အီရန်-အမေရိကန်တို့ရဲ့ပါကစ္စတန်က သမိုင်းဝင်ဆွေးနွေးပွဲ မအောင်မြင်

 ပါကစ္စတန်မှာ ဆွေးနွေးပွဲအပြီး လေယာဥ်ပေါ် တက်သွားတဲ့ အမေရိကန်ဒုသမ္မတ ဗန့်စ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပါကစ္စတန်မှာ ဆွေးနွေးပွဲအပြီး လေယာဥ်ပေါ် တက်သွားတဲ့ အမေရိကန်ဒုသမ္မတ ဗန့်စ်
ဖတ်ရန်အချိန်: မိနစ် ၁၂

အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့မှာပြုလုပ်တဲ့ အမေရိကန်နဲ့ အီရန်ဆွေးနွေးပွဲ သဘောတူညီချက် မရခဲ့ဘူးလို့ ပြောပါတယ်။​ သူက အမေရိကန်ဘက်ကနေ အဲဒီဆွေးနွေးပွဲကို ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်​။

''အီရန်ဟာ ကျွန်တော်တို့ တောင်းဆိုချက်တွေကို လက်မခံဖို့'' ရွေးချယ်လိုက်တယ်လို့ဆိုပြီး သူက ဆိုပြီး နျူကလီးယားလက်နက် မထုတ်ပါဘူးဆိုတာမျိုး တီဟီရန်ဘက်က အခြေခံကတိကဝတ်ကို အမေရိကန်ဘက်က မြင်ရဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဘက်ကတော့ ဆွေးနွေးပွဲ အကြိတ်အနယ်ပြုလုပ်ခဲ့ရတယ်လို့ ပြောပြီး ဝါရှင်တန်အနေနဲ့ တောင်းဆိုလွန်းနေတာတွေ လျှော့ဖို့ ပြောပါတယ်။​

ဆွေးနွေးပွဲအပြီး အမေရိကန် ဒုသမ္မတ ဗန့်စ် ပြောဆိုချက် စုစည်းချက်

ဆွေးနွေးပွဲအပြီးမှာ မီဒီယာတွေရဲ့မေးခွန်းအချို့ကို ဗန့်စ် ဖြေကြားခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆွေးနွေးပွဲအပြီးမှာ မီဒီယာတွေရဲ့မေးခွန်းအချို့ကို ဗန့်စ် ဖြေကြားခဲ့

အင်မတန်မှ အချိန်ကြာပြီး အကြိတ်အနယ်ရှိခဲ့တဲ့ အီရန်နဲ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးသဘောတူညီမှုမရခဲ့တဲ့နောက် အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ် တစ်ယောက် ပါကစ္စတန်နိုင်ငံကနေ ထွက်ခွာသွားခဲ့ပါပြီ။ ဂျေဒီဗန့်စ်ဟာ သူ မထွက်ခွာခင် သတင်းထောက်တွေကို စကားပြောခဲ့ပါတယ်။ ဘေးနားမှာတော့ အမေရိကန်အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့၊ သမ္မတထရမ့်ရဲ့ သားမက်လည်းဖြစ်၊ အိမ်ဖြူတော်အကြံပေးလည်းဖြစ်တဲ့ ဂျာရတ် ကက်ရှ်နား တို့လည်း ရှိနေပါတယ်။

သတင်းစာရှင်းလင်းပွဲရဲ့အဓိက အချက်အလက်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။​

အစ္စလာမာဘတ်မှာ ၂၁ နာရီကြာတဲ့ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန် စစ်ပွဲချုပ်ငြိမ်းမယ့် သဘောတူညီမရနိုင်ခဲ့ဘူးလို့ ဒုသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။

"သတင်းကောင်းကတော့ ကျွန်တော်တို့ အီရန်နဲ့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ သတင်းဆိုးကတော့ သဘောတူညီမှု မရခဲ့ဘူး။ အမေရိကန်အတွက် သတင်းဆိုးဆိုတာထက် အီရန်အတွက် သတင်းဆိုးလို့ ပြောရမှာပါ"

