ကချင်စစ်ရှောင်စခန်း ရေဝင်လို့ ဝမ်းပျက်ဝမ်းလျှောဖြစ်

မိုးဆက်တိုက်ကြီးနေလို့ ကချင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းအချို့မှာ ရေဝင်လို့ ဒုက္ခသည်တွေအနေနဲ့ ကျန်းမာရေး အပါဝင်အခက်အခဲအချို့တွေ့နေရပါတယ်။

ဒီရက်ပိုင်းအတွင်း မိုးဆက်တိုက်ကြီးနေတာကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လူ ၅ဝဝ ကျော်ရှိနေတဲ့ ဂျော်မဆတ် စစ်ရှောင်စခန်းမှာ စခန်းတွေအတွင်း ရေတွေဝင်ရောက်တာကြောင့် အအေးမိ ဖျားနာတာတွေနဲ့ ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်နေပါတယ်။

ဂျော်မဆတ်စစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့လတွေအတွင်းက မြန်မာစစ်တပ်နဲ့ ကေအိုင်အေတို့အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အောင်လော့ဒ်ဘက်က နေ ထွက်ပြေးလာရသူတွေအတွက် ၂ဝ၁၈ ခုနှစ် မေလ ၈ ရက်က စပြီး ယာယီ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတခုဖြစ်ပါတယ်။

မိုးရွာရင် စခန်းထဲ ရေတွေဝင်ပြီး ရေဝပ်တော့ ချက်ပြုတ်ရတာ အခက်အခဲရှိသလို စခန်းကို ရေ တပေလောက်ဝင်ပြီး အများစုက ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ကြတယ်လို့ ဂျော်မဆတ်စစ်ရှောင်စခန်းကို တနိုင်း အောင်လော့ဒ် ကျေးရွာဘက်က လာရောက်ခိုလှုံသူ ဒေါ်မျှောင်က ပြောပါတယ်။

ကျန်းမာရေးအခက်အခဲတွေ ဖြစ်ပေါ်နေတဲ့ ဂျော်မဆတ်စစ်ရှောင်စခန်းက လူတွေကို ကျေးရွာဆေးပေးခန်းက ကုသပေးနေသလို ကျေးရွာက မကုသပေးနိုင်တဲ့သူတွေကတော့ မြို့ပေါ်ဆေးရုံနဲ့ဆေးခန်း တွေမှာသွားရောက် ကုသ ရတယ်လို့ သိရပါတယ်။

ဂျော်မဆတ်စစ်ရှောင်စခန်းမှာ ရောက်ရှိနေသူတွေဟာ တိုက်ပွဲတွေကြား ပိတ်မိနေရာကနေ ရုတ်တရက်တိမ်းရှောင် ထွက်ပြေးလာကြရတာကြောင့် ကျောင်းဖွင့်ရာသီရောက်နေပေမယ့်လည်း ငွေကြေးအခက်အခဲတွေ ရှိနေတာ ကြောင့် ကလေးငယ်တွေကို ကျောင်းထားဖို့၊ ကျောင်းပို့ဖို့မှာ အခက်အခဲ ဖြစ်နေကြရတယ်လို့ စစ်ရှောင်အချို့က ပြောပါတယ်။

ဂျော်မဆတ်စစ်ရှောင်စခန်းနည်းတူ မြစ်ဆုံအနီးက လူ တထောင်ကျော်ရှိတဲ့ တန်ဖရဲစစ်ရှောင် စခန်းမှာလည်း ရေသန့် မရတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတာတွေ များနေတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေ အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကချင်လူငယ်ကွန်ရက်က မဆွပ်ဆိုင်းထွယ်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ တန်ဖရဲ စစ်ရှောင်စခန်းကို ပြေးလာသူတွေဟာ မကြာသေးခင်က အင်ဂျန်းယန် နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့သူတွေဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရက အသိအမှတ်ပြု ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတစ်ရာကျော်ရှိပြီး အစိုးရက စစ်ရှောင်စခန်းအဖြစ် အသိအမှတ်မပြု ထားတဲ့စခန်းတွေပါ ပါဝင်ရင် စစ်ရှောင်စခန်း ၂ဝဝ လောက်ရှိတယ်လို့ သိရပါတယ်။

၂ဝ၁၁ ခုနှစ် ကေအိုင်အိုနဲ့ တပ်မတော် အကြား တကျော့ပြန်တိုက်ပွဲ စတင်ခဲ့ချိန်ကစလို့ အခုထိ ကချင်နဲ့ ရှမ်းမြောက်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင် တသိန်းကျော်လောက် ခိုလှုံနေကြရတာပါ။

ဒီလိုသာ မိုးဆက်တိုက်ကြီးနေမယ်ဆိုရင် တဲကြီးတွေတည်ဆောက်ပြီး နေနေရတဲ့ ယာယီစစ်ရှောင် စခန်းက လူတွေရဲ့ ကျန်းမာရေး ဒီထက်ပိုထိခိုက်လာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေက ပြောကြပါတယ်။