ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

မြဝတီ၊ အမှတ် ၂ တံတားပြန်ဖွင့်ရေး ထိုင်း-မြန်မာစစ်တပ်ဆွေးနွေး

မြဝတီ၊ အမှတ် ၂ တံတားပြန်ဖွင့်ရေး ထိုင်း-မြန်မာစစ်တပ်ဆွေးနွေးတဲ့ အပါအဝင် မတ်လ ၂၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ စစ်ခေါင်းဆောင် လူမြင်ကွင်းပြန်ထွက်လာ၊ စက်သုံးဆီသုံးစွဲမှုလျှော့ချဖို့ လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ပြော
  • ထိုင်းအစိုးရက အီရန်၊ အိုမန် နဲ့ ညှိနှိုင်းပြီးတဲ့နောက် ပိတ်မိနေတဲ့ ထိုင်းရေနံစိမ်းတင် သင်္ဘောတစ်စင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့်ရ
  • ရှမ်းပြည်နယ်မြောက်ပိုင်း မှာ စစ်ရေးအရ အရေးပါတဲ့ မိုးမိတ်မြို့ - တွင်းငယ်လမ်းပိုင်းကို စစ်တပ် က ထိန်းချုပ်လိုက်ပြီ
  • မြန်မာ့ဘောလုံးငွေခေတ် လက်ရွေးစင်ဟောင်း ဦးတင်မြင့်အောင် ရဲ့ နာရေးအခမ်းအနား ကို ရန်ကုန်မြို့၊ ရေဝေးသုဿန်မှာ ပြုလုပ်
  • ထိုင်း-မြန်မာဒေသဆိုင်ရာ နယ်စပ်ကော်မတီ TBC အဖွဲ့ဝင် မြန်မာစစ်တပ် နဲ့ ထိုင်းစစ်တပ် တို့ တွေ့ဆုံ၊ အမှတ် (၂) ချစ်ကြည်ရေးတံတားပြန်ဖွင့်ရေးဆွေးနွေး
  • ကိုရီးယားနိုင်ငံ၊ စက်ရုံလုပ်ငန်းခွင်မှာ စက်ညပ်ပြီး ကွယ်လွန်ပြီလို့ ယူဆရာကနေ ပြန်အသက်ရှူလာတဲ့ မြန်မာအလုပ်သမား ကျန်းမာရေးစိုးရိမ်ရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၂၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးညှိနှိုင်းတာမရှိသေးဘူးလို့ အီရန်သံအမတ်ပြော

    အမေရိကန်နဲ့ အီရန်ကြား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်စေ စေ့စပ်ညှိနှိုင်းမှု လုပ်ခဲ့တာမရှိဘူးလို့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ရေဇာအမ်မီရီ မော့ဂါဒန် က အီရန်နိုင်ငံပိုင်မီဒီယာ IRNA ကနေ ပြောကြားလိုက်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်ဘက်က သက်ဆိုင်ရာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို ဆက်သွယ်နေတယ်ဆိုတဲ့အချက်အပြင် အီရန်ဘက်က သဘောတူညီချက်တစ်စုံတစ်ရာရဖို့ အရမ်းလိုလားနေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပြီးမှာပဲ အီရန်သံအမတ်က အခုလို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

    အလားတူ အီရန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း အမေရိကန်ဟာ “သူနဲ့ သူကိုယ်သူ တစ်ဦးတည်းညှိနှိုင်းနေတယ်” လို့ တုံ့ပြန်ထားပါတယ်။

    အမေရိကန်- အီရန်အရေး နောက်ဆုံးရအခြေအနေသတင်းတွေကို ဒီတိုက်ရိုက်ထုတ်လွှင့်မှု လင့်ခ်မှာ တစုတစည်းတည်း ဖတ်ရှုနိုင်ပါတယ်။

