အီရန်ခေါင်းဆောင်ပိုင်းဗဟိုချက်ကို ထိုးနှက်မှုဖြစ်လာတဲ့လုံခြုံရေးအကြီးအကဲ လုပ်ကြံခံရမှု

    • ရေးသားသူ, အမီးရ် အဇီမီ
    • ရာထူးတာဝန်, ဘီဘီစီ(ပါရှန်ဌာန)
  • ဖတ်ရန်အချိန်: မိနစ် ၆

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အီရန် လုံခြုံရေးခေါင်းဆောင် အလီ လာရီဂျာနီ သေဆုံးသွားတာက အရေးကြီးတဲ့အချိန်မှာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအတွက် အတွေ့အကြုံများတဲ့ မူဝါဒချမှတ်သူတစ်ဦးကို ဖယ်ရှားလိုက်သလို ဖြစ်သွားပါတယ်။

လာရီဂျာနီဟာ စစ်တပ်အရာရှိ မဟုတ်ပေမဲ့ အီရန်ရဲ့မဟာဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပုံဖော်ရာမှာ အရေးပါဆုံးလူ တစ်ဦးဖြစ်ပါတယ်။

အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီရဲ့အတွင်းရေးမှူးဖြစ်တဲ့ သူဟာ အီရန်ရဲ့စစ်ပွဲ၊ သံတမန်ရေးနဲ့ နိုင်ငံလုံခြုံရေးဆိုင်ရာဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အဓိကနေရာကနေ ပါဝင်နေခဲ့ပါတယ်။

အထူးသဖြင့် အမေရိကန်၊ အစ္စရေးတို့နဲ့ ရင်ဆိုင်နေရတဲ့အခြေအနေတွေကို ကိုင်တွယ်ရာမှာ သူ့ရဲ့အသံဟာ စနစ်အတွင်းမှာ အလွန်အရေးပါပြီး သက်ရောက်မှုကြီးမားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးသွားပြီးနောက် သဘောထားတင်းမာတဲ့ လာရီဂျာနီက လုံးဝအလျှော့မပေးတဲ့လေသံနဲ့ ပြောဆိုခဲ့ပြီး ပဋိပက္ခ ရှည်ပင်ရှည်စေ အဲဒီအတွက် အီရန်အနေနဲ့ ပြင်ဆင်ထားတယ်ဆိုတာကို ပြသခဲ့သူဖြစ်ပါတယ်။

အခုတော့ သူ့သေဆုံးမှုကို အစိုးရမီဒီယာက အတည်ပြုပါတယ်။ ဒီအဖြစ်အပျက်ကလည်း အချိန်တိုအတွင်း အီရန်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စစ်တပ်ခေါင်းဆောင်တချို့ ဆက်တိုက် သေဆုံးနေတဲ့အခြေအနေအတွင်း ဖြစ်ပေါ်လာတာပါ။ ဒီလိုပုံစံကို ကြည့်ရင် စစ်ပွဲကာလအတွင်း အီရန်ရဲ့ခေါင်းဆောင်မှု ဖွဲ့စည်းပုံကို အားနည်းအောင် ဆက်လက် ဖိအားပေးနေတဲ့လှုပ်ရှားမှုတစ်ရပ် ဖြစ်နိုင်တယ်လို့ နားလည်ရပါတယ်။

အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ တင်းမာတဲ့ရပ်တည်ချက်ရှိခဲ့ပေမဲ့ လာရီဂျာနီကို အီရန်အတွင်းမှာတော့ လက်တွေ့ကျသူတစ်ယောက်အဖြစ် မကြာခဏ ဖော်ပြကြပါတယ်။ သူဟာ အယူဝါဒပေါ်မှာ သစ္စာရှိမှုကို နည်းပညာအခြေပြု စီမံခန့်ခွဲမှုနည်းလမ်းတွေနဲ့ ပေါင်းစပ်ထားပြီး အပြောထက် လက်တွေ့ကျတဲ့မဟာဗျူဟာကို ပိုပြီး ဦးစားပေးသူ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ရေးအပေါ်မှာတော့ သူက သံသယပြင်းပြင်းနဲ့ ရှိနေခဲ့ပေမယ့်လည်း အရေးကြီးတဲ့သံတမန်ရေးကြိုးပမ်းမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် အီရန်နဲ့ တရုတ်နိုင်ငံကြား ရေရှည်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်မှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

