စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို တော်လှန်ရေးဘက်ကဘယ်လိုတန်ပြန်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မန္တလေးတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့ဝင်အယောက် ၅၀၀ ကျော်ကို မိဘတွေဆီပြန်အပ်တယ်ဆိုတဲ့ သတင်းကို စစ်တပ်က ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်း ဝေဝေဆာဆာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းက စစ်ကော်မရှင်ရဲ့ တပ်တွင်းသာမက တစ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လူထုကြားထဲအထိ မတူညီတဲ့သက်ရောက်မှုတွေ ရှိလာတယ်လို့ စစ်ရေးအတွေ့အကြုံရှိသူ တချို့က ထောက်ပြကြပါတယ်။
မန္တလေးအခြေစိုက် တော်လှန်ရေးအင်အားစုတွေကတော့ စစ်တပ်ဘက်ကို သူတို့ရဲ့ တပ်ဖွဲ့ဝင်တချို့ ဘက်ပြောင်းခိုလှုံတာရှိပေမဲ့ စစ်တပ်ပြောတဲ့အရေအတွက်အတိုင်း မဟုတ်ဘူးလို့ ငြင်းဆိုကြပါတယ်။
ဒါပေမဲ့ အာဏာသိမ်း ၅ နှစ်ကျော်ကာလ စစ်ရေးအရွှေ့အပြောင်းတွေဖြစ်နေချိန်၊ လွှတ်တော်သစ်နဲ့ အစိုးရသစ်ဖွဲ့ဖို့ပြင်နေချိန်မှာ အချိန်ကိုက်ထွက်ပေါ်လာတဲ့ ဒီအခမ်းအနား သတင်းထုတ်ပြန်ချက်ကို "ပေါ့ဆလို့မရဘူး" လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေး အဖွဲ့ (MDSI) ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပြောကြားပါတယ်။
ဒီသတင်းမျိုးဟာ နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေးအကျိုး အမြတ်အတွက် လုပ်ဆောင်လေ့ရှိတဲ့ ဝါဒဖြန့်ချိရေးဗျူဟာဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အချိန်မီစုစည်းတုံ့ပြန်နိုင်ဖို့ လိုတယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိလာပါတယ်။
ဆင့်ကဲစည်းရုံးရေးဗျူဟာ သုံးလာတဲ့ စစ်တပ်

ဓာတ်ပုံ ရင်းမြစ်, MRTV Screen Grab
"ဥပဒေဘောင်အတွင်းကို ပြန်ဝင်ရောက်ဖို့ နိုင်ငံတော်က ဖိတ်ခေါ်လျက်ရှိတာကို မိမိတို့နဲ့ ဆက်စပ်တဲ့ ကျန်ရှိနေတဲ့လူငယ်တွေကို အဖွဲ့ဝင်အချင်းအချင်း တဆင့်အသိပေးပြောကြားဖို့ ဒီနေရာကနေ တိုက်တွန်း မှာကြားလိုတယ်။"
စည်းရုံးရေးဆန်တဲ့ အသုံးအနှုန်းနဲ့ ဒီစကားကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေးက ပြန်ရောက်လာသူတွေကို မိဘအုပ်ထိန်းသူတွေဆီပြန်အပ်ပွဲ ဆိုတဲ့ အခမ်းအနားက မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။
မန္တလေးတိုင်းထဲက စိုးမိုးနယ်မြေတွေကို တော်လှန်ရေးတပ်တွေ လက်လွှတ်ရချိန်မှာ အဲဒီ "ဆင့်ကဲ စည်းရုံးရေးနည်းဗျူဟာ" ကို စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့်သုံးလာတယ်လို့ တော်လှန်ရေးအင်အားစုတချို့က ပြောပါတယ်။
