ရှမ်းမြောက်က ကွတ်ခိုင်မြို့နယ်ထဲ TNLA နဲ့ MNDAA အင်အားတိုးနေ

ရှမ်းမြောက်က ကွတ်ခိုင်မြို့နယ်ထဲ TNLA နဲ့ MNDAA အင်အားတိုးနေ တဲ့ သတင်းအပါအဝင် မတ်လ ၁၂ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရှမ်းမြောက်က တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ TNLA နဲ့ ကိုးကန့်တပ် (MNDAA) အင်အားတိုးချဲ့နေ
  • ကရင်အမျိုးသားအစည်းအရုံး(KNU) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်သွားတယ်လို့ဆိုပြီး DKBA ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးကို အဖွဲ့ထဲကနေ ထုတ်ပယ်လိုက်တယ်လို့ DKBA ကကြေညာ
  • အမ်းက စစ်သုံ့ပန်းစခန်းဗုံးကြဲခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးအဆင့်ရှိသူတွေ သေဆုံးတယ်လို့ အေအ ဖမ်းဆီးခံထားရတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းက ရခိုင်အခြေစိုက်သတင်းတွေကိုပြော
  • ပါရှန်းပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော ၂ စင်း ပစ်မှတ်ထားခံရတဲ့ပေါက်ကွဲမှုဖြစ်တဲ့သတင်းထွက်လာချိန်မှာ အာရှမှာ ရေနံစျေးဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ အထိ ပြန်ရောက်လာ
  • ထားဝယ်-မြိတ် အမှတ် (၈) လမ်းမကြီး ကပ်လျက်က မင်းဒပ်ကျေးရွာ မှာ နှစ်ပေါင်း ၃၀ ကျော် တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNU က တစ်လကျော် အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟု ထုတ်ပြန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၁၂ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဓာတ်ပုံ စုစည်းချက် - SRA ရဲ့ ပထမဆုံး စစ်သင်တန်း ဆင်းပွဲ

    SRA ရဲ့ ပထမဆုံး စစ်သင်ဆင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, SRA

    နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု(SRA)ဖွဲ့စည်းပြီးတဲ့နောက် ပထမဆုံးပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်းရဲ့ သင်တန်းဆင်းပွဲကို အခုလ အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့အကြောင်း SRA က သူတို့ရဲ့လူမှုကွန်ရက်ကနေ ပြီးခဲ့တဲ့နာရီပိုင်းကပဲ ထုတ်ပြန်လာပါတယ်။

    SRA ရဲ့ ပထမဆုံး စစ်သင်ဆင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, SRA

    သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ မတ်လ ၁ ရက်နေ့တုန်းက ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

    SRA သင်တန်းဆင်းပွဲက အာရက္ခတပ်တော် တပ်ဖွဲ့ဝင် သင်တန်းဆရာတွေ

    ဓာတ်ပုံ ရင်းမြစ်, SRA

    သင်တန်းကို အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက ပို့ချခဲ့တာဖြစ်ပြီး အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊ စစ်သည်တော်ကျင့်ဝတ်နဲ့ စစ်စည်းကမ်းတွေကို လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

    SRA သင်တန်းဆင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, SRA

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ယောတပ်တော်(YA)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)နဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)အဖွဲ့တွေက သင်တန်းသားတွေ တက်ရောက်ခဲ့တာလို့သိရပါတယ်။

    SRA သင်တန်းဆင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, SRA

    နယ်မြေဒေသအစုံက တော်လှန်ရေးတပ်တွေ စုပေါင်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းက အဖွဲ့ဝင်တပ် ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

    ဒီမဟာမိတ်တပ်ပေါင်းစုဟာ စစ်အာဏာသိမ်း ၅ နှစ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပြီးရင် နွေဦးတော်လှန်ရေးတပ်တွေထဲ အားအကောင်းဆုံးမဟာမိတ် စုဖွဲ့မှုလည်းဖြစ်လာပါတယ်။

  3. ကျားဖြန့်နှိမ်နင်းရေး ထရမ့်အမိန့်နဲ့ အရှေ့တောင်အာရှမှာ FBI - ထိုင်းရဲပူးပေါင်းမှု

    ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ကျားဖြန့်နှိမ်နင်းရေးလုပ်နေတယ်လို့ FBI ဘက်က ပြီးခဲ့တဲ့လတုန်းက ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, FBI

    ဓာတ်ပုံ ပုံစာ, ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ကျားဖြန့်နှိမ်နင်းရေးလုပ်နေတယ်လို့ FBI ဘက်က ပြီးခဲ့တဲ့လတုန်းက ထုတ်ပြန်

    အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ အမေရိကန် ထောက်လှမ်းရေးဗျူရို(FBI)တို့ အတူထိုင်ပြီး နှိမ်နင်းနေပြီဆိုတာကို နှစ်ဖက်စလုံးက ဆက်တိုက် ထုတ်ပြောလာပါတယ်။

    မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ ကျားဖြန့်နှိမ်နင်းရေးတွေ လုပ်နေသလို အမေရိကန် တရားရေးဌာနက ဖွဲ့စည်းလိုက်တဲ့ Strike Force ကလည်း မြန်မာက ကျားဖြန့်ကွန်ရက်တချို့ကို နှိမ်နင်းတဲ့ အွန်လိုင်းစစ်ဆင်ရေးတွေ လုပ်ခဲ့ပါတယ်။

    ဒီလိုပူးပေါင်းဆောင်ရွက်နေတဲ့အချိန်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပြည်ထောင်စုအစိုးရရှေ့နေတွေ၊ ဆိုက်ဘာကာကွယ်ရေးအရာရှိတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အမေရိကန်သံတမန်တွေအနေနဲ့ ကျားဖြန့်တွေရဲ့နောက်ကွယ်က ဆိုက်ဘာရာဇဝတ်အဖွဲ့တွေကို နှိမ်နင်းဖို့ အမိန့်တစ်ရပ်ကို ထုတ်လိုက်ပါတယ်။

    မြေပြင်မှာတော့ အရှေ့တောင်အာရှက ဒေသတွင်းနိုင်ငံတချို့မှာ ကျားဖြန့်လုပ်ငန်းတွေဟာ နေရာ ပြောင်းရွှေ့ပြီး ဆက်ပြီးရှိနေဆဲဖြစ်တယ်လို့ ကျားဖြန့်အရေး လေ့လာသူတွေက ထောက်ပြနေကြပါတယ်။

    အမေရိကန် FBI နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းခြေလှမ်းသစ်ရဲ့အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်(ကျားဖြန့်)ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းမှု ဘယ်လောက်အထိ ခရီးရောက်နိုင်မလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  4. AA နဲ့ ဆက်ဆံရေးကောင်းမွန်ပေမဲ့ နယ်စပ်လုံခြုံရေးစိုးရိမ်ချက်ရှိကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ပြော

    မီဇိုရမ်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ဖေဖော်ဝါရီလ ၂၈ ရက်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, @CMOMizoramOffice

    ဓာတ်ပုံ ပုံစာ, မီဇိုရမ်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ဖေဖော်ဝါရီလ ၂၈ ရက်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို သိမ်းထားတဲ့ အာရက္ခတပ်တော်(အေအေ)နဲ့ မီဇိုရမ်အစိုးရကြား ဆက်ဆံရေးကောင်းမွန်ပေမဲ့ နယ်စပ်မှာ တရားမဝင်ကုန်စည်နဲ့ လူ ဖြတ်သန်းတာတွေအတွက် လုံခြုံရေးစိုးရိမ်ချက်ရှိတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူအိုမန်က ထုတ်ပြောလာတဲ့အကြောင်း အိန္ဒိယကနေလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

    ချင်းပြည်နယ်၊ ပလက်ဝနဲ့ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲက ဇိုချာချွာကို ဆက်ထားတဲ့ ကုလားတန်မြစ်ဘက်ဆုံ စီမံကိန်း(KMMTT) တလျှောက်မှာ မစောင့်ကြပ်နိုင်တဲ့နယ်စပ်ကုန်သွယ်ကိစ္စ အရေးကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ ပြောလိုက်တာဖြစ်ပါတယ်။

    “အိုက်ဇောခရိုင်နဲ့ မီဇိုရမ်ပြည်နယ်ထဲက တချို့နေရာတွေက ကုန်တွေဟာ မြန်မာနယ်စပ်ဘက်ကို ပမာဏ များများနဲ့ ဝင်နေပါတယ်။ ဒါကြောင့် အဲဒီနေရာမှာ တရားဝင်မဟုတ်တဲ့ကုန်သွယ်ရေးတွေ လုပ်နေတာကို မြင်နေရတယ်” လို့ ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

    လက်ရှိမှာ မြန်မာဘက်ခြမ်းက ဒီအခြေအနေကို ထိန်းသိမ်းဖို့ အဲဒီနေရာကို ထိန်းချုပ်ထားတာဟာ နေပြည်တော်က မဟုတ်ဘဲ အာရက္ခတပ်တော်(အေအေ) ဖြစ်တယ်ဆိုတာကိုလည်း သူက လွှတ်တော်မှာရှင်းပြပါတယ်။

    ဒါကြောင့် ပြည်နယ်အစိုးရဟာ နယ်စပ်ဖြတ်ကျော် လူဝင်ရောက်မှုနဲ့ ကုန်စည်စီးဆင်းမှု အခြေအနေတွေကို လောင်တလိုင်ခရိုင်ထဲက အာဏာပိုင်တွေနဲ့ နယ်စပ်မှာလုံခြုံရေးစောင့်နေတဲ့အာသံရိုင်ဖယ်တပ်တို့ကို အသိပေးထားပြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်၊ ပလက်ဝ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မြန်မာတို့စာတန်းထိုးထားတဲ့မြေပုံ

    ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၅၀၀ ရှိတဲ့ ကုလားတန်ဘက်စုံ စီမံကိန်းဟာ အိန္ဒိယဘက်ခြမ်းက မီဇိုရမ်၊ မြန်မာဘက်ခြမ်းက ပလက်ဝကနေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်ကို ချိတ်ဆက်ထားတဲ့စီမံကိန်းဖြစ်ပါတယ်။

    အိန္ဒိယအစိုးရဘက်က ၂၀၂၇ မှာ အပြည့်အဝ လည်ပတ်နိုင်ဖို့ မျှော်မှန်းထားတဲ့ ဒီစီမံကိန်းနေရာအများစုရဲ့ မြန်မာဘက်ခြမ်းမှာ အာရက္ခတပ်တော် (အေအေ) က ထိန်းချုပ်ထားပြီး စစ်တွေဆိပ်ကမ်းတစ်ခုတည်းကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။

  5. ၁ ရက်ကို စက်သုံးဆီ တစ်ကြိမ်ပဲ ဝယ်လို့ရမယ့်စနစ်ကို စစ်ကော်မရှင် စတင်အသုံးပြု

    စစ်ကော်မရှင် အသစ်မိတ်ဆက်လိုက်တဲ့ အက်ပလီကေးရှင်းကို စက်သုံးဆီဆိုင်တစ်ခုမှာ အသုံးပြုနေစဉ်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, စစ်ကော်မရှင် အသစ်မိတ်ဆက်လိုက်တဲ့ အက်ပလီကေးရှင်းကို စက်သုံးဆီဆိုင်တစ်ခုမှာ အသုံးပြုနေစဉ်

    အရှေ့အလယ်ပိုင်းမှာဖြစ်တဲ့ အီရန်စစ်ပွဲကြောင့် အာရှတလွှားမှာ ရေနံနဲ့ စက်သုံးဆီ ရရှိမှုအပေါ် စိုးရိမ်ချက်တွေ ရှိနေချိန်မှာပဲ မြန်မာမှာလည်း စက်သုံးဆီ ဝယ်ယူတာကို ကန့်သတ်တဲ့စနစ်ကို စစ်ကော်မရှင်က နိုင်ငံထဲက မြို့ကြီး ၄ မြို့မှာ စတင်အသုံးပြုနေပါတယ်။

    ဖုန်းအပလီကေးရှင်းနဲ့ ကျူအာကုတ်ဖတ်ပြီး တစ်ရက်ကို စက်သုံးဆီ တစ်ကြိမ်ပဲ ဝယ်ယူခွင့်ပေးမယ့်စနစ်ကို စစ်ကော်မရှင်က ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်က စက်သုံးဆီဆိုင်တွေမှာ စတင် အသုံးပြုတာဖြစ်ပါတယ်။

    စစ်ကော်မရှင်ကတော့ တစ်ရက်တည်းမှာ စက်သုံးဆီဝယ်ယူဖို့ ၁ ကြိမ်ထက်ပိုပြီး တန်းစီနေတာတွေကို ပပျောက်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

    စစ်သုံးဆီ အရောင်းဆိုင်တွေက Application ကို အသုံးပြုပြီး ဝယ်ယူသူတွေကို စိစစ်‌ရောင်းချမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

    မော်တော်ယာဉ်ပိုင်ရှင်တွေကတော့ ဒီအက်ပလီကေးရှင်းမှာ မှတ်ပုံတင်စရာမလိုဘဲ ဘီးခွန် (Wheel Tax) ရဲ့ ဘားကုတ်(Barcode) ကို ပြပြီး ဝယ်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။

    “ကားတန်းကတော့ တိုတယ်။ ဝယ်ဖို့ အရင်လိုမျိုး တန်းစီစရာတော့ မလိုဘူး။ ဝယ်ပြီးသွားတဲ့ အချိန်မှာတော့ ကျွန်တော်တို့ရဲ့ Wheel Tax ရဲ့ အနောက်မှာပါတဲ့ ဘားကုဒ်ကို Visa ကဒ်တို့၊ Mastercard ကဒ်တို့ သုံးတဲ့ စက်မျိုးနဲ့ Scan လုပ်တယ်။ အဲဒီတော့ တခါတည်းဝယ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့” လို့ ဒီနေ့ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်က New Day ဆီဆိုင်မှာ တန်းဆီဝယ်ယူခဲ့တဲ့မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    မော်တော်ဆိုင်ကယ်တွေရဲ့ ဘီးခွန် (Wheel Tax) မှာတော့ Barcode မပါတဲ့အတွက် စက်သုံးဆီဆိုင်က QR ကုဒ်တစ်ခုထုတ်ပေးပြီး ဆီဝယ်တဲ့အခါ အဲဒီ QR ကုဒ်နဲ့ ပဲဝယ်ရမယ်လို့ ဆိုပါတယ်။