  3. သေဆုံးပြီလို့ ယူဆရာကနေ အသက်ပြန်ရှူလာတဲ့ မြန်မာအလုပ်သမား ကို အထူးကြပ်မတ်ကုသနေရ

    တောင်ကိုရီးယားနိုင်ငံ က စက်ရုံလုပ်ငန်းခွင်မှာရတဲ့ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ မြန်မာအလုပ်သမားကို သေဆုံးသွားပြီလို့ သတ်မှတ်ကာ ရေခဲတိုက်ထဲထည့်ခါနီးမှ အသက်ပြန်ရှူလာတာကြောင့် အထူးကြပ်မတ်ကုသဆောင်မှာ ထားရှိပြီး ဆက်လက်ကုသပေးနေတယ်လို့ အခြေအနေကိုသိရှိထားတဲ့ မြန်မာလုပ်သားအရေးလုပ်ဆောင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လုပ်ငန်းခွင်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သူဟာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ ဇာတိ ကိုစန်းယု ဆိုသူဖြစ်ပြီး G to G စနစ်နဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဟွာဆောင်မြို့ မာဒိုမြောင်ရှိ စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

    သူဟာ အသက် ၃၃ နှစ်အရွယ်ရှိပြီး ဇနီးသည်နဲ့ ကလေး နှစ်ဦးက မြန်မာပြည်မှာရှိနေပါတယ်။ မတ် ၂၄ ရက် က သူ့စက်ရုံမှာ အလုပ်လုပ်ကိုင်နေချိန် ဦးခေါင်းစက်ညပ်ကာ အာရုံကြောတွေပြတ်တောက်ပြီး ပြင်းထန်ဒဏ်ရာနဲ့ ဆေးရုံပို့ဆောင်ကုသခဲ့ရတာဖြစ်ပါတယ်။

    “ပထမက သေပြီလို့ ဆရာဝန်တွေက ယူဆပြီး ရေခဲတိုက်ထဲ ထည့်တော့မယ့်အချိန် အသက်ပြန်ရှူတဲ့ လက္ခဏာပြလို့ အထူးကြပ်မတ်ကုသဆောင်မှာပြုစုစောင့်ရှောက်ပြီး ခွဲစိတ်မှုလုပ်ဖို့ ပြင်ဆင်နေကြတာပေါ့။ အကောင်းဆုံးတော့ ကုသပေးနေကြတယ်။ ဦးနှောက်နဲ့ အသက်ရှူလမ်းကြောင်းကို ဆက်သွယ်ထားတဲ့ အာရုံကြောမကြီး ပြတ်တောက်သွားတာဖြစ်ပါတယ်” လို့ ကိုရီးယားရောက် မြန်မာအလုပ်သမားအရေးကူညီနေသူက ပြောပါတယ်။

    လက်ရှိ ကိုစန်းယု ရဲ့ ကျန်းမာရေးအခြေအနေဟာ အသက်ရှင်နိုင်ဖို့ အတွက် ဆရာဝန်တွေက အထူးကြပ်မတ်ကုသနေရတယ်လို့ ဆိုပါတယ်။ မိသားစုဝင်အချို့ ကိုစန်းယုရှိတဲ့ တောင်ကိုရီးယားနိုင်ငံကို လာရောက်နေပြီလို့ သူက ပြောပါတယ်။

    အခုလိုလုပ်ငန်းခွင်မတော်တဆမှုအတွက် ကိုရီးယားစက်ရုံက ကိုစန်းယု ရသင့်ရထိုက်တဲ့ အာမခံကြေး၊ လျော်ကြေးတွေကို ဥပဒေအရပေးအပ်သွားမှာဖြစ်သလို ဆေးကုသမှုတွေအတွက်လည်း အကုန်ကျခံဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

  4. မြဝတီ၊ အမှတ် (၂) ချစ်ကြည်ရေးတံတားဖွင့်ရေး ထိုင်း-မြန်မာစစ်တပ် ဆွေးနွေး

    မြန်မာစစ်တပ် နဲ့ ထိုင်းစစ်တပ်အရာရှိတွေ ဒီကနေ့ မတ် ၂၅ ရက်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ တွေ့ဆုံခဲ့ကြပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ က ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်‌ရေး အမှတ် (၂) ချစ်ကြည်ရေးတံတား ပြန်ဖွင့်ရေးအကြောင်းဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းနယ်စပ်သတင်းအရင်းအမြစ်က ပြောပါတယ်။