၂၀၂၅ နှစ်လယ်ပိုင်းကစပြီး မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်၊ စဉ့်ကူး၊ တကောင်းမြို့တွေကို စစ်တပ်က ပြန်လည်ရယူချိန်မှာ တပြိုင်နက်လိုလို အလားတူစိတ်ဓာတ်စစ်ဆင်ရေးတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မန္တလေးမှာ စစ်ရေးလှုပ်ရှားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ TRI ဗျူဟာရဲ့ နည်းဗျူဟာမှူး ကိုနွယ်နီရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ရေးသားဖော်ပြချက်ကလည်း ဒီအခင်းအကျင်းကို ပိုပြီး မြင်သာစေပါတယ်။
TRI ဗျူဟာဆိုတာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်းမှာ မန်းစစ်ဆင်ရေးမြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ တိုက်ခိုက်ရေးတပ်ဖြစ်ပါတယ်။
စိုးမိုးနယ်မြေတွေကနေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေနဲ့ ပြည်သူတွေ ဘေးကင်းစွာ ဆုတ်နိုင်ဖို့အတွက် တပ်ဖွဲ့ဝင်တချို့က အသက်ပေးကာကွယ်ခဲ့ရပေမဲ့ အခက်အခဲကိုကြံ့ကြံ့ခံရင်မဆိုင်နိုင်သူတွေကို စစ်တပ်က စည်းရုံးခဲ့တယ်လို့ TRI နည်းဗျူဟာမှူး ကိုနွယ်နီက ပြောပါတယ်။
မိသားစုဝင်တွေနဲ့ တပ်ဖွဲ့ဝင်တချို့ကို သွေးဆောင်နိုင်ဖို့အတွက် နန်းတွင်းလို့သိကြတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ နည်းမျိုးစုံသုံးခဲ့ပြီး မြို့နယ်၊ ရပ်ကွက်အလိုက် ညွှန်ကြားချက်တွေထုတ်ကာ သတင်းလွှင့် ပြန်ခေါ်ခဲ့တယ်လို့ သူက မတ် ၁၃ ရက်မှာ ရေးသားခဲ့ပါတယ်။
"သစ္စာဖောက်သွားသူတွေဟာ မိမိသက်သာရာရရေးနဲ့ နောင်တစ်ချိန် PDF တွေ ပြန်လည်စိုးမိုးလာပါက တပ်ပြေးအဖြစ် အဖမ်းခံရမှာကို စိုးရိမ်တဲ့အတွက်၊ PDF တပ်ဖွဲ့တွေ ပြိုပျက်စေအောင် နည်းမျိုးစုံနဲ့ သွေးဆောင်ဖြားယောင်း လှုံ့ဆော်နေတယ်" လို့ TRI က ဖော်ပြခဲ့ပါတယ်။
အမျိုးသား ၄၅၃ ဦး၊ အမျိုးသမီး ၅၃ ဦးပါဝင်တဲ့ စုစုပေါင်း ၅၀၆ ဦးတို့ကို မိဘဆီ ပြန်အပ်တယ်ဆိုတဲ့ စစ်တပ်ရဲ့အခမ်းအနားမပြုလုပ်ခင် ရက်ပိုင်းအလိုမှာ TRI ဘက်က အဲဒီလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကလည်း ''အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ဆီ အလင်းဝင်သွားသူတချို့ရှိခဲ့ပေမဲ့ အခုထုတ်ပြန်ကြေညာထားတဲ့ အရေအတွက်ပမာဏမဟုတ်ဘူး'' လို့ စစ်တပ်က အခမ်းအနားလုပ်ခဲ့တဲ့ မတ် ၁၉ ရက်မှာ ဘီဘီစီကို တုံ့ပြန်ဖြေကြားပါတယ်။
"ယူနီဖောင်းနဲ့အလင်းဝင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အချက် ဖြစ်ပါတယ်။ ထုတ်ပြန်တဲ့ဓာတ်ပုံမှာဆိုရင် ကျွန်တော်တို့ ယူနီဖောင်းနဲ့ တခြားဦးထုပ်တွေတွဲပြီး ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဒါက ကျွန်တော်တို့ တပ်ဖွဲ့မှာ သုံးလေ့ရှိတဲ့ ဦးထုပ်တွေမဟုတ်ပါဘူး။ ဖြစ်နိုင်တာကတော့ သိမ်းဆည်းရမိတဲ့ ယူနီဖောင်းတချို့ကို မြို့ပေါ်မှာပြန်ပွားပြီး ယူနီဖောင်းဝတ်ဆင်စေတာပါ။ ဒါက စစ်တပ်ဘက်က ဝါဒဖြန့်မှုသက်သက်ဖြစ်ပါတယ်" လို့ ကိုအော်စမွန်က ပြောပါတယ်။
