လေကြောင်းတိုက်ခိုက်ခံ အီရန်ပြည်သူတွေ ကြားသိရတဲ့စစ်ပွဲသတင်းတွေက ဘာတွေလဲ

    • ရေးသားသူ, ရီဟာ ကန်ဆာရာ
    • ရာထူးတာဝန်, BBC Global Disinformation Unit
    • ရေးသားသူ, ဆိုရပ်ရှ် နဂါဒါရီ
    • ရာထူးတာဝန်, BBC Monitoring
  • ဖတ်ရန်အချိန်: မိနစ် ၁၀

ပထမအစောပိုင်းမှာ စစ်ပွဲနဲ့ပတ်သက်ပြီး သတင်းတွေက နိုင်ငံခြားသတင်းဌာနတွေမှာပဲ ပေါ်ထွက်လာပြီး အဲဒီသတင်းဌာနတွေက ထုတ်လွှင့်တာတွေကို အီရန်ပြည်သူအများစုက လက်လှမ်းမမီကြပါဘူး။

ဖေဖော်ဝါရီ ၂၈ မှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက "အာဏာရှင် ဇာတ်သိမ်းသွားပြီဆိုတဲ့လက္ခဏာတွေ"ကို တွေ့နေရတယ်လို့ဆိုရင်း အမေရိကန်နဲ့ အစ္စရေး ပူးတွဲတိုက်ခိုက်မှုတစ်ခုမှာ အီရန်နိုင်ငံ့ဦးသျှောင် အယာတိုလာ အလီ ခါမေနီ သေဆုံးသွားပြီဆိုတာကို ညွှန်းဆို ပြောခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံပိုင်ရုပ်မြင်သံကြားကို ကြည့်နေကြတဲ့အီရန်နိုင်ငံသားတွေ ဒီအကြောင်းကို လုံးဝ မသိခဲ့ကြရပါဘူး။

ခါမေနီ သေဆုံးသွားပြီလားဆိုတာကို အီရန်အစိုးရအရာရှိတွေက အစောပိုင်းမှာ အတည်လည်းမပြုသလို ငြင်းဆိုတာမျိုးလည်း မလုပ်ခဲ့ပါဘူး။ နိုင်ငံပိုင်မီဒီယာတွေထဲက တစ်ခုဖြစ်တဲ့ အိုင်အာတီဗီ ၃ (IRTV 3) လိုင်းက သတင်းတင်ဆက်သူတစ်ယောက်က ပရိသတ်တွေအနေနဲ့ သူ့ကို "ယုံပါ"၊ အစိုးရက ရထားတဲ့သတင်းတွေက "နောက်ဆုံးရသတင်းအချက်အလက်တွေ" လို့ ပြောခဲ့ပါတယ်။ သူက ခါမေနီ သေဆုံးတယ်ဆိုတဲ့သတင်းဟာ မကြာခင်မှာ အမှန်တရားထွက်ပေါ်မယ့် "အခြေအမြစ်မရှိတဲ့ကောလာဟလတွေ" သာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

နောက်နေ့ မနက်ခင်းအထိလည်း ဒီသတင်းကို အီရန်အစိုးရမီဒီယာက မကြေညာပါဘူး။ အမေရိကန် သမ္မတထရမ့်က အဲဒီသတင်းကို လူမှုမီဒီယာက တဆင့်ကြေညာခဲ့ပြီးတဲ့နောက် နာရီများစွာကြာပြီးမှ အီရန်အစိုးရမီဒီယာက ခါမေနီသေဆုံးတဲ့သတင်းကို ထုတ်လွှင့်ခဲ့ပါတယ်။

စစ်ပွဲကြောင့် အီရန်မှာ လူ ၁,၂၀၀ ကျော် သေဆုံးတဲ့သတင်းတွေ ထွက်ခဲ့ပြီး စစ်က လက်ဘနွန်နဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေဆီကို ပျံ့နှံ့သွားပါတယ်။ အီရန်အစိုးရမီဒီယာကတော့ အချက်အလက်တွေကို ထိုးဇာတ်တွေ ရောမွှေကာ သူ့ပြည်တွင်းပရိသတ်ကို တရားဝင် သတင်းအဖြစ် တင်ဆက်ပါတယ်။

