ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘီဘီစီ ညွှန်ချုပ်အဖြစ် ဂူဂဲလ် အမှုဆောင် အရာရှိဟောင်း မက်ထ် ဘရစ်တင်ကို ခန့်
ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ်သစ်အဖြစ် ဂူဂဲလ် ကုမ္ပဏီက အမှုဆောင်အရာရှိဟောင်း မက်ထ် ဘရစ်တင်ကို ခန့်အပ်ကြောင်း ဘီဘီစီဘုတ်အဖွဲ့က ကြေညာလိုက်ပါတယ်။
မက်ထ် ဘရစ်တင်ဟာ ဂူဂဲလ်ရဲ့ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဆိုင်ရာ လုပ်ငန်းဥက္ကဋ္ဌဟောင်းဖြစ်ပြီး နုတ်ထွက်တော့မယ့် ဘီဘီစီညွှန်ကြားရေးမှူးချုပ် တင်မ်ဒေးဗီးနေရာကို ဆက်ခံမှာပါ။
အမေရိကန် သမ္မတထရမ့်ရဲ့ မိန့်ခွန်းကို ဘီဘီစီ ပန်နိုရားမား အစီအစဉ်မှာ ဖြတ်တောက်တင်ဆက်ခဲ့မှုကြောင့် အငြင်းပွားစရာတွေ ပေါ်ပေါက်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက တင်မ်ဒေဗီက ရာထူးက အနားယူမယ်လို့ ကြေညာခဲ့ပါတယ်။
မစ္စတာဘရစ်တင်ဟာ ဂူဂဲလ်မှာ ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မနှစ်က အလုပ်ကနားခဲ့ပါတယ်။
သူဟာ နာမယ်ကြီး နည်းပညာကုမ္ပဏီ ဂူဂဲလ်မှာ အဆင့်မြင့် ခေါင်းဆောင်ရာထူး ထမ်းဆောင်ခဲ့တဲ့ နက်ရှိုင်းတဲ့ အတွေ့အကြုံတွေ ယူဆောင်လာပြီး ဘီဘီစီမှာ အပြောင်းအလဲတွေလုပ် ဦးဆောင်သွားလိမ့်မယ်လို့ ဘီဘီစီဘုတ်အဖွဲ့ဥက္ကဋ္ဌ ဆာမီယာရှားက ပြောပါတယ်။
အသက် ၅၇ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာဘရစ်တင် ကတော့ အခွင့်အလမ်းသစ်တွေ၊ စွန့်စားမှုတွေကို စပြီး အလုပ်လုပ်ဖို့ အသင့်ရှိနေပါပြီလို့ ဆိုပါတယ်။
"ရှုပ်ထွေးပြီး မသေချာမရေရာမှုတွေ ရှိတဲ့၊ အလျင်အမြန် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ လူတိုင်းအတွက် အလုပ်လုပ်ပေးနိုင်ပြီး ရှင်သန်အောင်မြင်တဲ့ ဘီဘီစီလို အဖွဲ့အစည်းမျိုး" ယူကေမှာ လိုအပ်တယ်လို့ သူကပြောပါတယ်။
"ဘီဘီစီဟာ သတင်းတွေရှိတဲ့နေရာနဲ့ ပရိသတ်တွေရှိတဲ့နေရာ နှစ်နေရာစလုံးမှာ ရှိနိုင်ဖို့ အရှိန်နဲ့ စွမ်းအင် လိုအပ်တယ်။ အများနဲ့ ထိတွေ့ဆက်ဆံမှု၊ ယုံကြည်မှုနဲ့ ဖန်တီးမှုဆိုင်ရာ အားသာချက်တွေကို ဒီနေ့ခေတ်မှာ တည်ဆောက်ပြီး စိန်ခေါ်မှုတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ကာ အနာဂတ်အတွက် သင့်တော်မယ့် ပြည်သူ့ဝန်ဆောင်မှုသတင်းဌာနအဖြစ် ရှင်သန်ဖို့ လိုအပ်တယ်" လို့ သူ့ရဲ့ လုပ်ငန်းစဉ်ကို ပြောကြားခဲ့ပါတယ်။
