ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပစ်မှတ်ထား သတ်ဖြတ် မုဒိမ်းကျင့်ခံရတယ်လို့ ဒုက္ခသည်တွေ ထွက်ဆို
ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ သွားရောက်ခဲ့ပါတယ်။
ရောက်ရှိလာတဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတကာ သံတမန်တွေကို ဒုက္ခသည်တွေက သူတို့ တွေ့ကြုံခဲ့ရတဲ့ ထိတ်လန့် တုန်လှုပ်ဖွယ် ကိစ္စရပ်တွေ ပြန်ပြောင်း ပြောပြ ခဲ့တယ်လို့ အဲဒီကလာတဲ့ သတင်းတွေက ဆိုပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြောဆိုတဲ့ အကြောင်းအရာတွေထဲ သူတို့ အပေါ် ပစ်မှတ်ထားပြီး သတ်ဖြတ်တာတွေ၊ မုဒိန်းကျင့်တာတွေ ရှိခဲ့တယ် ဆိုတဲ့ အချက်တွေ ပါဝင် နေပါတယ်။
ဒုက္ခသည် စခန်းတွေကို ကြည့်ရှုခဲ့ပြီးနောက် အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ရုရှား လက်ထောက် သံအမတ် ဒီမစ်ထရီ ပိုလျံစကိဗ်က ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာကြီး အနေနဲ့ လျစ်လျူရှု ပစ်ပယ်ထားမှာ မဟုတ်ဘူးလို့ ပြောဆို ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီ အရေးကိစ္စကို ချက်ချင်းလက်ငင်း ဖြေရှင်းပေးနိုင်တဲ့ ဆေးတောင်ဝှေးလို အစွမ်းမျိုးလည်း လုံခြုံရေးကောင်စီမှာ ရှိမနေဘူးလို့ မစ္စတာ ပိုလျံစကိဗ်က ဝန်ခံ ပြောဆို ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက နယ်ခြားစောင့် ရဲကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် အစိုးရလုံခြုံရေး တပ်ဖွဲ့တွေ တုံ့ပြန် ဆောင်ရွက်ခဲ့တဲ့ စစ်ရေး စီမံ ဆောင်ရွက်ချက်တွေဟာ ရိုဟင်ဂျာ အရပ်သားတွေ အပေါ်မှာပါ ပစ်မှတ် ထားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေချိန်မှာပဲ၊ လုံခြုံရေးကောင်စီ အဖွဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံ ခရီးစဉ် ရှိလာတာ ဖြစ်ပါတယ်။
ဘင်္ဂ်လားဒေ့ရှ် နိုင်ငံထဲ သိန်းချီပြီး ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေကို မျက်မြင် ကိုယ်တွေ့ လေ့လာလိုတဲ့ အတွက် ကော့ဆက်ဘဇား နယ်ထဲက ဒုက္ခသည် စခန်းတွေ ရှိရာဆီ သွားကြတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဘက်က ပြောထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ရဲ့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေ၊ အလှည့်ကျ အဖွဲ့ဝင် နိုင်ငံတွေ စုစုပေါင်း ၁၅ နိုင်ငံစလုံးရဲ့ သံတမန်တွေ ဒီခရီးစဉ်ထဲ လိုက်ပါ လာခဲ့ကြ ပါတယ်။
ကူတူးပလောင် ဒုက္ခသည် စခန်းကို လုံခြုံရေးကောင်စီ အဖွဲ့ ရောက်ရှိခဲ့ချိန်မှာတော့ အဲဒီမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေက သူတို့ လိုလားချက်တွေကို ထုတ်ဖော် ဆန္ဒပြ ခဲ့ကြပါတယ်။
"တရားမျှတမှု အလိုရှိတယ်၊ ဘေးကင်းရန်ကင်း လုံလုံခြုံခြုံ အိမ်ပြန်လိုတယ်" စတဲ့ စာသားတွေ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေလည်း စွဲကိုင် ထားကြတာ တွေ့ရပါတယ်။