အီရန်ပြည်သူတွေထဲမှာ နိုင်ငံခြားအခြေစိုက် ပါရှန်းဘာသာ ရုပ်သံလိုင်းတွေကို အားပေးကြတဲ့သူ အရေအတွက်သန်းများစွာရှိပေမဲ့ အဲဒီလိုလွတ်လပ်တဲ့သတင်းတွေ ရယူနိုင်ရေးက ခက်ခဲပါတယ်။ အင်တာနက် ပိတ်ချတာ၊ ဆင်ဆာဖြတ်တာ၊ ရုပ်သံထုတ်လွှင့်မှုတွေကို ကန့်သတ်တာ စတဲ့ နည်းတွေနဲ့ အပိတ်ပင်ခံရတာကြောင့် အီရန်ပြည်သူအများစုဟာ နိုင်ငံမတည်မငြိမ်ဖြစ်ချိန်နဲ့ ပဋိပက္ခဖြစ်ချိန်တွေမှာ သတင်းမှန်တွေကို သိပ်မရနိုင်ကြပါဘူး။

အီရန်အစိုးရမီဒီယာတွေက စစ်ပွဲအစ ပထမသီတင်းပတ်မှာ ထုတ်လွှင့်ချက်တွေကို ဘီဘီစီက လေ့လာကြည့်တဲ့အခါ ဒီမီဒီယာတွေအနေနဲ့ အရပ်သားထိခိုက်ဆုံးရှုံးမှုတွေ၊ သူတို့ရဲ့ "ရန်သူတော်တွေ" ကို လက်တုံ့ပြန်တိုက်ခိုက်ဖို့ တောင်းဆိုမှုတွေ၊ အီရန်အစ္စလာမ္မစ်ပြည်သူ့သမ္မတနိုင်ငံကို သစ္စာရှိကြဖို့ တိုက်တွန်းမှုတွေနဲ့အတူ အစ္စရေးနဲ့ အမေရိကန်က နိုင်ငံရဲ့စစ်ရေးဆိုင်ရာ၊ အစိုးရဆိုင်ရာအဆောက်အဦတွေကို တိုက်ခိုက်ကြတာကို အဓိကအာရုံထားပြီး တင်ပြခဲ့ကြတာကို တွေ့ရပါတယ်။

လုပ်ကြံထားတဲ့သတင်းတုတွေကိုလည်း ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။

အီရန်ရဲ့ မီဒီယာယန္တရား

နယ်စည်းမခြားသတင်းထောက်များ(Reporters Without Borders) မီဒီယာစောင့်ကြည့်ရေး အဖွဲ့ရဲ့အဆိုအရ အီရန်ဟာ သတင်းလွတ်လပ်ခွင့်ကို အဖိနှိပ်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

အီရန်ကို အစ္စလာမ္မစ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်လိုက်တဲ့ ၁၉၇၉ ခုနှစ် ကတည်းက အီရန်မီဒီယာ အားလုံးဟာ အလွန်တင်းကျပ်တဲ့ကန့်သတ်မှုတွေရဲ့အောက်မှာ လုပ်ကိုင်ရတာပါ။ ဘီဘီစီ ပါးရှန်းဘာသာစကားဌာနအပါအဝင် အနောက်နိုင်ငံတွေမှာ အခြေစိုက်ပြီး ပါရှန်းဘာသာနဲ့ထုတ်လွှင့်တဲ့သတင်းဌာနတွေဟာ အီရန်နိုင်ငံတွင်းကနေ သတင်းပို့ခွင့်မရဘဲ တားမြစ်ခံထားရပါတယ်။