အရေးတကြီးအချိန်မှာ ရောက်လာသူ
ဘီဘီစီဥက္ကဋ္ဌ ဆာမီယာရှားက မစ္စတာဘရစ်တင်ကို "မီဒီယာစျေးကွက်နဲ့ ပရိသတ်တွေမှာ ဖြစ်ပေါ်နေတဲ့ အလေ့အထအပြောင်းအလဲတွေကို ကျော်ဖြတ်ပြီး ဒီအဖွဲ့အစည်းကို ဦးဆောင် သွားဖို့ လိုအပ်တဲ့ အရည်အချင်းတွေရှိတဲ့ ထူးချွန်တဲ့ ခေါင်းဆောင်" အဖြစ် ချီးကျူးခဲ့ပါတယ်။
မစ္စတာဘရစ်တင်ရဲ့ "ဘီဘီစီအပေါ်ထားတဲ့ စိတ်အားထက်သန်မှု၊ အဖွဲ့အစည်းရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နားလည်ပြီး၊ ဘီဘီစီရဲ့ လွတ်လပ်မှုအတွက် ကတိကဝတ်ပြုမှုနဲ့ ဘီဘီစီကို အကြီးမားဆုံး နိုင်ငံပိုင် ပစ္စည်းတစ်ခုအဖြစ် ထိန်းသိမ်းထားဖို့ စိတ်ပိုင်းဖြတ်မှု" ကိုလည်းဘီဘီစီ ဥက္ကဋ္ဌက ချီးကျူးပြောကြားခဲ့ပါတယ်။
ဘီဘီစီရဲ့ တော်ဝင်ပဋိဉာဉ်ကို အစိုးရက ပြန်လည်သုံးသပ်နေချိန်မှာ ညွှန်ကြားရေးမှူးချုပ်အသစ်ဟာ ဘီဘီစီရဲ့ "အရေးပါတဲ့အချိန်" မှာ ဝင်ရောက် လုပ်ကိုင်တာဖြစ်တယ်လို့ ရှားက ဆက်ပြောပါတယ်။
"ဘီဘီစီ၊ သူရဲ့ ရန်ပုံငွေပုံစံနဲ့ လည်ပတ်နေတဲ့ မူဘောင်တို့အတွက် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှု လိုအပ်နေတာ ရှင်းပါတယ်။ ဘီဘီစီအတွက်ရော ပြည်သူ့အသံလွှင့်ဝန်ဆောင်မှုရဲ့ အနာဂတ်အတွက်ပါ အရေးပါမှုဟာ အခုအချိန်လောက် ဘယ်တုန်းကမှ မမြင့်မားခဲ့ဖူးပါဘူး" လို့ သူက ဆိုပါတယ်။
ဘီဘီစီရဲ့ ညွှန်ချုပ်ရာထူးကို ဗြိတိန်မီဒီယာလောကမှာ အခက်ခဲဆုံး ရာထူးတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
မစ္စတာဒေးဗီးဟာ ၁၇ ယောက်မြောက် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်မှာကော်ပိုရေးရှင်းရဲ့ အရှုပ်တော်ပုံတွေနဲ့ အကျပ်အတည်း တော်တော်များများကို ကိုင်တွယ်ဖြေရှင်း ခဲ့ရပါတယ်။
အခု မစ္စတာဘရစ်တင် ရင်ဆိုင် ဖြေရှင်းရမယ့် ဦးစားပေးအလုပ်တွေထဲမှာ အမေရိကန်သမ္မတက ဘီဘီစီကို တိုင်ကြားထားတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ တောင်းဆိုထားတဲ့ အသရေဖျက်မှုဆိုင်ရာ တရားစွဲဆိုမှုကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ပါဝင်ပါတယ်။