နူးရ်မိုဟာမက်ဒ် ဆိုတဲ့ ဒုက္ခသည် တစ်ယောက်ကတော့ သူတို့ အနေနဲ့ ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို ကြိုဆိုပါတယ်။ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေ ရရှိမယ်၊ တခါ မြန်မာ အစိုးရဘက်က ဥပဒေ စည်းမျဉ်းတွေ ပြုပြင် ပြောင်းလဲ ပေးမယ် ဆိုရင် အိမ်ပြန်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာဘက်က ဥပဒေ စည်းမျဉ်း ဆိုတာ နိုင်ငံသား ဖြစ်ခွင့်နဲ့ ဆိုင်တဲ့ ဥပဒေကို အဲဒီသူက အဓိက ရည်ရွယ် ပြောဆိုပုံ ရပါတယ်။
သူဆက်ပြောတာတွေထဲ နိုင်ငံသား ဖြစ်ခွင့် ရမယ် ဆိုရင်၊ လူ့အခွင့်အရေး အာမခံချက်တွေ ရှိမယ်ဆိုရင် အိမ်ပြန်နိုင်ငံမှာ ဖြစ်တယ် ဆိုတာတွေ ပါဝင် နေပါတယ်။
မြန်မာ အစိုးရဘက်ကလည်း ပြန်ဝင်လာမယ့်သူတွေထဲက နိုင်ငံသား ဖြစ်ခွင့် ရှိတဲ့ အချက်တွေနဲ့ ကိုက်ညီသူတွေကို နိုင်ငံသား ဖြစ်လာအောင် စိစစ်သွားမယ်၊ NVC ဆိုတဲ့ နိုင်ငံသား စိစစ်ရေး ကဒ်တွေ ထုတ်ပေးမယ် ဆိုပြီး ပြောဆို ထားနှင့်ပြီး ဖြစ်ပါတယ်။
ကူးတူပလောင် ဆန္ဒပြပွဲမှာ တောင်းဆိုတဲ့ အဓိက နောက်တစ်ချက်ကတော့ တရားမျှတမှု လိုချင်တယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဘော့စနီးယားနဲ့ ယူဂိုဆလားဗီးယား နိုင်ငံတွေမှာလိုပဲ ရခိုင်ပြည်နယ်ထဲ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ရှိခဲ့တယ် ဆိုပြီး ဂျီနိုဆိုက် ဆိုတဲ့ စကားလုံး သုံးစွဲတဲ့ စွပ်စွဲမှုမျိုးတွေကို အဲဒီ ဆန္ဒပြပွဲမှာ ပြုလုပ် ခဲ့တာ တွေ့ရပါတယ်။
ရခိုင်ပြည်နယ်ထဲ ဖြစ်ပေါ်ခဲ့တာတွေဟာ ethnic cleansing လို့ ခေါ်တဲ့ လူမျိုးရေး ရှင်းလင်းမှု ပုံစံ အထိ မြောက်နိုင်တယ် ဆိုတဲ့ ပြောဆို စွပ်စွဲမှုမျိုးတွေကို ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာက ပြုလုပ်ခဲ့ပေမယ့်၊ မြန်မာ အစိုးရကတော့ ယတိပြတ် ငြင်းပယ် ထားပါတယ်။
လုံခြုံရေးကောင်စီ အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံထဲ အထိ ခရီးဆက်မှာ ဖြစ်ပြီး ရခိုင်ပြည်နယ်ထဲထိ သွားရောက်မယ်လို့ မျှော်လင့် ရပေမယ့် ဘာတွေ ဖြစ်ပျက် ခဲ့သလဲ ဆိုတာအပေါ် အာရုံစိုက် နိုင်မလား ဆိုတာကတော့ မသေချာပါဘူး။
မြန်မာ အာဏာပိုင်တွေ အနေနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းကတော့ လုံခြုံရေးကောင်စီ အဖွဲ့ လာဖို့ အချိန် မတန်သေးဘူးလို့ ပြောခဲ့ပေမယ့်၊ အခု အချိန်မှာတော့ တိုင်းပြည်ထဲ လာခွင့် ပြုထားပါတယ်။
ဒါ့အပြင် အခု လပိုင်းတွေမှာပဲ နိုင်ငံတကာ သံတမန်တွေကို ရခိုင်ပြည်နယ် မြောက်ပိုင်း အထိ ခေါ်သွားတဲ့ ခရီးစဉ်တွေ မြန်မာ အာဏာပိုင်တွေဘက်က စီစဉ် ပေးနေတာတွေ တွေ့နေရပါတယ်။
ရခိုင်ပြည်နယ်ထဲ ဘာတွေ ဖြစ်ပျက် ခဲ့သလဲ ဆိုတာတွေ အပေါ် စုံစမ်းတာမျိုး မဟုတ်ပဲ၊ ဒုက္ခသည် ပြန်လည် လက်ခံရေး ကိစ္စတွေမှာ ဘာတွေ စီမံ ဆောင်ရွက် ထားလဲ ဆိုတာတွေကို လိုက်လံ ပြသတာမျိုးဖြစ်ပါတယ်။
လုံခြုံရေးကောင်စီ အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်တန်း အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ ရည်ရွယ် ထားစလို၊ ရခိုင်ပြည်နယ်ထဲထိ ခရီးဆက်မယ်လို့ ဆိုထားပါတယ်။