ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကာလုံအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဖြစ်လာ

ကာလုံအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ သတင်းအပါအဝင် မတ်လ ၁၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • တတိယအကြိမ် အမျိုးသားလွှတ်တော်ကျင်းပ၊ ကာလုံ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရေပန်းစား
  • ကာလုံ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး ပြိုင်ဘက်မရှိဘဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ၊ စစ်ကော်မရှင်ဝန်ကြီး ဦးဂျာဖမ်းနော်တောင် လည်း ပြိုင်ဘက်မရှိဘဲ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်လာ
  • အီလက်ထရောနစ် နိုင်ငံကူးလက်မှတ် လျှောက်ထားရမယ့်ပုံစံတွေ စစ်ကော်မရှင် ချပြ၊ နိုင်ငံတော် လုံခြုံရေး နဲ့ အကျိုးစီးပွားနှောင့်ယှက်ဖျက်ဆီးနိုင်သူလို့ယူဆသူတွေကို နိုင်ငံကူးလက်မှတ်မထုတ်ပေး
  • အမေရိကန်က မြန်မာနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ဗီဇာပိတ်ထားပေမဲ့ မြန်မာထူးချွန်ဘွဲ့ရ ကျောင်းသားတွေအတွက် Fulbright ပညာတော်သင်ဆုပေးတဲ့အစီအစဉ်ကို အမေရိကန်အစိုးရ ပြန်လည်စတင်
  • အီရန်လုံခြုံရေးအရာရှိချုပ် သေဆုံးမှုကို လက်တုံ့ပြန်မယ်လို့ အီရန်ပြောနေချိန် အမေရိကန်က အီရန်ဒုံးကျည်နေရာတွေကို ဗုံးကြဲ
  • လျှပ်စစ်ဓာတ်အားထုတ်လှုပ်မှု လျော့ကျနေပြီး သုံးစွဲမှုမြင့်တက်လာလို့ လျှပ်စစ်မီးကို ခွဲတမ်း နဲ့ ဖြန့်ဖြူးပေးလို့ စစ်ကော်မရှင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ထုတ်ပြန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၁၈ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. သတင်းထူး, အီရန် ထောက်လှမ်းရေးဝန်ကြီးကို သတ်လိုက်ပြီလို့ အစ္စရေးပြော

    အီရန်ထောက်လှမ်းရေးဝန်ကြီးကို သတ်လိုက်ပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ခတ်ဇ်က ပြောလာပါတယ်။

    “မနေ့ညမှာ အီရန်ထောက်လှမ်းရေးဝန်ကြီး ခါတစ်ကိုလည်း သုတ်သင်ခဲ့တယ်” လို့ သူက ထုတ်ပြန်ချက်တစ်စောင်ထဲမှာပြောပါတယ်။

    အီရန်ဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာ မပြောသေးပါဘူး။

    အစ္စမေးလ် ခါတစ်ကို သွားလေသူ သမ္မတ အီဗရာဟင် ရိုင်အီဆီက အီရန်ရဲ့ ထောက်လှမ်းရေးဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ်မှာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

    သူဟာ အစ္စလာမ္မစ်ဘာသာရေးကို အဆင့်မြင့်ဘာသာရေးဆရာကြီးတွေထံမှာ ဆည်းပူးခဲ့သူဖြစ်ပြီး သူ့ဆရာထဲမှာ အီရန်ခေါင်းဆောင်ဟောင်း အယာတိုလာ အလီ ခါမေနီလည်း ပါဝင်ပါတယ်။

    နောက်ပြီး သူဟာ ထောက်လှမ်းရေးဝန်ကြီးဌာနနဲ့ အီရန်ဘာသာရေးခေါင်းဆောင်ရုံးတို့မှာ ထိပ်ပိုင်းရာထူးတွေယူခဲ့သူလည်းဖြစ်ပါတယ်။

    အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနက “အမေရိကန်နဲ့ မဟာမိတ်တွေကို ဆန့်ကျင်တဲ့ဆိုင်ဘာဆက်နွှယ်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်မှုမှာ” သူ ဝန်ကြီးတာဝန်ယူခဲ့တာအတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သူ့ကို ၂၀၂၂ ခုနှစ်မှာ အရေးယူဒဏ်ခတ်စာရင်းထဲ ထည့်ခဲ့ပါတယ်။