    အီရန်စစ်ပွဲကြောင့် ရေနံနဲ့စက်သုံးဆီ သုံးစွဲမှု ခြိုးခြံခြွေတာရေးအစီအစဉ်တွေကို မြန်မာ စစ်ကော်မရှင်အပါအဝင် အာရှက နိုင်ငံအချို့မှာပြုလုပ်နေပါတယ်။

    စစ်ကော်မရှင်ကတော့ ဆီခြိုးခြံချွေတာသုံးစွဲဖို့ရည်ရွယ်ပြီး ကားနံပါတ်ပြားတွေကို စုံ နံပါတ်၊ မ နံပါတ်အလိုက် ရက်အလိုက် တလှည့်စီသာအသုံးပြုခွင့်ပေးတဲ့အစီအမံကို ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ချမှတ်ထားပါတယ်။

    ဒီအစီအစဉ်ကြောင့် ရန်ကုန်လိုမြို့ကြီးမှာ ဆီဆိုင်တွေမှာ ယာဉ်တန်းရှည်တန်းစီရတာမျိုး လျော့ကျတာ၊ ကားအသွားအလာရှင်းတာတွေကို ကြိုဆိုတဲ့သဘော ပြောဆိုကြသူတွေရှိသလို ယာဉ်နံပါတ်ပြားအလိုက် အလှည့်ကျ သုံးစွဲခွင့်သာရှိတော့တာကြောင့် လူမှုစီးပွားအပေါ် ရိုက်ခတ်မှုရှိတယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

  6. ထားဝယ်မှာ စစ်တပ် နှစ် ၃၀ ကျော် အခြေချထားတဲ့ ဝင်းဝစခန်းကို KNLA သိမ်း

    ဝင်းဝတပ်စခန်းက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ နဲ့ အတူတွေ့ရတဲ့ KNLA တပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, KNU

    ဓာတ်ပုံ ပုံစာ, ဝင်းဝတပ်စခန်းက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ နဲ့ အတူတွေ့ရတဲ့ KNLA တပ်ဖွဲ့ဝင်တွေ

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်တပ်က နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားတဲ့ ဝင်းဝတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်(KNLA) က တိုက်ခိုက် သိမ်းယူလိုက်ပြီလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပါတယ်။

    ဒီစခန်းရှိတဲ့ မင်းဒပ်ကျေးရွာဟာ ထားဝယ်-မြိတ် အမှတ် (၈) လမ်းမကြီးကပ်လျက်မှာရှိပြီး ထားဝယ်မြို့နဲ့ဆို မိုင် ၄၀ အကွာမှာရှိပါတယ်။

    ဒီစခန်းကို KNLA က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းခဲ့တာလို့ ဆိုပါတယ်။

    စစ်ကော်မရှင်တပ်ဟာ ဒီစခန်းမကျဖို့ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ သုံးမျိုးစလုံးနဲ့ ခုခံခဲ့တာပါ။

    ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း KNU တပ်မဟာ ၄ နယ်မြေ (မြိတ်-ထားဝယ်ခရိုင်)ထဲမှာ KNLA ပူးပေါင်းတပ်တွေ နဲ့ စစ်တပ်တို့ တိုက်ပွဲ ၅၅ ကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၁၇၄ ဦး သေဆုံးကာ ၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ပြောပါတယ်။

    ဒီတိုက်ပွဲတွေအတွင်း ထီးထာ၊ မယ်သမီခီး၊ အီးသာခေး၊ မောတောင် နဲ့ မောမစား စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    ပဲခူးတိုင်းကစလို့ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းအထိ တပ်မဟာ ၇ ခုနဲ့ ဖြန့်ကြက်ချထားတဲ့ KNU ဟာ အခုဆို မြန်မာ-ထိုင်းနယ်စပ် ကီလိုမီတာ ၁,၀၀၀ ကျော်ကို ထိန်းချုပ်ထားနိုင်ပြီလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဘီဘီစီကို ဒီနှစ် ဇန်နဝါရီလထဲမှာ ပြောထားပါတယ်။

  7. အာရှမှာ ရေနံစျေး ဒေါ်လာ ၁၀၀ အထိစျေးပြန်တက်

    အိန္ဒိယမှာ ဆီထည့်နေတဲ့အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ပါရှန်းပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော ၂ စင်း ပစ်မှတ်ထားခံရတဲ့ပေါက်ကွဲမှုဖြစ်တဲ့သတင်းထွက်လာချိန်မှာ အာရှမှာ ရေနံစျေးဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ အထိ ပြန်ရောက်လာပါတယ်။

    အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ဒါဇင်ချီက သူတို့အရေးပေါ်သုံးဖို့ထားတဲ့အရန်ရေနံတွေကို ထုတ်ရောင်းမယ်လို့ ကြေညာပေမဲ့ ရေနံစျေးဟာ ဒေါ်လာ ၁၀၀ အထိ ရောက်နေတာပါ။