"အီရန်က ကျွန်တော်တို့ရဲ့တောင်းဆိုချက်တွေကို လက်ခံနိုင်လောက်တဲ့အခြေအနေကို မရောက်ခဲ့ဘူး " လို့ သူကပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပါကစ္စတန် ဝန်ကြီးချုပ် ရှဘတ်စ် ရှာရစ်နဲ့ ကာကွယ်ရေးဦးစီးချုပ် အာစင် မူနီးယား တို့ကို ကျေးဇူးတင်ကြောင်းလည်း အမေရိကန် ဒုသမ္မတက ပြောခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းမှုတွေမှာ ဘယ်လို ချို့ယွင်းချက်တွေပဲ ရှိခဲ့ခဲ့၊ ဒါဟာ ပါကစ္စတန်တွေကြောင့် မဟုတ်ဘူးလို့ သူပြောပါတယ်။ ပါကစ္စတန်အနေနဲ့ ကောင်းမွန်တဲ့အလုပ်ကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်းထောက်တွေက မေးခွန်းအနည်းငယ်လောက်သာ မေးမြန်းခဲ့လို့ သတင်းစာရှင်းလင်းပွဲက အချိန်တိုတိုနဲ့ပြီးသွားပါတယ်။

အီရန်ရဲ့နျူကလီးယားပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဗန့်စ်ကို မေးကြတဲ့အခါ အီရန်အနေနဲ့ လက်ရှိ ပစ္စုပ္ပန်မှာရော၊ အနာဂတ်မှာပါ နျူကလီးယားလက်နက်တွေ မပိုင်ဆိုင်အောင်လုပ်ရေးက သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ "အဓိက ရည်မှန်းချက်" ဖြစ်တယ်လို့ သူက ပြောပါတယ်။

သမ္မတထရမ့်က ဒီစကားဝိုင်းဆွေးနွေးပွဲမှာ ပါဝင်ပတ်သတ်ခဲ့ကြောင်း၊ ဒီစေ့စပ်ညှိနှိုင်းမှုတွေအကြောင်း ရောက်တဲ့နေရာကနေ သမ္မတထရမ့်နဲ့ အကြိမ်ရေ ဒါဇင်ဝက် ဒါမှဟုတ် ဒါဇင်နဲ့ချီ အောင် ပြောဆိုခဲ့ကြတယ်လို့ ဂျေဒီဗန့်စ်က ပြောပါတယ်။

"ကျွန်တော်တို့ ဒီမှာ ရိုးရှင်းတဲ့အဆိုပြုချက်တစ်ခု ထားခဲ့ပါတယ်။ နှစ်ဖက် နားလည်မှု တစ်ခုပါ။ အဲဒါက အမေရိကန်ရဲ့နောက်ဆုံးနဲ့ အကောင်းဆုံးကမ်းလှမ်းမှု ဖြစ်ပါတယ်။ အီရန်တွေ လက်ခံမလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်" လို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ 'အလွန်အမင်းတောင်းဆိုမှုတွေ' ရပ်တန့်သင့်တယ်လို့ ဆွေးနွေးပွဲအပြီးမှာ အီရန်ပြော

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ အစ္စမယ် ဘာဂါအီကတော့ အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်မှာတော့ ဒီစကားဝိုင်းဆွေးနွေးပွဲတွေကို ''အကြေအလည်ပြုလုပ်"ခဲ့ရပြီး ဆွေးနွေးပွဲအောင်မြင်မှုက "တစ်ဖက်ရဲ့စိတ်ရင်းစေတနာ" ပေါ်မူတည်တယ်လို့ သူကရေးသားပါတယ်။

