တရုတ်လက်ချက်လို့ ပုံဖော်ခံရတဲ့ ရှမ်းမြောက်က မဟာမိတ်နှစ်ဖွဲ့ ပဋိပက္ခ

ကိုးကန့်တပ်နဲ့ MNDAA တို့ရဲ့ဓာတ်ပုံတွေနဲ့ ကွတ်ခိုင်မြို့ဆိုင်းဘုတ် ပေါင်းစပ် ဓာတ်ပုံ
ဖတ်ရန်အချိန်: မိနစ် ၁၁

အခိုင်မာဆုံး မဟာမိတ်ဆက်ဆံရေးတစ်ခုအဖြစ် ရှုမြင်ခံခဲ့ရတဲ့ ကိုးကန့်တပ်(MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ကြားမှာ ပေါ်ပေါက်လာတဲ့ ၂၀၂၆ ရှမ်းမြောက် စစ်ရေးပဋိပက္ခက တော်လှန်ရေးအင်အားစုတွေရဲ့ မဟာမိတ်ဆက်ဆံရေးအပေါ် စမ်းသပ်မှုတစ်ခု ဖြစ်လာပါတယ်။

၂၀၂၃ အောက်တိုဘာကစလို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ (ကိုးကန့်တပ်၊ တအာင်းတပ်နဲ့ အာရက္ခတပ်တော်) တို့ပူးပေါင်းပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဟာ မြန်မာပြည်တွင်း စစ်ရေးအခြေအနေကိုပြောင်းလဲစေခဲ့တဲ့ စစ်ဆင်ရေးတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အဲဒီစစ်ဆင်ရေးပြီးဆုံးပြီး နှစ်နှစ်ကျော်ကြာတဲ့အချိန်၊ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ အစိုးရသစ်ပေါ်လာမယ့်ကာလမှာ ရှမ်းမြောက်ဒေသမှာ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) ကြား အက်ကြောင်းထလာတာဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရှမ်းမြောက်က ပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်နိုင်ရေး တရုတ်ရဲ့ လက်ချက်ပါတယ်လို့ ပုံဖော်ခံထားရတဲ့ MNDAA ရဲ့ ကွတ်ခိုင်၊နမ့်ခမ်းအထိ ထိုးစစ်ကို TNLA ဘယ်လိုတုံ့ပြန်မလဲ။

ကွတ်ခိုင်ကို ကိုးကန့်တပ်သိမ်းပိုက် ပြည်ထောင်စုလမ်းပိုင်းတချို့ပြန်ဖွင့်

ကွတ်ခိုင်မြို့ အဝင်

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay

ဓာတ်ပုံ ပုံစာ, ကွတ်ခိုင်မြို့ အဝင်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က ကွတ်ခိုင်မြို့ပေါ်မှာ CCTV လိုက်တပ်ဆင်နေတဲ့ MNDAA ကိုးကန့် တပ်ဖွဲ့ဝင်တွေကို TNLA တပ်တွေက တားဆီးပိတ်ပင်ရာကနေ နှစ်ဖက်တပ်ကြားတင်းမာခဲ့ပြီး နောက်ပိုင်း အခုလိုစစ်ရေး အခြေနေအထိ တင်းမာခဲ့တာ ဖြစ်ပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်အရ တိုက်ပွဲစတင်ဖြစ်ပွားရခြင်းအကြောင်းအရင်းဟာ ကွတ်ခိုင်မြို့မှာ တပ်ဆင်ထားတဲ့ စီစီတီဗီတွေကို ဖယ်ရှားလိုက်တာကြောင့်လို့ ဆိုပေမဲ့ အဲဒီအကြောင်းအရင်းထက်ပိုတယ်လို့ သုံးသပ်ကြပါတယ်။

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA က နှစ်ရက်ကြာထိုးစစ်ဆင်ခဲ့ပြီး မတ် ၁၆ ရက်မှာ မြို့တစ်ခုလုံးနီးပါးကို သိမ်းပိုက်ခဲ့ပြီး ပြည်ထောင်စုလမ်းပိုင်းတချို့ကို ပြန်ဖွင့်လိုက်ပါတယ်။

နှစ်ရက်အတွင်းမှာ ကိုးကန့်တပ်ဘက်က ဒရုန်း ရာနဲ့ချီ အသုံးပြုပြီး တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဗျူဟာကုန်းကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တအာင်းတပ်ဘက်က ဆုတ်ခွာပေးလိုက်ရတာလို့ ကွတ်ခိုင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

