ပြည်တွင်းထုတ်ကုန်နည်းတဲ့ မြန်မာ၊ ကမောက်ကမ မူဝါဒနဲ့ ထိုင်းနယ်စပ်ကုန်သွယ်ရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်းဒုတိယစစ်ခေါင်းဆောင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင်အာရုံစိုက်ခဲ့တဲ့ အောင်ဇေယျ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေလနဲ့ချီ ပိတ်ဆို့တိုက်ခိုက်ခဲ့တာတွေဟာ မြဝတီလမ်းသစ် ပြန်ဖွင့်တာနဲ့အတူ ပူပူနွေးနွေးအတိတ်ပုံရိပ်ဖြစ်သွားခဲ့ပါတယ်။
မြဝတီလမ်းသစ်လို့သိကြတဲ့ အမှတ် ၁ အာရှလမ်းမကြီးကို ဧပြီ ၂ ရက်မှာ ပြန်ဖွင့်ခဲ့ပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း တရားဝင်ပြန်ဖွင့်နိုင်ဖို့အတွက် စစ်ကော်မရှင်က စိုင်းပြင်း နေပါတယ်။
"လမ်းမကြီးကိုပြန်ဖွင့်လိုက်ပေမဲ့ မြဝတီမှာအခွန်ဆောင်တဲ့စနစ်မရှိဘူးလေ၊ တရားဝင်ကုန်သွယ်လို့ မရသေးဘူး။ ခရီးသည်တင်နဲ့ အိမ်စီးကားလောက်ပဲသွားခွင့်ပြုနေတာပါ" လို့ လမ်းမကြီးပြန်ဖွင့်ပြီး တစ်ပတ်အကြာအခြေအနေကို မြဝတီကုန်သည်တစ်ဦးက ပြောပြပါတယ်။
တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာအရေးပါဆုံးဖြစ်တဲ့ မြဝတီဂိတ်ကို နှစ်နဲ့ချီပိတ်ခဲ့ရပြီး ပြည်တွင်းကုန်စည်ရှားပါးတယ်လို့ဆိုကြပေမဲ့ ကုန်သည်တွေရင်ဆိုင်ရတဲ့ အဓိကအခက်အခဲဟာ တိုက်ပွဲထက် အာဏာသိမ်းစစ်တပ်ရဲ့ စီးပွားရေးမူဝါဒတွေပဲဖြစ်ပါတယ်။
"မူဝါဒတွေကိုဒီတိုင်းဆက်သွားရင် ပြည်တွင်းကုန်စည်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုက ဒီထက် ပိုဆိုးလာဖို့ပဲရှိတယ်" လို့ နယ်စပ်ကုန်သွယ်ရေးကျွမ်းကျင်သူတစ်ဦးက ထောက်ပြပါတယ်။
မြဝတီအာရှလမ်းမကြီးပေါ်က အောင်ဇေယျကောက်ကြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာရှလမ်းမကြီးအတိုင်းကားနဲ့သွားရင် တစ်နာရီသာကြာမြင့်မယ့် ကော့ကရိတ်နဲ့ မြဝတီခရီးကို မြန်မာစစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းက လပေါင်းများစွာကြာမြင့်အောင် မြေပြင်စစ်ကြောင်းထိုးခဲ့ရတဲ့ ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က သတင်းစာမျက်နှာတွေပေါ်မှာ အထင်ရှားဆုံးသတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီကာလကိုပြန်ကြည့်ရင် မြဝတီမြို့စောင့်တပ် အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းသိမ်းပိုက်ခဲ့ပါတယ်။ ကုန်သွယ်ရေးအတွက်အရေးကြီးတဲ့ မြဝတီ- မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားဟာ ခလရ ၂၇၅ ကပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေခိုလှုံခဲ့ကြတဲ့နေရာဖြစ်ခဲ့ပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်လည်း