    တစ်ချိန်တည်းမှာပဲ အီရန်ကလည်း ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံကို သယ်ယူပို့ဆောင်လမ်းကြောင်းဖြစ်တဲ့ ဟော်မုစ်ရေလက်ကြားကို ဖြတ်တဲ့သင်္ဘောတွေကို ပစ်မှတ်ထားမယ်လို့ ခြိမ်းခြောက်နေပြီး ရေနံစျေး ဒေါ်လာ ၂၀၀ အထိရောက်နိုင်မယ်လို့ သတိပေးပါတယ်။

    အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်မှု ဒုတိယသီတင်းပတ်ထဲ ဝင်လာတဲ့ အခုတစ်ပတ် တနင်္လာနေ့ကလည်းက ရေနံစျေးဟာ ဒေါ်လာ ၁၁၀ အထိရောက်ခဲ့ပြီးတဲ့နောက်ပိုင်းကတည်းက စျေးမငြိမ်ဖြစ်နေပါတယ်။

    ဒီအတောအတွင်းမှာပဲ အာရေးဗျပင်လယ်ကွေ့အနီးနဲ့ ပင်လယ်ကွေ့ထဲ၊ ဟော်မုစ်ရေလက်ကြားနဲ့ အိုမန်ပင်လယ်ကွေ့တို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ မတ်လ ၁၁ ရက်အတွင်း သင်္ဘော ၁၃ စင်း တိုက်ခိုက်ခံရတယ်လို့ ဗြိတိန်အဏ္ဏဝါကုန်သွယ်ရေး(UKMTO)က ပြောပါတယ်။

  8. KNU နဲ့ ပူးပေါင်းလို့ဆိုပြီး DKBA အရာရှိနှစ်ဦး ထုတ်ပယ်ခံရ

    နှစ်(၃၀) မြောက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အခမ်းအနား မှာ တွေ့ရတဲ့ DKBA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, DKBA

    ဓာတ်ပုံ ပုံစာ, နှစ် ၃၀ မြောက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အခမ်းအနားမှာ တွေ့ရတဲ့ DKBA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ကရင်အမျိုးသားအစည်းအရုံး(KNU) ပူးပေါင်းတပ်ဖွဲ့တွေထံ ပူးပေါင်းပါဝင်သွားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦးကို အဖွဲ့ထဲကနေ ထုတ်ပယ်လိုက်တဲ့အကြောင်း DKBA အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    DKBA ရဲ့အမှတ် ၁ စစ်ကွပ်ကဲရေးလက်အောက်ခံ အမှတ် ၉၁၅ တပ်ရင်းက ပြန်တမ်းဝင်အရာရှိတွေဖြစ်တဲ့ ဗိုလ်မှူး စောထို့လွီနဲ့ ဗိုလ်ကြီး စောကရင်လေးတို့က အဖွဲ့အစည်းကနေ အပြီးအပိုင် ထုတ်ပယ်တယ်လို့ DKBA ဘက်က မနေ့ညနေပိုင်းမှာ စာထုတ်တာဖြစ်ပါတယ်။

    အဲဒီစာမှာ အကြောင်းရင်းကို မဖော်ပြပေမဲ့ ဒီအရာရှိနှစ်ဦးဟာ တနိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လမ်းကြောင်းကနေ သွေဖယ်ပြီး ပူးပေါင်းအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းပါဝင်ခဲ့တာကြောင့် လို့ DKBA က ပြောပါတယ်။

    “လူငယ်တွေဆိုတော့ အဏာရှင်ကိုတော်လှန်ဖို့ စိတ်တူ၊ သဘောတူတွေ လုပ်ဖို့ပေါင်းသွားကြတော့ မိမိတို့အဖွဲ့စည်းက ထုတ်ပယ်လိုက်တာ ဖြစ်မယ်” လို့ DKBA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မြန်မာမှာ ၂၀၂၁ စစ်တပ်က အာဏာမသိမ်းခင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားတဲ့အထဲမှာ ကရင်လက်နက်ကိုင်တပ်တွေထဲက KNU၊ DKBA နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC)) တို့ပါဝင်ပါတယ်။

    ဒါပေမဲ့ ၂၀၂၁မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို စစ်တပ်က ချိုးဖောက်တယ်ဆိုကာ KNU နဲ့ စစ်တပ်ကြား ဆက်ဆံရေးပြတ်တောက်ခဲ့ပါတယ်။

    စစ်တပ်ကလည်း KNU ကို “မတရားအသင်း” အဖြစ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာ ကြေညာခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ကရင်လက်နက်ကိုင်အဖွဲ့တွေ စည်းလုံးညီညွတ်ရေးကော်မတီရဲ့အစည်းအဝေးတွေကို DKBA၊ PC၊ BGF အဖွဲ့တွေသာ တက်ရောက်လေ့ရှိပြီး KNU က တက်ရောက်ခြင်းမရှိတော့ပါဘူး။