သူ သေဆုံးသွားတဲ့အချိန်မှာ လာရီဂျာနီဟာ အရေးကြီးတဲ့ အကျပ်အတည်းကြီး သုံးခုကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပါတယ်။

ပထမတစ်ခုကတော့ စစ်ပွဲပါ။ သူက အီရန်အနေနဲ့ ရှည်လျားတဲ့တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်ထားသင့်ပြီး၊ ပဋိပက္ခကို ဒေသတစ်ခုလုံးနဲ့ အပြင်ဘက်အထိ ချဲ့ထွင်သင့်တယ်လို့ ယူဆထားပါတယ်။ အဲဒီထဲမှာ ဟော်မုစ် ရေလမ်းကြောင်းကို ပိတ်သိမ်းဖို့အထိ ပါဝင်ပါတယ်။

ဒုတိယတစ်ခုကတော့ နိုင်ငံအတွင်း မငြိမ်မသက်မှု လှိုင်းတစ်ခုပါ။ ဒါက စီးပွားရေး ပြဿနာတွေကနေ စတင်ခဲ့ပေမဲ့ မကြာခင်မှာပဲ အစ္စလာမ္မစ်သမ္မတနိုင်ငံကို ဖြုတ်ချဖို့ ရည်ရွယ်တဲ့ကျယ်ပြန့်တဲ့ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီဆန္ဒပြမှုတွေကိုတော့ အာဏာပိုင်တွေဘက်က ပြင်းထန်စွာ ဖိနှိပ်ခဲ့ပြီး နိုင်ငံတဝန်းမှာ ဆန္ဒပြသူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

တတိယအချက်ကတော့ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ ဝါရှင်တန်နဲ့ တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးပွဲတွေ ရပ်တန့်နေတဲ့အခြေအနေပါ။ ဒီနှစ်ခုလုံးကလည်း စစ်ရေးတိုက်ခိုက်မှုတွေကြောင့် မတည်မငြိမ်ဖြစ်နေပြီးသားပါ။

သူ့ကို ဖယ်ရှားလိုက်တာကြောင့် ဒီပြဿနာတွေဟာ မဖြေရှင်းရသေးဘဲ ကျန်ရှိနေပြီး အခုတော့ လက်ရှိမှာ ဘယ်သူဘယ်ဝါမှန်းမသိရသေးတဲ့ သူ့နေရာ ဆက်ခံမယ့် ခေါင်းဆောင်တစ်ယောက်ဆီကို လွှဲပြောင်းသွားပါတယ်။ အဲဒီခေါင်းဆောင်ကလည်း အလွန်မတည်ငြိမ်တဲ့ အခြေအနေထဲမှာ တာဝန်ယူရမှာ ဖြစ်ပါတယ်။

အီရန်ဘက်က တချို့အပိုင်းတွေမှာ တည်ငြိမ်မှုကို ထိန်းထားနိုင်သေးတာတွေ ရှိပေမဲ့ (ဥပမာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်ကို သက်ရောက်အောင် လှုပ်ရှားနိုင်ခြင်း) သူတို့ရဲ့ လေကြောင်းပိုင်နက်ကတော့ ဆက်လက် တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေထဲမှာပဲ ရှိနေဆဲပါ။

ဒါကြောင့် အသစ်တက်လာမယ့် အကြီးတန်းခေါင်းဆောင် ဘယ်သူမဆို ချက်ချင်းပဲ ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တဲ့အန္တရာယ်ကို ရင်ဆိုင်ရနိုင်ပါတယ်။