မီးလောင်ခဲ့ပြီး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းအပြင်းအထန်တိုက်ခိုက်မှုတွေအောက်မှာ မြို့ဟာ စစ်တလင်းပြင်ဖြစ်ခဲ့ရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြဝတီကိုစစ်ကူလာဖို့ ကော့ကရိတ်ကနေထွက်လာတဲ့ အောင်ဇေယျစစ်ကြောင်းဟာ အာရှလမ်းမကြီးပေါ်မှာပဲ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ အမှည့်ခြွေ ခြွေခံခဲ့ရပြီး ဒေါနတောင်တန်းကို စစ်ကြောင်းဖြတ်နိုင်ရေး၊ မဖြတ်နိုင်ရေးအတွက် နှစ်ဖက်အသက်ပေါင်းများစွာခင်းခဲ့ရပါတယ်။
ကာလတူ နှစ်နှစ်အကြာ ၂၀၂၆ ခုနှစ်မှာတော့ အခင်းအကျင်းပြောင်းသွားခဲ့ပါပြီ။ မြဝတီမြို့ကို မြန်မာစစ်တပ်ကပဲ အပြည့်အဝပြန်ထိန်းချုပ်ထားပြီး အသွင်ပြောင်းစစ်တပိုင်းအစိုးရလက်ထက်မှာ နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်နေပါတယ်။
"ကုန်သွယ်ရေးဇုန်ပြန်ဖွင့်ရင်တောင် လိုင်စင်ပြပြီးမှ ပစ္စည်းသွင်းလို့ရမှာဆိုတော့ စီးပွားကူးသန်းကို လိုင်စင် လျှောက်နေကြပါပြီ။ ဖွင့်တာနဲ့ လိုင်စင်ချပေးတာတွေလုပ်ပေးမယ်လို့ မျှော်လင့်တာပဲ" လို့ မြဝတီကုန်သည် တစ်ဦးက ပြောပါတယ်။
နိုင်ငံတကာ မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက်စီးပွားရေးစင်္ကြံ (Greater Mekong Sub-region East-West Economic Corridor) လမ်းပိုင်းမှာပါဝင်တဲ့ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီ ၂ ရက်မှာ စစ်ကော်မရှင်က ပြန်ဖွင့်ခဲ့ပါတယ်။
ဒီလမ်းမကြီးကနေ ရန်ကုန်မြို့ကို ရက်ပိုင်းအတွင်းကုန်ပစ္စည်းပို့ဆောင်နိုင်ပါတယ်။ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးအတွက်ဆိုလည်း ဒီလမ်းကတဆင့် ရန်ကုန်၊ ရန်ကုန်ကနေ အိန္ဒိယနိုင်ငံကို ကုန်သွယ်လို့ရသလို ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ တရုတ်နိုင်ငံအထိ သွားနိုင်ပါတယ်။
ဒါကြောင့် ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ထိုင်းရော တရုတ်နဲ့ အိန္ဒိယတို့ရဲ့ စီးပွားရေးအကျိုးစီးပွား နဲ့ပါ ဆက်စပ်နေတယ်ဆိုတာကို တွေ့နိုင်ပါတယ်။
အခုပြန်ဖွင့်လိုက်တဲ့ အမှတ် ၁ အာရှလမ်းမကြီးပေါ်မှာ စစ်ကော်မရှင်တပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်းပြီး နေရာခပ်စိပ်စိပ်စခန်းချကာ လုံခြုံရေးအပြည့်ယူထားတဲ့အခြေအနေပါ။ ဒါပေမဲ့ ကုန်စည် သယ်တဲ့ကားကြီးတွေဖြတ်သန်းသွားလာလို့မရသေးဘဲ အိမ်စီးကားနဲ့ ခရီးသည်တင်ကားတွေပဲ သွားလာလို့ ရပါတယ်။
"နယ်စပ်ဂိတ်ပြန်ဖွင့်တာနဲ့ မြန်မာထဲကို ကုန်စည်တွေချက်ချင်းပို့လိုက်နိုင်မယ်ဆိုပြီး လွယ်ကူရိုးရှင်းတဲ့ ကိစ္စမဟုတ်ပါဘူး" လို့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ မစ္စတာ ချလမ်ဝပ် က ဘီဘီစီကို ပြောပါတယ်။