စစ်တပ်ပွဲအခမ်းအနားမှာ လက်နက်ချသူတွေဝတ်ဆင်ထားတဲ့ ဝတ်စုံတွေထဲ မန္တလေးတိုင်းအထိ ထိုးစစ်ဖြန့်ခဲ့တဲ့ တအာင်းတပ် (TNLA) ရဲ့ ဝတ်စုံလည်း ပါဝင်ပါတယ်။
"ဒီနှစ်ထဲမှာ စစ်ကောင်စီဆီကို ဝင်ရောက်ပြီးအဖမ်းခံရတာမရှိဘူး။ တချို့တွေက စစ်မှုထမ်းကာလမှာ ခွင့်ပြန်သွားပြီး ခွင့်လွန်နေတာမျိုးတွေတော့ ရှိပါတယ်။ အဲဒီ ခွင့်လွန်နေသူတွေက လက်နက်ယူပြီးတော့ သူတို့ဆီ အလင်းဝင်တာမျိုးမရှိဘူး" လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖြေပါတယ်။
ဒီပွဲမှာ ဖော်ပြတဲ့အတိုင်း အရေအတွက်က မဟုတ်ဘူးဆိုရင် အမှန်တကယ် ပူးပေါင်းသွားတဲ့အရေအတွက်က ဘယ်လောက်ရှိလဲဆိုတာကို ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီမေးခွန်းကို MDY PDF ရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကိုပါ မေးမြန်းခဲ့ပေမဲ့ မတ် ၂၄ ရက် ညနေပိုင်းအထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ "ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေ အစစ်အမှန်ဖြစ်ပါတယ်။ နောက်လည်း ဝင်လာမယ့်သူ အများအပြားရှိပါတယ်" လို့ အဲဒီပွဲလုပ်တဲ့နေ့ ညနေပိုင်းမှာပဲ ဘီဘီစီကို ပြောပါတယ်။
မကြာမီကာလအတွင်း စစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အလားတူ မိဘဆီအပ်နှံပွဲလုပ်ဖို့ရှိနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
"စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ကိုဖြတ်နိုင်ပြီးနောက်ပိုင်း PDF တွေအလင်းဝင်နိုင်တယ်ဆိုပြီး လုပ်လာတာပါ။ ကျွန်တော်တို့ သိရတဲ့အချက်အလက်အရ အလင်းဝင်တာထက် တော်လှန်ရေးကို စိတ်ပျက်ပြီး ထွက်သွားသူတွေရှိနေတယ်" လို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
MDSI ဆိုတာ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ပါဝင်ခဲ့တဲ့စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့စစ်ရေး သုတေသနအဖွဲ့ဖြစ်ပါတယ်။
အားနည်းတဲ့အဖွဲ့ကို ခွဲထုတ်စည်းရုံးတဲ့ ဗျူဟာ

ဓာတ်ပုံ ရင်းမြစ်, CINCDS
လူ ၅၀၀ အပ်နှံပွဲမှာပါဝင်တဲ့ MDY PDF ကနေ ဘက်ပြောင်းခိုလှုံသွားတဲ့သူတွေဟာ အဖွဲ့တွင်း သဘောထားကွဲလွဲမှုတွေကြောင့် စစ်တပ်ဘက်ရောက်သွားကြသူတွေဆိုတဲ့ သတင်းတွေပြန့်နှံ့ နေကြောင်း မန္တလေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"MDY PDF က ၅ ယောက်တော့ ဝင်သွားတယ်။ ကိုမုန်တိုင်းကိစ္စကြောင့် သူ့လက်အောက်ခံတွေ ဘက်ပြောင်းတယ်ဆိုတဲ့ သတင်းလည်းကြားတယ်။ ဒါပေမဲ့ ဘာကြောင့်ဝင်တယ်ဆိုတာ အတိအကျ မသိနေရဘူး" လို့ သူက ဆက်ပြောပါတယ်။
