ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အမေရိကန်ရဲ့ အချက် ၁၅ ချက်ပါ အီရန်နဲ့ ဆွေးနွေးရေးအစီအစဥ်မှာဘယ်လိုအချက်တွေပါလဲ

အမေရိကန်က အီရန်ဘက်ကိုပို့တဲ့ အချက် ၁၅ ချက်၊ အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းတာမရှိသေးဘူးလို့ အီရန်ပြောတဲ့ သတင်းအပါအဝင် အမေရိကန်- အီရန်အရေး နောက်ဆုံးသိရသမျှကို တစုတစည်းတည်းဖတ်နိုင်ပါပြီ။

အနှစ်ချုပ်

  • အမေရိကန်-အီရန် အပစ်ခတ်ရပ်စဲရေးပြုလုပ်ဖို့ အမေရိကန်ဘက်က အဆိုပြုထားတဲ့ အချက် ၁၅ ချက်ပါ အစီအစဉ်ကို အီရန်က လက်ခံလိုက်ပြီလို့ ပါကစ္စတန်ရဲ့ အရာရှိ ၂ ဦးက အေပီသတင်းဌာနမှာ ဖွင့်ပြောထားပါတယ်
  • အမေရိကန်နဲ့ အီရန်ကြား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်စေ စေ့စပ်ညှိနှိုင်းမှု လုပ်ခဲ့တာမရှိဘူးလို့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးပြော
  • ထရမ့်က အီရန်ကိုပို့ထားတဲ့ အချက် ၁၅ ချက်မှာ နျူကလီးယားစက်ရုံတွေကို ဖျက်သိမ်းဖို့နဲ့ ဟော်မုဇ်ရေလက်ကြားကို အမြဲဖွင့်ထားပြီး "လွတ်လပ်စွာသွားလာနိုင်တဲ့ရေလမ်း"အဖြစ်ထားရမယ်ဆိုတဲ့ တောင်းဆိုချက်တွေပါဝင်နေတယ်လို့ အစ္စရေးမီဒီယာမှာဖော်ပြထား
  • "ကိုယ့်ကိုကိုယ် ကမ္ဘာ့အင်အားအကြီးဆုံးလို့ ကြွေးကြော်ထားပြီး ရှုံးနိမ့်မှုနဲ့ ကြုံလာရတော့မှ ဒါကို သဘောတူညီချက်တစ်ခုလိုမျိုး ပုံဖော်တာမလုပ်ပါနဲ့''လို့ အီရန်စစ်တပ် ပြောခွင့်ရသူ အီဘရာဟင် ဇိုဖာဂါရီက ထုတ်ပြော
  • သမ္မတထရမ့်က ဆွေးနွေးမှုတွေ "တကယ်လုပ်နေပြီ" လို့ပြောပေမယ့် အီရန်အစိုးရ ကတော့ ဒီလိုဆွေးနွေးမှုတွေလုံးဝမရှိဘူးလို့ တုံ့ပြန်
  • "အီရန်ဘက်က "သက်ဆိုင်ရာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို ဆက်သွယ်နေသလို အီရန်ဘက်ကနေ "အရမ်းအရေးပါတဲ့ လက်ဆောင်တစ်ခု" ပေးထားတယ်လို့ သမ္မတထရမ့်က အရိပ်အမြွက်ဆို
  • အမေရိကန်၊ အစ္စရေးတို့နဲ့ မသက်ဆိုင်ဘဲ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းအသုံးပြုရမယ့် နိုင်ငံတွေ၊ ကုမ္ပဏီတွေအနေနဲ့ အီရန်အာဏာပိုင်တွေနဲ့ ကြိုတင်ညှိနှိုင်းရင် ရေလက်ကြားကနေ ဖြတ်သန်းခွင့်ပြုမယ်လို့ အီရန်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ် ၂၅ ရက် အမေရိကန်- အီရန်အရေး နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ကန်ရဲ့ ၁၅ ချက်ပါတဲ့ အစီအစဥ်ကို အီရန်ကလက်ခံလိုက်ပြီလို့ ပါကစ္စတန်ပြောခွင့်ရပြော - အေပီသတင်း