ထရမ့်က ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တုန်းက သူပြောကြားခဲ့တဲ့ မိန့်ခွန်းရဲ့ အပိုင်းနှစ်ပိုင်းကို ဘီဘီစီရဲ့ ပန်နိုရာမာအစီအစဉ်က ပေါင်းစပ်တည်းဖြတ်ခဲ့တာကို ကန့်ကွက်ခဲ့ပြီး အဲဒီအတွက် ဘီဘီစီက ဝန်ချတောင်းပန်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ ဘီဘီစီက အဲဒီ ပါနိုရာမာ မှတ်တမ်းရုပ်သံဟာ အမေရိကန်မှာ ထုတ်လွှင့်ခဲ့ခြင်းမရှိဘူးလို့ ဆိုပြီး တရားစွဲဆိုမှုကို ပယ်ချပေးဖို့ တရားရုံးကို တိုက်တွန်းခဲ့ပါတယ်။
အလှည့်အပြောင်းကာလ ရောက်နေတဲ့ ဘီဘီစီ
ဘီဘီစီအတွက် အရေးတကြီးရှိနေချိန်မှာ ညွှန်ကြားရေးမှူးချုပ်အသစ် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
ကော်ပိုရေးရှင်းရဲ့ပဋိဉာဉ်၊ ပြည်သူလူထုဆီက ကောက်ခံတဲ့ ရုပ်သံလိုင်စင်အခကြေးငွေကိစ္စအပါအဝင် ဘီဘီစီရန်ပုံငွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အစိုးရနဲ့ ဆက်လက် ညှိနှိုင်းသွားရဖို့ ရှိနေချိန် ဖြစ်ပါတယ်။
ဘီဘီစီ ဆက်ရပ်တည်ဖို့ စည်းမျဉ်းတွေနဲ့ ရည်ရွယ်ချက်တွေကို သတ်မှတ်ပေးထားတဲ့ လက်ရှိပဋိဉာဉ်ဟာ ၂၀၂၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံး တော့မှာ ဖြစ်ပါတယ်။
မစ္စတာဘရစ်တင်ကို ခန့်အပ်ချိန်ဟာ ဘီဘီစီဟာ ဒစ်ဂျစ်တယ်မီဒီယာစျေးကွက်မှာ နည်းပညာကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြိုင်နေရချိန်လည်း ဖြစ်ပါတယ်။
ဂူဂဲလ်ရဲ့ မိခင်ကုမ္ပဏီက ယူကျုကို ပိုင်ဆိုင်ထားပြီး ယူကျူနဲ့ ဘီဘီစီတို့ဟာ ပရိသတ်အတွက် သီးသန့် စိတ်ကြိုက်အကြောင်းအရာတွေကို ဖန်တီးဖို့ သမိုင်းဝင်သဘောတူညီချက်တစ်ရပ် မကြာသေးခင်က လုပ်ထားခဲ့ပါတယ်။
နည်းပညာ ကုမ္ပဏီအတွေ့အကြုံရှိသူကို ရတာ အပိုဆုလား
ဂူဂဲလ်က အတွင်းလူတွေက မစ္စတာဘရစ်တင် ကို "အားကျဖွယ်ရာ ခေါင်းဆောင်၊ အကောင်းဆုံးအသင်းဖော်တစ်ဦးအဖြစ် သူ့အကြောင်း အကောင်းတွေဘဲ ပြောကြတယ်" လို့ ဘီဘီစီရဲ့ မီဒီယာအယ်ဒီတာ ကေတီ ရာဇဲလ်က မကြာသေးခင်က ရေးသားခဲ့ပါတယ်။
တချို့ကတော့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအတွေ့အကြုံ ဒါမှမဟုတ် အစဥ်အလာ သတင်းအယ်ဒီတာအတွေ့အကြုံတွေထက် နည်းပညာနောက်ခံရှိသူတစ်ဦးကို ဘီဘီစီက ခန့်အပ်ခဲ့တဲ့အပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဒါပေမယ့် ကေတီရာဇဲလ်ကတော့ "သူ့ကို ဘီဘီစီဘုတ်အဖွဲ့က နည်းပညာ ကုမ္ပဏီကြီးတွေ အကြောင်း အတွင်းကျကျ သိရှိတဲ့အတွက် ရွေးချယ်ခဲ့တာပါ။ ဥပမာ သတင်းတွေကို ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကနေ တင်ဆက် အရှိန်မြှင့် ဆောင်ရွက်သွားဖို့ သူကြိုးစား သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဘီဘီစီ အိုင်ပလေယာကို အသွင်ပြောင်းပြီး ဆန်းသစ်တီထွင်တာကိုလည်း သူ အာရုံစိုက်ဖွယ်ရှိပါတယ်" လို့ ရေးသားခဲ့ပါတယ်။