    ထိုင်း-မြန်မာဒေသဆိုင်ရာ နယ်စပ်ကော်မတီ TBC ရဲ့ (မဲဆောက်-မြဝတီ) ဥက္ကဋ္ဌ၊ ရာချမနုအထူးတပ်ဖွဲ့ တပ်မှူး၊ ဗိုလ်မှူးကြီးချန်နိုကာန်ဆောင်ဆွန် ဦးဆောင်တဲ့ အဖွဲ့က မြဝတီမြို့စောင့်တပ် အမှတ်( ၂၇၅) ခြေလျင်တပ်ရင်း၊ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး ဇော်ဟန်ဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကို တာ့ခရိုင်၊ ရာမနုအထူးတပ်ဖွဲ့ဌာနချုပ်မှာ တွေ့ဆုံခဲ့တာပါ။

    ဒီတွေ့ဆုံမှုဟာ မတ်လ ၁၈ ရက်က ထိုင်းစစ်တပ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ် ချစ်ချ‌နော့ခ်နုချရာ ဦဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံမှုအပြီး ဖြစ်ပေါ်လာတာပါ။

    “အဓိကကတော့ လက်နက်ကြီးကျည်ကျတဲ့ ဟာ ပါတယ်။ နောက်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော် ကိစ္စတွေပါတယ်။ ထိုင်းဘက်ကတော့ အမှတ် (၂) တံတားဖွင့်ဖို့ကို ဆွေးနွေးခဲ့တာရှိတယ်။ ဒါပေမဲ့ သူတို့အဆင့်နဲ့ မပြီးတာတွေ ရှိတယ်။ ကုန်သည်ကြီးများအသင်းတွေ ဘာတွေလည်း ပါရဦးမှာ။ ဒီတံတားပြန်ဖွင့်ဖို့ကို ထိုင်းဘက်က ပေါ့ပေါ့ပါးပါးပဲ ပြောသွားတာ” လို့ နယ်စပ်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုတဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့ နှစ်ကတည်းက ပိတ်ထားတာပါ။ ဒီလို ပိတ်လိုက်လို့ ထိုင်းနိုင်ငံဘက်က ကုန်တန်ဖိုး ဘတ်ဘီလီယံ နဲ့ ချီဆုံးရှုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

    နောက်ထပ်နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါတဲ့ အာရှလမ်း ပြန်ဖွင့်ဖို့ကိုလည်း စစ်ကော်မရှင်နဲ့ ထိုင်းအာဏာပိုင်တွေက ဆွေးနွေးသွားဖို့ရှိတယ်လိုလည်း ဒီအခြေအနေသိရှိသူကပြောပါတယ်။

    အာရှလမ်းပြန်ဖွင့်တော့မယ်ဆိုတဲ့ သတင်းဟာလည်း ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာ အတော်လည်း ပျံ့နှံ့နေပါတယ်။ ဒီလထဲမှာ ပဲ ကျားဖြန့်နှိမ်နှင်ရေးခေါင်းစဉ်နဲ့ အမေရိကန်ထောက်လှမ်းရေးဗျူရို (FBI) က ထိုင်းအာဏာပိုင်တွေ နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံမှုမှာ အာရှလမ်းပြန်ဖွင့်ရေးဟာ ကျားဖြန့်ဂိုဏ်းတွေအတွက် ထွက်ပြေးစရာလမ်းကြောင်း ဖြစ်သွားနိုင်တယ်ဆိုတဲ့ ဆွေးနွေးမှုတွေလည်းရှိခဲ့တယ်လို့ ဒီအခြေအနေသိရှိသူကပြောပါတယ်။

  5. မြန်မာ့ဘောလုံးငွေခေတ်လက်ရွေးစင် ဦးတင်မြင့်အောင် နာရေးစျာပန ဘောလုံးအသိုင်းအဝိုင်းက လိုက်ပါပို့ဆောင်ကြ

    မြန်မာ့လက်ရွေးစင်အသင်း ရဲ့ ငွေခေတ်ဘောလုံးသမားဟောင်း ဦးတင်မြင့်အောင် နာရေးကို ဒီကနေ့ ရန်ကုန်မြို့၊ ရေဝေးသုဿန်မှာ ကျင်းပခဲ့ပါတယ်။

    အသက် ၅၉ နှစ်အရွယ်သူဟာ အသည်းကင်ဆာရောဂါနဲ့ မတ်လ ၂၃ ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

