အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုဟာ ဥရောပပြည်သူတွေကိုသာထိခိုက်တယ်လို့ ပူတင်ဆို

အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုဟာ ကမ္ဘာကြီးတခုလုံးကို နာမကျန်းဖြစ်စေနိုင်တဲ့ ခြိမ်းခြောက်မှုတခုလို့ ရုရှားသမ္မတဗလာဒီမီယာပူတင်က ရှုတ်ချပြစ်တင်လိုက်ပါတယ်။

ဗလာဒီဗော့စတော့မှာပြုလုပ်တဲ့ စီးပွားရေးဖိုရမ်ရဲ့ မိန့်ခွန်းမှာ သမ္မတပူတင်က အဲသလိုပြောလိုက်တာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး “ရန်စကျူးကျော်မှု” ကို ရုရှားက ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်လို့လည်း သူကဆိုပါတယ်။

စီးပွားရေးပိတ်ဆို့မှုကြောင့် ဆင်းရဲနိုင်ငံတွေမှာ အစားအသောက်ပြတ်တောက်ရသလို ဥရောပနိုင်ငံကြီးတွေမှာလည်း သက်သောင့်သက်သာနေထိုင်နိုင်တဲ့ ဘဝအခြေအနေတွေကို စွန့်လွှတ်နေရတယ်လို့ သူက သတိပေးပြောဆိုပါတယ်။

ဆင်းရဲနိုင်ငံတွေဝယ်ယူမဲ့ ယူကရိန်းအစားအသောက်တွေကို ဥရောပနိုင်ငံတွေက ညစ်ပတ်ရယူနေတယ်လို့လည်း သူက ဆိုပါတယ်။

ရုရှားစစ်တပ်တွေဟာ ယူကရိန်းဆိပ်ကမ်းတွေကို လချီကြာမြင့်အောင် ပိတ်ဆို့ထားခဲ့ရာက သြဂုတ်လမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်း ကောက်ပဲသီးနှံသင်္ဘော ၈၇ စီးအနက် ၂ စီးသာ အာဖရိကကိုပို့ဆောင်ခဲ့တယ်လို့ သမ္မတပူတင်က ဆိုပါတယ်။ အဲဒီအချက်အလက်တွေကို ဘယ်ကရတယ်လို့တော့ သမ္မတပူတင်က ကိုးကားထောက်ပြတာ မရှိပါဘူး။

ဒါပေမဲ့ ဥရောပနိုင်ငံတွေက အဲသလိုပြုမူဆောင်ရွက်နေတဲ့အတွက် သီးနှံသင်္ဘောတွေ ထွက်ခွာခွင့်ပေးထားတဲ့ သဘောတူညီချက်ကို ပြန်လည် သုံးသပ်မယ်လို့ သမ္မတပူတင်က ဆိုပါတယ်။ ကုလသမဂ္ဂနဲ့ တူရကီတို့ ကြားဝင်ညှိနှိုင်းခဲ့တဲ့ ဆင်းရဲတဲ့နိုင်ငံတွေ အစားအသောက်ကပ်ဘေး မဆိုက်ရောက်စေရေး ရည်ရွယ်ချက်ကနေ တိမ်းစောင်းနေပြီး ဥရောပနိုင်ငံကြီးတွေက အခွင့်ကောင်းယူတာကို ခံခဲ့ရတယ်လို့ သူကစွပ်စွဲပါတယ်။ ယူကရိန်းကတော့ အဲဒီပြောဆိုချက်ဟာ အခြေအမြစ်မရှိဘူးလို့ ပယ်ချပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ကျူးကျော်မှုကိုစတင်ခဲ့ပြီး အခုအခါမှာ ယူကရိန်းနယ်မြေတွေရဲ့ ၅ ပုံ ၁ ပုံကို သိမ်းပိုက်ထားပြီးပါပြီ။ စစ်ပွဲ ၆ လကြာမြင့်ပြီးနောက် ရုရှားစစ်တပ်တွေကို ကိယက်ဗ်နဲ့ မြောက်ပိုင်းကနေ ပြန်တိုက်ထုတ်ခံရပြီး တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာလည်း ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်နွှဲနေပြီဖြစ်ပါတယ်။

