ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘယ်သူဘယ်ဝါတွေရဲ့ အလောင်းတွေလဲဆိုတာ ဆက်လက် စစ်ဆေးမယ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက အင်းဒင်ဆိုတဲ့ ရွာရဲ့ သင်္ချိုင်းမှာ တွေ့ခဲ့တဲ့ လူတွေ အစုလိုက် အပြုံလိုက်သတ်ပြီး မြှုပ်နှံထားရာ နေရာကနေ အလောင်း ၁ဝ လောင်း တွေ့လာရတယ်လို့ အစိုးရ စစ်တပ်က ထုတ်ပြန်ပါတယ်။
ဒီလို ကျင်းမျိုး တွေ့ရှိလာတယ်လို့ စစ်တပ်ကနေ ထုတ်ဖော် ပြောအပြီး၊ နောက်တစ်ရက်မှာပဲ အလောင်းအရေအတွက်ကို အတည်ပြုလာတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်သူဘယ်ဝါတွေ ဆိုတာ မသိရ ဖြစ်နေသေးပြီး၊ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆက်လက် စစ်ဆေးတာတွေ ပြုလုပ် နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ အရပ်သားတွေ အပေါ်မှာပါ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အပြုအမူ အပေါ် နိုင်ငံတကာရဲ့ စွပ်စွဲဝေဖန်သံတွေ ရှိနေချိန်မှာ အခုလို လူသေကျင်း တွေ့လာရတာ ဖြစ်ပါတယ်။
လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဘယ်လို ပြုမူရမယ် ဆိုတဲ့ စစ်စည်းကမ်းတွေ ချမှတ် ထားပြီး ဖြစ်တဲ့အတွက်၊ တကယ်လို့သာ အခုကိစ္စမှာ အစိုးရ တပ်ဖွဲ့ဝင်တွေ ပါဝင် ပတ်သက်တယ်လို့ သိလာရရင် ဥပဒေအတိုင်း အရေးယူသွားမယ် ဆိုပြီး စစ်တပ်က ကြေညာထားပါတယ်။
မောင်တောမြို့နယ် မြောက်ပိုင်း ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ လျော့ကျသွားတဲ့နောက် လူသေကျင်းတွေ တွေ့ရှိခဲ့တာမျိုး စက်တင်ဘာလ နှောင်းပိုင်းကလည်း ရှိခဲ့ပါတယ်။
အဲဒီတုန်းကတော့ အသတ်ခံရသူတွေဟာ ဟိန္ဒူဘာသာဝင် တွေ ဖြစ်ပြီး၊ အာဆာ လက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တာလို့ အစိုးရက အတည်ပြု ကြေညာထားပါတယ်။