ဂူဂဲလ် မှာ မစ္စတာဘရစ်တင်နဲ့ အတူတွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ ဘီဘီစီ နယူးနိုက်စ် အယ်ဒီတာဟောင်း ပီတာ ဘယ်ရန်က သူဟာ "ပြည်သူ့ဝန်ဆောင်တဲ့အပိုင်းမှာ တကယ့်ကို စိတ်အားထက်သန်သူ" လို့ ဆိုပါတယ်။
"သူဟာ ဘီဘီစီကို ယုံကြည်ရတဲ့ သတင်းဌာန အဖြစ် ၊ ဘီဘီစီရဲ့ ဖန်တီး တင်ဆက်မှု အစွမ်းတွေကို နှစ်သက်သလို ဘီဘီစီရဲ့ နည်းပညာပိုင်းမှာ ဦးဆောင်ခဲ့တဲ့ သမိုင်းကြောင်းတွေကိုလည်း သိရှိနားလည်ထားပါတယ်။
"ဘီဘီစီရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေဟာ နည်းပညာတွေနဲ့ ဆက်စပ်မှုရှိပြီး အွန်လိုင်းပေါ်က ပရိသတ်တွေရဲ့ ဩဇာလွှမ်းမိုးမှု၊ အွန်လိုင်းသတင်းမှားတွေ (ဒါမှမဟုတ်) လူတွေ ဘယ်လိုသတင်းမျိုး ကြည့်ချင်သလဲ စတဲ့ နည်းပညာနဲ့ ဆက်စပ်နေတဲ့ ကမ္ဘာကြီးမှာ သူက ဘီဘီစီ ကို ရှင်သန်ကြီးထွားစေချင်တာ ဖြစ်ပါတယ်။
"နည်းပညာ လောကမှာ သူ့ရဲ့အတွေ့အကြုံနဲ့ ချိတ်ဆက်မှုတွေ၊ ထုတ်လွှင့်သူတွေ၊ သတင်းလုပ်ငန်း၊ စည်းကြပ်ထိန်းကျောင်းသူတွေအပြင် အစိုးရ အဖွဲ့အစည်းအသီးသီးနဲ့ သူတည်ဆောက်ထားတဲ့ ဆက်ဆံရေးတွေကြောင့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ သူဟာ အလွန်သင့်တော်တဲ့နေရာမှာ ရှိနေတယ်" လို့ ပီတာ ဘယ်ရန်က ဆိုပါတယ်။
မက်ထ် ဘရစ်တင် အကြောင်း
ဘရစ်တင်ဟာ ဗြိတိန် ဆာရေး အရပ်က ဝေါလ်တွန်အွန်သိမ်းစ် မှာ မွေးဖွားခဲ့ပြီး ကိန်းဘရစ်တက္ကသိုလ် ကနေ ဘွဲ့ရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ တက္ကသိုလ် လှေလှော်ပြိုင်ပွဲမှာ ကိန်းဘရစ် တက္ကသိုလ်ကိုယ်စားပြုအသင်းမှာ သုံးကြိမ်တိုင် လှေလှော်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ဗြိတိန် ကိုယ်စား လှေလှော်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ် ကမ္ဘာ့လှေလှော်ချန်ပီယံပြိုင်ပွဲမှာ ကြေးတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။