အီရန်အစိုးရရဲ့သတင်းမီဒီယာ ပလက်ဖောင်းက တီဗီနဲ့ ရေဒီယိုတို့ ဖြစ်ပေမဲ့ အွန်လိုင်းသတင်း စာမျက်နှာတွေလည်းရှိသလို အင်စတာဂရမ်၊ တယ်လီဂရမ်နဲ့ အိတ်စ်တို့လို ကွန်ရက်တွေကနေတဆင့်လည်း သူတို့သတင်းတွေကို ဖြန့်ချိနေတာပါ။ လူမှုမီဒီယာပလက်ဖောင်းတွေကို အီရန် ပြည်တွင်းက ပြည်သူတွေက သွားချင်ရင် သူတို့ဟာ ဗီပီအန် (virtual private network - VPN) ခံဖို့ လိုပါတယ်။

သူတို့ရဲ့ မီဒီယာယန္တရားတွေဟာ ပြည်တွင်းက အီရန်ပြည်သူတွေရဲ့အဓိကသတင်းရရှိရာနေရာတွေဖြစ်ပါတယ်။ အထူးသဖြင့် အင်တာနက် ဖြတ်ခံရတဲ့အချိန်မှာ အစိုးရမီဒီယာတွေဆီကပဲ ပြည်သူတွေက သတင်းရပါတယ်။

"သူတို့က သူတို့ဘက်က အောင်ပွဲရနေတယ်။ သူတို့ စစ်တပ်က သိပ်ကို ကြံ့ခိုင်တယ်။ သူတို့က ဖိအားတွေ ပေးနေတာဆိုတဲ့လမ်းကြောင်းပေါ် ရောက်နေအောင် ပုံဖော်ပြောတာပါပဲ" လို့ Witness လူ့အခွင့်အရေးအဖွဲ့က မာဆာ အလီမာဒါနီက ပြောပါတယ်။

အီရန်တပ်ဖွဲ့တွေက အမေရိကန်စစ်သားတွေ ရာနဲ့ချီကို သတ်ဖြတ်လိုက်ပြီ၊ ဒဏ်ရာရအောင်လုပ်လိုက်ပြီလို့ တကယ့်အထိအခိုက်စာရင်းကို ပုံကြီးချဲ့ပြီး အီရန်အစိုးရမီဒီယာဌာနတွေက သတင်းထုတ်လွှင့်ကြပါတယ်။

မတ်လ ၃ ရက်နေ့က အီရန်တော်လှန်ရေးအစောင့်တပ် (Revolutionary Guard Corps - IRGC) နဲ့ဆက်နွှယ်မှုရှိပြီး တစိတ်တပိုင်း အစိုးရမီဒီယာဖြစ်တဲ့ တက်စ်နင်မ် သတင်းဌာနက စစ်ပွဲ စတင်တဲ့ ၂ ရက်အတွင်းမှာ အမေရိကန်စစ်သား ၆၅၀ အသတ်ဖြတ်ခံရပြီလို့ သတင်းထုတ်လွှင့်ပါတယ်။ သူတို့က IGRC ပြောခွင့်ရသူရဲ့စကားကို ကိုးကားပြီး ထုတ်လွှင့်တာပါ။

အဲဒီသတင်းကို အိန္ဒိယ၊ တူရကီနဲ့ နိုင်ဂျီးရီးယားတို့လိုနိုင်ငံတွေက နိုင်ငံတကာသတင်းဌာနတွေကလည်း ထပ်ဆင့် ထုတ်လွှင့်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ အမေရိကန် စစ်သား ၆ ယောက် သေဆုံးခဲ့ကြောင်း ပင်တဂွန်က အတည်ပြု ထုတ်ပြန်ပါတယ်။ မတ်လ ၁၃ ရက်နေ့မှာ နောက်ထပ် အမေရိကန် တပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးကြောင်း အမေရိကန် ဗဟို စစ်ဌာနချုပ်က အတည်ပြုပါတယ်။

အမှန်ကို ပုံဖျက်ခြင်း

နိုင်ငံပိုင်မီဒီယာက ဝါဒဖြန့်လှုံ့ဆော်မှုတွေကို နည်းပညာအသစ်တွေကလည်း အကူအညီပေးပါတယ်။