  9. အမ်းက စစ်သုံ့ပန်းစခန်းဗုံးကြဲခံရမှု ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးအဆင့်ရှိသူတွေ သေဆုံး - ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း

    စစ်သုံ့ပန်းဖြစ်သူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း ရခိုင်အခြေစိုက်သတင်းဌာနတွေကို ဖြေကြားနေစဉ်

    ဓာတ်ပုံ ရင်းမြစ်, One Nation News

    ဓာတ်ပုံ ပုံစာ, စစ်သုံ့ပန်းဖြစ်သူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း ရခိုင်အခြေစိုက်သတင်းဌာနတွေကို ဖြေကြားနေစဉ်

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက အာရက္ခတပ်တော်(အေအေ)က စစ်သုံ့ပန်းတွေထားတဲ့အကျဉ်းစခန်းကို စစ်တပ်က ဗုံးကြဲမှုအတွင်း ဗိုလ်မှူးချုပ်မြင့်ရွှေနဲ့ ဗိုလ်မှူးအဆင့်ရှိသူတွေ သေဆုံးသွားတယ်လို့ စစ်သုံ့ပန်းဖြစ်သူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းက ရခိုင်အခြေစိုက်သတင်းဌာနတွေကို ပြောပါတယ်။

    “ဗိုလ်မှူးချုပ်မြင့်ရွှေကတော့ မီးလောင်တဲ့ အဆောင်ထဲမှာ သူရှိပါတယ်။ ဗိုလ်မှူးချုပ် မြင့်ရွှေ ပါသွားတယ်။ ဗိုလ်မှူးအဆင့်တွေ ပါသွားတယ်။ ထိန်းသိမ်းထားတဲ့ဘေးမှာ ရှိတဲ့ဆေးခန်းပေါ့။ ကျွန်တော်တို့စစ်သည်တွေထဲက တချို့ အရာရှိဆရာဝန်လေးတွေ ပါသွားတယ်။ နောက် CMA တွေ ပါသွားတာတွေ ရှိတာပေါ့။ တချို့ဆိုရင် စစ်ဦးစီးမှု ဒုတိယတန်းအဆင့် ဗိုလ်မှူးအဆင့် ၂ ယောက်၊ ၃ ယောက်ပါသွားတာ သိရပါတယ်” လို့ သူက ရခိုင်အခြေစိုက် Lay Waddy FM ကို ပြောပါတယ်။

    အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့အကျဉ်းစခန်းကို စစ်တပ်က မတ်လ ၈ ရက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံးပြီး နောက်ထပ် ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း အေအေက မနေ့က ထုတ်ပြန်ပါတယ်။

    စစ်တပ်ဟာ မတ်လ ၈ ရက်မှာ မနက် ၁၁ နာရီကျော်ခန့်ကစလို့ တိုက်လေယာဉ် ၄ စင်း၊ Y-12 လေယာဉ် ၄ စင်းနဲ့ သုံးနာရီခွဲခန့်ကြာအောင် လေကြောင်း ဗုံးကြဲခဲ့တာလို့ အေအေက မနေ့က သတင်းထုတ်ပါတယ်။

    ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းကတော့ ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အကျဉ်းအဆောင် နှစ်ဆောင်လောက် မီးလောင်ပြာကျပြီး ပျက်စီးသွားတယ်လို့ပြောပါတယ်။

    ဗိုလ်မှူးချုပ်သောင်းထွန်းဟာ အေအေက အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းယူချိန် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းအပါအဝင် အခြားစစ်သည်တွေနဲ့အတူ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

    ဗိုလ်မှူးချုပ်သောင်းထွန်းအပြောအရ အကျဉ်းစခန်း လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တယ်လို့ဆိုတဲ့ ဗိုလ်မှူးချုပ်မြင့်ရွှေဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှူးဖြစ်ပြီး သံတွဲတိုက်ပွဲအတွင်း သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI) က ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ပြောထားဖူးပါတယ်။

    အေအေ ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အေအေ ထိန်းသိမ်းထားတဲ့မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ သေဆုံးတဲ့ဖြစ်ရပ်ဟာ အခုတစ်ခေါက်က ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

    မြောက်ဦးမြို့နယ်ထဲမှာလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တုန်းက ဖြစ်ပွားခဲ့ပါသေးတယ်။

    စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ယာယီထိန်းသိမ်းထားတဲ့ မြောက်ဦးမြို့နယ်ထဲက ရမ်းချောင်းဖျားရွာကိုလည်း စစ်တပ်က ဗုံးကြဲလို့ ၂၈ ဦးသေဆုံးခဲ့တယ်လို့ AA က အဲဒီတုန်းက ထုတ်ပြန်ထားပါတယ်။

  10. အင်းအားဖြန့်ကြက်ချထားတဲ့အထိဖြစ်လာတဲ့ ရှမ်းမြောက်က TNLA နဲ့ MNDAA တို့ တင်းမာမှု

