ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ အာရှလမ်းနဲ့ အမှတ် ၂ တံတားပြန်ဖွင့်တော့မယ်ဆိုတဲ့သတင်းထွက်ပေါ်မှုနဲ့ အတူ ကုန်သွယ်ရေးဇုန်မှာ ပြင်ဆင်မှုတွေရှိတယ်လို့ ကုန်သည်အသိုင်းအဝိုင်းဆီက သိရှိရပါတယ်။
အာရှလမ်းကို မတ်နဲ့ ဧပြီလဆန်းပိုင်းမှာ ဖွင့်လာနိုင်ခြေရှိတာကို သိထားရကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“ ဒီရက်ပိုင်းအတွင်း ဂိတ် ၂ ဘက်မှာ ရုံးပိုင်းတွေလာပြင်နေတာရှိတယ်။ ကုန်သည်တွေလည်း တံတားပိတ်ကတည်းက လိုင်စင်တွေ ဒိတ်အောက်ကုန်ပြီဆိုတော့ နေပြည်တော်ပြန်တင်နေကြပြီ” လို့ သူကပြောပါတယ်။
နောက်ထပ်ကုန်သည်တစ်ဦးကလည်း မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်နဲ့ ကုန်သွယ်ရေးအတွက် ပြင်ဆင်နေတဲ့အခြေအနေက မှန်တယ်လို့ သူက ဆိုပါတယ်။
“ထိုင်းကုန်သည်တွေဘက်ကလည်း ဒီဘက်ကအခြေအနေကိုလှမ်းမေးကြတယ်။ ဂိတ်ပြန်ဖွင့်ရင် တော့အကောင်းဆုံးပဲပေါ့” လို့ သူကပြောပါတယ်။
ကုန်သည်တွေဘက်ကတော့ နေပြည်တော် စီးပွားကူးသန်းနဲ့ နယ်စပ်ကုန်သွယ်ရေးတွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကော်မတီ FESC တို့ကနေ မြဝတီနယ်စပ်ကုန်သွယ်ရေးသမားတွေ အတွက် လိုင်စင်ကိစ္စဦးစားပေး စဥ်းစာပေးဖို့မျှော်လင့်တယ်လို့ နယ်စပ်ကုန်သွယ်ရေးသမားတွေက ဆိုပါတယ်။
စစ်ကော်မရှင်နဲ့ ထိုင်းစစ်ဘက်ရေးရာအဖွဲ့ တွေဟာ နယ်စပ်ကုန်သွယ်ရေးပြန်လည်ဖွင့်လှစ်ဖို့ ဒီနှစ်ထဲမှာ ခပ်စိတ်စိတ်တွေ့လာပြီး မနေ့ကလည်း တာ့ခ်ခရိုင်၊ ရာမနုအထူးတပ်ဖွဲ့ဌာနချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။
တဖက်မှာလည်း မြဝတီနယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ချိန်မှာ အာရှလမ်းတလျှောက် လုံခြုံရေးအာမခံချက် ဘယ်လောက်ရှိမလဲဆိုတာကိုလည်းနှစ်ဖက်ကုန်သည်တွေမှာ စိုးရိမ်ချက်တွေရှိပါတယ်။
မြဝတီနယ်ခံတွေရဲ့ ပြောပြချက်အရ ရှေ့နှစ်ကတည်းက စစ်ကော်မရှင်အနေနဲ့ အာရှလမ်းကိုထိန်းထားနိုင်တဲ့ အခြေအနေရှိပေမဲ့ ကုန်သွယ်ရေးကားတွေဘက်က လုံခြုံရေးစိုးရိမ် ချက်ကြောင့် ရှောင်ကွင်းလမ်းကနေသာ သွားလာနေတယ်လို့ သိရပါတယ်။