ရှမ်းမြောက်အရေး MNDAA နဲ့ TNLA ခေါင်းဆောင်တွေ လောက်ကိုင်မှာတွေ့ဆုံ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်က တအာင်းတပ် လက်ထဲကနေ ပြန်လည်ယူပြီးတဲ့နောက် ပြည်ထောင်စုလမ်းမကြီး ပြန်ပွင့်ပေမဲ့ အရှေ့ခြမ်းဘက်မှာတော့ စစ်ရေးတင်းမာမှု ဆက်ရှိနေတဲ့သတင်းအပါအဝင် မတ်လ ၁၇ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်က ထိန်းချုပ်လိုက်ပြီးတဲ့နောက် ရှမ်းမြောက်ကုန်သွယ်ရေးအတွက် အခရာကျတဲ့ဒီလမ်းမကြီး ပြန်ပွင့်ပေမဲ့ အရှေ့ခြမ်းမှာ စစ်ရေးတင်းမာနေ
  • ရှမ်းမြောက်အရေး ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ လောက်ကိုင်မှာတွေ့ဆုံဆွေးနွေးနေပြီလို့ တအာင်းတပ်ဘက်က ဘီဘီစီကို အတည်ပြု
  • အရှေ့အလယ်ပိုင်းက အီရန်ပဋိပက္ခကြောင့် ထိုင်း- မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ထဲမှာ ဆီတန်း ၀ယ်ယူတာတွေရှိနေချိန်မှာပဲ လောင်စာဆီ ရက် ၁၀၀ နီးပါးစာ ဖူလုံတယ်လို့ ထိုင်းအာဏာပိုင်တွေက အာမခံပြော
  • စစ်ခေါင်းဆောင်နဲ့ နောက်လိုက်တွေ ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကို တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတွေအနေနဲ့ နှစ်ဆတိုးမြှင့် အားထုတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ တိုက်တွန်း
  • ကိုးကန့်တပ်(MNDAA)က နမ့်ဖက်ကာမှာရှိတဲ့ ဂိတ်တွေကို ဖယ်ခိုင်းနေတယ်လို့ သတင်းထွက်လာတဲ့အပေါ် ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံငြင်းဆို
  • မဲဆောက်မြို့က ဆီဆိုင်တွေမှာ မြန်မာကားတွေကို ဆီရောင်းချတာ ရပ်တန့်ထားတယ်လို့ မဲဆောက်ရောက်မြန်မာအသိုင်းအဝိုင်းထံကနေ သိရပြီး ဓာတ်ဆီ 95 တစ်လီတာ ဘတ် ၄၀ ကျော်ပေးရ
  • အီရန်နဲ့ ဖြစ်နေတဲ့ စစ်ကို ကြီးကြပ်ဖို့အတွက် အမေရိကန်မှာ ရှိနေဖို့လိုအပ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ အစီအစဥ်ကို နောက်ထပ်တစ်လလောက် သမ္မတထရမ့် ရွှေ့ဆိုင်း

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၁၇ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မြန်မာဘက်ခြမ်းကို လာခဲ့တဲ့ ယူကရိန်းနဲ့ အမေရိကန်နိုင်ငံသား ၇ ဦးကို အိန္ဒိယ ဖမ်းဆီး

    အိန္ဒိယမှာ လုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦး(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Nur Photo/Getty Images

    ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ လုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦး(ပုံဟောင်း)

    အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကနေတဆင့် မြန်မာနိုင်ငံဘက်ကို ဝင်ရောက်ခဲ့တဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးနဲ့ အမေရိကန်နိုင်ငံသား ၁ ဦးတို့ကို အမျိုးသားစုံစမ်းထောက်လှမ်းရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။

    အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

    ဥရောပကနေ မြန်မာကို ပို့မယ့်ဒရုန်းတွေကို အိန္ဒိယကနေတဆင့် သယ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ မြန်မာဘက်က အိန္ဒိယဆန့်ကျင်တဲ့တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အာဏာပိုင်တွေက ဖမ်းဆီးထားသူတွေကို စွပ်စွဲထားပါတယ်။

    သူတို့တွေဟာ အိန္ဒိယနိုင်ငံကို တရားဝင်ဗီဇာနဲ့ ဝင်ရောက်လာတာဖြစ်ပေမဲ့ မီဇိုရမ်ကို ဝင်ရောက်ဖို့ မဖြစ်မ‌နေလျှောက်ရမယ့် ကန့်သတ်နယ်မြေဝင်ရောက် ခွင့်ကိုတော့ လျှောက်ခဲ့ခြင်းမရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

    ဖမ်းဆီးခံထားရသူတွေကို ပြီးခဲ့တဲ့စနေ့တုန်းက ဒေလီကို ခေါ်ဆောင်ခဲ့ပြီး မတ် ၂၇ အထိ ရမန်အချုပ် ချထားတယ်လို့ သိရပါတယ်။

    အိန္ဒိယလေဆိပ်တွေမှာ ဖမ်းဆီးခံလိုက်ရသူ ၇ ဦးဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ကြံစည်တာနဲ့ သူတို့လုပ်ဆောင်ချက်ဟာ နယ်စပ်ဖြတ်ကျော်ခြိမ်းခြောက်မှုတွေအတွက် စိုးရိမ်မှု မြင့်တက်စေတယ်လို့ NIA က စွပ်စွဲထားပါတယ်။