    တရုတ် မြန်မာ လားရှိုး သိန္နီနဲ့ ကွတ်ခိုင်ပြ မြေပုံ
    ဓာတ်ပုံ ပုံစာ, ကွတ်ခိုင်ရော၊ သန္နီမြို့ပါ လားရှိုး- မူဆယ် ကုန်သွယ်လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ် - မြန်မာ ကုန်သွယ်ရေး အဓိက လမ်းကြောင်းတစ်ခုဖြစ်တဲ့ မူဆယ်- လားရှိုး လမ်းမကြီးပေါ်က ကွတ်ခိုင်နဲ့ သိန္နီမြို့နယ်တို့မှာ တအာင်းတပ်(TNLA)နဲ့ ကိုးကန့်တပ်(MNDAA) တို့ အခုသီတင်းပတ်တွေအတွင်း အင်အားဖြန့်ကြက်တာတွေ မြင်လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရှမ်းမြောက်က မြို့တွေကို သိမ်းယူခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်က သိန္နီမြို့ကို ထိန်းချုပ်ထားပြီး တအာင်းတပ်ကတော့ ကွတ်ခိုင်မြို့ကို ထိန်းချုပ်ခဲ့တာပါ။

    ကိုးကန့်တပ်နဲ့ တအာင်းတပ် နှစ်ဖွဲ့စလုံးဟာ အာရက္ခတပ်တော် (AA)ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ ကွတ်ခိုင်မြို့မှာ MNDAA က စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ရာကနေ TNLA က မလုပ်ဖို့ပြောသလို မြို့ကနေပါ ဆုတ်ဖို့ ပြောကြရင်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ခိုက်ရန်ဖြစ်ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဒါပေမဲ့ ကွတ်ခိုင်နဲ့ပတ်သက်ပြီး အောက်ခြေ နှစ်ဖက်တပ်မှာ ထိပ်တိုက်တွေ့ကြတာ အခုတစ်ကြိမ်က ပထမဆုံးတော့မဟုတ်ပါဘူး။

    ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်ပိုင်းတုန်းကလည်း ကွတ်ခိုင်မြို့၊ ကောင်းခါးလမ်းပိုင်းမှာ ကင်းစောင့်နေတဲ့ TNLA တပ်ဖွဲ့ဝင် ၅ ဦးရဲ့သေနတ်တွေကို MNDAA အဖွဲ့ဝင်တွေက လာရောက်သိမ်းဆည်းသွားပြီး နောက်ပိုင်းမှာ သေနတ်တွေကို ပြန်ပေးခဲ့တဲ့ဖြစ်ရပ်လည်း ဖြစ်ခဲ့ပါသေးတယ်။

    အခုတော့ တစ်ကျော့ပြန် ဖြစ်လာတဲ့တင်းမာမှုမှာ ဒေသခံတွေရဲ့အပြောအရ သက်ဆိုင်ရာမြို့နယ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှုတွေကိုလည်း ကန့်သတ်တာတွေ လုပ်ထားကြတာကြောင့် ဒေသခံလူထုအကျိုးကို ရှေးရှူပြီး နှစ်ဖွဲ့ခေါင်းဆောင်တွေ စကားပြောဆိုကြဖို့ အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

    သိန္နီနဲ့ ကွတ်ခိုင်က အခုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘီဘီစီက သက်ဆိုင်ရာပြောခွင့်ရတွေဆီ ဆက်သွယ်ထားပေမဲ့ မှတ်ချက်တစုံတရာ မရရှိသေးပါဘူး။

  11. တပ်မ ၇၇ ဖမ်းဆီးခံ ညောင်လေးပင်ဒေသခံ ရာချီကို PDF တွေ ဘယ်လိုကယ်ထုတ်ခဲ့ကြလဲ

    စစ်တပ်ဖမ်းဆီးမှုကနေ ကယ်ထုတ်ခဲ့သူတွေရဲ့ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, Screengrab

    ဓာတ်ပုံ ပုံစာ, စစ်တပ်ဖမ်းဆီးမှုကနေ ကယ်ထုတ်ခဲ့သူတွေရဲ့ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်

    စစ်တပ်က စစ်ကြောင်းထိုးဝင်လာပြီး ဖမ်းဆီးသွားတဲ့ ရွာခံတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့ သေနတ်တွေရဲ့ မှန်ဘီလူးတွေ၊ ဒရုန်းကင်မရာတွေကနေတဆင့် အဝေးကနေ မြင်တွေ့နေရခဲ့တာပါ။

    "အနီးစပ်ဆုံးရဲဘော်တွေက ဒီအသံကို ကြားတဲ့အခါ ရဲဘော်တွေရော၊ တာဝန်ရှိသူတွေပါ ဘယ်လိုမှ မခံမရပ်နိုင်အောင် ဖြစ်ရတယ်" လို့ စောဒိုရှင်းက ပြောပါတယ်။