''မတ် ၁၆ ရက်မှာ မြို့တွင်းက TNLA တပ်တွေ အားလုံးထွက်သွားပြီ။ မြို့ပြင်ရောက်သွားတဲ့ TNLA တပ်တွေကို MNDAA က လိုက်ပြီး မောင်းထုတ်တယ်လို့ သိရတယ်။ ဒရုန်းတွေထိလို့ ရွာ ၂ ရွာလောက် လုံးဝနီးပါး ပျက်စီးသွားတယ်။ အခု ရွာအများစု တောထဲမှာရှောင်နေကြရတယ်'' လို့ ကွတ်ခိုင်ဒေသခံ ကိုညီ (အမည်လွှဲ) က ပြောပါတယ်။

ကွတ်ခိုင်မြို့ကိုသိမ်းပြီးတဲ့နောက် မူဆယ် (၁၀၅) မိုင်၊ ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာလမ်းကြောနဲ့ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့အနီး ၁၂ မိုင်ကုန်းအထိ MNDAA က နေရာယူထားတယ်လို့ ဒေသခံနှစ်ဦးနဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

တအာင်းတပ်နဲ့ နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်ရဲ့ အပြောအရ မတ်လ ၁၇ ရက်အထိ TNLA ဘက်က ခုခံပုံစံနဲ့ ရှိနေပြီး ထိုးစစ်ဆင် ပြန်လည်တိုက်ခိုက်တာ မတွေ့ရဘူးလို့ ဆိုပါတယ်။

ကိုးကန့်တပ် MNDAA ရဲ့ ထိုးစစ်ဆင်နေတဲ့ လမ်းကြောင်းအရ ကွတ်ခိုင် - နမ့်ဖတ်ကာ ကနေ တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ နမ့်ခမ်းမြို့အထိ စစ်ရေးလှုပ်ရှားမှုရှိနေတယ်လို့ နားလည်ရပါတယ်။

''နမ့်ဖတ်ကာလမ်းခွဲကနေ နမ့်ခမ်းကိုသွားတဲ့လမ်းက ဗကပခေတ်က မူဆယ်ကိုသွားဖို့ အစိုးရကဖောက်တဲ့ မဟာဗျူဟာလမ်းပိုင်း ဖြစ်တယ်။ အဲဒီလမ်းပိုင်းမှာ အခု ကိုးကန့်တပ်ရှိနေတယ်။ အဲဒီလမ်းကနေ နမ့်ခမ်းကိုပေါက်ပြီး နမ့်ခမ်းကနေ မိုင်းဝီးလမ်းက တဆင့် နမ္မတူ ကိုရောက်နိုင်တယ်'' လို့ လားရှိုးအခြေစိုက်တဲ့ ရှမ်းမြောက်အရေးကျွမ်းကျင်သူက ရှင်းပြပါတယ်။

နောက်ထပ်လမ်းကြောင်းက ပြည်ထောင်စုလမ်းမကြီးအဖြစ် သိကြတဲ့ မန္တလေး- လားရှိုး- မူဆယ်လမ်းပိုင်းပေါ်က ကွတ်ခိုင်-နမ့်ဖတ်ကာ-မိုင်းယု-မူဆယ် ၁၀၅ မိုင်(ကျင်စန်းကျော့) လမ်းပိုင်းဖြစ်ပါတယ်။

ဒီလမ်းပိုင်းပေါ်ကို ကြည့်ရင် ကိုးကန့်တပ် MNDAA က နယ်မြေအများစုကိုခြေကုပ်ယူထားပြီးဖြစ်ပါတယ်။ မူဆယ် ၁၀၅ မိုင်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ ရှိနေပေမယ့် အာရက္ခတပ်တော် (အေအေ)နဲ့ တအာင်းတပ် TNLA က ဆုတ်ခွာရဖို့ ရှိနေတယ်လို့ တအာင်းတပ်နဲ့ နီးစပ်နဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