    အမေရိကန်နဲ့ အီရန်ကြားမှာ ကြားခံဝင်ရောက်‌ဆောင်ရွက်‌နေတဲ့ ပါကစ္စတန်ရဲ့ အရာရှိ ၂ ဦး ပြောဆိုချက်ကို ကိုးကားပြီး အမေရိကန်-အီရန် အပစ်ခတ်ရပ်စဲရေးပြုလုပ်ဖို့ အမေရိကန်ဘက်က အဆိုပြုထားတဲ့ အချက် ၁၅ ချက်ပါ အစီအစဉ်ကို အီရန်က လက်ခံလိုက်ပြီလို့ အေပီသတင်းဌာနက ဖော်ပြလာပါတယ်။

    ပါကစ္စတန်ဘက်ကပြောတဲ့ အဲဒီအဆိုပြုချက်တွေထဲမှာ ...

    - ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးဖို့

    - အရပ်သားတွေပါဝင်တဲ့ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု

    - အီရန်ရဲ့ နျူကလီယားအစီအစဉ်တွေကို နောက်ဆုတ်လိုက်ဖို့

    - နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီကနေ စောင့်ကြည့်ခွင့်ပေးဖို့

    - မစ်ဆိုင်း ကန့်သတ်ချက်တွေနဲ့ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ ပို့ဆောင်ဖြတ်သန်းခွင့်ပေးဖို့ ဆိုတဲ့အချက်တွေလို့ ပါကစ္စတန်ဘက်က ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှာရစ်ဖ် ကလည်း အမေရိကန်-အီရန် ပဋိပက္ခတွေကို ပါကစ္စတန်နိုင်ငံအနေနဲ့ လက်ခံပေးဖို့ အသင့်ဖြစ်နေပြီလို့ ထုတ်ပြောထားပါတယ်။

    အစ္စရေးရဲ့ ချန်နယ် ၁၂ သတင်းဌာနရဲ့ ဖော်ပြချက်မှာလည်း ‌စီမံချက်ပါ အချက်အလက်တွေထဲက အသေးစိတ်အချက်အလက်တချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။

    လက်ရှိအချိန်အထိ အိမ်ဖြူ‌တော်ဘက်က ဒီအဆိုပြုချက် ၁၅ ချက်နဲ့ပတ်သက်ပြီး အတည်မပြုသေးပါဘူး။ အီရန်စစ်တပ်ပြောခွင့်ရအပြင် ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးကတော့ အမေရိကန်နဲ့ အီရန် စေ့စပ်ညှိနှိုင်းတာ မရှိသေးဘူးလို့ ငြင်းဆိုထားပါတယ်။

  3. အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးညှိနှိုင်းတာမရှိသေးဘူးလို့ အီရန်သံအမတ်ပြော

    အမေရိကန်နဲ့ အီရန်ကြား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်စေ စေ့စပ်ညှိနှိုင်းမှု လုပ်ခဲ့တာမရှိဘူးလို့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ရေဇာအမ်မီရီ မော့ဂါဒန် က အီရန်နိုင်ငံပိုင်မီဒီယာ IRNA ကနေ ပြောကြားလိုက်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်ဘက်က သက်ဆိုင်ရာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို ဆက်သွယ်နေတယ်ဆိုတဲ့အချက်အပြင် အီရန်ဘက်က သဘောတူညီချက်တစ်စုံတစ်ရာရဖို့ အရမ်းလိုလားနေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပြီးမှာပဲ အီရန်သံအမတ်က အခုလို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

    အလားတူ အီရန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း အမေရိကန်ဟာ “သူနဲ့ သူကိုယ်သူ တစ်ဦးတည်းညှိနှိုင်းနေတယ်” လို့ တုံ့ပြန်ထားပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှာရစ်ဖ်ကတော့ အမေရိကန်-အီရန် ပဋိပက္ခဖြေရှင်းရေးအတွက် ဆွေးနွေးပွဲတွေကို လက်ခံကျင်းပပေးဖို့ အသင့်ဖြစ်နေပြီလို့ အင်္ဂါနေ့က သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ ရေးသားဖော်ပြထားပါတယ်။