နှစ်နှစ်ကျော်ကြာရပ်နားခဲ့ရတဲ့ နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေအများကြီး လုပ်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ ထိုင်းစစ်တပ်အကြီးအကဲရဲ့ နေပြည်တော်ခရီးစဉ်မှာလည်း စစ်ခေါင်းဆောင်နဲ့တွေ့ချိန် နယ်စပ်ကုန်သွယ်ရေးပြန်စဖို့ပြောသလို ထိုင်းနဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ချိန်မှာလည်း ဒီကိစ္စရပ်က ဦးစားပေးဆွေးနွေးတဲ့အကြောင်းအရာပါ။
"အမှတ် ၁ အာရှ လမ်းမကြီးဟာ နိုင်ငံတစ်နိုင်ငံထဲကပဲ ပိုင်တဲ့လမ်း သက်သက်မဟုတ်ပါဘူး။ အဲဒီလမ်းပေါ်မှာ ကုန်ပစ္စည်းတွေရဲ့ သယ်ယူပို့ဆောင်ရေးအပိုင်းကို အကာအကွယ်ဖြစ်အောင် ပူးတွဲထိန်းသိမ်းတာမျိုး လုပ်သင့်တယ်လို့ ကျွန်တော်တို့ ထင်တယ်လေ။ ဒီလိုတောင်းဆိုမှုတွေကို ကျွန်တော်တို့ ပုံစံမျိုးစုံနဲ့ တင်ပြခဲ့ပါတယ်" လို့ တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ မစ္စတာ ချလမ်ဝပ် က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တိုက်ပွဲတွေကြောင့် ထိုင်း - မြန်မာနယ်စပ်ကနေ တရားမဝင်ကုန်သွယ်ရေးတောင်အခက်အခဲဖြစ်ခဲ့ပါတယ်။ မြဝတီက ကုန်သည်တွေ စီးပွားရေးရပ်နားခဲ့ရသူတွေရှိသလို သယ်ယူစရိတ်အဆမတန်ပေးပြီး ဆက်ကုန်သွယ်နေသူတွေလည်းရှိပါတယ်။
"ကုန်စည် ၁ တန်ကို ၆ သောင်း ၇ သောင်းပဲရှိတာကနေ လမ်းစရိတ်က ၁ တန်ကို ၃ သိန်းကနေ ၅ သိန်းအထိ ဈေးရှိတယ်။ မိုးတွင်းဆိုရင် တစ်တန်ကို ၁၀ သိန်းအထိကျတယ်" လို့ သယ်ယူပို့ဆောင်စရိတ် တရှိန်ထိုး မြင့်တက်ခဲ့ပုံကို မြဝတီကုန်သည်က ပြောပြပါတယ်။
"ဂိတ်ပေါင်းစုံကို ဂိတ်ကြေးပေးရတာ၊ သာမည (ဘားအံမြို့နယ်) ရောက်ရင် ၁၂ ဘီး ဒါမှမဟုတ် ၁၀ ဘီးကား ပြောင်းပြီး ကုန်တင်ရတာတွေရော။ သယ်ယူစရိတ်က တကယ်များတယ်" လို့ သူက ဆက်ပြောပါတယ်။
မဲဆောက်မြို့အခြေစိုက်ထိုင်းကုန်သည်တွေလည်း တောင်ပိုင်းက ရနောင်းမြို့၊ မြောက်ပိုင်းက ချင်းရိုင်မြို့ တို့ကို ရွှေ့ပြောင်းသွားလာပြီး ကုန်သွယ်နိုင်ဖို့အားထုတ်ခဲ့ရပါတယ်။
ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးတရားဝင်ဂိတ် ၇ ခုထဲက ရှမ်းအရှေ့မှာရှိတဲ့ တာချီလိတ် - မယ်ဆိုင်၊ တနင်္သာရီတိုင်းက ကော့သောင်း - ရနောင်းတို့ကို ဖွင့်လှစ်ဆဲဖြစ်ပေမဲ့ မြဝတီ - မဲဆောက်ရဲ့ကုန်သွယ်မှုကို မယှဉ်နိုင်တဲ့အခြေအနေပါ။
"ကော့သောင်းကနေ ပစ္စည်းများများကို ရေကြောင်းနဲ့ ကုန်ကျစရိတ်သက်သက်သာသာ သယ်လို့ရပေမဲ့ အချိန်အရမ်းကြာတယ်။ တာချီလိတ်ကျတော့ မန္တလေးမြို့ကိုရောက်ဖို့တောင် ကုန်ကျစရိတ်အရမ်းများတယ်။ မြဝတီဂိတ်ပြန်ဖွင့်မှပဲ ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးပြန်အသက်ရှုချောင်မယ့်အခြေအနေပါ" လို့ နယ်စပ်ကုန်သွယ်ရေးအကြောင်းကျွမ်းကျင်သူက ပြောပါတယ်။
ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြို့တွေအုပ်စိုးသူအပြောင်းအလဲဖြစ်ပြီး တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးရပ်နေချိန် ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးပါရပ်ခဲ့တာကြောင့် တရားမဝင် "မှောင်ခို" ဈေးကွက်လည်း ကြီးထွားလာခဲ့ပါတယ်။
တရားမဝင်သယ်ယူရာမှာလည်း ကုန်ကျစရိတ်ကြီးမြင့်တာကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေ တဟုန်ထိုး တက်ပြီး ပြည်တွင်းမှာ ကုန်ရှားပါးတဲ့အခြေစိုက်နေပါပြီ။
ကုန်သွယ်ရေးအတွက် စိန်ခေါ်ချက် ၃ ရပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းတိုက်ပွဲတွေဟာ နယ်စပ်ကုန်သွယ်ရေး အပေါ်ပါ သက်ရောက်တယ်လို့ဆိုကြပေမဲ့ အဓိကအကျပ်အတည်းဖြစ်စေတာက စစ်တပ်ရဲ့ စီးပွားရေးမူဝါဒ ကြောင့်လို့ ကုန်သည်နဲ့ စီးပွားရေးစောင့်ကြည်သူတွေက ထောက်ပြကြပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြည်ပသွင်းကုန်လျော့ချရေးမူဝါဒနဲ့ အတူ နိုင်ငံခြားငွေ ထိန်းချုပ်မှုတွေက ဒီအကျပ်အတည်းတွေကို ဖြစ်စေခဲ့တာပါ။
ကုန်သွယ်မှုလုပ်မယ်ဆိုရင် ဗဟိုဘဏ်၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့တင်မက နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီတို့က ထုတ်ပြန်တဲ့ မူဝါဒတွေအတိုင်း လုပ်ကိုင်ကြရတဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်ကစပြီး မူဝါဒအပြောင်းအလဲတွေ မကြာခဏ ဖြစ်တဲ့အကြောင်းမြဝတီမှာကုန်သွယ်ရေးလုပ်သူတစ်ဦးက ပြောပါတယ်။
"တခါတလေဆိုရင် တရက်တည်းမှာပဲကို ဗဟိုဘဏ်က ထုတ်ပြန်ချက် ၂ ခုထွက်တာမျိုးတွေရှိတယ်" လို့ မြဝတီကုန်သည်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။
စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ်၊ ဧပြီ ၄ ရက်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ကနေ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ (Foreign Exchange Supervisory Committee /FESC) ကို ဖွဲ့စည်းပါတယ်။
ဒီကော်မတီက ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်ထုတ်လုပ်မှု၊ ပို့ကုန်သွင်းကုန်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအပါအဝင် နိုင်ငံခြားငွေကြေးစီးဆင်းမှုကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ပါတယ်။
စီးပွားကူးသန်းဝန်ကြီးဌာနကနေလည်း လိုင်စင်စနစ်ကိုအသက်သွင်းခဲ့ပြီး သွင်းကုန်တွေအတွက် လိုင်စင်ချထားပေးမှုအပေါ် စိစစ်ကန့်သတ်မှုတွေများပါတယ်။
