖို့ ဆုံးဖြတ် ခဲ့တဲ့ အတွက် ဒေသခံ အယောက် ၃ ထောင် ကျော်ဟာ မတ်လ ၂ ရက်နေ့၊ ကြာသပတေး မနက်က ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။
တိုင်းရင်းသား တွေရဲ့ သဘောထား ဆန္ဒကို အသိအမှတ် ပြုဖို့နဲ့၊ ဒေသခံတွေရဲ့ ဆန္ဒနဲ့ မညီတဲ့ လုပ်ရပ်မျိုးကို ချက်ခြင်း ရပ်တန့်ဖို့ ကန့်ကွက်သူ တွေက ကြွေးကြော် တောင်းဆို ခဲ့ကြပါတယ်။
ဒေသခံ တိုင်းရင်းသား တွေရဲ့ သဘောထား ဆန္ဒ မပါပဲ လုပ်ဆောင်ရင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ထိခိုက် နိုင်တယ်လို့ မွန်ပြည်နယ် လူငယ်ဖိုရမ်ရဲ့ အတွင်းရေးမှူး ကိုမင်းဇာနည်က ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပေါင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက သံလွင် မြစ်ကူးတံတား ချောင်းဆုံ ကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ အမည် သတ်မှတ်ပေးဖို့ အဆိုတင်ခဲ့ပြီး လွှတ်တော် ဘက်ကလည်း လက်ခံ ဆွေးနွေး မယ်လို့ ဆုံးဖြတ် ထားပါတယ်။
ဒေသခံတွေ ဘက် ကတော့ ဒီတံတားကို သံလွင်မြစ်ကူး တံတား ချောင်းဆုံ ဒါမမဟုတ် ရာမည တံတားလို့ အမည်ပေးမယ်ဆိုရင် ကျေနပ်နိုင်ကြောင်း ကိုမင်းဇာနည်က ပြောပါတယ်။
ပြည်သူတွေဘက်က လွတ်လပ်စွာ ဆန္ဒ သဘောထား ထုတ်ဖော် ခွင့် ရှိတယ်လို့ မွန်ပြည်နယ် အစိုးရ၊ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။
မွန်ပြည်နယ် ဝန်ကြီးချုပ် နေရာက လတ်တလော နှုတ်ထွက်သွားတဲ့ ဦးမင်းမင်းဦး လက်ထက် တုန်း ကတော့ တံတား ကို ဗိုလ်ချုပ်အောင်ဆန်း နာမည် ပေးရေး ဆိုင်းငံ့ ထားမယ်လို့ ဆုံးဖြတ် ထားကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ဆိုပါတယ်။
အဲဒီ တံတား ဖွင့်ပွဲကို ဖေဖေါ်ဝါရီ ၁၃ ရက်၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ တုန်းက ပြုလုပ် ခဲ့ပါတယ်။
ဖွင့်ပွဲ မတိုင်ခင် ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတံတား အမည် မသင့်တော်ဘူး ဆိုပြီး ပြည်နယ် လွှတ်တော်နဲ့ ပြည်နယ် အစိုးရ ဆီကို ဒေသခံတွေက ကန့်ကွက်စာ ပို့ခဲ့ ကြပါတယ်။