    အီရန်သံအမတ်ကြီး အမ်မီရီ မော့ဂါဒန်ကတော့ “မိတ်ဖက်နိုင်ငံတွေအနေနဲ့ တီဟီရန်နဲ့ ဝါရှင်တန်ကြား ဆွေးနွေးမှုအတွက် စတင်အခြေချကြဖို့ ကြိုးပမ်းနေကြသလို စစ်ပွဲကို အဆုံးသတ်တဲ့အခါမှာလည်း နှစ်ဖက်လုံးအသီးအပွင့်ရဖို့ မျှော်လင့်ပါတယ်” လို့ အီရန်နိုင်ငံပိုင်မီဒီယာကနေ ပြောကြားခဲ့ပါတယ်။

  4. အီရန်စစ်ကြောင့် ဖြစ်တဲ့ ကမ္ဘာ့စွမ်းအင် အကျပ်အတည်းကို တရုတ် ခုခံနိုင်သလား

    ပါရှန်းပင်လယ်ကွေ့ က လာတဲ့ ရေနံ ပြတ်မှာကို တရုတ်က အသင့်ပြင်ထားတာ ကြာပါပြီ။ ဒါပေမဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ အဓိက သင်္ဘောလမ်းကြောင်းတခု ပြတ်တောက်ကုန်တဲ့အတွက် တရုတ်ရဲ့ ကြံ့ကြံ့ခံနိုင်မှုကို ဆန်းစစ်သလို ဖြစ်နေပါတယ်။

    အမေရိကန်နဲ့ အစ္စရေး တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အရေးကြီးတဲ့ ကုန်သွယ်ရေကြောင်းလမ်းကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ အီရန်က ခြိမ်းခြောက်ပြီးနောက် အရှေ့အလယ်ပိုင်းက လာတဲ့ သင်္ဘောတွေ ရပ်တန့်နေပါတယ်။

    ဒီပိတ်ဆို့မှုကြောင့် ပါရှန်းပင်လယ်ကွေ့ ကို မှီခိုနေရတဲ့ အာရှနိုင်ငံတွေမှာ အခက်ကြုံရတဲ့ ကမ္ဘာ့ရေနံပြတ်တောက်မှုကို ဖြစ်စေပါတယ်။ ဖိလစ်ပိုင်မှာဆိုရင် ဓာတ်ဆီချွေတာဖို့ တပတ် လေးရက်ပဲ ရုံးတက်ခိုင်းပြီး အင်ဒိုနီးရှားမှာလည်း ရက်သတ္တပတ်အနည်းငယ်ပဲ ခံမယ့် အရန်လောင်စာဆီကို မသုံးရအောင် ရှောင်နိုင်ဖို့ နည်းလမ်းရှာနေရပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. ထရမ့်က အီရန်ကိုပို့ထားတဲ့ အချက် ၁၅ ချက်ပါတဲ့ အစီအစဥ်ဆိုတာ ဘာလဲ

    သမ္မတထရမ့်ကနေ အီရန်ဘက်ကို ပို့ထားတယ်လို့ပြောတဲ့ အချက် ၁၅ ချက်ပါတဲ့ ညှိနှိုင်း‌ရေး အစီအစဥ်ကို လက်ရှိအချိန်အထိ သက်ဆိုင်ရာနိုင်ငံတွေဘက်က တိတိကျကျထုတ်ပြောတာ မရှိသေးပါဘူး။

    အဲဒီ ၁၅ ချက်ထဲမှာ ဘယ်လိုအချက်တွေပါလဲဆိုတာကိုလည်း ဘီဘီစီအနေနဲ့ သီခြားအတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ တချို့အချက်အလက်တွေကိုတော့ အမေရိကန်နဲ့ အစ္စရေးရဲ့ မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

    အစ္စရေးက ချန်နယ် ၁၂ သတင်းဌာနရဲ့ ဖော်ပြချက်အရ ‌စီမံချက်ပါ အချက်အလက်တွေထဲမှာ အောက်မှာဖော်ပြထားတဲ့ အမေရိကန်ဘက်က တောင်းဆိုချက်တွေ ပါဝင်နေပါတယ်။