အနောက်ဥရောပနိုင်ငံတွေက ရုရှားနိုင်ငံသားတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရပိုင်လုပ်ငန်းတွေ အများအပြားကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ဥရောပသမဂ္ဂကလည်း ရုရှားဓာတ်ငွေနဲ့ ရေနံအပေါ် မှီခိုနေရတာကို လျှော့ချဖို့ နည်းလမ်းရှာဖွေခဲ့ပါတယ်။ ရုရှားကတော့ နည်းပညာပြဿနာကို အကြောင်းပြပြီး ဥရောပကို ပေးပို့နေတဲ့ နော့စထရင်း ၁ ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ချခဲ့ပါတယ်။

ဥရောပမှာစွမ်းအင်စျေးနှုန်းတွေ တရိပ်ရိပ်တက်နေပြီး အဲဒီအကျပ်အတည်းကို ကျော်လွှားနိုင်ရေး အတွက် ဥရောပဝန်ကြီးတွေ သောကြာနေ့မှာ တိုင်ပင်ဆွေးနွေးကြဖို့ ရှိပါတယ်။ ဥရောပကော်မရှင်က ရုရှားဓာတ်ငွေ့စျေးနှုန်းကို အမြင့်ဆုံးစျေးနှုန်းကန့်သတ်ချက် သတ်မှတ် ထားရှိဖို့ အဆိုပြုပါတယ်။ အဲဒီအဆိုပြုချက်ဟာ မိုက်မဲတဲ့အဆိုပြုချက်ဖြစ်တယ်လို့ ရုရှားသမ္မတဗလာဒီမီယာပူတင်က တုံ့ပြန်ပြောဆိုပြီး အဲသလိုသတ်မှတ်ရင် ဓာတ်ငွေ့မပေးပို့ဘဲ လုံးဝဖြတ်တောက်ပစ်မယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေ ရုရှားကို သူတို့ပိတ်ဆို့သလို တခြားနိုင်ငံတွေကပါ ဝိုင်းပြီးပိတ်ဆို့အောင် ကြိုးစားနေကြတယ်လို့လည်း သမ္မတပူတင်က ဆိုပါတယ်။ ကုမ္ပဏီအများအပြားဟာ ရုရှားနဲ့အဆက်အသွယ်ဖြတ်တောက်ဖို့ အမြန်လုပ်ဆောင်လာကြပါတယ်။ သမ္မတပူတင်ကတော့ “ဥရောပမှာ ကုန်ထုတ်လုပ်ငန်းတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တခုပြီးတခု ဘယ်လိုပိတ်ပင်ရပ်ဆိုင်သွားမလဲဆိုတာ ကြည့်ကြသေးတာပေါ့” လို့ဆိုပါတယ်။

ဒါပေမဲ့ ရုရှားကိုယ်တိုင်လည်း စီးပွားရေးဒဏ်ကို ခံစားရပါတယ်။ ငွေကြေးဖောင်းပွမှုက မြင့်တက်နေပြီး ကုမ္ပဏီတွေဟလည်း လိုအပ်တဲ့ပစ္စည်းတွေ နိုင်ငံခြားကနေ တင်သွင်းနိုင်အောင် ခဲခဲယဉ်းယဉ်းကြိုးစားနေကြရပါတယ်။