MDY PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ဟာ တပ်ပိုင်ဘဏ္ဍာပစ္စည်းတွေကို တရားမဝင်ထုတ်ယူလို့ဆိုပြီး တပ်တွင်းမှာပဲ လက်နက်ဖြုတ်ထိန်းသိမ်းတဲ့ဖြစ်စဉ် ၂၀၂၅ နိုဝင်ဘာလထဲမှာဖြစ်ခဲ့ပါတယ်။
မန္တလေးစစ်မျက်နှာပြင် စစ်ရေးအပြောင်းအလဲဖြစ်ချိန်မှာ MDY PDF အနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ COC (စစ်ရေးကွပ်ကဲမှု) အောက် ဝင်၊ မဝင် ဆိုတဲ့သဘောထားကွဲလွဲရာကနေ ကိုမုန်တိုင်းကို ဖမ်းဆီးမှုဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့တာပါ။
MDY PDF ကတော့ "တပ်တွင်း စည်းကမ်းထိန်းသိမ်းကြပ်မတ်တာ" လို့ အဲဒီအချိန်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီလူ ၅၀၀ လက်နက်ချတယ်ဆိုတဲ့ ဖြစ်စဉ်မှာ ကိုမုန်တိုင်းနဲ့ဆက်စပ်ခဲ့တဲ့ MDY PDF တပ်ဖွဲ့ဝင်ပါဝင်လားဆိုတာကို MDY PDF ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ကိုအော်စမွန်ကို ဘီဘီစီကဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
လူပြောများခဲ့တဲ့ စစ်တပ်ရဲ့ 'မိဘထံအပ်နှံပွဲ' မတိုင်ခင် တစ်လအလိုက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာအခြေစိုက်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲ့ ခေါင်းဆောင် ဗိုလ်နဂါး လက်နက်ချခဲ့တာကလည်း စစ်တပ်စည်းရုံးရေးရဲ့ မြင်သာတဲ့အရွေ့ တစ်ခုဖြစ်ခဲ့ပါတယ်။
ဗိုလ်နဂါးကိစ္စမှာတော့ ပြစ်မှုကျူးလွန်တာတွေရှိလို့ဆိုပြီး NUG ရဲ့ စစ်ကိုင်းတိုင်း ကွပ်ကဲရေးဌာနက စစ်ဆင်ရေးစီမံချက်အနေနဲ့ BNRA တပ်ဖွဲ့ဝင်တွေ အခြေစိုက်နေရာတွေကို တပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီချိန်မှာပဲ ပုလဲမြို့ပေါ်ကို စစ်တပ်ရဟတ်ယာဉ်ရောက်လာခဲ့ပြီး ဗိုလ်နဂါးနဲ့ သူ့မိသားစုဝင်တွေကို ကယ်ထုတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ဓာတ်ပုံတွေလည်း ထွက်ခဲ့ပါတယ်။
ဒီလက်နက်ချဖြစ်စဉ်မှာ ဗိုလ်နဂါးနဲ့ စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ နဂိုကတည်းက အဆက်အသွယ်ရှိတယ်လို့ ယူဆကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ စစ်ဘက်ရေးရာဌာနတာဝန်ခံ ကိုသြဇာက ဘီဘီစီကို အစောပိုင်းကတည်းက ပြောခဲ့ပါတယ်။
"ဗိုလ်နဂါးဖြစ်စဉ်ဆိုလည်း နောက်ဆက်တွဲသက်ရောက်မှုအများကြီးရှိတယ်။ တော်လှန်ရေးတပ်တွေမှာ ရပ်တည်ချက်အမျိုးမျိုးရှိပေမဲ့ ပဋိပက္ခဖြစ်တဲ့အခြေအနေမှာတော့ အားနည်းတဲ့အဖွဲ့ကို ထိတွေ့ ဆက်ဆံပြီး စည်းရုံးတာတွေလုပ်တယ်" လို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ထောက်ပြပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ မကွေးတိုင်း၊ ယောဒေသက တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြား ပဋိပက္ခဖြစ်နေတဲ့ အခြေအနေမှာလည်း စစ်တပ်ဘက်က ဝင်ရောက်စည်းရုံးတာတွေရှိနေတယ်လို့ သိထားရကြောင်း CDM ဗိုလ်မှူးနောင်ရိုးက သူတို့ရထားတဲ့အချက်အလက်တွေကို အခြေပြုပြီး ပြောပါတယ်။