ဘာဂါအီ က ဝါရှင်တန်အနေနဲ့ "အလွန်အကျွံတောင်းဆိုမှုတွေ၊ တရားမဝင်တဲ့မေတ္တာရပ်ခံချက်တွေ" ကို ရပ်တန့်သင့်ပြီး အီရန်ရဲ့ "တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေ" ကို လက်ခံသင့်တယ်လို့ တောင်းဆိုထားပါတယ်။

သူ့အပြောအရ ဆွေးနွေးဖြစ်ကြတဲ့ခေါင်းစဥ်တွေဟာ ဟော်မုဇ်ရေလက်ကြားအရေး၊ အီရန်နျူကလီးယားအစီအစဉ်နဲ့ အီရန်စစ်ပွဲအလုံးစုံရပ်တန့်ရေးတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။​

အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပါကစ္စတန် ဘယ်လိုကြားဝင်ဆောင်ရွက်ခဲ့သလဲ

ပါကစ္စတန်ဝန်ကြီးချုပ် နဲ့ အီရန်လွှတ်တော်ဥက္ကဋ္ဌ တို့ သူတို့အလံအသီးသီးကို ကျောပေးထားပြီး ထိုင်နေကြတာပါ။ ကိုယ်စားလှယ်အဖွဲ့တွေကတော့ သူတို့ မျက်နှာချင်းဆိုင်မှာ ထိုင်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ အီရန်လွှတ်တော်ဥက္ကဋ္ဌတို့ မတ်လ ၁၁ ရက်မှာ အစ္စလာမာဘတ်မြို့မှာတွေ့ဆုံမှု

ပါကစ္စတန်ဝန်ကြီးချုပ် ရှဘတ်စ် ရှာရစ်က အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ်နဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို တွေ့ဆုံခဲ့ပါတယ်။

ပါကစ္စတန်က ပြီးခဲ့တဲ့သီတင်းပတ်တွေက စလို့ အီရန်နဲ့ အမေရိကန်အကြား ကြားခံအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ တစ်ဖက်သတင်းစကား တစ်ဖက်ကို မျှဝေပေးနေခဲ့သလို နှစ်ပတ်အပစ်ရပ်တဲ့အထိပါ ကြားဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပါကစ္စတန်က ဦးစီးပြီး ပါကစ္စတန်နိုင်ငံ၊ မြို့တော် အစ္စလာမာဘတ်မှာ ကျင်းပခဲ့ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှဘတ်စ် ရှာရစ်ကတော့ ဒီစကားဝိုင်းဆွေးနွေးတွေဟာ " နှစ်ဖက်အငြင်းပွားမှုတွေရဲ့နိဂုံးချုပ်သဘောတူညီချက်အထိ ရဖို့ ထပ်ပြီးဆွေးနွေးကြရမှာ" ဖြစ်တယ်လို့ ပြောပါတယ်။

နှစ်ဖက်အပစ်ရပ်သဘောတူညီမှု မကြေညာခင်က ပါကစ္စတန်ဟာ အမေရိကန်ရဲ့အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို တီဟီရန်အစိုးရကို လက်ဆင့်ကမ်း ပေးခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ တီဟီရန်ဘက်ကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။​

ဒါတင်မက ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အီရှ ဒါး က ပဋိပက္ခချုပ်ငြိမ်းရေး အချက် ၅ ချက်ပါတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို တရုတ်ထောက်ခံမှုရဖို့ ဘေကျင်းကို သွားခဲ့ပါသေးတယ်။

အမေရိကန် နဲ့ အီရန်ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစ္စလာမာဘတ်ကို ခြေချခဲ့ကြတဲ့အချိန်ဟာ ပါကစ္စတန်ရဲ့ ကြိုးစားမှုတွေဟာ အရာထင်ခဲ့တဲ့အခိုက်အတန့်လည်းဖြစ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြယ်လို့ အစ္စလာမာဘတ်မှာ မြင်ရတဲ့ အားလျော့စိတ်ပျက်မှု

ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ဟိုတယ်ကနေ နာခန် လေတပ်စခန်းကို ထွက်ခွာတဲ့ဒုသမ္မတ လိုက်ပါသွားတယ်လို့ ယူဆရတဲ့ မော်တော်ယာဥ်တန်းက ကားတစ်စင်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ဟိုတယ်ကနေ နာခန် လေတပ်စခန်းကို ထွက်ခွာတဲ့ဒုသမ္မတ လိုက်ပါသွားတယ်လို့ ယူဆရတဲ့ မော်တော်ယာဥ်တန်းက ကားတစ်စင်း

ကယ်ရီ ဒေးဗီး

ဘီဘီစီ ပါကစ္စတန်သတင်းထောက်

သတင်းစာရှင်းလင်းပွဲပြီးတော့ ခန်းမထဲမှာ ရှိတဲ့ သတင်းထောက်တွေတော်တော်များများ ဒုသမ္မတ ဗန့်စ် ရှိနေတဲ့ ဟိုတယ်အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ဖို့ လမ်းမဘက်ကိုထွက်လာခဲ့ပါတယ်။

သတင်းထောက်တွေ ရောက်တဲ့အချိန် ပြန်ထွက်ခွာဖို့အသင့်ဖြစ်နေတဲ့ မော်တော်ယာဉ်တန်းကို တွေ့ရပါတယ်။

ပါကစ္စတန်လုံခြုံရေးအဖွဲ့တွေရော၊ ဒုသမ္မတနဲ့ပါလာတဲ့ အမေရိကန်လုံခြုံရေးအဖွဲ့တွေ လည်းရှိနေပါတယ်။

အမေရိကန်အလံလွှင့်ထားတဲ့ ကားတစ်စီးက ဟိုတယ်ကနေ ထွက်ခွာနေတာတွေ့ရပါတယ်။

အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က အချိန်ကြာမြင့်တဲ့ ဆွေးနွေးပွဲအပြီး အစ္စလာမာဘတ်ကနေ ထွက်ခွာတော့မယ်ဆိုတာ တပ်အပ်ပြောနိုင်ပါပြီ။

ကျွန်မတို့ပတ်ဝန်းကျင်မှာတော့ ဆွေးနွေးပွဲရလဒ်ကြောင့် စိတ်ပျက်မှုတွေရှိနေတဲ့ အငွေ့အသက်တွေ ခံစားရပါတယ်။

အမေရိကန်-အီရန် နှစ်ဖက်ရပ်တည်မှုတွေက ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေတာကြောင့် နှစ်ဖက်စလုံး ငြိမ်းချမ်းရေးသဘောတူညီမှုရဖို့က အလှမ်းဝေးတယ်ဆိုတာ တော်တော်များများက ကြိုတင်တွက်ဆထားကြပါတယ်။

စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ထိပ်ပိုင်းရာထူး ယူထားသူတွေဖြစ်နေတာကို ကြည့်ရင် နှစ်ဖက်စလုံးက သဘောတူညီမှုရဖို့ ဘယ်လောက်အလေးပေးသလဲဆိုတာ ဖော်ပြနေတယ်လို့ အများက ရှုမြင်ကြပါတယ်။

ဒါပေမဲ့ အခုလို ရလဒ်ကောင်းမထွက်ခဲ့မှုကြောင့် စိတ်ပျက်မှုတွေကလည်း ခန်းမကြီးရဲ့ အပြင်ဘက်တွေအထိပါ ပျံ့လာတယ်လို့ ဆိုနိုင်ပါတယ်။​