ပို့ကုန်ရငွေတွေကို ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ပမာဏအတိုင်း နိုင်ငံခြားငွေလဲရပြီး ဘဏ်ထဲကိုငွေဝင်မှ သွင်းကုန်အတွက် လိုင်စင်လျှောက်ထားခွင့်ပြုတဲ့သဘောပါ။
"ဘဏ်ထဲကိုငွေဝင်မှ သွင်းကုန်လိုင်စင်ပြန်လျှောက်ရတယ်။ ငွေဝင်ထားတဲ့တလအတွင်း လိုင်စင်မရရင် လည်း အဲဒီငွေကို ဘဏ်ကသိမ်းတယ်" လို့ မြဝတီကုန်သည်က ရှင်းပြပါတယ်။
ဒါကြောင့် ကုန်သွယ်ရေးအတွက် ပြည်တွင်းစစ်က စိန်ခေါ်ချက်ဖြစ်သလို ပို့ကုန်ရငွေပြန်သွင်းရတာနဲ့ သွင်းကုန်လိုင်စင်လျော့ချထုတ်ပေးတာက နောက်ထပ်စိန်ခေါ်ချက်နှစ်ချက်ပါ။
"၈၈ နောက်ပိုင်း နဝတလက်ထက်မှာ Trade Council ဆိုတာရှိပေမဲ့ လိုင်စင်လွယ်လွယ်ကူကူ ခွင့်ပြုတာ များတယ်။ အခုက အရင်ခေတ်တွေထက် အများကြီးဆိုးတာပေါ့" လို့ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ နှစ်ပေါင်းများစွာလုပ်ကိုင်လာသူက သူ့အတွေ့အကြုံနဲ့ ပြောပြပါတယ်။
"ကုန်သွယ်မှုအတွက် ဖြေလျော့ပေးမှပဲ ဒါတွေအဆင်ပြေလိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးအတိုင်း ၆၅ ရာခိုင်နှုန်းလဲပြီး ပြင်ပပေါက်ဈေးအတိုင်း ၃၅ ရာခိုင်နှုန်းလဲဖို့ဆိုပြီး စတင်တင်းကျပ်ခဲ့တာပါ။ ဗဟိုဘဏ်က တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁,၈၅၀ သတ်မှတ်ချိန်မှာ ပြည်ပပေါက်ဈေးက ၄,၀၀၀ ကျပ်ပတ်ချာလည်ဖြစ်ခဲ့ပါတယ်။
အခုတော့ ပြင်ပပေါက်ဈေးအတိုင်း ၈၅ ရာခိုင်နှုန်း ဗဟိုဘဏ်သတ်မှတ်ဈေးက ၁၅ ရာခိုင်နှုန်းလဲရမယ်လို့ လျော့ချပေးခဲ့ပေမဲ့ ကုန်သွယ်မှုအပေါ် သက်ရောက်မှုက ကြီးမားခဲ့ပြီးဖြစ်ပါတယ်။
"ကုန်သွယ်ရာခိုင်နှုန်း ၃၀ ကနေ ၇၀ ရာခိုင်အထိကို လျော့ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ သုံး လေးနှစ်ကို ပြန်ကြည့်မယ်ဆိုရင်တောင် ကိန်းဂဏန်းတွေ သိသိသာသာလျော့ကျခဲ့တာကို တွေ့နိုင်ပါတယ်" လို့ တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ မစ္စတာ ချလမ်ဝပ် က ပြောပါတယ်။
မတည်ငြိမ်တော့တဲ့ နိုင်ငံခြားငွေလဲနှုန်း၊ လိုင်စင်လျော့ချသတ်မှတ်မှုနဲ့ သွင်းကုန်ကန့်သတ်မှုတွေက ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးကျဆင်းမှုရဲ့ အဓိကအချက်တွေလို့ မြန်မာရောထိုင်းကုန်သည်အပြောအရပါ သိရပါတယ်။
"မြန်မာဘက်က အဝင်လက်မခံတဲ့ကုန်ပစ္စည်းစာရင်း ရှိနေတာပါပဲ။ မြန်မာဘက်က ပြည်ပသွင်းကုန် အဖြစ်လက်မခံတဲ့ ကုန်ပစ္စည်းစာရင်း ၁၀ ခုကနေ ၂၀ လောက်အထိရှိပါတယ်။ အဲဒါတွေက မပယ်ဖျက်ရသေးဘူးဆိုတော့ အခုထိ ကျွန်တော်တို့ဘက်က သွင်းလို့မရသေးပါဘူး"