    - နာတန့်ဇ်၊ အစ်ဖာဟန်နဲ့ ဖော်ဒိုးမှာရှိတဲ့ နျူကလီးယားစက်ရုံတွေကို အသုံးမပြုတော့ဘဲ ဖျက်သိမ်းရမယ်

    - အီရန်နိုင်ငံအတွင်း လုပ်ဆောင်မှုတွေကို စောင့်ကြည့်ထိန်းချုပ်နိုင်အောင် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA) ကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ကြီးကြပ်ခွင့်ပေးရမယ်

    -အီရန်အနေနဲ့ ဒေသတွင်း လက်နက်ကိုင် proxy အဖွဲ့တွေ အသုံးပြုတာကို ရပ်တန့်ရမယ်၊ ငွေကြေးနဲ့ လက်နက်ပံ့ပိုးမှုတွေလည်း ရပ်တန့် စွ့န်လွှတ်ရမယ်

    -လက်ရှိစုဆောင်းထားပြီးသား နျူကလီးယားစွမ်းအင်တွေကို ဖျက်သိမ်းရမယ်

    -နောင်မှာ နျူကလီးယားဆိုင်ရာလက်နက်တွေရဖို့ ဘယ်တော့မှ ထပ်မကြိုးပမ်းဘူးဆိုတဲ့ ကတိပြုချက် ပေးရမယ်

    -အီရန်မှာ နျူကလီးယားပစ္စည်းတွေကို ကြွယ်ဝစေတာမျိုး ထပ်မရှိစေဘဲ နျူကလီးယားနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ရှိရင်လည်း IAEA ထံ လွှဲပြောင်းပေးရမယ်

    -ဟော်မုဇ်ရေလက်ကြားကို အမြဲဖွင့်ထားပြီး “လွတ်လပ်စွာသွားလာနိုင်တဲ့ရေလမ်း” အဖြစ်ထားရမယ်

    - အီရန်ရဲ့ မစ်ဇိုင်း(ဒုံး)တွေကို အနာဂတ်မှာ သုံးစွဲမယ့်အပေါ် ဆုံးဖြတ်ချက်လိုမှာဖြစ်လို့ အရေအတွက်၊ အကွာအဝေးကန့်သတ်ချက်တွေရှိမှာဖြစ်ပြီး ခုခံကာကွယ်ဖို့အတွက်သာ ထားရှိရမယ်

    အီရန်ဘက်က လက်ခံထားတဲ့အချက်တွေ

    -လျှပ်စစ်ဓာတ်အားထုတ်ဖို့ ဘူရှာမှာရှိတဲ့ အရပ်သားနျူကလီးယားစီမံကိန်းတစ်ခုဖော်ဆောင်ဖို့ အမေရိကန်ရဲ့ အကူအညီရယူဖို့

    -ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားလုံးကို ဖယ်ရှားပေးဖို့

    -ပိတ်ဆို့အရေးယူမှုတွေကို သက်တမ်းဆက်တိုးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖယ်ရှားဖို့

    နှစ်ဖက်ဆွေးနွေးမှုကနေ တစ်လကြာ အပစ်ခတ်ရပ်စဲရေးအတွက် ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အိမ်ဖြူတော်ဘက်ကတော့ အသေးစိတ်အချက်အလက်တွေကို အတည်မပြုသေးသလို ဘီဘီစီကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

  6. ''ခင်ဗျားနဲ့ ခင်ဗျားကိုယ်တိုင် တစ်ဦးတည်းများဆွေးနွေးနေသလား'' - အီရန်စစ်တပ်ပြောခွင့်ရ, ထရမ့်ကိုရည်ညွှန်းလိုဟန်ရှိတဲ့ စကားကို အီရန်စစ်တပ်ပြောခွင့်ရပြော