''နမ့်ဖတ်ကာနေ ပြည်ထောင်စုလမ်းအတိုင်းသွားရင် မိုင် ၂၀ လောက်ဆို မူဆယ် ၁၀၅ မိုင်ရောက်ပြီ။ နောက်တစ်ခုက ကိုးကန့်တပ်က သီပေါမြို့အထွက် အီနိုင်းရွာမှာလည်း ရှိနေတယ်။ သီပေါအစပ်အထိ ကိုးကန့်တပ် နေရာယူထားတယ်။ ပြောမယ်ဆိုရင် ကိုးကန့်တပ်က လားရှိုး-သီပေါလမ်းတစ်လျှောက် ထိန်းချုပ်ထားတယ်'' လို့ ရှမ်းမြောက်အရေးကျွမ်းကျင်သူက ဆက်ရှင်းပြပါတယ်။

နမ့်ခမ်း- မူဆယ်ကြားမှာရှိတဲ့ စယ်လန့်ကျေးရွာမှာ ကိုးကန့်တပ်ဝတ်စုံဝတ်ဆင်ထားတဲ့ ပူးပေါင်းတပ်အဖွဲ့တွေ ရောက်ရှိနေပြီး နမ့်ခမ်းကို ထိုးစစ်ဆင်ဖို့ ပြင်နေတယ်လို့ ဒေသတွင်းသတင်းဌာန ရွှေဖီမြေက မတ် ၁၆ ရက်ညနေပိုင်းမှာ သတင်းဖော်ပြပါတယ်။

စယ်လန့်ရွာမှာ ကိုးကန့်တပ်အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်တပ်မတော် (KIA) တို့ရှိနေပြီး တပ်အလိုက် အင်အားတွေ ဖြည့်တင်းထားတယ်လို့ သိရပါတယ်။

နမ့်ခမ်း-နမ့်ဖတ်ကာကြား ၁၂ မိုင်ဂိတ်မှာ ကိုးကန့်တပ်က နေရာယူထားပြီး ကွတ်ခိုင်မြို့ကိုသိမ်းထားတဲ့ ကိုးကန့်တပ်ဟာ နမ့်ခမ်းမြို့ဘက်ကို ဆက်လက်ဦးတည် ထိုးစစ်ဆင်မယ့် အနေထားမှာ ရှိနေတယ်လို့ နမ့်ခမ်း ဒေသခံအချို့က ယူဆနေကြပါတယ်။

လက်ရှိကိုးကန့်တပ်ရဲ့ စစ်ရေးဖော်ဆောင်မှုအရ ရှမ်းမြောက်ဒေသတစ်ခုလုံးက တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းပိုင်းအများစုကို ကိုးကန့်တပ်က ထိန်းချုပ်ထားတဲ့အခြေအနေဖြစ်လာပြီလို့ ရှမ်းမြောက်အရေးကျွမ်းကျင်သူက ရှင်းပြပါတယ်။

  • ကွတ်ခိုင်-နမ့်ဖတ်ကာ ကနေ နမ့်ခမ်း (တရုတ်နယ်စပ်လမ်းပိုင်း) (လက်ရှိမှာကွတ်ခိုင်(နမ့်ဖတ်ကာ) နဲ့ နမ်းခမ်းကြား ၁၂ မိုင်ကုန်းအထိ ကိုးကန့်တပ်နေရာယူထား)
  • လားရှိုး-သိန္နီ- ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ်(၁၀၅) မိုင်- ကျင်စန်းကျော့လမ်းပိုင်း (မတ် ၁၆ ရက် ညနေပိုင်းမှာ ကိုးကန့်တပ်ပြန်ဖွင့်ခဲ့)
  • သီပေါ-လားရှိုး-မူဆယ်(၁၀၅) မိုင်-ကျင်စန်းကျော့လမ်းပိုင်း ( မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ထိန်းချုပ်မှုရှိနေ)
  • လားရှိုး-သိန္နီ- ကွမ်လုံ-ချင်းရွှေဟော်-လောက်ကိုင် (ကိုးကန့်တပ်ထိန်းချုပ်တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း)

ဒီလမ်းပိုင်းတွေဟာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့လမ်းကြောင်းတွေဖြစ်ပါတယ်။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ အချက်အလက်အရ အာဏာသိမ်းကာလမတိုင်ခင်မှာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးရဲ့ ပျှမ်းမျှကုန်သွယ်မှုတန်ဖိုးက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် တန်ဖိုးရှိပါတယ်။

မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးရဲ့ ကုန်သွယ်မှုတန်ဖိုးစုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းကျော် က တရုတ်နယ်စပ်နဲ့ ကုန်သွယ်ရေးဖြစ်ပါတယ်။

၂၀၂၃ အောက်တိုဘာက ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ရှမ်းမြောက်က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံး ပိတ်ထားရပါတယ်။