မတ်လထဲမှာတော့ ယောကာကွယ်ရေးတပ် (YDF) နဲ့ YDF ခွဲထွက်အဖွဲ့ကြား ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် YDF ခွဲထွက်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ကြီးကောင်းကောင်းနဲ့ တပ်ကြပ်စိုင်းဇော်ဝင်း တို့ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။
ဒီနှစ်ဖက်တပ်ပဋိပက္ခကို နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) က ကိုယ်စားလှယ်တွေပါ ဝင်ရောက် ဖြေရှင်းခဲ့ရပါတယ်။ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ YDF ဟာ SRA မှာ ပူးပေါင်းပါဝင်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
ဒါအပြင် YDF ဟာ စစ်တပ်ဆီလက်နက်ချခဲ့တဲ့ ဗိုလ်နဂါးရဲ့ BNRA နဲ့လည်း မဟာမိတ်ဆက်ဆံရေး ရှိခဲ့တာကြောင့် စည်းရုံးမှုရှိနိုင်တယ်လို့ ယောတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"သပ်လျှိုသွေးခွဲ ထိတွေ့စည်းရုံးတဲ့ပုံစံပါ" လို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက စစ်တပ်ရဲ့ စည်းရုံးရေးဗျူဟာအကြောင်း ရှင်းပြပါတယ်။
YDF ဖြစ်စဉ်မှာ စစ်တပ်က ဘယ်လိုချဉ်းကပ်စည်းရုံးနေလဲဆိုတာကိုတော့ ဘီဘီစီက သီးခြားအတည် မပြုနိုင်သေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Mingalar Cinema
မြန်မာစစ်တပ်အတွက် စစ်မြေပြင်ပေါ်က စည်ရုံးရေးတွေတင်မကဘဲ တခြားဖျော်ဖြေရေးနည်းလမ်းတွေနဲ့ လူထုအမြင်နဲ့ စိတ်ဓာတ်ကို ထိန်းချုပ်ရေးကလည်း သူတို့ရဲ့ အရေးပါတဲ့ဗျူဟာဖြစ်ခဲ့တယ်လို့ စစ်ရေးအကဲခတ်တချို့က ပြောပါတယ်။
မြန်မာမှာ ခေတ်အဆက်ဆက် စစ်တပ်အာဏာပိုင်တွေဟာ အနုပညာနဲ့ မီဒီယာကဏ္ဍကို အသုံးချပြီး စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေးကို ပေါင်းစပ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာမသိမ်းခင်ကာလတွေက နာမည်ကြီး အနုပညာရှင်တွေကိုသုံးပြီး တပ်မတော်နေ့ကို ဂုဏ်ပြုတယ်ဆိုတဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွေကို စစ်တပ်က ထုတ်လုပ်ပြသခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်အတွင်းမှာလည်း အဲဒီဗျူဟာက ပြောင်းလဲမသွားဘဲ ဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် အာဏာသိမ်းကာလမှာတော့ တော်လှန်ရေးတပ်တွေသိမ်းပိုက်လိုက်တဲ့ နယ်မြေတွေကို စစ်တပ်ဘက်က ပြန်လည်ရယူခဲ့တဲ့ တိုက်ပွဲနဲ့ စစ်ဆင်ရေးတွေကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးကာ လူထုကို ပြသတာတွကိုတွေ့လာရပါတယ်။