    ခါတစ်ဟာ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးအပြီး မကြာခင် ၁၉၈၀ ပြည့်နှစ်မှာ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)ထဲ တာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။

  3. အီရန်ခေါင်းဆောင်ပိုင်းဗဟိုချက်ကို ထိုးနှက်မှုဖြစ်လာတဲ့လုံခြုံရေးအကြီးအကဲ လုပ်ကြံခံရမှု

    အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အီရန် လုံခြုံရေးကောင်စီ ခေါင်းဆောင် အလီ လာရီဂျာနီ သေဆုံးသွားတာက အရေးကြီးတဲ့အချိန်မှာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအတွက် အတွေ့အကြုံများတဲ့ မူဝါဒချမှတ်သူတစ်ဦးကို ဖယ်ရှားလိုက်သလို ဖြစ်သွားပါတယ်။

    လာရီဂျာနီဟာ စစ်တပ်အရာရှိ မဟုတ်ပေမဲ့ အီရန်ရဲ့မဟာဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပုံဖော်ရာမှာ အရေးပါဆုံးလူ တစ်ဦးဖြစ်ပါတယ်။

    အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီရဲ့အတွင်းရေးမှူးဖြစ်တဲ့ သူဟာ အီရန်ရဲ့စစ်ပွဲ၊ သံတမန်ရေးနဲ့ နိုင်ငံလုံခြုံရေးဆိုင်ရာဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အဓိကနေရာကနေ ပါဝင်နေခဲ့ပါတယ်။

    အထူးသဖြင့် အမေရိကန်၊ အစ္စရေးတို့နဲ့ ရင်ဆိုင်နေရတဲ့အခြေအနေတွေကို ကိုင်တွယ်ရာမှာ သူ့ရဲ့အသံဟာ စနစ်အတွင်းမှာ အလွန်အရေးပါပြီး သက်ရောက်မှုကြီးမားခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. ဖားကန့်အခြေစိုက် ဥရုနေ့စဉ်သတင်းအယ်ဒီတာ ကိုတာလင်းမောင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ဖမ်းဆီးခံရ

    Update -ကိုတာလင်းမောင်က သူ ဖမ်းဆီးထိန်းသိမ်းခံရာကနေ ပြန်လွတ်လာပြီလို့ ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ သူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေ ထုတ်ပြောလာပါတယ်။ သူဖမ်းဆီးခံရတာကို စိတ်ပူခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောပါတယ်။

    ကချင်ပြည်နယ်၊ ဖားကန့်ဒေသအခြေစိုက် ဥရုနေ့စဉ်သတင်းဌာနရဲ့အယ်ဒီတာ ကိုတာလင်းမောင်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဆိုင်းတောင်ကျေးရွာမှာ မတ်လ ၁၇ ရက်က ဖမ်းဆီးသွားတယ်လို့ ဖားကန့်သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

    မတ်လ ၁၇ ရက်၊ ညနေ ၅ နာရီလောက်က ဆိုင်းတောင်ကျေးရွာက Jade Queen လက်ဖက်ရည်ဆိုင်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၁၀ ယောက်ခန့်ပါတဲ့အဖွဲ့တစ်ဖွဲ့က လာရောက် ဖမ်းဆီးသွားတာလို့ သူက ပြောပါတယ်။

    “လူငယ် ၁၀ ယောက်က လာပြီး ရိုက်နှက်ခေါ်သွားတယ်ဆိုတဲ့ပုံစံမျိုး။ PDF က ဖမ်းတာလား၊ KIA က ဖမ်းတာလား၊ ထောက်လှမ်းရေးက ဖမ်းတာလား မသိရသေးဘူး။ ဖမ်းတဲ့အဖွဲ့ကလည်း ဘာကြောင့် ဖမ်းတာလဲဆိုတာ ကျွန်တော်တို့ကို ဆက်သွယ်လာတာ မရှိသေးဘူး။ ဖြစ်နိုင်ခြေကနေတော့ စုဆောင်းရေးကိစ္စမှာ ငွေကြေးတွေနဲ့ ကစားနေတာတွေရှိတာကို ခံပြင်းပြီးတော့ ပြည်သူဘက်ကနေ ရေးတာ။ အဲဒါကြောင့် ဖမ်းတာလို့ပဲ သုံးသပ်လို့ ရမယ်” လို့ ဖားကန့်သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

