ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
The Freedom of the City ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ
မေလ ၈ ရက်နေ့ကျရင် လန်ဒန်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို The Freedom of the City ဆုပေးဖို့ ရှိပါတယ်။
အဲဒီ့ ဆု က ၁၃ ရာစု နှစ်တွေကတည်းက လန်ဒန်မှာ ချီးမြှင့်လာခဲ့တဲ့ ဆုဖြစ်ပြီး ဆုရသူတွေကို လန်ဒန်မြို့လယ်က Guildhall အဆောက်အအုံမှာ မြို့တော်ဝန်နဲ့ လန်ဒန် ကောင်စီက အခမ်းအနားနဲ့ ချီးမြှင့်တာ ဖြစ်ပါတယ်။
ဒီဆုရသူတွေထဲမှာ ခေတ်အဆက်ဆက်က နာမည်ကြီး အမေရိကန် သမ္မတတွေ၊ ဗြိတိသျှ ဝန်ကြီးချုပ်တွေနဲ့အတူ လူမှုဝန်ထမ်း ခေါင်းဆောင်တွေနဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေ၊ စာရေးဆရာတွေ ပါပါတယ်။ နောက်ပြီး ဒတ်စမွန် တူးတူး၊ လီကွမ်ယူး တို့လို ထင်ရှားတဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေလည်းပါပါတယ်။
ဒီဆုဟာ ဘဝတသက်တာ စွမ်းဆောင်မှု၊ ကမ္ဘာသိ ထင်ရှားတဲ့ ဂုဏ်ပုဒ် ရှိသူတွေကို ပေးတဲ့ဆုမျိုးဖြစ်ပြီး နယ်ပယ် အသီးသီးက လူတွေကို ရွေးချယ်တာပါ။
ဒီဆုပေးပွဲကို ဆန္ဒပြမယ့် သူတွေ ရှိတယ်လို့လည်း ဆုပေးပွဲကို တက်ရောက်ခွင့် ရတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း ယူကေရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဇော်ဝင်းလတ်က ပြောကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပြီးနောက်ပိုင်း ရခိုင်နဲ့ကချင် အပါအဝင် လူမျိုးစု ပြည်နယ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ ပိုမို ဆိုးရွားလာနေတဲ့ အတွက် ခုလို ဆန္ဒပြဖို့ စီစဉ်တာ ဆိုပြီး ဗြိတိန် အခြေစိုက် ကချင် အမျိုးသား အစည်းအရုံး နဲ့ မြန်မာ ရိုဟင်ဂျာ အသင်း စတဲ့ အဖွဲ့တွေက တက်ကြွ လှုပ်ရှားသူတချို့က ထုတ်ပြန် ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်ရောက် မြန်မာ တွေ တွေ့မယ့် ပွဲကိုလည်း မေလ ၉ ရက် လန်ဒန်က Marylebone ဟိုတယ်မှာ မနက် ၁ဝ နာရီ မှာကျင်းပဖို့ ရှိပြီး အဲဒီမှာ တက်ဖို့ လူ ၃ဝဝ လောက် ဖိတ်ထားတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အဲဒီအခမ်းအနားမှာ စကားပြောမယ်လို့လည်း ကိုဇော်ဝင်းလတ်က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က နယူးကာဆယ်လ်နဲ့ ဒပ်ဗလင် မြို့တွေက ပေးတဲ့ The Freedom of the City ဆုတွေကိုလည်း ရခဲ့ဖူးတယ်လို့ သိရပါတယ်။