'' စစ်မြေပြင်ပေါ်က အခြေအနေတွေကို တစ်ဖက်သတ်အမြင်နဲ့ ပြန်လည်တင်ပြတာပေါ့။ စစ်တပ်က အမြဲအနိုင်ရရှိတယ်ဆိုတာကို သူ့ကိုထောက်ခံသူတွေရော၊ မထောက်ခံသူတွေရောကို အနုပညာအားသုံးပြီး သိမ်းသွင်းတာ'' လို့ နိုင်ငံပြင်ပရောက် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက သူ့အမြင်ကိုပြောပါတယ်။
၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့ ဂုဏ်ပြု ရိုက်ကူးထားတဲ့ "တိမ်ပင်လယ်ခရီးကြမ်း" ရုပ်ရှင်ကလည်း စစ်တပ်ဗျူဟာရဲ့ နမူနာတစ်ခုဖြစ်ပါတယ်။ တောင်ခမ်းတိုက်ပွဲ အကြောင်း ရိုက်ကူးထားတဲ့ "တိမ်ပင်လယ်ခရီးကြမ်း" ဆိုတဲ့ ရုပ်ရှင်ကားကိုလည်း ရုပ်ရှင်ရုံကြီးတွေမှာ ပုဂ္ဂလိကရုပ်ရှင်ထုတ်လုပ်ရေးဇာတ်ကားတွေနည်းတူ ရုံတင်ပြသနေတာမျိုးနဲ့လည်း ဝါဒဖြန့်ချိရေး လုပ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းတပ်နယ်ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တော်လှန်ရေးတပ်တွေ အပြင်းအထန်ထိုးစစ်ဆင်ခဲ့တဲ့နေရာဖြစ်သလို တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ရေးအရွေ့တွေကြား စစ်တပ်က အောင်မြင်မှုပြန်ရခဲ့တဲ့ စစ်မြေပြင်လည်းဖြစ်ပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ တောင်ခမ်းတပ်နယ်ကို စစ်တပ်က အပြည့်အဝပြန်စိုးမိုးပြီးတဲ့နောက် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကို ပြန်အရယူသလို အပစ်ရပ် သဘောတူညီချက်အဖြစ် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို တအာင်းတပ် - TNLA ဆီက ပြန်ယူခဲ့ပါတယ်။
"ဒီလိုစည်းရုံးရေးတွေကို နည်းဗျူဟာကျကျ လုပ်လာတာကို တော်လှန်ရေးဘက်ကပေါ့ဆလို့မရဘူး" လို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
NUG၊ SRA နဲ့ EROs ဆိုတဲ့ ထောက်တိုင်သုံးခု

ဓာတ်ပုံ ရင်းမြစ်, NUG MOD
အခုအခင်းအကျင်းမှာ NUG အစိုးရဘက်မှာလည်း အရွေ့တွေက အလုံးစုံရပ်တန့်နေတာမျိုးတော့ မဟုတ်ပါဘူး။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်တည်ဆောက်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်နေပြီး ကွပ်ကဲမှုနဲ့ စစ်ဦးစီးစနစ်တွေ မှန်ကန်မြန်ဆန်ဖို့ ဆောင်ရွက်နေတာတွေရှိပါတယ်။
PDF စစ်ဦးစီးချုပ်၊ အမှတ် ၁ စစ်ဒေသမှူး၊ စစ်ဌာနတိုင်းမှူးတွေ၊ အထူးလှုပ်ရှားတပ်မတွေက တပ်မှူးကြီးတွေ နဲ့ ပကဖ ရုံးချုပ်ကတာဝန်ရှိသူတွေပါဝင်တဲ့ အစည်းအဝေးတွေကိုဆက်တိုက်လုပ်နေပြီး တပ်တည်ဆောက်ရေးကို အားစိုက်လုပ်မယ့်အကြောင်း ပြောခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းမှာဆိုရင် ခရိုင်အများစုကို အရင်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ အမှတ် ၁ စစ်ဒေသရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းက "ကသုံးလုံး ဒေသ" လို့ သိကြတဲ့ ကောလင်း၊ ကသာ၊ ကန့်ဘလူ ခရိုင်တွေကိုပဲ KIA က ကွပ်ကဲပါတယ်။