    ဆိုင်းတောင်ရွာဟာ ကချင်လွတ်လပ်ရေးတပ်(KIA /KPDF) အပါအဝင် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။

    သပိတ်ကော်မတီတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ ကိုတာလင်းမောင် ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို မေးမြန်းထားပြီး စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

    ကိုတာလင်းမောင်ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖားကန့်မြို့နယ် သတင်းပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး(ပြန်/ဆက်)ကနေ CDM ပြုလုပ်ထားသူဖြစ်ပြီး ဖားကန့်မြို့စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ယူထားဖြစ်သလို ဥရုနေ့စဉ်သတင်းဌာန အယ်ဒီတာလည်း ဖြစ်ပါတယ်။

    ကိုတာလင်းမောင်ဟာ ဖားကန့်ဒေသတော်လှန်ရေးအင်အားစုတွေရဲ့အားထားရသူဖြစ်တယ်လို့လည်း မှတ်ချက်ပြုကြပါတယ်။

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း ကိုတာလင်းမောင်အပါအဝင် သတင်းထောက်နှစ်ဦးဟာ ကချင်လွတ်လပ်ရေးတပ်(KIA) ရဲ့ဖမ်းဆီးစစ်ဆေးမှု ခံခဲ့ရဖူးပါတယ်။

  5. ထုတ်လုပ်မှုလျော့လို့ အချိန်ပိုင်းခွဲပြီး လျှပ်စစ်မီး ပေးမယ်

    လျှပ်စစ်ဓာတ်အားထုတ်လှုပ်မှု လျော့ကျနေပြီး သုံးစွဲမှုမြင့်တက်လာတာကြောင့် လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့ ခွဲဝေပေးသွားမယ်လို့ စစ်ကော်မရှင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလမှာ လျှပ်စစ်မီးပေးနိုင်ဖို့ မတ်လကနေ ဇွန်လအထိ လျှပ်စစ်မီးဖြန့်ဖြူးပေးဖို့ သိုလှောင်ထားတဲ့ ဆည်ရေတွေကို ပိုပြီးအသုံးပြုလိုက်ရတာကြောင့်လို့ ဆိုပါတယ်။

    ဓာတ်အားလိုအပ်ချက်က ၄,၆၆၄ မဂ္ဂါဝပ် ရှိပြီး ၃,၆၀၀ မဂ္ဂါဝပ် ဖြစ်တဲ့ ၇၇ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တယ်လို့ ဆိုပါတယ်။

    စစ်ကော်မရှင်ရဲ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီးကို အချိန်ပိုင်း ခွဲဝေဖြန့်ဖြူးမှုကို ဒီနေ့မှာ စတင်မယ်လို့ ကြေညာထားပေမဲ့ ဘယ်လိုခွဲဝေပေးသွားမလဲဆိုတာတော့ အတိအကျမပြောထားပါဘူး။

  6. လုံခြုံရေးအရာရှိချုပ် သေဆုံးမှုကို လက်တုံ့ပြန်မယ်လို့ အီရန်ပြောနေချိန် အမေရိကန် အီရန်ဒုံးကျည်နေရာတွေကို ဗုံးကြဲ

    ဟော်မုစ်ရေလက်ကြားတလျှောက်က အီရန် ဒုံးကျည်ဆက်စပ်နေရာတွေကို ‘‘နက်နက်ရှိုင်းရှိုင်းထိုးဖောက်နိုင်တဲ့’’ ဖျက်အားပြင်း ဗုံးတွေကိုအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

    ဒီအတောအတွင်းမှာပဲ အီရန်စစ်တပ်အကြီးအကဲက နိုင်ငံထဲမှာ နိုင်ငံ့ဥသျှောင် အလီ ခါမေနီ အသတ်ခံရပြီးကတည်းက အဆင့်အမြင့်ဆုံးအရာရှိတစ်ဦး အသတ်ခံရမှုဖြစ်လာတဲ့ နိုင်ငံ့လုံခြုံရေးဆိုင်ရာအကြီးအကဲ အလီ လာရီဂျာနီ သေဆုံးမှုကို ပြတ်ပြတ်သားသား လက်တုံ့ပြန်မယ်လို့ ပြောလာပါတယ်။

    အလီ လာရီဂျာနီ သေဆုံးမှုဟာ အီရန်မှာ ထိပ်ပိုင်းခေါင်းဆောင်မှုအပေါ် အရှိုက်ထိစေတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာပြန်တယ်လို့ ဘီဘီစီပါရှားဘာသာစကားဌာန သတင်းထောက် အမီယာ အဇီမီက ရေးပါတယ်။