  3. အာဖဂန်နစ္စတန်မှာ ဆေးဖြတ်စခန်း ဗုံးကြဲခံရလို့ လူဒါဇင်ချီ သေဆုံး

    အာဖဂန်မှာ ဆေးဖြတ်စခန်း ဗုံးကြဲခံရလို့ လူဒါဇင်ချီ သေဆုံးတဲ့သတင်းကြောင့် မတ်လ ၁၆ ရက်ညပိုင်းအခြေအနေ ဖြစ်ပါတယ်။ အဆောက်အဦတစ်ခု မီးလောင် ပျက်စီးနေတာကို တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

    အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့တော်ကဘူးလ်က ဆေးဖြတ်စခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရတာကြောင့် လူ ဒါဇင်နဲ့ချီ ထိခိုက်သေဆုံးမှုရှိပြီး တာလီဘန်အစိုးရကတော့ ဒါဟာ ပါကစ္စတန်လက်ချက်လို့ အပြစ်ဖို့ပါတယ်။

    ကဘူးလ်မြို့က အဲဒီဆေးဖြတ်စခန်းဟာ တနင်္လာနေ့ မနက်ပိုင်းမှာ လေကြောင်း ထိမှန်ခဲ့တာဖြစ်ပြီး လူထိခိုက် သေဆုံးမှုရှိတယ်လို့ တာလီဘန်အစိုးရပြောခွင့်ရသူက လူမှုကွန်ရက် X (အရင်က တွစ်တာ)မှာ ရေးပါတယ်။

    ပါကစ္စတန်ကတော့ ကျန်းမာရေးအခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားတယ်ဆိုတာကို ငြင်းဆိုပြီး ကဘူးလ်မြို့နဲ့ အာဖဂန်အရှေ့ပိုင်းက နန်ဂါဟာ ခရိုင်ထဲက ''စစ်ဘက်ဆိုင်ရာအဆောက်အဦတွေနဲ့ အကြမ်းဖက်ထောက်ပံ့အခြေခံအဆောက်အဦတွေကို တိတိကျကျ'' ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။

    ဘီဘီစီက အဲဒီစင်တာကို ရောက်ချိန်မှာ နေရာအချို့ မီးလောင်နေတာကို တွေ့ရသလို အလောင်း ၃၀ ကျော်ကို ထမ်းစင်တွေနဲ့ သယ်ထုတ်သွားတာ တွေ့ရပါတယ်။

    အဲဒီမှာ လူပေါင်း နှစ်ထောင်နီးပါးကို ကုသပေးနေတာလို့ အဲဒီစင်တာအကြီးအကဲပိုင်းတွေက ပြောသလို သေဆုံးသူ ရာနဲ့ချီ ရှိနိုင်တယ်လို့လည်း သူတို့က ခန့်မှန်းပါတယ်။

    အာဖဂန်ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရှာရာဖတ် ဇာမန် အမာဟေးလ်ကတော့ အဲဒီဆေးဖြတ်စခန်းနားမှာ စစ်ဘက်ဆိုင်ရာအဆောက်အဦတစ်ခုမှ မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

    ဒေသစံတော်ချိန် ည ၉ နာရီခန့်မှာ လေယာဉ်သံနဲ့ လေကြောင်းကာကွယ်ရေးစနစ်သံတွေ ကြားရအပြီး ကဘူးလ်မြို့တလွှား ပေါက်ကွဲသံကြီးတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    တာလီဘန်အစိုးရပြောခွင့်ရသူကတော့ သေဆုံးသူအရေအတွက်ဟာ အယောက် ၄၀၀ နီးပါးအထိ ရှိနိုင်တယ်လို့ ပြောပေမဲ့ ဒီအရေအတွက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးဌာနကတော့ လေကြောင်းတိုက်ခိုက်မှုကို ''ဘေးထွက်ထိခိုက်မှု မရှိသလောက်နည်းအောင် တိတိကျကျ သတိရှိရှိ လုပ်ဆောင်ခဲ့တာ'' လို့ ပြောပါတယ်။

    ဒီလေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ အရင်က အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခု ရှိခဲ့ဖူးပြီး မူးယစ်ဆေးသုံးစွဲသူတွေ စုကြလေ့ရှိတဲ့နေရာလို့ဆိုပြီး သတင်းကြီးပါတယ်။ ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှာ တာလီဘန်တွေက အာဏာပြန်ရလာတဲ့အခါမှာ သူတို့ဟာ အဲဒီနေရာကို ဆေးဖြတ်တဲ့ပြန်လည်ထူထောင်ရေးစခန်းပြောင်းလဲခဲ့တာဖြစ်ပါတယ်။

    ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ အင်္ဂါနေ့ မနက်ပိုင်းအထိ ရှာဖွေရေးလုပ်နေကြတုန်းဖြစ်ပါတယ်။

  4. ရှီ နဲ့ တွေ့မယ့်အစီအစဥ်ကို ထရမ့်ရွှေ့

    တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ကန်သမ္မတထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ကန်သမ္မတထရမ့်

    မတ်လကုန်မှာ ဘေဂျင်းကိုသွားပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ အစီအစဥ်ကို နောက်ထပ်တစ်လလောက် ရွှေ့ဆိုင်းမယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

    ဒါက သူ့အနေနဲ့ အခုအီရန်နဲ့ ဖြစ်နေတဲ့ စစ်ကို ကြီးကြပ်ဖို့အတွက် အမေရိကန်မှာ ရှိနေဖို့လိုအပ်လို့ ဖြစ်တယ်လို့ ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ချိန်ပြောခဲ့ပါတယ်။

    ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ ဘေဂျင်းမှာ မတ်လ ၃၁ ရက်က ဧပြီ ၂ ရက်အတွင်းတွေ့ဆုံကြဖို့ မူလက သဘောတူထားပြီး အစီအစဥ်တွေ လုပ်နေခဲ့တာပါ။ ထရမ့်က အခုလို ရွှေ့ဆိုင်းရတာဟာ စစ်ပွဲကို သူအာရုံစိုက်ချင်လို့သာ ဖြစ်ပြီး တခြားဘာအကြောင်းမှ မရှိဘူးလို့ ပြောပါတယ်။

    ရှီကျင့်ဖျင်နဲ့ သူနဲ့ကြားမှာလည်း အထူးကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်လို့ ဆက်ပြောပါတယ်။ ပြီခဲ့တဲ့ရက်ပိုင်းကတော့ ထရမ့်က တရုတ်အနေနဲ့ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားတာကို ပြန်ပွင့်အောင် အမေရိကန်နဲ့အတူ ကူညီပြီးမလုပ်ပေးရင် သူတို့နှစ်ဦး တွေ့ဆုံမယ့်အစီအစဥ်ကို ရွှေ့ဆိုင်းမယ်လို့ ပြောထားပါတယ်။

    အီရန်နဲ့ စစ်ပွဲဖြစ်လာချိန်ကစပြီး သမ္မတထရမ့်အနေနဲ့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ အစီအစဥ်တွေမှာ တခြားကိစ္စတွေကို အာရုံမစိုက်နိုင်ဘဲ စစ်ရေးနဲ့ စစ်ကြောင့် ရေနံတွေပြတ်တောက် စျေးတွေတက်ဖြစ်လာမယ့် အရေးတွေကိုပဲ ဂရုစိုက်ကိုင်တွယ်နေရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

  5. မဲ‌ဆောက်မှာ မြန်မာကားတွေ ဆီဖြည့်မရ၊ ထိုင်းမှာ လောင်စာဆီ ဈေးတက်

    မတ် ၄ ရက်က မဲဆောက်မှာ ဆီတန်းစီနေတဲ့ ကရင်ပြည်နယ်လိုင်စင်နဲ့ ကားတစ်စီး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မတ် ၄ ရက်က မဲဆောက်မှာ ဆီတန်းစီနေတဲ့ ကရင်ပြည်နယ်လိုင်စင်နဲ့ ကားတစ်စီး

    မြန်မာဘက်က ကရင်ပြည်နယ်၊ မြဝတီမြို့မှာနေထိုင်သူတွေက ထိုင်းနိုင်ငံကို ကူးပြီး ဆီဖြည့်တာ များပြားနေတာကြောင့် မဲဆောက်မြို့က ဆီဆိုင်တွေမှာ မြန်မာကားတွေကို ဆီရောင်းချတာ ရပ်တန့်ထားတယ်လို့ မဲဆောက်ရောက်မြန်မာအသိုင်းအဝိုင်းထံကနေ သိရပါတယ်။

    “လေးငါးရက်လောက်ရှိပြီ။ မြန်မာကားတွေကို ဆီမရောင်းဖို့ စာကပ်ထားတာ။ မဲ‌ဆောက်က မြန်မာနဲ့လည်းကပ်လျက်၊ မြန်မာတွေလည်း အနေများတော့ ဆီဈေးလည်း တက်တာ ၂ ရက်လောက်ရှိပြီ” လို့ မဲဆောက်ရောက် မြန်မာတစ်ဦးက ပြောပါတယ်။

    ဓာတ်ဆီ ၉၅ တစ်လီတာကို မူလဈေး ထိုင်းဘတ်ငွေ ၃၀ ဝန်းကျင်ကနေ လွန်ခဲ့တဲ့ ၂ ရက်လောက်ကစလို့ ဘတ် ၄၀ အထိပေးဝယ်ရတယ်လို့ သူက ဆိုပါတယ်။

    မြဝတီဘက်ခြမ်းမှာတော့ စက်သုံးဆီ အလှုပ်အခတ် စဖြစ်ကာစ မတ် ၄ ရက်တုန်းကလောက် ဆိုင်ကယ်နဲ့ကားတန်းရှည်တွေ ဆီဆိုင်ရှေ့စောင့်တာ မရှိတော့ပေမဲ့ ဆီဈေးတက်သွားပြီလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    မတ် ၄ ရက်မှာ 95 တစ်လီတာ ၅၃၀၀ ကျပ်ရှိရာကနေ ဒီနေ့မှာတော့ တစ်လီတာ ၉,၀၀၀ ကျပ်ဝန်းကျင်နဲ့ မြို့ခံတွေဝယ်ယူနေရပါတယ်။

    “ထိုင်းဘက်ခြမ်းကို သွားဖြည့်ဖို့ နယ်စပ်ဖြတ်ကျော်ခွင့် ကတ်ရှိမှ သွားလို့ရတာ။ ဈေးလည်းနည်းနည်း သက်သာတော့ မဲဆောက်ကူး ဖြည့်ကြတာပေါ့။ အခုတော့ မရတော့ဘူး ကြားတယ်” လို့ မြဝတီမြို့ခံက ဆိုပါတယ်။