    စစ်ဆင်ရေးမှူးတွေ၊ တိုင်းကွပ်ကဲရေးအဖွဲ့တွေ နဲ့ KNLA တပ်တွေ ညှိုနှိုင်းပြီး ကယ်ဆယ်ရေး မစ်ရှင် တစ်ခု စီစဉ်ခဲ့ရတယ်လို့ ဆိုပါတယ်။

    စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးထားတာကလည်း ဒီမစ်ရှင်ကို အကောင်အထည်ဖော်ဖို့ အခက်ခဲဆုံးအချက်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  12. ရှမ်းမြောက်က ကွတ်ခိုင်မြို့နယ်ထဲ TNLA နဲ့ MNDAA အင်အားတိုးနေ

    ၂၀၂၄ ခုနှစ်၊ TNLA စစ်သင်တန်းဆင်းပွဲ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊ TNLA စစ်သင်တန်းဆင်းပွဲ (ပုံဟောင်း)

    ရှမ်းမြောက်က တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့အပြင်ဘက်မှာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့က အင်အားအလုံးအရင်း နဲ့ ပိတ်ဆို့ထားပြီး TNLA ကလည်း မြို့ပေါ် အင်အားတိုးချဲ့ထားတယ်လို့ ကွတ်ခိုင်မြို့ခံတွေက ပြောပါတယ်။

    “အခြေအနေကတော့ တော်တော်လေးဆိုးပါတယ်။ တင်းမာနေဆဲပဲဖြစ်တယ်။ မြို့ပေါ်မှာ TNLA အင်အား နည်းနည်းများလာတာတော့ သတိထားမိတယ်။ ခန့်မှန်းခြေ ၁၅ ရက်လောက်ရှိပြီ။ နမ့်ဆန် ဘက်ကလား၊ နမ့်ဖက်ကာ ဘက်ကလားမသိဘူး ထပ်ပြီးရောက်လာတာတွေ့ရတယ်” လို့ ကွတ်ခိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။

    ဖေဖော်ဝါရီ ၁၃ ရက်မှာ ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်တွေရှိ ကိုးကန့်တပ် MNDAA အုပ်ချုပ်ရေးရုံးတွေကို TNLA က အင်အားသုံး ဖယ်ရှားခဲ့ပြီးတဲ့နောက် နှစ်ဖက်အကြား တင်းမာမှုတွေရှိနေတာပါ။

    ကွတ်ခိုင်မှာ စစ်တပ်ကို တိုက်ထုတ်ပြီး TNLA က အုပ်ချုပ်ရေးဖော်ဆောင်နေချိန်မှာ မြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ သိန္နီမြို့နယ်ထဲမှလည်း ကိုးကန့်တပ်(MNDAA) က ပိတ်ဆို့နေတဲ့အခြေအနေဖြစ်နေလို့ အခြေအနေတွေ ပိုတင်းမာလာပြီး လူမှုစီးပွားခက်ခဲမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

    “ ဒီပုံစံတိုင်းဆိုရင် ရေရှည်ကြရင် ဘယ်လိုလုပ်မလဲ။ အခုတောင် ကားတွေ ဒုက္ခရောက်နေတာ။ သူတို့မတည့်ရင် လုပ်စား၊ ကိုင်စားရတာ ဘယ်အဆင်ပြေတော့မလဲ” လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

    နှစ်ဘက်တင်းမာမှုတွေ ဖြစ်ပြီးတဲ့နောက် MNDAA က TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ကုန်စည်တင်ပို့မှုတွေကို ပိတ်ဆို့ထားပါတယ်။

    တာမိုးညဲလမ်းပိုင်း၊ ကောင်းခါးလမ်းပိုင်း၊ ပြည်ထောင်စုလမ်းပိုင်းက သိန္နီမြို့ကနေကွတ်ခိုင်မြို့ကို ကုန်ပစ္စည်းတင်ပို့မှု ပိတ်ဆို့ထားပါတယ်။ ခရီးသွားယာဉ်တွေကတော့ ဖြတ်သန်းခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

    လက်ရှိ ကွတ်ခိုင်မြို့ခံတွေဟာ မူဆယ်ဘက်ခြမ်းကလာတဲ့ ကုန်ပစ္စည်းတွေကို သာ အဓိကအားထားနေရတယ်လို့ဆိုပါတယ်။

    ကွတ်ခိုင်မြို့တင်းမာမှုအခြေအနေတွေနဲ့ ပတ်သက်လို့ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို ဘီဘီစီက ဆက်သွယ်ထားပေမယ့် လက်ခံဖြေဆိုတာမရှိသေးပါဘူး။

    အခုဆိုရင် MNDAA နဲ့ TNLA နှစ်ဖက်တင်းမာမှုတွေဖြစ်နေတာ တစ်လနီးပါးရှိလာပါပြီ။ တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေကတော့ လူထုနစ်မှုမရှိစေဖို့ နှစ်ဖက်ခေါင်းဆောင်တွေ အမြန်ဆုံး အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

  13. မင်္ဂလာပါ။ မတ် ၁၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now