    မနေ့ ညလုံးပေါက်မှာတော့ အီရန်နဲ့ သူ့မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေဟာ လက်တုံ့ပြန်တိုက်ခိုက်တာတွေကို ပြန်လုပ်ခဲ့ပြီး အစ္စရေးမှာဆိုရင် မြို့တော် တဲလ်အဗီမှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေနဲ့ လူ ၂ ယောက်သေဆုံးခဲ့တယ်လို့ အရေးပေါ် လူနာတင်ကားကူညီရေးအဖွဲ့က ပြောပါတယ်။

    လက်ဘနွန်မှာတော့ အစ္စရေးဟာ မြို့တော် ဘေရွတ်အလယ်ပိုင်းကို အသေအပျောက်များစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ထားပါတယ်။ လက်ဘနွန်တောင်ပိုင်းမှာတော့ ဟစ်ဇ်ဘိုလာအဖွဲ့ကို ထိုးစစ်ဆင်တာတွေ ဆက်ပြီးလုပ်နေလို့ ဘေးလွတ်ရာပြောင်းကြဖို့ လူထုကို တိုက်တွန်းထားပါတယ်။

    ဒီအတောအတွင်းမှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးနဲ့ တခြား အမေရိကန်ရဲ့မဟာမိတ်တွေကို ဝေဖန်လိုက်ပြီး အဲဒီနိုင်ငံတွေဟာ အီရန်စစ်ပွဲမှာ သူတို့ မပါဝင်လိုဘူးလို့ ပြောထားကြတယ်ဆိုပြီးတော့လည်း သမ္မတ ထရမ့်က ပြောပါတယ်။

    ဟောမုစ်ရေလက်ကြားကို ကာကွယ်နိုင်ရေး ကူညီပေးကြဖို့ သူ့ မေတ္တာရပ်ခံချက်ကို နိုင်ငံအချို့က ပယ်ချခဲ့အပြီးမှာ သမ္မတရဲ့ပြောဆိုချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

    အမေရိကန် အကြမ်းဖက်မှုတန်ပြန်ရေးထိပ်တန်းအရာရှိတစ်ဦးကလည်း လက်ရှိဖြစ်နေတဲ့ အမေရိကန် -အစ္စရေးနဲ့ အီရန် ပဋိပက္ခမှာ ‘‘အီရန်ဟာ အမေရိကန်အတွက် ချက်ချင်းအန္တရာယ်ပြုမယ့်အခြေအနေမရှိဘူး’’ ဆိုပြီး ထုတ်ပြောကာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။

    အီရန်နိုင်ငံသူ နိုင်ငံသားအများစုအတွက်တော့ ပြည်တွင်းက ဖိနှိပ်မှုနဲ့ ပြည်ပကနေ ပြုလုပ်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အကြောက်တရား မပြတ်ဖြစ်နေစေပြီး အမျိုးသမီးတစ်ဦးကဆိုရင် ‘’အိမ်အပြင်ထွက်ဖို့ အသက်ကို ဖက်နဲ့ထုပ်ထားရသလိုပဲ’’ လို့ဆိုပြီး ဘီဘီစီ သတင်းထောက် ဖာဂယ် ကိန်းကို ရင်ဖွင့်ထားပါတယ်။

  7. မြန်မာကျောင်းသားတွေကို Fulbright ပညာသင်ဆုပေးတဲ့အစီအစဉ်ကို အမေရိကန်ပြန်လည်စတင်

    မြန်မာနိုင်ငံသားတွေကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ဗီဇာပိတ်ထားပေမဲ့ မြန်မာထူးချွန်ဘွဲ့ရ ကျောင်းသားတွေအတွက် Fulbright ပညာတော်သင်ဆုအစီအစဉ် ခေါ်ယူနေတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဒီနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။

    အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ခရီးသွားလာခွင့်ပိတ်ပြီးတဲ့နောက် Fulbright ပညာတော်သင်ဆု ရပ်တန့်သွားခဲ့ပြီး အခုတော့ ပြန်ပြီးခေါ်ယူနေတာဖြစ်ပါတယ်။