    စစ်ကော်မရှင်ကတော့ မြန်မာမှာ စက်သုံးဆီလက်ကျန် ရက် ၄၀ စာရှိတယ်လို့ မတ် ၄ ရက်က ပြောထားတာကြောင့် ဒီနေ့ဆိုရင် ၂၇ ရက်စာသာ ကျန်တော့တာပါ။

    သီလဝါဆိပ်ကမ်းမှာ ဆီမချရသေးတဲ့သင်္ဘော ၂ စင်းနဲ့ လမ်းမှာ လာနေဆဲ ဆီတင်သင်္ဘော ၁၄ စင်းရှိပြီး ရက်ပိုင်းအတွင်းဆိုက်ကပ်မယ်လို့တော့ စစ်ကော်မရှင်ပြောခွင့်ရက ပြောထားပါတယ်။

    ဒီနေ့ ရန်ကုန်ဆီဈေးက တစ်လီတာကို ၉၅ တစ်လီတာကို ၂,၇၆၁ ကျပ်ဖြစ်ပါတယ်။

    မြဝတီလို နယ်စပ်မြို့တွေကတော့ စက်သုံးဆီကို ပြည်မကနေ သယ်ယူပို့ဆောင်စားရိတ်ရှိတာကြောင့် ပိုဈေးများတတ်တာပါ။

    ဒီအတွက်တစ်ဖက်ကမ်းမှာရှိတဲ့ မဲဆောက်ကနေ ဈေးအနည်းငယ်သက်သာတဲ့နှုန်းနဲ့ သွားရောက် ဖြည့်နေကြပေမဲ့ ထိုင်းဘက်က ပြည်တွင်းသုံးစွဲဖူလုံဖို့အတွက် မြန်မာက ကားတွေကို ဆီမရောင်းတော့ပါဘူး။

    ထိုင်းစွမ်းအင်ဝန်ကြီးဌာနကတော့ ဆီလက်ကျန် ၁၀၁ ရက်စာ ရှိတယ်လို့ဆိုပြီး မနက်ဖြန်က စတင်ကာ ဈေးတက်မယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

  6. စျေးပေါတဲ့ဒရုန်းတွေကို သုံးပြီး အရှေ့အလယ်ပိုင်းမှာ အီရန် ဘယ်လိုတိုက်ခိုက်နေလဲ

    အဖြူရောင်၊ အနီရောင်နဲ့ အညိုရောင်တွေပါ ဝင်တဲ့ ရှာဟတ် ဒရုန်းသရုပ်ဖော်ပုံ

    ဒေါ်နယ်ထရမ့်က အီရန်ရဲ့ ဒုံးကျည်တွေနဲ့ ဒုံးကျည်နယ်ပယ်ကို “အလုံးစုံ ပျက်သုန်းအောင်လုပ်မယ်” လို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို လေကြောင်းတိုက်ခိုက်တုန်းက ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူပြောခဲ့တဲ့အထဲမှာ ဒရုန်းတွေကိစ္စ မပါဝင်ခဲ့ပါဘူး။

    အဲဒီနောက် တိုက်ခိုက်မှုဖြစ်တာ ၆ ရက်အတွင်း အီရန်ဟာ ဒေသတွင်းမှာ ဝရုန်းသုန်းကားအခြေအနေဖြစ်အောင်နဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ မနိုင်တော့အောင် အရှေ့အလယ်ပိုင်းတလွှားကို တန်ဖိုးနည်းဒရုန်း အစင်းရေ ၂၀၀၀ ကျော် ပစ်ခဲ့ပါတယ်။

    အသေခံဒရုန်းလို့ခေါ်တဲ့ ဒီ ‘ကာမီကာဇေ’ ရှာဟတ် ဒရုန်းတွေဟာ ထိမှန်တာနဲ့ပေါက်ကွဲစေမယ့် ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်ပြီး ပျက်စီးအားလည်းရှိပါတယ်။

    ဒီအတောအတွင်း မတ်လ ၁၇ ရက်မှာ အီရတ်မြို့ ဘဂ္ဂဒတ်မှာရှိတဲ့ အမေရိကန် သံရုံးဟာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတယ်လို့ သတင်းတွေ တက်လာပါတယ်။

    အဲဒီမတိုင်ခင် အစောပိုင်းတုန်းကတော့ သံရုံးဘက်က အီရတ်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ဘဂ္ဂဒတ်မြို့လယ်ပိုင်းမှာရှိတဲ့ ''နိုင်ငံတကာဇုန် ရပ်ဝန်းကို အီရန်ယိမ်း အကြမ်းဖက်သမားတွေက အကြိမ်ကြိမ်တိုက်ခိုက်နေတယ်'' လို့လည်း သတိပေးချက်မှာ ပြောပါတယ်။

    စျေးပေါပေါ ဒရုန်းတွေကို အသုံးပြုပြီး အီရန်က အရှေ့အလယ်ပိုင်းမှာ ဘယ်လိုတိုက်ခိုက်မှုတွေ ပြုလုပ်နေပါသလဲ။ အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  7. KIA ဂိတ်တွေကို ဖယ်ဖို့ ကိုးကန့်တပ်က တရားဝင်ပြောတာမရှိဘူးလို့ ဗိုလ်မှူးကြီး နော်ဘူပြော

    ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ

    ဓာတ်ပုံ ရင်းမြစ်, NMG

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ နမ့်ဖက်ကာရွာမှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ) ဂိတ်တွေကို ဖယ်ရှားခိုင်းတာမျိုးကို ကိုးကန့်တပ်ဘက်က တရားဝင်အကြောင်းကြားလာတာ မဟုတ်ဘူးလို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