    ရေဝေးသုသာန်က သူ့ရဲ့နောက်ဆုံးခရီးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် အပါအဝင်၊ လက်ရွေးစင် ဘောလုံးသမားဟောင်း‌တွေဖြစ်တဲ့ ဦးကြည်လွင်၊ ဦးမျိုးလှိုင်ဝင်း၊ ဦးစိုးမြတ်မင်း၊ လက်ရှိ မြန်မာ့လက်ရွေးစင်ကစားသမား‌တွေ လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။

    ငွေခေတ်ဘောလုံးသမားဟောင်း (ဦး) တင်မြင့်အောင်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ မြန်မာ့လက်ရွေးစင်အသင်းမှာ ကစားခဲ့ပြီး ၁၉၉၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိခဲ့တာပါ။ ၁၉၉၇ ခုနှစ်မှာလည်း အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

    သူ့ရဲ့ နည်းပြဘဝကို ၂၀၀၂ ခုနှစ်မှာ မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် စတင်ခဲ့ပြီး နောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းနည်းပြချုပ်၊ မြန်မာ ယူ၂၃ အသင်း နည်းပြချုပ် တာဝန်တွေ ထမ်းဆောင်ခဲ့သလို Ayeyarwady United FC အသင်းနည်းပြချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

    ဦးတင်မြင့်အောင်ဟာ မြန်မာ့ဘောလုံးလောကအတွက် ကစားသမား၊ နည်းပြ၊ နည်းစနစ်၊ စီမံအုပ်ချုပ်ရေး စတဲ့နယ်ပယ် အသီးသီးမှာ အကောင်းဆုံး ကြိုးစားစွမ်းဆောင်ပေးခဲ့သူ တစ်ဦး ဖြစ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သူ့ကို MFF Service Award ဆုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက် မှာ ချီးမြှင့်ခဲ့ပါတယ်။

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ဥက္ကဋ္ဌ အင်ဖန်တီနိုကလည်း ဦးတင်မြင့်အောင်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ပေးပို့ခဲ့ပါတယ်။

  6. မိုးမိတ်မြို့ကနေ တော်လှန်ရေးတပ်တွေဆုတ်ခွာ

    ရှမ်းပြည်နယ်မြောက်ပိုင်း မှာ စစ်ရေးအရ အရေးပါတဲ့ မိုးမိတ်မြို့ - တွင်းငယ်လမ်းပိုင်းကို စစ်တပ်က အလုံးစုံထိန်းချုပ်လိုက်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    “စစ်တပ်က တွင်းငယ်-မိုးမိတ်လမ်းပိုင်းကို ထိန်းလိုက်ပြီ။ တော်လှန်ရေးတပ်တွေအားလုံး ဆုတ်သွားပြီ” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    မိုးမိတ်- သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာလမ်းပိုင်းကို အလုံးစုံထိန်းချုပ်ဖို့ စစ်တပ်က မတ်လ ၉ ရက်ကတည်းစတင် စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။

    ဒီလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်လိုက်နိုင်တာကြောင့် ရှမ်မြောက် ကနေ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အထိ စစ်တပ်ဘက်က ထိန်းချုပ်သွားတဲ့သဘောလို့ ‌တော်လှန်ရေးအင်အားစုတချို့က ပြောပါတယ်။

    ဧရာဝတီမြစ်အရှေ့ခြမ်းက တကောင်းမြို့ကို ၁ နှစ်ခွဲကျော်ကြာပြီတဲ့နောက်ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်တပ်က မတ်လ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းမှာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် တအာင်းတပ် TNLA က သူတို့ထိန်းချုပ်ထားတဲ့ မိုးကုတ် နဲ့ မိုးမိတ်မြို့ကို စစ်တပ်ကို ပြန်လွှဲပြောင်းပေးခဲ့ရတာပါ။

    အခုဆို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်ထံပြန်ပြီး လက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။

  7. စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို တော်လှန်ရေးဘက်က ဘယ်လိုတန်ပြန်မလဲ