    “ကိုယ့်ကိုကိုယ် ကမ္ဘာ့အင်အားအကြီးဆုံးလို့ ကြွေးကြော်ထားပြီး ရှုံးနိမ့်မှုနဲ့ ကြုံလာရတော့မှ ဒါကို သဘောတူညီချက်တစ်ခုလိုမျိုး ပုံဖော်တာမလုပ်ပါနဲ့''လို့ အီရန်ရဲ့ ပင်မဗဟိုစစ်ဌာနချုပ်ရဲ့ အကြီးအကဲဖြစ်သလို အီရန်စစ်တပ် ပြောခွင့်ရသူ အီဘရာဟင် ဇိုဖာဂါရီက ထုတ်ပြောလာပါတယ်။

    အီရန်စစ်တပ် အကြီးအကဲရဲ့ အဲဒီ ပြောဆိုချက်ထဲမှာတော့ အမေရိကန်နဲ့ သမ္မတထရမ့်ကို တိုက်ရိုက်ညွှန်းဆိုတဲ့ စကားလုံးတွေ‌ကို သုံးထားတာတော့မတွေ့ရပါဘူး။

    မတ် ၂၅ ရက်မှာ အီရန်ရဲ့ သတင်းမီဒီယာတချို့ကနေ ရုပ်သံဖိုင်နဲ့ ထုတ်လာတဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူက “ ခင်ဗျားရဲ့ ပြည်တွင်းရေးပဋိပက္ခက တစ်ယောက်တည်း ညှိနှိုင်းမှုတွေလုပ်နေတယ်လို့ ပြောရလောက်အောင်အထိ ဖြစ်နေပြီလား” လို့လည်း ခပ်ငေ့ါငေ့ါ မေးခွန်းထုတ်လိုက်ပါတယ်။

    “ဒေသတွင်းမှာ ခင်ဗျားတို့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း မတွေ့ရတော့ဘူး၊ အရင်လို စွမ်းအင်နဲ့ ရေနံစျေးနှုန်းတွေကိုလည်း ပြန်မမြင်ရတော့ဘူး။ ဒေသတည်ငြိမ်မှုဆိုတာ အင်အားကြီးတဲ့ ကျွန်တော်တို့တပ်မတော်ရဲ့ လက်တွေနဲ့သာ အာမခံနိုင်တာကို မင်းတို့ နားလည်မှသာဖြစ်မယ်” လို့ သူက ကြုံးဝါး‌ပြောဆိုထားပါတယ်။

    “တည်ငြိမ်မှုဆိုတာ အင်အားကနေပဲ လာတာ” လို့လည်း သူကထပ်လောင်းပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့လို လူမျိုးတွေက ခင်ဗျားတို့လို လူမျိုးတွေနဲ့ ဘယ်တော့မှ သဘောတူညီမှာ မဟုတ်ဘူး။ အခုမဟုတ်သလို နောင်တချိန်မှာလည်း မဖြစ်နိုင်ဘူး” လို့ အီဘရာဟင် ဇိုဖာဂါရီက ထည့်‌ပြောထားပါတယ်။

  7. အမေရိကန်- အီရန်ဆွေးနွေးမှု ဘယ်အဆင့်မှာရှိနေသလဲ မရှင်းလင်း

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဘက်ကနေ စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်တစ်ခုရဖို့ “အလွန်လိုလားနေတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

    သူက ဆွေးနွေးမှုတွေ “တကယ်လုပ်နေပြီ” လို့ပြောပြီး အီရန်ဘက်ကနေ အမေရိကန်ကို တန်ဖိုးကြီးတဲ့ “လက်ဆောင်” တစ်ခု ပေးလိုက်တယ်လို့လည်း အဓိပ္ပာယ်မရှင်းမလင်း ပြောခဲ့ပါတယ်။

    တစ်ဖက် တီဟီရန်(အီရန်အစိုးရ) ကတော့ ဒီလိုဆွေးနွေးမှုတွေလုံးဝမရှိဘူးလို့ အခိုင်အမာ ပြောနေပြီး ထရမ့်က စီးပွားရေးစျေးကွက်သက်သာရာရစေဖို့ ပြောနေတာလို့ဆိုပါတယ်။