    ကိုးကန့်တပ်(MNDAA)က နမ့်ဖက်ကာမှာရှိတဲ့ ဂိတ်တွေကို ကို ဖယ်ခိုင်းနေတယ်လို့ သတင်းထွက်လာတဲ့အပေါ် ဘီဘီစီက ဆက်သွယ်မြေးမြန်းချိန် ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံက အခုလို ပြောတာဖြစ်ပါတယ်။

    “ရှေ့တန်းမှာရှိနေသူချင်း ပြောဆိုနေကြတာ ဖြစ်နိုင်ပါတယ်။ တပ်ဖွဲ့ချင်း တရားဝင်အကြောင်းကြားလာခြင်း မရှိသေးပါဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ကွတ်ခိုင်မြို့နယ်ထဲမှာရှိတဲ့ နမ့်ဖက်ကာရွာကို ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေက ၂၀၂၄ ဇန်နဝါရီမှာ သိမ်းထားတာပါ။

    နမ့်ဖက်ကာဟာ ရှမ်းမြောက်မှာ တရုတ်နဲ့ကုန်သွယ်ရေးအဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်မှာရှိပါတယ်။
    ဓာတ်ပုံ ပုံစာ, နမ့်ဖက်ကာဟာ ရှမ်းမြောက်မှာ တရုတ်နဲ့ကုန်သွယ်ရေးအဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်မှာရှိပါတယ်။

    နမ့်ဖက်ကာနဲ့ ၂၈ မိုင်ဝန်းကျင်မှာရှိတဲ့ ကွတ်ခိုင်မြို့ကို TNLA သိမ်းအပြီးမှာ နမ့်ဖက်ကာဒေသအတွင်း ကေအိုင်အေနဲ့ TNLA တပ်ဖွဲ့ဝင်ချင်း ပွတ်တိုက်မှုတွေလည်း ပြီးခဲ့တဲ့နှစ်အတွင်း ရှိခဲ့ပါတယ်။

    ရွာအဝင်နဲ့အထွက် ပြည်ထောင်စုလမ်းမှာ ကေအိုင်အေနဲ့ TNLA ဂိတ်တွေ ရှိပြီး ကွတ်ခိုင်တိုက်ပွဲဖြစ်တဲ့ ရက်ကစလို့ နမ့်ဖက်ကာက TNLA ဂိတ်တွေ မတွေ့ရဘူးလို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီမနက်ပိုင်းအထိ ကေအိုင်အေဂိတ်ချထားတာ တွေ့နေရဆဲဖြစ်ပြီး MNDAA တပ်ဖွဲ့ဝင် ၂၀ လောက်လည်း ဈေးဘက်ကို လာရောက်တာရှိတယ်လို့ သူကပြောပါတယ်။

    “ဒေသခံတွေကတော့ စစ်ဖြစ်မှာ ကြောက်နေကြပြီ။ အကုန်လုံးက သွားမြန်မြန် လာမြန်မြန်ပဲ။ ကိုယ်နေတာကလည်း ရွာအဝင်ဘက်ဆိုတော့ ဝင်တိုက်တာနဲ့ အရင်ရောက်မယ့်နေရာဆိုတော့ စိုးရိမ်တယ်” လို့ ဆိုပါတယ်။

    ဒေသခံရဲ့အပြောအရ မနေ့က ညနေပိုင်းမှာ MNDAA တပ်ဖွဲ့ဝင်တွေပါတဲ့ ကား ၉ စီးနဲ့ ဆိုင်ကယ် ၁၀ စီးလောက်က နမ့်ဖက်ကာကို ဖြတ်သန်းသွားတယ်လို့ ဆိုပါတယ်။

    နမ့်ခမ်းဘက်ကို ထိုးစစ်ဆင်လာတဲ့ MNDAA တပ်ဖွဲ့ဝင်တွေဖြစ်လိမ့်မယ်လို့ စစ်ရေးအခြေအနေအရ နားလည်ရပြီး ဒီတပ်အင်အားတွေဟာ ၁၂ မိုင်ရွာမှာ ရပ်နေပါတယ်။

    ဒီနေ့မနက်ပိုင်းမှာတော့ ကိုးကန့်နဲ့ တအာင်းတပ် ခေါင်းဆောင်ပိုင်းတွေက ရှမ်းမြောက်အရေး လောက်ကိုင်မြို့မှာ ဆွေးနွေးနေပြီလို့ TNLA ဘက်က ဘီဘီစီကို ဒီနေ့ မနက်ပိုင်းမှာပဲ ပြောပါတယ်။

  8. အီရတ်က အမေရိကန်သံရုံး ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရ

    မတ်လ ၁၆ ရက် ညပိုင်းမှာ West Bank က Nablus က ကောင်းကင်ယံမှာ အီရန်ဒုံးကျည်တစ်စင်းကို မြင်တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, မတ်လ ၁၆ ရက် ညပိုင်းမှာ West Bank က Nablus က ကောင်းကင်ယံမှာ အီရန်ဒုံးကျည် တစ်စင်းကို မြင်တွေ့ရတာလို့ EPA က သတင်းဓာတ်ပုံ ဖော်ပြ

    အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရပါတယ်။

    ဒါဟာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကိုတိုက်ခိုက်မှုတွေ စတင်ကတည်းက ''အပြင်းထန်ဆုံးတိုက်ခိုက်ခံရမှုအဖြစ်'' မှတ်ယူခံရပါတယ်။

    အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ကတော့ အီရန်ထံကနေ ဒရုန်းနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကြောင့် လေကြောင်းပိုင်နက်ကို ပိတ်ခဲ့ပြီးတဲ့နောက် အခုတော့ ပြန်လည်ဖွင့်လိုက်ပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

    ဒီအတောအတွင်းမှာပဲ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာက အီရန်မှာ ''ပိုကျယ်ပြန့်တဲ့စစ်ပွဲ'' အတွင်းကို ဆွဲသွင်းခံရမှာမျိုး ဗြိတိန်ကို အဖြစ်မခံဘူးလို့ ပြောခဲ့ပြီးတဲ့နောက် ဒီအပြောကို ''သဘောမကျဘူး'' လို့ အမေရိကန်သမ္မတ ထရမ့်က ပြောပါတယ်။

    ထရမ်ကတော့ တခြားနိုင်ငံတွေ အထူးသဖြင့် နေတိုးမဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ ဟော်မုစ် ရေလက်ကြားကို လုံခြုံအောင်လုပ်ရေး ကူညီဖို့ ထပ်တောင်းဆို လိုက်ပြီး ပင်မရေနံလမ်းကြောင်း ဟော်မုစ် ရေလက်ကြားအရေးမှာ ပါဝင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေက စိတ်အားထက်သန်မှု မရှိတာကိုလည်း အံ့သြတယ်လို့ သူက ပြောပါတယ်။

    ဂျာမနီအဓိပတိ ဖက်ဒရစ် မာ့ဇ်ကတော့ ဒီစစ်ပွဲဟာ ''နေတိုးရဲ့ပြဿနာ မဟုတ်တော့ဘူး'' လို့ နေတိုးအဖွဲ့က ပြောသလို မဟာမိတ်တွေဟာ မြေထဲပင်လယ်ထဲမှာ လုံခြုံရေးထပ်ပြီး ပေးဖို့ တိုးမြှင့်လုပ်ဆောင်တာတွေ လုပ်ထားပြီး ပြီလို့ ပြောပါတယ်။

    ဒီအတောအတွင်းမှာပဲ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့ဟာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး လက်ဘနွန်မှာ အစ္စရေးရဲ့မြေပြင်ထိုးစစ်ဟာ ''လူသားချင်းစာနာမှု အကျိုးဆက်တွေ ရှိလာတယ်'' လို့ ဆိုပါတယ်။

    အစောပိုင်းတုန်းကတော့ အစ္စရေး စစ်တပ်ဟာ ဟီတီရန်၊ Shiraz နဲ့ Tabriz မြို့ကြီးတွေကို လေကြောင်းတိုက်ခိုက်မှု လှိုင်းအသစ် တစ်လှိုင်း စတင်နေပြီလို့ ပြောပြီး အီရန်မြို့တော်မှာ ပျက်စီးမှုများတဲ့ဗီဒီယိုဖိုင်တွေကိုလည်း BBC Verify အဖွဲ့က မြင်တွေ့ထားရပါတယ်။

  9. စစ်ခေါင်းဆောင်နဲ့နောက်လိုက်တွေကို တာဝန်ခံမှုရှိစေရေး နိုင်ငံတွေ နှစ်ဆတိုးအားထုတ်ဖို့ SAC M တိုက်တွန်း

    မြန်မာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၆ ခုနှစ် တပ်တွေ့ဆုံပွဲတစ်ခုမှာ မြင်တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နောက်လိုက်တွေ ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကို တာဝန်ခံမှု ရှိစေရေးအတွက် နိုင်ငံတွေအနေနဲ့ နှစ်ဆတိုးမြှင့် အားထုတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက တိုက်တွန်း လိုက်ပါတယ်။

    မနေ့က ပြည်သူ့လွှတ်တော်စတင်ခေါ်ယူတဲ့ရက်မှာ ဒီတိုက်တွန်းချက်ကို ထုတ်ပြန်လာတာပါ။

    SAC M ကတော့ နေပြည်တော်မှာ ကျင်းပနေနဲ့ လွှတ်တော်အစည်းအဝေးတွေကို ထောက်ပြပြီး မြန်မာစစ်တပ်ရဲ့ ဗိုလ်ချုပ်တွေနဲ့ လက်ဝေခံတွေက လွှတ်တော် ကျင်းပပြီး အာဏာလုယူမှု တဆင့်ထပ်တက်လာပြီလို့ စွပ်စွဲပြောဆိုပါတယ်။

    “လုပ်ယူထားတဲ့ ရာထူးနဲ့ဝတ်စုံ ပြောင်းလိုက်ရုံလေးနဲ့ မြန်မာလူထု ဒါမှမဟုတ် နိုင်ငံတကာအသိုင်းအဝိုင်း ဒါမှမဟုတ် သူ ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေ လျော့ပါးသွားဖို့ လှည့်စားလို့ မရဘူး။ အပြစ်ပေးအရေး ယူပြီး တရားမျှတမှုရဖို့အထိ သွားရမှာဖြစ်တယ်” လို့ SAC M အဖွဲ့ဝင် မစ္စစ် ယန်ဟီးလီက ပြောပါတယ်။