    မန္တလေးတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့ဝင်အယောက် ၅၀၀ ကျော်ကို မိဘတွေဆီပြန်အပ်တယ်ဆိုတဲ့ သတင်းကို မြန်မာစစ်တပ်က ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်း ဝေဝေဆာဆာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီသတင်းက အာဏာသိမ်း ၅ နှစ်ကျော်ကာလ စစ်ရေးအရွေ့အပြောင်းတွေဖြစ်နေချိန်၊ စစ်တပ်ရဲ့ လွှတ်တော်သစ်ထွက်ပေါ်လာပြီး အစိုးရသစ်ဖွဲ့ဖို့ ပြင်နေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    အချိန်ကိုက်ထွက်ပေါ်လာတဲ့ ဒီအခမ်းအနားသတင်းထုတ်ပြန်ချက်ကို "ပေါ့ဆလို့မရဘူး" လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေး အဖွဲ့ (MDSI) ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

    ဆက်တိုက်လုပ်လာတဲ့ စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး၊ ဝါဒဖြန့်ချိရေးဗျူဟာနဲ့ ပြည်သူ့ကာကွယ်ရေး - PDF တပ်တွေအချိန်မီစုဖွဲ့စည်းရုံးတန်ပြန်မှုကို စစ်ရေးအကဲခတ်၊ တော်လှန်ရေးထဲပါဝင်နေသူတွေနဲ့ အချက်အလက်တွေအခြေပြု သုံးသပ်ချက်တွေကို ဒီဆောင်းပါးလင်ခ့် မှာဖတ်ရှုနိုင်ပါပြီ။

  8. ထိုင်းရေနံစိမ်းတင်သင်္ဘော ‌ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့်ရလာ

    ထိုင်းအစိုးရက အီရန်၊ အိုမန် နဲ့ ညှိနှိုင်းပြီးတဲ့နောက် ပိတ်မိနေတဲ့ ထိုင်းရေနံစိမ်းတင် သင်္ဘောတစ်စင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မတ်လ ၂၄ ရက်နေ့မှာ ထိုင်းသတင်းတွေကို ပြောပါတယ်။

    မတ်လ ၁၁ ရက်နေ့ကတည်းက ပါရှန်းပင်လယ်ကွေ့မှာ သောင်တင်နေတဲ့ Bangchak (ဘန်ချက်) စွမ်းအင်ကုမ္ပဏီရဲ့ ရေနံစိမ်းတင်သင်္ဘောတစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

    ဒီသင်္ဘောဟာ အိန္ဒိယသမုဒ္ဒရာကို ဦးတည်နေပြီး ဧပြီလဆန်းလောက်မှာ ထိုင်းနိုင်ငံကိုရောက်ရှိပြီး ရေနံစိမ်းတွေ ဖြန့်ဖြူးပေးနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီက မတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

    လက်ရှိ ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘော၊ ကုန်တင်သင်္ဘောအပါအဝင် သင်္ဘောအစင်း ၄၀၀ လောက် ဖြတ်သန်းခွင့်ရဖို့ စောင့်ဆိုင်းနေရတာပါ။

    အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့လိုက်ပြီးတဲ့နောက်မှာ ထိုင်းအစိုးရက မြန်မာနဲ့ လာအိုကလွဲလို့ ပြည်ပနိုင်ငံတွေကို စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းခဲ့ပါတယ်။

    ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီ က မြန်မာနိုင်ငံ ရဲ့ ကမ်းလွန် ရေနံ နဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေမှာ လုပ်ပိုင်ခွင့်ရရှိထားပါတယ်။ မြန်မာကမ်းလွန်လုပ်ကွက်တွေက ထွက်ရှိတဲ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့တွေ ဟာ ထိုင်းနိုင်ငံ လျှပ်စစ်မီးဖြန့်ဖြူးရေးအတွက် လည်း အခရာကျနေတာ ဖြစ်ပါတယ်။

  9. စက်သုံးဆီသုံးစွဲမှုလျှော့ချဖို့ လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ စစ်ခေါင်းဆောင်ပြော

    ခါးကြောညပ်‌ရောဂါကို ခွဲစိတ်ခဲ့တယ်ဆိုတဲ့ စစ်ခေါင်း‌ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့ မတ်လ ၂၄ ရက်က နေပြည်တော်မှာလုပ်တဲ့ စက်သုံးဆီနဲ့ ဆက်စပ်တဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တာတွေ့ရပါတယ်။