စစ်ကိုင်းတိုင်းအောက်ပိုင်းက ရွှေဘို၊ မုံရွာ၊ ယင်းမာပင်၊ စစ်ကိုင်း စတဲ့ခရိုင် ၅ ခုဟာ အမှတ် ၁ စစ်ဒေသအောက်မှာ မရှိတော့ဘဲ NUG စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှုအောက်ကို ရောက်လာပြီဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မန္တလေးစစ်မျက်နှာပြင်ကိုဦးဆောင်ခဲ့တဲ့ MDY PDF ကလည်း တိုင်းစစ်ဌာနနဲ့ တူညီတဲ့ အထူးလှုပ်ရှားတပ်မအဖြစ် စစ်ရုံးချုပ်ကွပ်ကဲမှုအောက်မှာ ဆောင်ရွက်မယ်လို့ အခုနှစ် ဖေဖော်ဝါရီမှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြန့်ကျဲနေတဲ့ ပကဖတွေကို တပ်ရင်းတွေအဖြစ် စုစည်းတာရှိနေသလို၊ သတ်မှတ်အင်အား မပြည့်မီတဲ့ တပ်ရင်းတွေကို စုဖွဲ့ပြင်ဆင်တာတွေလည်းလုပ်နေတယ်လို့ စစ်ရင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဒီလိုတပ်တည်ဆောက်ရေးကနေ အဆုံးအဖြတ်ထိုးစစ်ကို တက်လှမ်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ PDF မှာ ရှိနေတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ တည်ဆောက်ရေးဟာ တပ်တစ်တပ်တည်းရှိရေးကို ဦးတည်မသွားဖို့ဆိုတဲ့ အချက်ကို သတိပြုဖို့ စစ်ရေးအကဲခတ်တချို့က ထောက်ပြပါတယ်။
မြေပြင်အခြေအနေမှာတော့ ဘုံရန်သူတူတာကြောင့် အတူပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်တာတွေရှိသလို လက်အောက်ဝင်လာအောင် သွယ်ဝိုက်ဖိအားပေးတဲ့ပုံစံတွေလည်း တွေ့လာရတယ်လို့ စစ်ကိုင်းတိုင်း အခြေစိုက်တော်လှန်ရေးအင်အားစုတချို့ဆီက သိရပါတယ်။
"အစုအဖွဲ့အစွဲနဲ့ အမိန့်ပေးကွပ်ကဲမှု (COC) တူ၊ မတူပေါ် မူတည်ပြီး သွယ်ဝိုက်ဖိအားပေးတာ၊ COC မတူတဲ့အဖွဲ့တွေကို စစ်ရေးလှုပ်ရှားမှုနဲ့ ဘဏ္ဍာရေးကျပ်တည်းအောင်လုပ်ပြီး ဖယ်ထုတ်ပြီးမှ ကိုယ့်ဘက်ပါအောင်လုပ်တာမျိုးတွေ ရှိနိုင်တယ်" လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) ခေါင်းဆောင် ကိုနွေဦးမြောင်က ပြောပါတယ်။
"ဘဏ္ဍာရေးအကျပ်အတည်းဖြစ်လာအောင် ပြည်သူတွေကို စိတ်ထိခိုက်ဖြစ်စေတယ်ဆိုတဲ့ ကရုဏာစကားသုံးပြီး အလှူခံခွင့်နေရာ ကန့်ကွက်တာ၊ ပိတ်ပင်တာတွေကနေ ရပ်တည်ရေးခက်ခဲအောင် လုပ်တာမျိုး တော့ ပိုတွေ့ရတယ်" လို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်း ၅ နှစ်ကျော်ချိန်မှာတော့ ကိုယ်ပိုင်ကွပ်ကဲမှုပုံစံနဲ့ တည်ရှိတဲ့ ဒေသအခြေစိုက် Local PDF တွေဟာ NUG ကွပ်ကဲမှုအောက်ဝင်တာရှိသလို CDSOM လို ဒေသအခြေစိုက်ကာကွယ်ရေးတပ် - Local PDF အဖြစ်ဆက်ရပ်တည်နေတဲ့ အဖွဲ့တွေလည်း ရှိနေဆဲပါ။

ဓာတ်ပုံ ရင်းမြစ်, SRA
ဒီလိုရပ်တည်နေတဲ့ ၁၉ ဖွဲ့ပူးပေါင်းပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) အဖြစ် ပူးပေါင်းလိုက်တာက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထင်ရှားတဲ့အရွေ့တစ်ခုဖြစ်လာပါတယ်။ SRA ထဲမှာ တိုက်ခိုက်ရေးပြည့်ဝတယ်လို့ လူသိများတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ ပါဝင်ပါတယ်။