ရုရှားနိုင်ငံကို တိုက်ရိုက်ပျံသန်းမဲ့လေယာဉ်တွေကို ဥရောပသမဂ္ဂက ဟန့်တားပိတ်ဆို့ထားပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံသားတွေရဲ့ ဗီဇာလျှောက်ထားမှုတွေကို ဥရောပသမဂ္ဂ ၂၇ နိုင်ငံက ပိုပြီး တင်းတင်းကျပ်ကျပ် စိစစ်မှုတွေ ပြုလုပ်သွားမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အတွက် ရုရှားနိုင်ငံက ဒေါသထွက်ခဲ့ပါတယ်။ ဥရောပ ၂၂ နိုင်ငံကို သွားရောက်ခွင့်ပြုတဲ့ ရှန်ဂန်ဗီဇာကိုလည်း ရုရှားအတွက် ပိုမိုတောင်းခံဖွယ်ရှိပါတယ်။

ဘောလ်တစ်နိုင်ငံ ၃ နိုင်ငံဖြစ်ကြတဲ့ လစ်သူယေးနီးယား၊ လတ်ဗီယား၊ အက်စတိုးနီးယားတို့ကလည်း ရုရှားနိုင်ငံသားတွေရဲ့ ဘယ်လာရုစ်ကိုသွားမဲ့ ခရီးကို ကန့်သတ်ဟန့်တားဖို့ သဘောတူလိုက်ကြပါတယ်။ ကုန်ကားမောင်းနှင်သူတွေ၊ ဆွေမျိုးမိဘဆီသွားသူတွေ၊ တခြားလူသားအရေးစာနာထောက်ထားစရာရှိသူတွေမှ အပကျန်သူတွေရဲ့ သွားလာမှုကို ပိတ်ပင်လိုက်ကြပါတယ်။

ဒေါ်လာ၊ ယူရိုနဲ့ ပေါင်စတာလင် ငွေကြေးတွေအပေါ်မှာ လူတွေရဲ့ယုံကြည်မှုဟာလည်း ကျဆင်းလာပြီလို့ သမ္မတပူတင်က သူ့မိန်းခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။ သူ့မိန်းခွန်းဟာ စောင့်ကြည့်လေ့လာသူတွေကိုသာမက ရုရှားပြည်သူတွေကိုပါ ဦးတည် ရည်ရွယ်ပြောကြားနေတာဖြစ်ပုံရပါတယ်။ ရုရှားအနေနဲ့ ဘာမှဆုံးရှုံးမသွားသေးသလို ဘာမှလည်း ထပ်ဆုံးရှုံးစရာမရှိဘူးလို့ သူကဆိုပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရိုကူလေဘာကတော့ ရုရှားဟာ ဥရောပနိုင်ငံတွေကို စွမ်းအင်နဲ့ အကျပ်ကိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ “ဥရောပအိမ်တိုင်းအိမ်တိုင်းရဲ့ တည်ငြိမ်မှုနဲ့ နေထိုင်မှုဘဝကို ပူတင်က ဖျက်ဆီးချင်နေတာပါ။”

ဘယ်သူတွေက ရုရှားကို ဘယ်လောက်ပဲ အထီးကျန်စေချင်ပေမဲ့ အဲသလို လုပ်လို့ မရပါဘူးလို့လည်း သမ္မတပူတင်က ဆိုပါတယ်။ အဲဒီစီးပွားရေး ဖိုရမ်မှာ တရုတ်လွှတ်တော်အမတ် လီကျန်းရှုလည်း တက်ရောက်ပါတယ်။

တရုတ်သမ္မတရှီကျင်းဖျင်နဲ့လည်း ဥဇဘက်ကစ္စတန်မှာ နောက်တပတ်မှာ တွေ့ဆုံဖို့ရှိပါတယ်။

ယူကရိန်းပင်လယ်နက်ဆိပ်ကမ်း ၃ ခုကိုပိတ်ထားရာကနေ ဖွင့်ပေးဖို့ ကုလသမဂ္ဂရဲ့ညှိနှိုင်းဆွေးနွေးချက် မအောင်မြင်သေးခင်က ယူကရိန်းရဲ့ ဂျုံ၊ပြောင်း၊နေကြာ ကောက်ပဲသီးနှံတွေ တင်ပို့မှုဟာ အနိမ့်ဆုံးအဆင့်မှာပဲရှိခဲ့ပါတယ်။