အင်္ဂလိပ်ဘာသာစကားနဲ့ တင်ဆက်တဲ့ အစိုးရပိုင်သတင်းချန်နယ် Press TV ရဲ့ ဖေ့ဘွတ်မှာ အခုတော့ ပြန်ဖြုတ်ချလိုက်ပြီဖြစ်တဲ့ရုပ်သံတခုကို တင်ခဲ့ပါတယ်။ အဲဒီရုပ်သံမှာ မီးလောင်နေတဲ့ အထပ်မြင့်တိုက်တာတစ်ခုမှာ မီးတောက်ကြီးတွေ၊ မီးခိုးလုံးတွေ ထွက်နေတာကို တွေ့ရပါတယ်။

"အီရန်ရဲ့တိုက်ခိုက်မှုကြောင့် ဘာရိန်းက အထပ်မြင့်တိုက်တာတစ်ခု မီးခိုးတွေ ထွက်နေပုံ" လို့ ရုပ်သံမှာ စာတန်းထိုးထားပါတယ်။

ဒါပေမဲ့ ရုပ်သံကို အသေအချာကြည့်ရင် မူမှန် မဟုတ်တာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဥပမာ - ကား ၂ စီးက တစ်ကားတည်းလို ပေါင်းနေတာမျိုးဖြစ်ပါတယ်။ ဒီရုပ်သံက ဉာဏ်ရည်တုနည်းပညာ (အေအိုင်) သုံးပြီး အတုလုပ်ထားတာပါ။

"အေအိုင်ကို သုံးပြီး စစ်ပွဲတွေမှာ ဝါဒဖြန့်ချိရေးလုပ်ကြတာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အေအိုင်က အတုလုပ်တာတွေကို သုံးပြီး အစိုးရမီဒီယာက အမှန်ဆိုပြီး ထုတ်လွှင့်တာကတော့ သိက္ခာပိုင်းအရ ထိခိုက်စရာပါ" လို့ ဗြိတိန် အခြေစိုက် Institute of Strategic Dialogue တတ်သိပညာရှင်အဖွဲ့က အကြီးတန်း ဒါရိုက်တာ ဘရက် ရှက်ဖ်ဖာက ပြောပါတယ်။

ဒီစစ်ပွဲနဲ့ပတ်သက်ပြီး ဒီလိုအေအိုင် ပြုလုပ်ချက်တွေက လူမှုမီဒီယာမှာ အများအပြားပါ။ ဘယ်သူတွေက လုပ်သလဲဆိုတာ၊ ဘယ်ကနေ ထွက်လာသလဲဆိုတာတွေကတော့ မရှင်းလင်းသေးပါဘူး။ ဒါပေမဲ့ အီရန်အစိုးရအနေနဲ့ သူတို့ ပြောချင်တဲ့အဆိုကို ပံ့ပိုးဖို့ ဒီစစ်ပွဲ စတင်ကတည်းက အေအိုင်လုပ် ပုံရိပ်တွေကို အစိုးရမီဒီယာကနေ ထုတ်လွှင့်နေတာကို ဘီဘီစီက တွေ့ရှိထားပါတယ်။ ပုံအတော်များများက ယုတ္တိတောင် မကျနိုင်တော့ဘဲ ထူးခြားလွန်းနေတဲ့အထိ ပြုလုပ်ထားတာပါ။

အမေရိကန် အစိုးရနဲ့ သမ္မတဒေါ်နယ်ထရမ့်တို့ကလည်း ဂုဏ်ရည်မြှင့်တင်ဖို့ အထူးအမွှမ်းတင်ထားတဲ့ အေအိုင်ပုံတွေကို သုံးကြပါတယ်။ ဟိုတလောကလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူရယ်၊ သမ္မတထရမ့်ရယ်၊ ဒုတိယကမ္ဘာစစ်ကာလ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီရယ်တို့ အတူတွဲပြီး အောင်ပွဲခံနေပုံ အေအိုင်ဖန်တီးပုံရိပ်ကို အင်စတာဂရမ်ကနေ တဆင့် ဝေမျှခဲ့ပါတယ်။