၂၀၂၅ ခုနှစ်မှာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က မြန်မာစစ်တပ်နဲ့ အပစ်ရပ်ခဲ့ပြီးနောက်မှာ ဒီလမ်းပိုင်းတွေပြန်ပွင့်ရေး တရုတ်နဲ့ မြန်မာစစ်တပ်တို့ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းစကားတွေတောက်လျှောက်ထွက်ပေါ်နေတာပါ။

''ရှမ်းအရှေ့ပိုင်းမှာ မိုင်းလားရှိတယ်။ ရှမ်း အရှေ့နဲ့ အလယ်ပိုင်းမှာ UWSA ဝ တပ်ဖွဲ့ရှိတယ်။ ရှမ်းမြောက်တခွင်လုံးမှာတော့ သူစိတ်ချရတဲ့ ကိုးကန့်တပ်ကိုထားဖို့ တရုတ်ကပြင်လာတယ်လို့ ပေါ် ပေါ်ထင်ထင် မြင်လာရတယ်။ မြောက်ပိုင်းမှာ သူစိတ်ချတာက ကိုးကန့်တပ်ပဲရှိတယ်။ TNLA ကို သူသဘောမကျဘူး။ နောက်တစ်ခုက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လက်နက်ကိုင်တပ်တွေရှုပ်ထွေးနေတာကို တရုတ်က မလိုလားဘူးဆိုတာလည်း ကြားထားရတာရှိတယ်'' လို့ ရှမ်းမြောက်အရေးကျွမ်းကျင်သူက သုံးသပ်ပါတယ်။

ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ စစ်ရေးတင်းမာနေချိန်မှာ တရုတ်ရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျင်းဟာ နေပြည်တော်ကို ရောက်ရှိနေတာကြောင့် အဲဒီ စစ်ပွဲဟာ တရုတ်ရဲ့မီးစိမ်းပြမှုကြောင့်ဖြစ်လာနိုင်တာလို့ ကောက်ချက်ချမှုတွေ ရှိပါတယ်။

ကွတ်ခိုင်မြို့အဝင် တာမိုးညှဲ၊ နမ့်ဖတ်ကာ၊ မူဆယ် ၁၀၅ မိုင် အတွင်းက TNLA တပ်စခန်းတွေ ဖြုတ်သိမ်းခံထားရပြီး တပ်ဖွဲ့ဝင် ၇၀ ခန့်နဲ့ လက်နက်တွေလည်း ဖမ်းဆီးသိမ်းဆည်းခံထားရတယ်လို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

''ကျွန်တော်တို့တောက်လျှောက်ကြည့်လာတဲ့ ဝနဲ့ မိုင်းလားကြားက စစ်ရေးပြဿနာ နယ်မြေလုကြတာတွေမှာလည်း တောက်လျှောက်ကို နှစ်ဖက်လုံးက ကျည်မပွင့်ခဲ့ကြဘူး။ အခုကျ စီစီတီဗီကို လာထိတော့မှ ကျည်ပွင့်တယ်ဆိုတဲ့ဟာက စဉ်းစားစရာပဲ။ အခုက ကွတ်ခိုင်မြို့ကို MNDAA က ပြန်ရလိုက်ပြီဆိုတော့ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်ကနေ မူဆယ်ပေါက်တဲ့အထိက ရာနှုန်းပြည့်မဟုတ်ရင်တောင်မှ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီဆိုတော့ တရုတ်ရဲ့ အကျိုးစီးပွား အတွက်ကတော့ လုံလောက်တဲ့ အကျိုးစီးပွားဖြစ်သွားပြီလို့ မြင်မိတယ်'' လို့ ကွတ်ခိုင်ဒေသခံတစ်ဦးကပြောပါတယ်။

ရှမ်းမြောက်မှာ MNDAA ထိုးစစ်ဆက်ရှိ

ကိုးကန့်တပ် (MNDAA)အဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, SHWE PHEE MYAY

ဓာတ်ပုံ ပုံစာ, ကိုးကန့်တပ် (MNDAA)အဖွဲ့ဝင်တွေ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) ကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပြီး ကိုးကန့်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် နှစ်ဦးက ပြောပါတယ်။

မတ်လ ၁၄ ရက်ကစတင်တဲ့ မဟာမိတ်နှစ်ဖွဲ့ကြားတင်းမာမှုနဲ့အတူ မတ်လ ၁၆ ရက်က လားရှိုးမြို့မှာ MNDAA နဲ့ စစ်ကော်မရှင်တပ် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ် လာပါတယ်။