"ဒါတွေကိုပယ်ဖျက်ခွင့်ရဖို့ ကျွန်တော်တို့အများကြီးကြိုးစားခဲ့တာပေါ့။ လုပ်နိုင်မယ့်နည်းလမ်း ပေါင်းစုံကို သုံးပြီး ညှိနှိုင်းဆွေးနွေးတယ်။ သံရုံးတွေကိုသွားတဲ့အချိန်ဖြစ်ဖြစ် မြန်မာကအဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံတာပဲဖြစ်ဖြစ် ကုန်စည်ကန့်သတ်မှုကို လျော့ချပေးဖို့ ကျွန်တော်တို့ တွန်းအားပေးပါတယ်" လို့ မစ္စတာ ချလမ်ဝပ်က ဆက်ပြောပါတယ်။
ဒါကြောင့် အမှတ် ၁ အာရှလမ်းမကြီးပြန်ဖွင့်ကာ မြဝတီ နယ်စပ်ကုန်သွယ်ရေးပြန်စဖို့ ကြိုးစားကြပေမဲ့ ရှင်းလင်းတိကျတဲ့မူဝါဒတွေရှိဖို့လိုအပ်နေကြောင်းထောက်ပြကြပါတယ်။
အသွင်ပြောင်းအစိုးရဆီက ဘာမျှော်လင့်နိုင်မလဲ

စစ်ကော်မရှင်သက်တမ်းရဲ့ နောက်ဆုံးလက်ကျန်ရက်တွေမှာပဲ ပို့ကုန်ရငွေအပြည့်အဝပြန်မဝင်လာလို့ဆိုပြီး ကုမ္ပဏီ ၂၈၇ ခုကို Blacklist အမည်မည်းစာရင်းကြေညာခဲ့ပါတယ်။ ကုမ္ပဏီကိုဦးဆောင်တဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ ကိုပါ အမည်မည်းစာရင်းကြေညာခဲ့တာပါ။
အဲဒီကုမ္ပဏီအများစုဟာ ပို့ကုန်သွင်းကုန်လုပ်ငန်းလုပ်ကိုင်တာတွေဖြစ်ပြီး စစ်တပ်နဲ့နီးစပ်တဲ့လုပ်ငန်းစုအဖြစ် နှစ်ပေါင်းများစွာကျော်ဇောတဲ့ ထူးလုပ်ငန်းစုက Htoo Trading ကုမ္ပဏီကိုပါ အမည်မည်းစာရင်းထဲ ထည့်ခဲ့ပါတယ်။ ဒါရိုက်တာတွေဖြစ်တဲ့ သူဋ္ဌေးကြီး ဦးတေဇနဲ့ သားဖြစ်သူ ဦးပြည့်ဖြိုးတေဇတို့ကိုပါ အမည်မည်းစာရင်းထဲ ထည့်လိုက်ပါတယ်။
"ပို့ကုန်ရငွေကိုအချိန်မီပြန်မသွင်းနိုင်ဘူးဆိုတာက မြန်မာက ဆန်ရှင်ထိ (အရေးယူပိတ်ဆို့ခံရ) ထားတယ်လေ၊ တဖက်ကငွေလွှဲရခက်တယ်။ ဒီတော့ အချိန်မီပို့ကုန်ရငွေပြန်မသွင်းနိုင်ဘူး"
"Blacklist သွင်းခံရရင်က ကုန်သည်ကနိုင်ငံခြားသွားလို့မရဘူးပေါ့။ ချက်ချင်းငွေပြန်သွင်းလို့က မရတော့ နည်းနည်းချင်းပဲငွေပြန်ပေးချေရတယ်" လို့ မြဝတီကုန်သည်က သူတို့ကြုံရတဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
ပြန်လည်ပြင်ဆင်ထားတဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတွေအရ အာရှနိုင်ငံတွေကို ကုန်ပို့ရင် ရက် ၃၀ အတွင်း မြန်မာနိုင်ငံက ဘဏ်စာရင်းထဲ နိုင်ငံခြားငွေမဖြစ်မနေထည့်ရမှာပါ။ အာရှမဟုတ်တဲ့ တခြားနိုင်ငံကို ပို့ရင်တော့ ရက် ၆၀ အတွင်း ပြန်သွင်းရမှာဖြစ်ပါတယ်။
ဒီတားမြစ်ချက်ကိုဖောက်ဖျက်ရင်လည်း တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ထောင်ဒဏ်ရောငွေဒဏ်ပါ နှစ်ခုလုံးချမှတ်နိုင်ပါတယ်။
"ဒီလိုတွေဖြစ်လာရင် သူတို့က ကုမ္ပဏီကို ပိတ်လိုက်တယ်။ ငွေမရှိနေရင် ဘယ်လိုမှလည်းပြန်မသွင်းနိုင်ဘူးလေ" လို့ မြဝတီကုန်သည်က ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲကနေ အစိုးရတရပ်အသွင်ပြောင်းလာခဲ့ရင် "အောက်ခြေကုန်သည် တွေရဲ့ အခက်အခဲကိုနားထောင်ဖို့လိုတယ်" လို့ သူက ထောက်ပြပါတယ်။