    နောက်နှစ်ပတ်အတွင်း စစ်တပ်က ဗိုလ်ချုပ်ကြီးတွေ ဒါဇင်နဲ့ချီပြီး စစ်ယူနီဖောင်းကနေ အရပ်သားဝတ်စုံ ပြောင်းဝတ်ကာ အသွင်ပြောင်းလာကြမှာဖြစ်တယ်လို့ SAC M က ဆိုပါတယ်။

    ဒါဟာ စစ်တပ်ရဲ့ရုပ်သေးအစိုးရတစ်ရပ် ဧပြီလအစပိုင်းမှာ ပေါ်ပေါက်လာရေးအတွက် ဦးတည်လုပ်ဆောင်ချက်လို့လည်း ပြောထားပါတယ်။

    နွေဦးတော်လှန်ရေးကသာ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် တစ်ခုတည်းသော တရားဝင်ပြီး လက်တွေ့ကျတဲ့လမ်းကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါကြောင့် နိုင်ငံတွေနဲ့ ကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လူထုကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ NUG တို့ကို ဘဏ္ဍာရေး၊ ရုပ်ဝတ္ထုပစ္စည်းနဲ့ စွမ်းဆောင်ရည် တည်ဆောက်ရေးအတွက် အထောက် အကူ ပေးဖို့ SAC M က ဆိုပါတယ်။

    စစ်တပ်ရဲ့စစ်လက်နက် ပစ္စည်း၊ ငွေကြေးနဲ့ လေယာဥ်ဆီရရှိမှုကို ဖြတ်တောက်ဖို့ ဒဏ်ခတ်ပိတ်ဆို့တာတွေ တိုးမြှင့်ဖို့လည်း နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

  10. တရုတ်လက်ချက်လို့ ပုံဖော်ခံရတဲ့ ရှမ်းမြောက်က မဟာမိတ်နှစ်ဖွဲ့ ပဋိပက္ခ

    အလံတင် အခမ်းအနားတစ်ခုမှာ မြင်တွေ့ရတဲ့ ကိုးကန့်တပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, The Kokang

    ဓာတ်ပုံ ပုံစာ, အလံတင် အခမ်းအနားတစ်ခုမှာ မြင်တွေ့ရတဲ့ ကိုးကန့်တပ်ဖွဲ့ဝင်တွေ

    အခိုင်မာဆုံး မဟာမိတ်ဆက်ဆံရေးတစ်ခုအဖြစ် ရှုမြင်ခံခဲ့ရတဲ့ ကိုးကန့်တပ်(MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ကြားမှာ ပေါ်ပေါက်လာတဲ့ ၂၀၂၆ ရှမ်းမြောက် စစ်ရေးပဋိပက္ခက တော်လှန်ရေးအင်အားစုတွေရဲ့ မဟာမိတ်ဆက်ဆံရေးအပေါ် စမ်းသပ်မှုတစ်ခု ဖြစ်လာပါတယ်။

    ၂၀၂၃ အောက်တိုဘာကစလို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ (ကိုးကန့်တပ်၊ တအာင်းတပ်နဲ့ အာရက္ခတပ်တော်) တို့ပူးပေါင်းပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဟာ မြန်မာပြည်တွင်း စစ်ရေးအခြေအနေကိုပြောင်းလဲစေခဲ့တဲ့ စစ်ဆင်ရေးတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

    အဲဒီစစ်ဆင်ရေးပြီးဆုံးပြီး နှစ်နှစ်ကျော်ကြာတဲ့အချိန်၊ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ အစိုးရသစ်ပေါ်လာမယ့်ကာလမှာ ရှမ်းမြောက်ဒေသမှာ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) ကြား အက်ကြောင်းထလာတာဖြစ်ပါတယ်။

    တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရှမ်းမြောက်က ပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်နိုင်ရေး တရုတ်ရဲ့ လက်ချက်ပါတယ်လို့ ပုံဖော်ခံထားရတဲ့ MNDAA ရဲ့ ကွတ်ခိုင်၊နမ့်ခမ်းအထိ ထိုးစစ်ကို TNLA ဘယ်လိုတုံ့ပြန်မလဲ။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  11. MNDAA နဲ့ TNLA ခေါင်းဆောင်တွေ လောက်ကိုင်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိ - TNLA

    တအောင်းတပ် TNLA ဘက်တံဆိပ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တအောင်းတပ် TNLA ဘက်တံဆိပ်

    ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA) တို့ရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ လောက်ကိုင်မြို့ကို ရောက်နေကြပြီလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဘီဘီစီကို ဒီနေ့မနက်ပိုင်းမှာ ပြောပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ကြအပြီးမှာ နှစ်ဖက်တပ် ခေါင်းဆောင်တွေ အခုလိုတွေ့ဆုံမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

    မဟာမိတ်တွေ့ဆုံ ဆွေးနွေးရေးကနေပဲ အဖြေရှာသွားဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

    “ဒီနေ့မှာလည်း နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ လောက်ကိုင်ကို ရောက်နေကြပြီဖြစ်တယ်။ ကျွန်မတို့ဘက်ကတော့ နှစ်ဖက်တပ် အပစ်ရပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ TNLA ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

    ကွတ်ခိုင်မြို့က တပ်ဖွဲ့ဝင်ချင်း ရန်ဖြစ်ရာကနေ နှစ်ဖက်တင်းမာမှု အစပြုပြီး ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ TNLA သိမ်းထားတဲ့ ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်တိုက်ကာ မတ် ၁၆ ရက်မှာ ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