    ဒါပေမယ့် အမေရိကန်နဲ့ အစ္စရေး မီဒီယာတချို့ကတော့ထရမ့်အုပ်ချုပ်ရေးဘက်က တစ်လကြာ အပစ်ရပ် (ceasefire) အစီအစဉ်တစ်ခုကို တင်ပြထားပြီး အဲဒီကာလအတွင်း အီရန်ရဲ့ မစ်ဆိုင်းစနစ်ဖွံ့ဖြိုးမှုကို ထိန်းချုပ်နိုင်ဖို့ အချက် ၁၅ ချက်ပါတဲ့ အစီအစဉ်ကို ဆွေးနွေးမယ်လို့ ဆိုကြပါတယ်။

    ဒီအချက်တွေကိုတော့ မကြာခင် ပိုပြီး အသေးစိတ်သိလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

    နောက်ထပ်ပြီး အံ့အားသင့်စရာတစ်ခုကို ထရမ့် ပြောခဲ့တာက အီရန်ဘက်က အမေရိကန်ရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ နျူကလီးယားလက်နက်အစီအစဉ်ကို ဖျက်သိမ်းဖို့ သဘောတူပြီးသားလို့ ဆိုတာပါ။

    ဒီအခြေအနေမှာ ပါကစ္စတန်ကတော့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတစ်ခုအနေနဲ့ ကြားခံညှိနှိုင်းသူအဖြစ် ပါဝင်နေပြီး နှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေကို သူတို့နိုင်ငံမှာ လက်ခံကျင်းပပေးဖို့ ကမ်းလှမ်းထားပါတယ်။

    ဒါပေမယ့် တချို့သုံးသပ်သူတွေကတော့ ထရမ့်ဟာ သံတမန်ရေးနည်းလမ်းရှာနေသလိုပဲ မြင်ရပေမယ့် တကယ်တော့ “အချိန်ဆွဲနေတယ်” လို့လည်း ပြောနေကြပါတယ်။ အထူးသဖြင့် အမေရိကန်တပ်ဖွဲ့ဝင် ထောင်ချီကို ဒေသထဲ ပို့နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့်ပါ။

  8. သမ္မတထရမ့်ရဲ့ အီရန်အရေး မိန့်ခွန်း အကျဉ်းချုပ်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ပတ်သက်တဲ့ စစ်ပွဲအခြေအနေကို မတ် ၂၄ ရက်ညပိုင်းက ပြောကြားခဲ့ပြီး သတင်းထောက်တွေမေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။

    ထရမ့် ပြောတာကတော့ သူတို့ဘက်က “အီရန်ဘက်က “သက်ဆိုင်ရာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို ဆက်သွယ်နေတယ်” လို့ဆိုပြီး အီရန်ဘက်ကလည်း သဘောတူညီချက်တစ်ခုကို အရမ်းလိုလားနေတယ်လို့ ပြောပါတယ်။ ဒီဆွေးနွေးမှုတွေမှာ ဒုတိယသမ္မတ ဂျေဒီဗန့်စ် နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို တို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

    တစ်ဖက်မှာတော့ အမေရိကန်နဲ့ အစ္စရေးက အီရန်ကိုတိုက်ခိုက်မှုတွေကြောင့် “‌ အီရန်ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်သွားပြီ” လို့ ပြောပေမယ့် တစ်ချိန်တည်းမှာပဲ “ဘယ်သူ့ကိုမှ မယုံဘူး” လို့လည်း သူက ဆိုပါတယ်။

    ထူးခြားချက်ကတော့ အီရန်ဘက်က ဆွေးနွေးရေးအဖွဲ့ကနေ အမေရိကန်ကို “အရမ်းအရေးပါတဲ့ လက်ဆောင်တစ်ခု” ပေးထားတယ်လို့ သမ္မတထရမ့်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ အဲဒီ “လက်ဆောင်” ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ဟော်မုဇ်ရေလက်ကြားနဲ့ ဆက်နွယ်တယ်လို့ပဲ ပြောထားပြီး အသေးစိတ်တော့ မရှင်းပြခဲ့ပါဘူး။