ဒါက အာဏာကို စစ်တပ်ဘက်ကို ပိုပြီး ရွှေ့ပြောင်းသွားစေနိုင်ပါတယ်။ သမ္မတ မာဆု ပဇက်ရှ်ကီယန်ရဲ့ မကြာသေးခင်က ပြောဆိုချက်တွေကို ကြည့်ရင် ထိပ်ပိုင်းခေါင်းဆောင်တွေ အလုပ်မလုပ်နိုင်တဲ့အခြေအနေ ဖြစ်လာခဲ့ရင် လက်နက်ကိုင်တပ်ဖွဲ့တွေကို အာဏာကျယ်ကျယ်ပြန့်ပြန့် အသုံးချခွင့် ပေးထားသလို ဖြစ်နေပါတယ်။ လက်တွေ့ဆိုရင် ဆုံးဖြတ်ချက်တွေကို ပိုမြန်မြန် ချနိုင်လာနိုင်ပေမဲ့ ဗဟိုကနေ ညှိနှိုင်းထိန်းချုပ်မှုတော့ နည်းလာနိုင်ပါတယ်။

အခြားဘက်မှာလည်း ခေါင်းဆောင်မှုဆက်ခံရေးကို စီမံခန့်ခွဲရာမှာ အခက်အခဲတွေ ရှိနေတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ အီရန်ဘက်က အချို့ကြေညာချက်တွေကို နှောင့်နှေးထုတ်ပြန်နေသလို၊ အချို့ပုဂ္ဂိုလ်တွေ အသစ်ခေါင်းဆောင်ဖြစ်လာတဲ့ မို့ချ်တာဘာ ခါမေနီအပါအဝင် အခြားထိပ်ပိုင်းခေါင်းဆောင်တွေကို လူရှေ့မထွက်အောင် ထိန်းထားပါတယ်။ ဒါက လုံခြုံရေးအကြောင်းကြောင့်လား ဒါမှမဟုတ် အတွင်းပိုင်း မသေချာမှုတွေကြောင့်လားဆိုတာတော့ မရှင်းလင်းသေးပါဘူး။

တိုတောင်းတဲ့အချိန်အတွင်းမှာတော့ အီရန်ရဲ့အခြေအနေက ပိုပြီး မတည်ငြိမ်မှုဖြစ်လာနိုင်ပါတယ်။ စစ်ပွဲမှာ ပိုပြီးတင်းကျပ်တဲ့စစ်ရေးရပ်တည်မှုတွေ ဖြစ်လာနိုင်သလို နိုင်ငံအတွင်းမှာလည်း ဖိနှိပ်မှုတွေ ပိုမိုပြင်းထန်လာနိုင်ပါတယ်။ ဒါအပြင် အီရန် စစ်တပ်အကြီးအကဲ အမီးရ် ဟာတာမီ ကလည်း လာရီဂျာနီ သေဆုံးမှုအတွက် "ပြင်းထန်တဲ့တုန့်ပြန်မှု" ပြုလုပ်မယ်လို့ ခြိမ်းခြောက် ပြောဆိုထားပါတယ်။

အချိန်ကြာလာတာနဲ့အမျှ အီရန်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကို ဆက်တိုက်ဆုံးရှုံးနေရမှုက ပိုတိုးဖြစ်လာရင် လူဦးရေ သန်း ၉၀ ကျော်ရှိတဲ့ နိုင်ငံတစ်နိုင်ငံကို ထိထိရောက်ရောက် လည်ပတ်နိုင်ဖို့ ပိုပြီးခက်ခဲလာနိုင်ပါတယ်။

ဒါကြောင့် လာရီဂျာနီ သေဆုံးသွားတဲ့အကြောင်းက ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်ပဲ ဆုံးရှုံးသွားတယ်လို့ မဆိုနိုင်ပါဘူး။ ဒါက စစ်ပွဲရဲ့လမ်းကြောင်းကိုပါ သက်ရောက်နိုင်သလို အီရန်နိုင်ငံရဲ့ တည်ငြိမ်ရေးကိုပါ ထိခိုက်စေနိုင်တဲ့ ခေါင်းဆောင်မှုအကျပ်အတည်းကို ပိုပြီးပေါ်လွင်စေတဲ့ ဖြစ်ရပ်တစ်ခုပါ။