    အခုခေါ်ယူနေတာဟာ ၂၀၂၇-၂၀၂၈ ခုနှစ် ပညာသင်နှစ်အတွက် ခေါ်ယူတာဖြစ်ပါတယ်။ Fulbright ပညာတော်သင်ဆု ရတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူတွေကို အမေရိကန်အစိုးရက ကျောင်းစရိတ်အပါအဝင် ကုန်ကျစရိတ် အပြည့်အဝထောက်ပံ့သွားမှာဖြစ်ပါတယ်။

    ရန်ကုန်က အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာတော့ “လက်ရှိ မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် ကိုယ့်မှာ ခြွင်းချက်အနေနဲ့ ခရီးသွားခွင့်ရဖို့ အရည်အချင်းပြည့်မီရဲ့လားဆိုတာကို မလျှောက်ခင် ထည့်သွင်း စဥ်းစားသင့်တယ်”လို့ ဖော်ပြပါတယ်။

    ဒီတော့ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို လက်ရှိ ပြည်ဝင်ခွင့်ပိတ်ထားပေမယ့် မြန်မာကျောင်းသားတွေကိုတော့ ခြွင်းချက်အနေနဲ့ လက်ခံသွားမယ်လို့ နားလည်ရပါတယ်။

  8. နိုင်ငံကူးလက်မှတ်ကို လုံခြုံရေးမြှင့်ပြီး ပြစ်ဒဏ်တွေကိုလည်း စစ်ကော်မရှင်တိုးမြှင့်

    ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)နဲ့ပတ်သက်ပြီး ထိန်းချုပ်မှု တင်းကျပ်လာတဲ့ စစ်ကော်မရှင်ဟာ အခုတော့ နိုင်ငံကူးလက်မှတ်ကို အီလက်ထရောနစ် စနစ် အဆင့်မြှင့်ဖို့ ရှိပြီး နိုင်ငံကူးလက်မှတ် အသုံးပြုတာနဲ့ဆက်နွှယ်တဲ့ပြစ်ဒဏ်တွေကိုလည်း တိုးမြှင့်လိုက်တဲ့အကြောင်း ကြေညာပါတယ်။

    မတ်လ ၁၇ ရက်မှာ စစ်ကော်မရှင်က ပြဋ္ဌာန်း၊ ကြေညာလာတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။

    အီလက်ထရောနစ်စနစ်ကို အသုံးပြုတော့မှာဖြစ်လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ချပ်စ်ပြားမှာ ထည့်သွင်းပြီး မူလနိုင်ငံကူးလက်မှတ်ကို လုံခြုံရေး အဆင့်မြှင့်သွားမယ့်သဘောလို့ နားလည်ရပါတယ်။

    အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်လျှောက်ထားမယ်ဆိုရင် မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်နဲ့ မိတ္တူကို ပူးတွဲလျှောက်ထားရမှာဖြစ်ပြီး မူလနိုင်ငံကူးလက်မှတ်စာအုပ်ကို ပြန်အပ်ရမှာဖြစ်ပါတယ်။

    မြန်မာအဖွဲ့ဝင်ဖြစ်တဲ့အာဆီယံနိုင်ငံအများစုမှာ နိုင်ငံကူးလက်မှတ်တွေကို အီလက်ထရောနစ် ချစ်ပ်ပြားတွေ တပ်ဆင်အသုံးပြုနေကြပြီဖြစ်ပေမဲ့ စစ်ကော်မရှင်ဘက်ကတော့ အခုမှ ခြေလှမ်းလာတာဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီစနစ်မှာ ကောင်းကျိုးဆိုးပြစ်တွေရှိနေတယ်လို့ ဒစ်ဂျစ်တယ်အခွင့်အရေးနဲ့ လုံခြုံရေးစောင့်ကြည့်သူတွေက ထောက်ပြပါတယ်။

    စစ်ကော်မရှင်က ဒီဂျစ်တယ်စောင့်ကြည့်မှုကို အဆင့်မြှင့်တင်လိုက်တာဖြစ်ပြီး အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်ကိုင်ထားသူက ဘယ်နိုင်ငံ၊ ဘယ်တည်းခိုခန်းမှာ ရောက်ရှိနေတာလည်း ဆိုတဲ့အဆင့်ထိ သိနိုင်တယ်လို့ ဒီဥပဒေကို လေ့လာထားတဲ့ မြန်မာအင်တာနက်ပရောဂျက်၊ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်က ပြောပါတယ်။