    ထရမ့် က “မနေ့က သူတို့ လုပ်လိုက်တာ အံ့သြစရာကောင်းတယ်… ဒီနေ့တော့ အရမ်းတန်ဖိုးကြီးတဲ့ လက်ဆောင်ရောက်လာတယ်” လို့ ပြောခဲ့ပါတယ်။

    သတင်းထောက်တွေက ငြိမ်းချမ်းရေးသဘောတူညီချက်ဖြစ်နိုင်လားလို့ မေးတဲ့အခါမှာတော့ ထရမ့်က “ဒီစစ်ပွဲကိုအနိုင်ရပြီးသားပါ” လို့ တိတိကျကျပြန်ဖြေခဲ့ပါတယ်။

    ဒါပေမယ့် စစ်ပွဲကို တကယ်တမ်းမှာ ဘယ်လိုနည်းနဲ့ အဆုံးသတ်မလဲဆိုတာကိုတော့ မရှင်းပြဘူးလို့ ဘီဘီစီ သတင်းထောက်က မှတ်ချက်ပေးပါတယ်။

    နောက်တစ်ချက်ကတော့ အရှေ့အလယ်ပိုင်းကို အမေရိကန်တပ်ဖွဲ့တွေ ပို့မလားဆိုတာကို ထရမ့်က မပြောခဲ့ပါဘူး။ ဒါပေမယ့် CBS News ရဲ့ သတင်းအရ ပင်တဂွန်ရဲ့ အမှတ် ၈၂ ဝေဟင်တပ်ဖွဲ့ကနေ အရှေ့အလယ်ပိုင်းကို တပ်ဖွဲ့ဝင်တွေဖြန့်ကျက်ဖို့ လုပ်နေတယ်လို့ဖော်ပြထားပါတယ်။

  9. အမေရိကန်-အီရန်အရေး နောက်ဆုံးရသတင်းအခြေအနေ အကျဉ်းချုပ်

    - အမေရိကန်၊ အစ္စရေးတို့နဲ့ မသက်ဆိုင်တဲ့ သင်္ဘောတွေက အီရန်အာဏာပိုင်တွေနဲ့ ကြိုတင်ညှိနှိုင်းထားရင် ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းခွင့်ပြုမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ထား

    - အီရန်ဘက်က ပြောဆိုချက်အရ အမေရိကန်နဲ့ အီရန်ကြားမှာ တစုံတရာသဘောတူညီချက်မရှိသေးရင် ဒီရေလက်ကြားလမ်းကြောင်းကို အီရန်က ဆက်လက်ထိန်းချုပ်ထားနိုင်- တစ်ဖက်မှာလည်း အမေရိကန်က စစ်ရေးဖိအားတိုးဖို့ ပြင်ဆင်နေ၊ပင်တဂွန်ရဲ့ အမှတ် ၈၂ ဝေဟင်တပ်ခွဲကနေ အရှေ့အလယ်ပိုင်းကို တပ်ဖွဲ့ဝင်တွေဖြန့်ကျက်ဖို့ လုပ်နေတယ်လို့ ဘီဘီစီရဲ့ မိတ်ဖက်သတင်းဌာနက CBS News မှာဖော်ပြ- အမေရိကန်ရဲ့ လုပ်ရပ်က အီရန်ကို ဖိအားပေးပြီး ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ တွန်းအားပေးတာ ဖြစ်နိုင်တယ်လို့ အကဲခတ်တွေသုံးသပ်

    - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ “ဆွေးနွေးမှုပြုလုပ်နေပြီ” လို့ပြောပြီးနောက် ‌ရေနံစိမ်းဈေး ၆ ရာခိုင်နှုန်းပြန်ကျ အီရန်ကတော့ တွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့အချက်ကို ငြင်းဆိုထား- အမေရိကန်- အီရန် နှစ်ဖက်ကြား မတူညီတဲ့ပြောဆိုမှုတွေရှိနေချိန်မှာပဲ မြေပြင်အခြေအနေကလည်း မတည်ငြိမ်မှုတွေဆက်ရှိနေ၊ အစ္စရေးနဲ့ အီရန်တို့ကြားတိုက်ခိုက်မှုတွေ ဆက်ဖြစ်- လက်ဘနွန်တောင်ပိုင်းမှာလည်း လူ ၆ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်နေ