ဒါမှသာသွင်းကုန်အတွက်သာမက ပို့ကုန်တင်ပို့နိုင်ဖို့အတွက်ပါလွယ်ကူပြီး တောင်သူလယ်သမားတွေမှာပါ ဈေးကောင်းရဖို့အတွက် လုပ်ဆောင်ပေးနိုင်မယ့်အခြေအနေပါ။ အထူးသဖြင့် မြန်မာကနေ ထိုင်းကို လယ်ယာထွက်ကုန်ပစ္စည်းတွေကို အဓိကတင်ပို့တာကြောင့် ကုန်သွယ်ရေးချောင်လည်ရင် တောင်သူတွေ ဈေးကောင်းရနိုင်တဲ့အထိ ဒိုမီနိုသဘောတရားလို ဆင့်ကဲသက်ရောက်မှုများတာကြောင့်ပါ။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဒီလိုပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအပေါ်သက်ရောက်မှုပြင်းခဲ့တဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ (Foreign Exchange Supervisory Committee /FESC) ကို ဦးဆောင်ခဲ့သူဟာ လက်ရှိစစ်တပ်ရဲ့ အသွင်ပြောင်းမှုမှာ ထိပ်ပိုင်းဦးဆောင်သူဖြစ်လာပါတယ်။
FESC ကို ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောက တာဝန်ယူပါတယ်။ စစ်ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းချိန် မှာလည်း နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးညိုစောကပဲ ဥက္ကဋ္ဌအဖြစ် ဆက်တာဝန် ယူခဲ့တာပါ။ ဦးညိုစောဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး ရွေးကောက်ခံအစိုးရအဖြစ် အသွင်ပြောင်းချိန်မှာတော့ ဒုတိယသမ္မတ (၁) ဖြစ်လာပါပြီ။
"သူတို့ထိပ်ပိုင်းလူတွေလည်းအပြောင်းအလဲသိပ်မရှိတာဖြစ်လို့ မူဝါဒအပြောင်းအလဲမရှိနိုင်ဘူးပဲ မြင်တယ်" လို့ နယ်စပ်ကုန်သွယ်ရေးကျွမ်းကျင်သူက ပြောပါတယ်။
"အဖြစ်နိုင်ဆုံး မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းပြန်ဖွင့်တယ်ဆိုရင်တောင် ပြန်ဖွင့်နိုင်ဖို့အတွက် လမ်းကြောင်းလုံခြုံမှုကရှိရမယ်။ လုံခြုံရေးကောင်းရင်တောင် ကုန်သွယ်မှုဖြေလျော့ရလိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။
ထိုင်းဘက်ကတော့ ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအကုန်လုံးကို ပြန်ဖွင့်နိုင်ဖို့အတွက် ညှိနှိုင်းစကားပြောတာတွေလုပ်နေသလို ဆက်လုပ်မယ်လို့လည်း တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းကနေ သိရပါတယ်။
ဒါပေမဲ့ ထိုင်း-မြန်မာ တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်း ၇ ခုထဲက မယ်စဲ့နဲ့ ထီးခီးစခန်းတွေဟာ တော်လှန်ရေးအင်အားစုတွေ လက်ထဲမှာပါ။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က ထီးခီးနယ်စပ်ကုန်သွယ်ရေး စခန်းအခြေအနေနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ဘီဘီစီက ဆက်သွယ် မေးမြန်းထားဆဲဖြစ်ပြီး ဧပြီ ၉ ရက်အထိ ပြန်ဖြေတာတော့မရှိသေးပါဘူး။