    “နိုင်ငံကူးလက်မှတ်က ပိုပြီး Upgrade ဖြစ်သွားတယ်၊ ပတ်စ်ပို့အတုပျောက်သွားတာတို့ဘာတို့ စသဖြင့် အကျိုးကျေးဇူးတော့ရှိတယ်။ ဒီပတ်စ်ပို့က E-passport ဖြစ်တဲ့အတွက် ဒီပတ်စ်ပို့က တရားမဝင်တော့ပါဘူးဆိုပြီး ဖြတ်သိမ်းတာတွေ လုပ်နိုင်တယ်။ တစ်ဖက်မှာလည်း လူထုရဲ့အခွင့်အရေးကို အကာအကွယ်ပေးထားတဲ့ ဥပဒေမရှိဘူး။ အခု ဥပဒေကို ကြည့်လိုက်ရင်လည်း ဥပဒေကို လိုရာစွဲသုံးပြီး လူထုကို ဖိနှိပ်လို့ရတယ်ဆိုတဲ့ ပြဌာန်းချက်တွေ တွေ့ရတယ်။ ဒီဥပဒေပြဋ္ဌာန်းတဲ့ သူတွေကလည်း ယုံကြည်စရာမရှိဘူး။ ဒီဟာ စိတ်ပူစရာကောင်းတယ်” လို့ ကိုသစ်ဉာဏ်က ပြောပါတယ်။

    ဥပဒေထဲမှာ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ် ‌လျှောက်ထားလာတဲ့သူတွေကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က သတ်မှတ်ချက်တွေနဲ့ ညီ၊ မညီ စစ်ဆေးပြီး ထုတ်ပေးဖို့ သင့်၊ မသင့် သက်ဆိုင်ရာကို အကြောင်းကြားရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

    ဥပဒေ ပုဒ်မ ၂၉ မှာတော့ နိုင်ငံသားအဖြစ် ရပ်စဲခံရသူတွေ၊ ပြစ်ဒဏ်ကျခံနေရသူတွေ၊ နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနိုင်သည်ဟု ယူဆခံရသူတွေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) အရ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုထားပြီး သတ်မှတ်ကာလ မပြည့်သေးသူတွေကို နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ ငြင်းပယ်နိုင်တယ်။

    အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်ကို ကမ္ဘာတဝန်းက နိုင်ငံအတော်အများမှာ ကျင့်သုံးနေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ဒီစနစ်ကို ကျင့်သုံးနေပါတယ်။

    ကမ္ဘာတဝန်းက အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ နိုင်ငံပြင်ပထွက်ခွာတဲ့အခါ လူဝင်မှုကြီးကြပ်ရေးကောင်တာတွေမှာ ဇီဝအချက်အလက်တွေပေးတာ၊ နိုင်ငံကူးလက်မှတ်စာအုပ်ပေးရတာတွေမလိုဘဲ အီလက်ထရောနစ်ကောင်တာတွေကနေ ဖြတ်သန်းသွားလို့ရပါတယ်။

  9. ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ

    စစ်ကော်မရှင်မှာ အမှုဆောင်ချုပ်တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေးက ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြိုင်ဘက်မရှိဘဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

    တတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် စာရင်းတင်သွင်းခံရသူမှာ သူ တစ်ဦးတည်းခဲ့တာကြောင့် ပြိုင်ဘက်မရှိဘဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတာဖြစ်ပါတယ်။

    စစ်ကော်မရှင်ဝန်ကြီး ဦးဂျာဖမ်းနော်တောင်ကလည်း ဦးအောင်လင်းဒွေးလိုပဲ စာရင်းတင်သွင်းခံရသူ တစ်ဦးတည်းရှိလို့ ပြိုင်ဘက်မရှိဘဲ လွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာပါတယ်။

    ဦးဂျာဖမ်းနော်တောင်ကတော့ စစ်ကော်မရှင် အားကစား၊လူငယ်နဲ့ ဟိုတယ်/ခရီးသွားဝန်ကြီး ရာထူးယူထားပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားပါတယ်။

    သူဟာ အလုပ်သင်ဗိုလ်လောင်းအပတ်စဉ် ၅ သင်တန်းဆင်းဖြစ်ပြီး အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးလည်းဖြစ်ပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ ‌ဒဏ်ခတ်ပိတ်ဆို့ခြင်းလည်းခံထားရပါတယ်။

    အခုရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရာထူးဟာ သမ္မတရွေးချယ်ရေးအတွက် အခရာကျပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်တာကို ပြုလုပ်မှာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ဦးဆောင်ရမှာပါ။

    ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ရွေးကောက်ပွဲပြုလုပ်ခဲ့လို့ နေပြည်တော်မှာ လွှတ်တော်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

  10. ဓာတ်ပုံ စုစည်းချက် - နေပြည်တော်က အမျိုးသားလွှတ်တော် မနက်ခင်းမြင်ကွင်းတွေ

    စစ်တပ် ကျင်းပတဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ အပိုင်းလိုက်ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးကို ဒီနေ့ မနက်ပိုင်း မြန်မာစံတော်ချိန် မနက် ၁၀ နာရီကလို့ နေပြည်တော်မှာ စတင်ကျင်းပနေပါတယ်။

    အခုတစ်ကြိမ်ကျင်းပတဲ့အမျိုးသားလွှတ်တော်အစည်းအဝေးဟာ တတိယအကြိမ်ဖြစ်ပြီး လွှတ်တော်အစည်းအဝေးပွဲ စတင်ကျင်းပဖို့ သဘာပတိကို အရင်ရွေးချယ်ကြဖို့ရှိပါတယ်။

    သဘာပတိ ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်ကနေ ဒီနေ့ တစ်နေ့တည်းမှာပဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်မှာဖြစ်ပါတယ်။

    အမျိုးသားလွှတ်တော်က မတ်လ ၁၈ ၇က် မြင်ကွင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

  11. ကာလုံ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရေပန်းစား

    နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးနေ့ အစမှာပဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌတွေကို ရွေးချယ်သွားဖို့ရှိပြီး အဲဒီနေရာတွေအတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးရဲ့အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ စစ်ကော်မရှင်ဝန်ကြီး ဦးဂျာဖမ်းနော်တောင်တို့ ရေပန်းစားနေတယ်လို့ လွှတ်တော်အသိုင်းအဝိုင်းကနေ သိရပါတယ်။

    ဦးအောင်လင်းဒွေးက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာ၊ ဦးဂျာဖမ်းနော်တောင်က အမျိုးသားလွှတ်တော် ဒုက္ကဋ္ဌ အဖြစ်ရေးပန်းစားနေတယ်လို့ ဆိုပါတယ်။

    လက်ရှိ နိုင်ငံတော်ကာကွယ်ရေးရဲ့လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်လည်းဖြစ်၊ အရင် စစ်ကောင်စီ အတွင်းရေးမှူးလည်းဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဟာ မန္တလေးတိုင်း အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာပါ။

    ဦးဂျာဖမ်းနော်တောင်ကတော့ စစ်ကော်မရှင် အားကစား၊လူငယ်နဲ့ ဟိုတယ်/ခရီးသွားဝန်ကြီး ရာထူးယူထားပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားပါတယ်။

    သူဟာ အလုပ်သင်ဗိုလ်လောင်းအပတ်စဉ် ၅ သင်တန်းဆင်းဖြစ်ပြီး အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးလည်းဖြစ်ပါတယ်။

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာနဲ့ ဒုဥက္ကဋ္ဌနေရာတွေအတွက် ရေပန်းစားသူ ၂ ဦးစလုံးဟာ စစ်တပ်ကျင်းပတဲ့ ဒီဇင်ဘာရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက် မဲယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူတွေဖြစ်ပါတယ်။

    ဒီနေ့ လွှတ်တော်အစည်းအဝေးကို သဘာပတိတစ်ဦးက စတင်ကျင်းပပေးမှာဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ဒုတိယဥက္ကဋ္ဌတွေကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရာထူးဟာ သမ္မတရွေးချယ်ရေးအတွက် အခရာကျပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်တာကို ပြုလုပ်မှာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ဦးဆောင်ရမှာပါ။

    ၂၀၂၀ ‌ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ ဒုတိယအကြိမ် လွှတ်တော်အသစ် စတင်ဖို့ ပြင်နေချိန်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

    အဲဒီနောက် ၅ နှစ်အကြာမှာ စစ်တပ်က ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနဲ့ အခုနှစ် ဇန်နဝါရီလတို့မှာ ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီးတဲ့နောက် အခုလို တတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

  12. မင်္ဂလာပါ။ မတ် ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now