ကိန်းဘရစ် တက္ကသိုလ်မှာ ပညာသင်ခဲ့ပြီးနောက် ဘရစ်တင်ဟာ London Business School ကနေ မဟာဘွဲ့ ရခဲ့ပြီး Trinity Mirror ကျောင်းမှာ စီးပွားရေးဒါရိုက်တာ၊ မဟာဗျူဟာနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ ဂူဂဲလ်ကုမ္ပဏီမှာ စတင် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး နှစ်နှစ်အကြာမှာတော့ ယူကေလုပ်ငန်းဆိုင်ရာ ဒါရိုက်တာ ဖြစ်လာတာပါ။ ၂၀၁၁ ခုနှစ်မှာ ဥရောပမြောက်ပိုင်းနဲ့ အလယ်ပိုင်း ဆိုင်ရာ ဒုဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။
၂၀၁၄ ခုနှစ် မှာတော့ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိက ဆိုင်ရာ ဂူဂဲလ် ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။
သူဟာ မနှစ်က ဂူဂဲလ် ကုမ္ပဏီက ထွက်လာပြီးတဲ့နောက် အလုပ်တွေက ခဏတာအနားယူထားတယ်လို့ ပြောခဲ့ပါတယ်။
သူ အလုပ်မလုပ်တဲ့ အချိန်မှာ ဘဝကို ဘယ်လို ဖြတ်သန်း နေသလဲဆိုတာကို သူ့ LinkedIn အကောင့်မှာ ပြောတာကတော့ "မုတ်ဆိတ်မွေးထားလိုက်ပြီ၊ လှေလှော်စက်လှေတစ်စင်း ဝယ်လိုက်တယ်၊ ကျွန်တော့်သား ရေငုပ်သင်တန်းနည်းပြဆရာ ဖြစ်လာတဲ့အခါ သူ့ဆီမှာ ရေငုပ်သင်တန်းတက်ဖို့ စီစဉ်ထားတယ်" လို့ ဆိုပါတယ်။
မနှစ်ကလည်း Guardian Media Group ရဲ့ အချိန်ပိုင်းဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပေမယ့် အခုတော့ အဲဒီ ရာထူးကနေ နုတ်ထွက်လိုက်ပါပြီ။
သူဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ နည်းပညာနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ ဆောင်ရွက်ချက်တွေအတွက် ဘုရင့် နှစ်သစ်ဂုဏ်ပြုစာရင်းမှာ CBE ဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။
"ရုပ်မြင်သံကြား ကြည့်ရှုခြင်း၊ ရုပ်မြင်သံကြားကနေ သင်ယူခြင်းနဲ့ ရုပ်မြင်သံကြားက ရတဲ့ တန်ဖိုးရှိတဲ့ အရာတွေဟာ ဘဝမှာ တခြားအရာတွေထက် ပိုပြီး ပုံဖော်ပေးခဲ့ပါတယ်လို့ ရုပ်မြင်သံကြားနဲ့ သူ့ကြားဆက်ဆံမှုနဲ့ ပတ်သက်လို့ မနှစ်က Royal Television Society မှာ ပြောကြားခဲ့ပါတယ်။
"Morecambe & Wise လို ရုပ်မြင်သံကြား အစီအစဉ် ၊ Nine O'Clock News နဲ့ Not The Nine O'Clock News လို့ သတင်းအစီအစဉ်တွေ ၊ Thunderbirds၊ Captain Scarlet၊ အထူးသဖြင့် Doctor Who တို့လို့ အစီအစဉ်တွေ ကြိုက်တယ်လို့ ဆိုပါတယ်။
"နည်းပညာလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ လူတွေဟာ အဲဒီလို ရုပ်သံအစီအစဉ်တွေထဲက သိပ္ပံပညာ၊ နည်းပညာ သရုပ်ဖော်ပုံတွေကနေ ပုံဖော်ခံခဲ့ရတာပါ" လို့ သူက ဆိုပါတယ်။