အခုတဖြည်းဖြည်းနဲ့ သင်္ဘောတွေ ပြန်လည်စတင်ထွက်ခွာနိုင်ခဲ့ရာမှာ ပြီးခဲ့တဲ့ အပတ်အတွင်းက သီးနှံတန်ချိန် ၂၃၀၀၀ အာဖရိကဦးချိုဒေသ ဂျီဘောတီကို ဆိုက်ရောက်ခဲ့ပါတယ်။ အဲဒီသီးနှံတွေဟာ လော်ရီကား အစီး ၆၀ နဲ့ အီသီယိုပီးယားကို ဆက်လက်တင်ပို့ခဲ့ပါတယ်။ ဒါဟာ မိုးခေါင်ရေရှားမှုနဲ့ပြည်တွင်းစစ်ကြောင့် အငတ်ဘေးကျရောက်နေတဲ့ လူ ၅ သိန်း စားသောက်နိုင်ဖို့ ရောက်ရှိလာတာဖြစ်ပါတယ်။

တခြားသင်္ဘောတွေဟာလည်း ယီမင်၊ ဆူဒန်တို့ကို ဆိုက်ရောက်ခဲ့ပြီး အီဂျစ်ဆိပ်ကမ်းတွေကိုလည်း သင်္ဘောတချို့ဆိုက်ရောက်ခဲ့ပါတယ်။

သဘောတူညီချက်အရ ကုန်အားလုံးဟာ တူရကီမှာ စုပေါင်းအဖွဲ့က စစ်ဆေးအတည်ပြုပြီးမှ ထွက်ခွာခွင့်ရတာဖြစ်ပါတယ်။ သီးနှံတန်ချိန် ၂ သန်းကိုခွင့်ပြုပြီးဖြစ်တယ်လို့ တူရကီဆိပ်ကမ်း စစ်ဆေးရေးဌာနက ဆိုပါတယ်။ အဲဒီသီးနှံတွေကို ဥရောပဆိပ်ကမ်းတွေသာမက တူရကီနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကိုပါ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မစ္စတာပူတင်ကတော့ ဥရောပနိုင်ငံအများအပြားဟာ ကိုလိုနီအပြုအမူကျင့်သုံးပြီး သီးနှံတွေကိုမောင်ပိုင်စီးခဲ့တယ်လို့ စွပ်စွဲပါတယ်။

သူ့အနေနဲ့ ယူကရိန်းသီးနှံတွေမတင်ပို့ဖို့ ကန့်သတ်တဲ့နေရာတွေ စာရင်းကို တူရကီသမ္မတရီဂျက်တိုင်ရိအာဒိုဝမ်ဆီ အဆိုပြုပေးပို့ဖို့ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

“တူရကီနိုင်ငံဟာ ကြားခံညှိနှိုင်းသူအဖြစ် ဆောင်ရွက်ခွင့်မရတဲ့အတွက် သီးနှံတွေအားလုံးဟာ လက်တွေ့မှာ ဆင်းရဲနိုင်ငံတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို မရောက်ဘဲ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဆီသာရောက်သွားတယ်” လို့သူကဆိုပါတယ်။

ယူကရိန်းသမ္မတရဲ့အကြံပေးကတော့ သမ္မတပူတင်ဟာ အခြေအမြစ်မရှိ စွပ်စွဲနေတာလို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။ ရုရှားခေါင်းဆောင်ဟာ ကမ္ဘာ့ပြည်သူတွေရဲ့ထင်မြင်ချက်အပေါ် သြဇာလွှမ်းမိုးဖို့နဲ့ ကုလသမဂ္ဂကို ဖိအားပေးဖို့ ကြိုးစားနေတာသာဖြစ်တယ်လို့ ဆိုပါတယ်။