    အဲဒီအစည်းအဝေးကို ထုတ်ပြန်တဲ့သတင်းအချက်အလက်အရ စက်သုံးဆီ သုံးစွဲမှု လျှော့ချနိုင်ဖို့ ရန်ကုန်၊ မန္တ‌လေးမြို့ကြီးတွေအပါအဝင် စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ နေရာတွေမှာ လမ်းလျှောက်သင်္ကြန်ကျင်းပသွားဖို့ ပြောခဲ့ပါတယ်။

    လက်ရှိမှာတော့ ရန်ကုန်တိုင်းအာဏာပိုင်တွေက ရန်ကုန်မြို့တော်ခန်းမအရှေ့မှာ ရေကစားမဏ္ဍပ်ကို စတင်ဆောက်လုပ်နေပြီဖြစ်ပါတယ်။

    နောက်ပြီး စက်သုံးဆီချွေတာဖို့ ရန်ကုန်မြို့ပတ်ရထားခရီးစဉ်အတွက် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)က ထုတ်လုပ်ထားတဲ့ ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြုပြေးဆွဲသွားမယ့်အကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

    ဒီလျှပ်စစ်ရထားခရီးစဉ်ဟာ ဒီနေ့ ရန်ကုန်မြို့၊ ရန်ကုန်ဘူတာကြီး မှာ စတင်မှာ ဖြစ်ပါတယ်။ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးတွေဖြစ်တဲ့ မီးရထား၊ အဝေးပြေးယာဉ်တွေ အတွက်စက်သုံးဆီ တွေကိုလည်း မဖြစ်မနေ ဖြည့်တင်းဆောင်ရွက်ပေးသွားရမယ်လို့လည်း စစ်ခေါင်းဆောင်ကပြောပါတယ်။

    နယ်မြေဒေသအလိုက် မီးရထားခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲဖို့ လည်း ပြောပါတယ်။ နောက်ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ပုံမှန်အတိုင်းပြေးဆွဲဖို့ နဲ့ ပူတာအို၊ ခန္တီး၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ တာချီလိတ်၊ ကလေး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်းစတဲ့ သွားလာရေးခက်ခဲတဲ့ မြို့တွေကို ဦးစားပေးအနေနဲ့ လေကြောင်းခရီးစဉ်တွေမဖြစ်မနေပြေးဆွဲဖို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

    တစ်ဖက်မှာလည်း မတ်လ ၂၅ ရက်နေ့က စပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ပုံမှန်အတိုင်းပြန်ပြေးဆွဲသွားမှာဖြစ်တယ်လို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

    စစ်ကော်မရှင်ဟာ စက်သုံးဆီသုံးစွဲမှုလျှော့ချဖို့ မော်တော်ယာဉ်တွေကို စုံရက်၊ မ ရက်ခွဲပြီး အပြင်ထွက်ခွင့်သတ်မှတ်တာ၊ QR ကုဒ်စနစ်နဲ့ ဆီရောင်းချတာ နဲ့ ဗုဒ္ဓဟူးနေ့တိုင်း အိမ်ကနေအလုပ်လုပ်ဖို့ (Work From Home) ကြေညာထားပါတယ်။

    စက်သုံးဆီ တွေကို အမှန်တကယ်အသုံးပြုသူတွေဆီ ရောက်ဖို့ နဲ့ မှောင်ခိုရောင်းဝယ်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

    ဒါအပြင် ယာဉ့် စက်စွမ်း အားအပေါ်မူတည်ပြီး တပတ်အတွင်းဝယ်ယူခွင့်ရှိတဲ့ပမာဏကို သတ်မှတ်မယ်လို့လည်း ‌ပြောထားပါတယ်။

    တစ်ဖက်မှာလည်း ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာ ဆီဝယ်ဖို့ စောင့်ဆိုင်းနေတဲ့ ယာဉ်တန်းရှည်ကြီး ကို ပြန်တွေ့ရပြီး၊ ဆီဝယ်ယူနိုင်ဖို့ ညလုံးပေါက်စောင့်နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

  10. မင်္ဂလာပါ။ မတ် ၂၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now