အဲဒီတွေ့ဆုံမှုကို လားရှိုးမြို့က ဆင်နှစ်ကောင်ဟိုတယ်မှာ ပြုလုပ်ခဲ့တာလို့ လားရှိုးစစ်ရေးရင်းမြစ်က ပြောပါတယ်။ စစ်တပ်နဲ့ MNDAA ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

လက်ရှိ စစ်ရေးတင်းမာမှုတွေကြောင့် ကွတ်ခိုင်၊ နမ့်ဖတ်ကာက ဒေသခံတချို့ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး အချို့ဒေသခံတွေကတော့ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေတွေထဲမှာပိတ်မိနေကြတယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေး မဟာတပ်ပေါင်းစု (SRA) ကတော့ MNDAA နဲ့ TNLA ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခကို လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြဖို့ ထုတ်ပြန်တောင်းဆိုထားပါတယ်။

"လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဟာ သက်ဆိုင်ရာ အဖွဲ့အစည်းနှစ်ခုတည်းကိုသာ ထိခိုက်စေတဲ့ အရာမဟုတ်ဘဲ တော်လှန်ရေးအင်အားစုတစ်ရပ်လုံးအပေါ်ပါ သက်ရောက်မှုရှိနိုင်တယ်"လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား ပဋိပက္ခတွေ ဖြစ်ပွားလာတာဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးလှုပ်ရှားမှုတစ်ခုလုံးကို အားနည်းသွားစေနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

SRA အပြင် တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် (TCSO)၊ CDM ကျန်းမာရေးအင်အားစုများ၊ ကျန်းမာရေးမိသားစု (မန္တလေး)၊ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) စတဲ့ အဖွဲ့အစည်းတွေကလည်း MNDAA နဲ့ TNLA ကြား ပဋိပက္ခကို ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြဖို့ တိုက်တွန်းထားကြပါတယ်။

လက်ရှိအချိန်မှာတော့ MNDAA နဲ့ TNLA ကြား တင်းမာမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး ဒေသတွင်း လုံခြုံရေးအခြေအနေအပေါ် ဒေသခံတွေက စိုးရိမ်စိတ်ရှိနေကြပါတယ်။

''TNLA ဘက်က ဘယ်လောက်စစ်ရေးကို ခုခံမလဲဆိုတာနဲ့ ကွတ်ခိုင်ကို ဘယ်လိုပြန်ယူမလဲပေါ့။ လက်ရှိအချိန်မှာ တအာင်းတပ် TNLA ဘက်က အပြင်းအထန်ခုခံကာကွယ်နေတဲ့ပုံမျိုး မပေါ်ဘူး။ အနောက်မှာ သူခြိမ်းခြောက်ခံနေရလားတော့ မသိဘူး။ ကွတ်ခိုင်လည်း MNDAA ကရပြီးပြီ။ ပြည်ထောင်စုလမ်းမကြီးကိုပါ ကိုးကန့်တပ်က ရသွားပြီဆိုရင်တော့ တိုက်ပွဲကတခန်းရပ်ပြီးဆုံးသွားနိုင်တယ်'' လို့ ကွတ်ခိုင်ဒေသခံ စီးပွားရေးသမားတစ်ဦးက သုံးသပ်ပါတယ်။

MNDAA နဲ့ TNLA ကြား တင်းမာမှုတွေနဲ့ ပတ်သက်လို့ TNLA တအာင်းတပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ''လောလောဆယ် ဖြေကြားပေးဖို့ အဆင်မပြေသေးတာ နားလည်ပေးပါ'' လို့ တုံ့ပြန်ပါတယ်။

မတ် ၁၇ ရက်မှာ ဘီဘီစီက TNLA ပြောခွင့်ရ လွေးယေဦးနဲ့ အဆက်အသွယ်ရခဲ့ပြီး မဟာမိတ်ဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာမယ်လို့ ဖြေကြားပါတယ်။

မတ် ၁၇ ရက်မှာ MNDAA နဲ့ TNLA နှစ်ဖက်ခေါင်းဆောင်တွေ MNDAA ထိန်းချုပ် လောက်ကိုင်မြို့မှာ တွေ့ဆုံညှိနှိုင်းကြမယ်လို့ လွေးယေဦး က ပြောပါတယ်။