    - အမေရိကန်ဘက်က စစ်ပွဲကို အဆုံးသတ်ဖို့ အချက် ၁၅ ချက်ပါတဲ့ အစီအစဉ်တစ်ခုကို အီရန်ထံ ပေးလိုက်တယ်လို့ မီဒီယာတချို့က ဖော်ပြ၊ ဘီဘီစီအနေနဲ့ အဲဒီစာတမ်းပါ အစီအစဥ်ကို မတွေ့ရှိထားသေးသလို အတည်ပြုနိုင်ဖို့ ဆက်လက်မေးမြန်းနေ

  10. လေကြောင်းတိုက်ခိုက်ခံ အီရန်ပြည်သူတွေ ကြားသိရတဲ့စစ်ပွဲသတင်းတွေက ဘာတွေလဲ

    စစ်ပွဲကြောင့် အီရန်မှာ လူ ၁,၂၀၀ ကျော် သေဆုံးတဲ့သတင်းတွေ ထွက်ခဲ့ပြီး စစ်က လက်ဘနွန်နဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေဆီကို ပျံ့နှံ့သွားပါတယ်။ အီရန်အစိုးရမီဒီယာကတော့ အချက်အလက်တွေကို ထိုးဇာတ်တွေ ရောမွှေကာ သူ့ပြည်တွင်းပရိသတ်ကို တရားဝင် သတင်းအဖြစ် တင်ဆက်ပါတယ်။

    အီရန်ပြည်သူတွေထဲမှာ နိုင်ငံခြားအခြေစိုက် ပါရှန်းဘာသာ ရုပ်သံလိုင်းတွေကို အားပေးကြတဲ့သူ အရေအတွက်သန်းများစွာရှိပေမဲ့ အဲဒီလိုလွတ်လပ်တဲ့သတင်းတွေ ရယူနိုင်ရေးက ခက်ခဲပါတယ်။ အင်တာနက် ပိတ်ချတာ၊ ဆင်ဆာဖြတ်တာ၊ ရုပ်သံထုတ်လွှင့်မှုတွေကို ကန့်သတ်တာ စတဲ့ နည်းတွေနဲ့ အပိတ်ပင်ခံရတာကြောင့် အီရန်ပြည်သူအများစုဟာ နိုင်ငံမတည်မငြိမ်ဖြစ်ချိန်နဲ့ ပဋိပက္ခဖြစ်ချိန်တွေမှာ သတင်းမှန်တွေကို သိပ်မရနိုင်ကြပါဘူး။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  11. အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်တဲ့စစ်ပွဲမှာ ရေက လက်နက်ဖြစ်လာပြီလား

    ရေနံကြောင့် အနောက်ကမ္ဘာက အဲဒီဒေသမှာ ကာလရှည်ကြာ ပါဝင်ပတ်သက်နေတယ်လို့ မှန်းထားကြတဲ့အတိုင်း ဒီစစ်ပွဲမှာလည်း ရေနံက တစိတ်တပိုင်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ စစ်က ကျယ်ပြန့်လာပြီး ပင်လယ်ကွေ့နိုင်ငံတွေဆီကို ပြန့်လာတဲ့အခါ နောက်ထပ် သဘာဝအရင်းအမြစ်တခုဖြစ်တဲ့ ရေက အခုအချိန်မှာ ပြဿနာမဟုတ်သေးပေမဲ့ တစ်ချိန်မှာ ပြဿနာကြီး တစ်ခုဖြစ်လာနိုင်တယ်လို့ တချို့ သုံးသပ်သူတွေက ပြောနေပါပြီ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  12. မင်္ဂလာပါ။ မတ် ၂၅ ရက် အမေရိကန်- အီရန်အရေး၊ ဟော်မုဇ်ရေလက်ကြား ဆီသင်္ဘောတွေရဲ့ နောက်ဆုံးအခြေအနေသတင်းတွေကို တိုက်ရိုက်တင်ဆက်‌ပေးနေပါတယ်။

Trending Now