မစ္စတာ ဘရစ်တင်ရဲ့ အရင်အလုပ်တွေထဲက တစ်စိတ်တစ်ပိုင်းအဖြစ် ပါလီမန်ကော်မတီ ရှေ့မှောက် အစီရင်ခံတင်ပြရတာတွေ ရှိခဲ့ပြီး ယူကေမှာ ဂူဂဲလ်ကုမ္ပဏီရဲ့ အခွန်ပေးဆောင်မှုနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်တာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
ဂူဂဲလ် အခွန်ဆောင်မှုနဲ့ ပတ်သက်လို့ စစ်မေးခံခဲ့ရ
ဂူဂဲလ်က အပြည့်အဝ အခွန်ပေးဆောင်မှု ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်လို့ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာ လွှတ်တော်အမတ်တွေနဲ့ အပြင်းအထန် ငြင်းခုံဆွေးနွေးမှု အတွင်းမှာ သူက ကုမ္ပဏီကို ခုခံကာကွယ်နိုင်ခဲ့ပါတယ်။
အဲဒီ အငြင်းပွားမှုကနေ ဂူဂဲလ်အခွန်လို့ အမည်တွင်တဲ့ အခွန်စနစ်တစ်ခုပေါ်လာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ သူတို့ကုမ္ပဏီက ပေါင် သန်း ၁၃၀ နောက်ကျခွန်ကို ပေးဆောင်ဖို့ သဘောတူခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ကို အစိုးရက "အောင်ပွဲ" အဖြစ် ဂုဏ်ယူပြောခဲ့ပေမယ့် ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။
အဲဒီနှစ်မှာဘဲ လွှတ်တော်အမတ်တွေ ရှေ့မှောက်မှာ နောက်တစ်ကြိမ်စစ်မေးခံခဲ့ရပြီး မစ္စတာ ဘရစ်တင်က သူ့ လစာပမာဏကို မသိကြောင်း ပြောကြားခဲ့တာကို လွှတ်တော်အမတ်တွေက မယုံနိုင်စရာအဖြစ် ရှုမြင်ခဲ့ကြပါတယ်။
သူဟာ ဘီဘီစီရာထူးသစ်ရောက်လာရင်လည်း ပါလီမန်ကော်မတီတွေရဲ့ စစ်ဆေးမေးမြန်းတာတွေကို ရင်ဆိုင်ရဖို့ ရှိပြီး ရာထူးကစွန့်တော့မယ့် တင်မ်ဒေးဗီးဟာ သူ့လက်ထက်အတွင်း ဒါမျိုး အကြိမ်ကြိမ် ကြုံခဲ့ရဖူးပါတယ်။
သူ့ဟာအလုပ်သစ်မစခင် အနားယူချိန် နှစ်လ ကျန်နေပြီး မေလ ၁၈ ရက်နေ့မှာ ဘီဘီစီမှာ အလုပ်စဝင်မှာ ဖြစ်ပါတယ်။
သူဟာ အရင် ညွှန်ကြားရေးမှူးချုပ် လိုဘဲ လစာ တစ်နှစ်ကို ပေါင် ၅၆၅,၀၀၀ ရမှာ ဖြစ်ပြီး သူရဲ့ ပထမဆုံးအလုပ်တွေထဲက တစ်ခုက သူ့ လက်ထောက်အဖြစ်နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ယောက်ကို ခန့်အပ်ဖို့ ဖြစ်ပါတယ်။ မစ္စတာဘရစ်တင်က အယ်ဒီတိုးရီးယယ်ပိုင်း အတွေ့အကြုံသိပ်မများသူမို့ သူ့လက်ထောက်အဖြစ် အဲဒီအပိုင်းကို အားဖြည့်ပေးနိုင်သူကို ခန့်အပ်မယ်လို့ ခန့်မှန်းကြပါတယ်။