ထရမ့်အတွက်ခက်ခဲမယ့် ရွေးချယ်မှု - တိုက်မလား၊ ဆွေးနွေးမလား

အီရန်အရေး ဆွေးနွေးပွဲအတွက် ဒုသမ္မတကို ပါကစ္စတန်ကို စေလွှတ်ထားတဲ့ သမ္မတ ထရမ့်တစ်ယောက် ဧပြီလ ၁၁ ရက်ညမှာ မိုင်ယာမီမှာပြုလုပ်တဲ့ UFC ပြိုင်ပွဲကို အားပေးခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အီရန်အရေး ဆွေးနွေးပွဲအတွက် ဒုသမ္မတကို ပါကစ္စတန်ကို စေလွှတ်ထားတဲ့ သမ္မတ ထရမ့်တစ်ယောက် ဧပြီလ ၁၁ ရက်ညမှာ မိုင်ယာမီမှာပြုလုပ်တဲ့ UFC ပြိုင်ပွဲကို အားပေးခဲ့

လိစ် ဒူးဆက်

နိုင်ငံတကာသတင်းထောက်ချုပ်

ဒုသမ္မတ ဂျေဒီဗန့်ကတော့ အီရန်- အမေရိကန်ဆွေးနွေးပွဲကို သတင်းကောင်းနဲ့ သတင်းဆိုးဆိုပြီး သုံးနှုန်းပါတယ်။ သတင်းကောင်းကတော့ အီရန်နဲ့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့တယ်။ သတင်းဆိုးကတော့ သဘောတူညီမှုမရခဲ့တာလို့ ဆိုပါတယ်။

အီရန်အတွက် ဒါက သတင်းဆိုးလို့ သူက ပြောပါတယ်။ ဆွေးနွေးမှုအစီအစဉ်တစ်ခုတည်းတင် ၂၁ နာရီကျော်ကြာခဲ့တာက ထူးခြားသလို အံဩစရာလည်းကောင်းပါတယ်။ သဘောတူညီမှုမရခဲ့တာကလည်း အံဩစရာတော့မဟုတ်ပါဘူး။

အီရန်က စစ်ပွဲအတွင်း အတော်ထိခိုက်ခဲ့ပြီ၊ ဘာမဆို လိုက်လျောနိုင်လောက်တယ်ဆိုတဲ့ အမြင်နဲ့ အမေရိကန်တွေ ပါကစ္စတန်ကို ရောက်လာခဲ့ကြပါတယ်။

"အီရန်ဟာ ကျွန်တော်တို့ တောင်းဆိုချက်တွေကို လက်မခံဘူး" လို့ ဂျေဒီ ဗန့်စ်က ပြောထားပါတယ်။

အီရန်မှာလည်း သူ့ရဲ့ အနီရောင်စည်းတွေ ရှိပါတယ်။ အီရန်ကလည်း သူ့မှာ အခိုင်အမာလက် ဆုပ်လက်ကိုင်ရှိတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဆွေးနွေးပွဲတွေကို ချဉ်းကပ်ခဲ့တာပါ။

အီရန်ဟာ နိုင်ငံ့စစ်ဘက်စွမ်းဆောင်ရည်အပိုင်းမှာ ပျက်စီးမှုကြီးခဲ့ပေမဲ့ တိုက်ချင်ခိုက်ချင်စိတ်၊ စွမ်းရည်တွေ ရှိနေပါသေးတယ်။ မဟာဗျူဟာကျတဲ့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားတာကလည်း အီရန်အတွက် အကြီးစားအားသာချက်ဖြစ်နေပါတယ်။

တီဟီရန်နဲ့ ဝါရှင်တန် နျူကလီးယားသဘောတူမှု နောက်ဆုံးရခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆွေးနွေးပွဲ ပျက်လိုက် ပေါ်လိုက် ပျောက်လိုက် ရလိုက်နဲ့ ၁၈ လ လောက်အချိန်ယူပြီးတော့ သဘောတူမှုရခဲ့တာပါ။

အခုတော့ သမ္မတထရမ့် တစ်ယောက် တိုက်မလား၊ ဆွေးနွေးရမလားဆိုတာ ခက်ခက်ခဲခဲ ရွေးချယ်ရတော့မယ့်အချိန်ကိုရောက်လာပါပြီ။

ဒီတော့ ဘာဆက်ဖြစ်မှာလဲ ...