တော်လှန်ရေးဘက်က အခင်းအကျင်းမှာ NUG ၊ SRA နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ EROs ဆိုတဲ့ အစုအဖွဲ့ သုံးခုကို ထောက်တိုင်သုံးခုသဖွယ် တွေ့မြင်လာရပါတယ်။
"အကုန်လုံးပေါင်းပြီး တပ်ပေါင်းစုပေါ်လာဖို့ထက် တူရာစုထားတဲ့ တပ်ပေါင်းစုတွေ အားကောင်းလာမယ့် အနေအထားပါ" လို့ ကိုနွေဦးမြောင်က သူ့အမြင်ကိုပြောပါတယ်။
စုဖွဲ့တည်ဆောက်မှုတွေရှိလာပေမဲ့ ၂၀၂၆ နှစ်စပိုင်းမှာ အရှိန်အဟုန်နဲ့လုပ်လာတဲ့ စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကိုတော့ ဒီအဖွဲ့အစည်းတွေဘက်က ဗျူဟာတစ်ခုအသွင်တုံ့ပြန်တာ မတွေ့ရပါသေးဘူး။
တပ်ဖွဲ့ဝင်တွေ လက်နက်ချပူးပေါင်းတယ်လို့ဖော်ပြခံရတဲ့ တအာင်းတပ်-TNLA မှာဆို ဒီလို ဝါဒဖြန့် စိတ်ဓာတ်စစ်ဆင်ရေးကိုတန်ပြန်ဖို့ လုပ်ဆောင်နေတာမျိုးမရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်ရဲ့ ဒီအရွေ့ဟာ "တော်လှန်ရေးအပေါ် တစုံတရာသက်ရောက်ဖို့ရှိတယ်။ ပြည်မက ပြည်သူတွေက မြေပြင်ကအခြေအနေကို သေချာမသိတော့တာမျိုးဖြစ်နိုင်တယ်" လို့ သူက ဆက်ပြောပါတယ်။
ဘီဘီစီရဲ့ မေးမြန်းကြည့်ချက်အရ ဒီလိုခပ်စိပ်စိပ်သတင်းဖြန့်ချိမှုတွေဟာ တပ်တွင်း၊ တော်လှန်ရေး နဲ့ ပြည်သူတွေကြားပါ မတူညီတဲ့သက်ရောက်မှုတွေရှိနေပါတယ်။
- တပ်တွင်းစိတ်ဓာတ်မြှင့်တင်ရေး
- တော်လှန်ရေးတပ်တွေကြား သဘောထားကွဲလွဲရေး
- ပြည်သူတွေဒွိဟဖြစ်ပြီး ထောက်ခံမှုအမြင်ဝေဝါးစေရေး
ဒါတွေဟာ စစ်ရေး၊ နိုင်ငံရေးအကျိုးအမြတ်အတွက်ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ခွာစစ်ဆင်နေရတဲ့ အခင်းအကျင်းကို အခွင့်အရေးယူတဲ့သဘောလို့ CDM ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပါတယ်။
PDF တွေလက်နက်ချနေတယ်ဆိုပြီး စစ်တပ်က ပစ်မှတ်ထားလုပ်လာတဲ့အခြေအနေအပေါ် NUG ဘက်က ဘယ်လိုဆောင်ရွက်နေလဲဆိုတာကို NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဘီဘီစီက မေးမြန်းထားပါတယ်။
ဘက်ပြောင်းခိုလှုံတာမရှိအောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းနေလဲ၊ PDF တပ်တွင်း စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်ပေးနေလားဆိုတဲ့ မေးခွန်းတွေအပေါ် NUG က မတ် ၂၄ ရက်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
CDM ဗိုလ်မှူး နောင်ရိုးကတော့ စစ်တပ်ဟာ လက်ရှိမှာ သူတို့ စစ်ရေးအရအသာစီးရနေတယ်လို့ ယူဆထားပြီဖြစ်တာကြောင့် အခုချိန်ဟာ အကောင်းဆုံးဝါဒဖြန့်ချိရေးကာလလို့ သတ်မှတ်နေကြောင်း သူ့ စစ်မှုထမ်းအတွေ့အကြုံကို ကိုးကားပြီး သုံးသပ်ပြောကြားပါတယ်။