အမှန်တရားနဲ့ အသုံးပြုတဲ့နေရာ

အီရန်က သတင်းအချက်အလက်အမှားတွေကို ဖြန့်ပြီး အမှန်လို မကြာခဏလုပ်တတ်လေ့ရှိတာကြောင့် အီရန်အစိုးရအပေါ် (ပြည်တွင်းက ဖြစ်စေ၊ ပြည်ပက ဖြစ်စေ) ဝေဖန်သူတွေအနေနဲ့ အစိုးရသတင်းဌာနက ထုတ်ပြန်ချက်တွေ အပေါ် သံသယ ရှိကြပါတယ်။

မတ်လ ၃ ရက်နေ့မှာ စာသင်ကျောင်း တစ်ကျောင်းက ကလေးနဲ့ ဝန်ထမ်းတွေ စုစုပေါင်း လူအယောက် ၁၆၀ ကျော် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့သတင်းကို အီရန် အစိုးရသတင်းဌာနက ထုတ်လွှင့်ခဲ့ပြီး လူအစုလိုက် အပြုံလိုက် မြှုပ်နှံ သင်္ဂြိုဟ်တဲ့ပုံကို ပြသခဲ့ပါတယ်။ အစိုးရကို ဆန့်ကျင်ကြသူတွေက ဒီပုံဟာ အေအိုင်နဲ့လုပ်ထားတာလို့ ဆိုကြပါတယ်။

ဒါပေမဲ့ ဒီပုံက တကယ့်ပုံ အစစ်ပါ။ ဘီဘီစီအနေနဲ့ ဒီနေရာဟာ အဲဒီကျောင်းနဲ့ ၂.၃ မိုင် အကွာမှာ ရှိတဲ့ သင်္ချိုင်းကုန်းအတွင်းမှာ ဆိုတာကို ဂြိုဟ်တုပုံတွေကို သုံးပြီး ဘေးက သစ်ပင်တွေ၊ လမ်း အနေအထားတွေ၊ အနားကအဆောက်အဦတွေ စတာတွေကို ဆန်းစစ် ကြည့်ကာ အတည်ပြုနိုင်ခဲ့ပါတယ်။

စျာပနချပြီး နောက်နေ့မှာ (အလောင်းမြှုပ်ထားတဲ့) မြေပုံတွေကို ဂြိုဟ်တုပုံမှာ တွေ့ရသလို စျာပန မတိုင်မီနေ့က အဲဒီနေရာမှာ မြေကွက်လပ်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

သက်သေ (Witness)အဖွဲ့က မာရှာ အလီမာဒါနီက "တချိန်တည်းမှာပဲ အမှန်တရား ၂ ခုကို တွေ့လိုက်ရတယ်" လို့ ဆိုပါတယ်။ တစ်ခုက အီရန်အစိုးရက သူတို့ကိုယ်တိုင် ကျူးလွန်တာတွေကို ဖုံးဖိတတ်ပေမဲ့ ဒီစစ်ပွဲမှာ အရပ်သားတွေရဲ့ထိခိုက်မှုကို မှတ်တမ်းတင်ဖို့ အကြီးအမား ရင်းနှီးမြှုပ်နှံထားတာပါ။

ဒီမှတ်တမ်းတွေက ဝါဒဖြန့်နိုင်တဲ့အခါမှာတော့ ဒါတွေက အမှားတွေနဲ့ လုပ်လို့ မရပါဘူး။

ဒါပေမဲ့ အီရန် အစိုးရက ထုတ်ပြန်ပြီဆိုရင်တော့ "အသေအချာကို သံသယစိတ်နဲ့ စိစစ်ဖို့ လိုတယ်" လို့ အလီမာဒါနီက ထောက်ပြပါတယ်။