အစ္စလာမာဘတ်မှာ မြင်ရတဲ့ ဒုသမ္မတ ဗန့်စ်ရဲ့ ယာဥ်တန်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အစ္စလာမာဘတ်မှာ မြင်ရတဲ့ ဒုသမ္မတ ဗန့်စ်ရဲ့ ယာဥ်တန်း

ဂျိုး အင်ဝု

ဘီဘီစီကမ္ဘာ့သတင်း သတင်းထောက်

နှစ်ဖက်စလုံးက စစ်ပွဲမှာ အနိုင်ကိုယ်စီ ကြေညာထားပြီးတော့မှ ဆွေးနွေးရေးစားပွဲဝိုင်းကို ရောက်လာပြီး သဘောတူညီမှု ရဖို့ဆိုတာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။ အဆုံးမှာတော့ ပိုပြီးတော့ အလှမ်းဝေးသွားစေခဲ့ပါတယ်။

သဘောတူမညီမရတော့လည်း နှစ်ဖက်စလုံးက အပြန်အလှန် အပစ်တင်နေကြပြန်ပါတယ်။ ဒီနေရာမှာ အဓိကမေးခွန်းကတော့ ဒါပြီးရင် ဘာဆက်ဖြစ်မှာလဲဆိုတာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ကြတဲ့ အပစ်ခတ်ရပ်စဲမှုဟာ အမေရိကန်သမ္မတရဲ့ အီရန်အပေါ် ကမ္ဘာပျက်မယ့်အလား ခြိမ်းခြောက်မှုတွေ လုပ်ပြီးတဲ့နောက်မှာ ဖြစ်လာတာပါ။

အီရန်အပေါ်တိုက်ခိုက်မှုတွေပြန်စမလားဆိုတာတော့ ထုတ်ပြန်ချက်မှာမပါပေမဲ့ ဖြစ်လာနိုင်ခြေရာခိုင်နှုန်းကတော့ ပိုပြီးတော့များလာနေပါတယ်။

ညှိနှိုင်းဆွေးနွေးမှုတွေကနေတဆင့် အီရန်က ထိန်းချုပ်ထားတဲ့ ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ပေးဖို့ဆိုတာကလည်း အလှမ်းဝေးပါတယ်။

ပင်လယ်ကွေ့ကို ရောက်လာတဲ့ အမေရိကန် စစ်သင်္ဘော နှစ်စင်း ကိုကြည့်ရင် အမေရိကန်က တခြားလမ်းကြောင်းတစ်ခုကိုတွေ့ထားပြီလို့ ယူဆနိုင်ပါတယ်။ အီရန်က နျူကလီးယားလက်နက် မရှိစေရဘူးလို့ ကတိကဝတ်ပြုဖို့ ပျက်ကွက်တာကလည်း အဓိက အတားအဆီးတစ်ခုဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။

အီရန်က နျူကလီးယားလက်နက် လိုချင်နေတယ်ဆိုတာ မဟုတ်ကြောင်း အမြဲတမ်းငြင်းဆန်ခဲ့ပေမဲ့ တစ်နှစ်တည်းမှာ စစ်ပွဲနှစ်ခု ဖြစ်ခဲ့တာကလည်း နျူကလီးယားလက်နက်လိုအပ်လာပြီလို့ ပြောဆိုသူတွေရဲ့အသံတွေ ပိုပြီးကျယ်လောင်စေခဲ့ပါတယ်။

အီရန် နဲ့ အမေရိကန် မျက်နှာချင်းဆိုင်ထိုင် ဆွေးနွေးမှုတွေက သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါပြီ။ ဒီဆွေးနွေးပွဲ မအောင်မြင်မှုကလည်း သံတမန်ရေးရာရဲ့ ကျဆုံးမှုအဖြစ်လည်း အမှတ်ရနေကြတော့မှာပါ။