အာရှလမ်းမကြီး စစ်ရေးဘာဆက်ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းပြန်စဖို့ ကြိုးစားနေပေမဲ့ အမှန်တကယ်ကုန်သွယ်နိုင်မလားဆိုတာကတော့ ခန့်မှန်းမရတဲ့ပုစ္ဆာတစ်ပုဒ်လိုဖြစ်နေဆဲပါ။ အခုဖွင့်လှစ်တဲ့ မြဝတီလမ်းသစ်ကို စစ်တပ်ကပြန်ထိန်းထားပေမဲ့ လမ်းဟောင်းမှာက နှစ်ဖက်တိုက်ပွဲတွေရှိနေဆဲဖြစ်ပါတယ်။
မြဝတီလမ်းဟောင်းရဲ့ နေရာအများစုဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲမှာပါ။ KNLA နဲ့ ပူးပေါင်းတပ်တွေ စိုးမိုးထားတဲ့ ကော့ကရိတ်- မြဝတီလမ်းဟောင်းက အောက်ဘိုတဲလမ်းပိုင်းကို စစ်ကော်မရှင်တပ်ဘက်က မတ်လလယ်ကစလို့ ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒီနေရာဟာ မြဝတီ-ထို့ကော်ကိုး -နဘူး-ဘားအံလမ်းပိုင်းမှာပါဝင်ပြီး ထိုင်း - မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာ အရေးပါ ပါတယ်။
ဧပြီ ၉ ရက်နေ့အထိကို အောက်ဘိုတဲတိုက်ပွဲဖြစ်ပွားရာတဝိုက်မှာ နေ့စဉ်လိုလိုလက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရဆဲလို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဒါအပြင် မြဝတီမြို့နယ်ထဲက ဝေါလေမှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ ဗျူဟာစခန်းတွေကိုလည်း KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီလဆန်းကစလို့ ထိုးစစ်ဆင်နေပါတယ်။
"မတ် ၃၁ ရက်စပြီး ဝေါလေမှာတိုက်ပွဲပြန်ပြင်းထန်နေတယ်။ စစ်တပ်က ဒရုန်းရောလေကြောင်းပါ သုံးတယ်။ တော်လှန်ရေးဘက်ကလည်း အင်အားတစ်ထောင်လောက်သုံးတယ်။ စစ်တပ်ဘက်ကလည်း လမ်းသစ်ပြန်ဖွင့်နေတော့ သူတို့အင်အား ၄၀၀ ကို နှစ်ရက်အတွင်းထပ်ပြီးဖြည့်ထားတဲ့အခြေအနေပါ" လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
ဒါဟာ မြဝတီလမ်းသစ်ကို ကုန်သွယ်ရေးနဲ့ ပြည်သူတွေသွားလာရေးအတွက် ပြန်လည်ဖွင့်လှစ်တယ်လို့ ဆိုပေမဲ့ စစ်ရေးမှာပါအသုံးပြုနေတာမြင်သာကြောင်း လေ့လာစောင့်ကြည့်သူတချို့က သုံးသပ်ပါတယ်။
"လူထုကိုအကြောင်းပြပြီး စစ်ရေးအရနယ်မြေစိုးမိုးမှုတွေ ကျေးရွာတွေကိုခြိမ်းခြောက်နိုင်ဖို့အတွက် လမ်းပြန်ဖွင့်တာမျိုးဆိုရင်တော့ ကျွန်တော်တို့လက်ခံလို့မရပါဘူး။ ကျွန်တော်တို့ဖြတ်သန်းမှုသမိုင်းအရ လူထုဒုက္ခရောက်မယ့်အခြေအနေမျိုးကိုရှောင်ပါတယ်" လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧပြီ ၃ ရက်မှာ ဘီဘီစီကို ဖြေပါတယ်။
အခုလိုအခင်းအကျင်းတွေရှိနေဆဲဖြစ်တာကြောင့် အမှတ် ၁ လမ်းမကြီးပြန်ဖွင့်ပြီးတာနဲ့ ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးချက်ချင်းပြန်လည်ပတ်ပြီး ကုန်ဈေးနှုန်းကျကာ ပြည်တွင်းကုန်စည်ပြန်ဖူလုံမယ်ဆိုတဲ့ စဉ်းစားချက်ကတော့ လက်တွေ့နဲ့ဝေးကွာနေသေးတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက ထောက်ပြထားကြပါတယ်။