    ကွတ်ခိုင်ကနေ နမ့်ခမ်းမြို့ဘက်ကို ထိုးစစ်ဆက်လာတဲ့ ကိုးကန့်တပ်ဟာ မနေ့ ညပိုင်းမှာ ၁၂ မိုင်ကုန်းမှာ ရောက်နေတယ်လို့ သိရပါတယ်။

    ဒီနေ့မှာတော့ နှစ်ဖက်တပ်ဖွဲ့တွေအကြား တိုက်ပွဲမရှိဘဲ ကိုးကန့်တပ်ကလည်း ရောက်လက်စနေရာမှာ တန့်နေတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကိုပြောပါတယ်။

  12. လားရှိုး - မူဆယ်ပြည်ထောင်စုလမ်းမကြီး ပြန်ပွင့်ပေမဲ့ အရှေ့ခြမ်းမှာ စစ်ရေးတင်းမာနေ

    ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ၊ တရုတ်နဲ့ မြန်မာ တည်နေရာပြ မြေပုံ

    လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးဖြတ်သွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်(MNDAA) က သူ့ရဲ့ မဟာမိတ် တအာင်းတပ်(TNLA)လက်ထဲကနေ တိုက်ခိုက်ယူ ထိန်းချုပ်လိုက်ပြီးတဲ့နောက် အဲဒီလမ်းမကြီးပြန်ဖွင့်လိုက်ပြီလို့ ကွတ်ခိုင်မြို့ခံတွေက ပြောပါတယ်။

    '' မတ်လ ၁၆ ရက် နေ့လယ်ပိုင်းမှာ ပြည်ထောင်စုလမ်းမကြီး ပြန်ပွင့်သွားတာ'' လို့ ကွတ်ခိုင်မြို့ခံက ပြောပါတယ်။

    တအာင်းတပ်နဲ့ ကိုးကန့်တပ်တို့ တိုက်ပွဲဖြစ်လို့ ကွတ်ခိုင်မြို့အထက်ပိုင်းနဲ့ အောက်ပိုင်းမှာ ပိတ်မိနေတဲ့ မော်တော်ကားတွေ မနေ့ မွန်းလွဲပိုင်းကစလို့ ပြန်သွားလို့ရပြီလို့ ကွတ်ခိုင်မြို့ခံတစ်ဦးက ဒီနေ့ မနက်ပိုင်းမှာပဲ ဘီဘီစီကို ပြောပါတယ်။

    ‘’မနေ့ နေ့လယ်ပိုင်း ဒီမှာ အားလုံးငြိမ်သွားပြီဆိုတာနဲ့ ကွတ်ခိုင်မှာ အထက်အောက် ပိတ်မိနေတဲ့ကားတွေ သွားခွင့်ရသွားတာ’’ လို့ သူက ဆက်ပြောပါတယ်။

    ကိုးကန့်တပ်က လားရှိုး - မူဆယ်လမ်းကို ထိန်းချုပ်လိုက်ပြီဖြစ်တာကြောင့် လားရှိုး- သန္နီ- ကွတ်ခိုင်- နမ့်ဖက်ကာ- ၁၀၅ မိုင် - ကျင်စန်းကျော့ဂိတ်အထိ လမ်းပေါက်ပြီလို့ ရှမ်းမြောက်အခြေအနေ သိသူက ပြောပါတယ်။

    ‘’လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်ခုလုံးကို ကိုးကန့်တပ်က ပြန်ထိန်းချုပ်လိုက်ပြီဆိုပေမဲ့ မူလက မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့( ကိုးကန့်တပ်၊ တအာင်းတပ်နဲ့ အာရက္ခတပ်တော်)တို့ ထိန်းချုပ်ခဲ့တဲ့ မူဆယ် (၁၀၅)မိုင် ဂိတ်နဲ့ ကျင်စန်းကျော့ဂိတ်မှာတော့ တအာင်းတပ်က ဆုတ်ခွာရပြီး အေအေ(အာရက္ခတပ်တော်)က ဆက်ပြီး ထိန်းချုပ်နေဦးမယ် ထင်တယ်’’ လို့ ရှမ်းမြောက် စစ်ရေးအခြေအနေသိရှိသူက ပြောပါတယ်။

    ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ အာရက္ခတပ်တော်(အေအေ)တို့ဟာ မြောက်ပိုင်းညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်တကြောက မြို့တွေကို သိမ်းခဲ့ကြတာဖြစ်ပါတယ်။

    ကွတ်ခိုင်မြို့ကို ထိန်းချုပ်တာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်ပွဲဖြစ်တဲ့အထိ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)တို့ကြား နှစ်ဖက်တင်းမာတွေ ၂ ရက်ဆက်ဖြစ်ခဲ့တဲ့နောက် မတ် ၁၆ ရက်မှာ ကွတ်ခိုင်ကို MNDAA က လုံးဝထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

    ကွတ်ခိုင်မှာ တိုက်ပွဲတွေ ပြန်ငြိမ်သွားပြီဖြစ်ပေမဲ့ လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီးအရှေ့ခြမ်းမှာတော့ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေဆဲပဲလို့ မြေပြင်အခြေအနေ သိရှိသူက ဒီနေ့မနက်ပိုင်းမှာပဲ ဘီဘီစီကို ပြောပါတယ်။

  13. မင်္ဂလာပါ။

    မတ် ၁၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now